← Chapters

Chapter 42

Vol. 4 Ch. 42

Chapter 42

Vol. 4 Ch. 42

အဖိုးကျိက စိတ်တိုတတ်သော်လည်း အာဏာပြတတ်ပြီး အမြင်ကျဉ်းသည့်မိဘမျိုးတော့ မဟုတ်ပေ။ တကယ်လို့သာ အဲ့လိုဖြစ်ခဲ့လျှင် ကျိကျွင်းက ယဲ့မင်ရှူးကို သဘောကျတုန်းက သူ့အနေနှင့် အတတ်နိုင်ဆုံး ဖျက်ဆီးပစ်ခဲ့မိလိမ့်မည်။ ယဲ့မင်ရှူးလို ဘဲလေးအကမယ်တစ်ဦးက သူ့ကို ဘယ်လိုလုပ် ခုခံနိုင်မှာလဲ။

သူ့ဘဝတစ်လျှောက်လုံးတွင် လူများစွာကို ဆုံးရှုံးခဲ့ရသည်။ ရဲဘော်များ၊ မောင်နှမများ၊ မိဘများ၊ ဇနီးနှင့် ကလေးများပါမကျန် ဆုံးရှုံးခဲ့ရဖူးသည်။ ကျန်ရှိသည့်အရာလေး အနည်းငယ်ကို သူ အလွန်တန်ဖိုးထားသည်။

ကျိဇယ်ကသာ တကယ် စီးပွားရေးလုပ်ချင်ခဲ့လျှင် ခွင့်ပြုချက်ပင်တောင်းစရာမလိုဘဲ လုပ်ခဲ့ပြီးလောက်ပြီဖြစ်သည်။ သူသိခဲ့လျှင်တောင် သူ့မြေး၏ ကြိုးစားအားထုတ်မှုများကို ဖျက်ဆီးပစ်ပြီး သူမှန်သည်ဟု ယူဆသည့် လမ်းကြောင်းပေါ်ကို ပြန်၍ အတင်းအကျပ် တွန်းပို့မည်လည်း မဟုတ်ပေ။ ယဲ့မင်ရှူးက တစ်ခုခုလုပ်ချင်ခဲ့လျှင်တောင် သူ့မြေးအတွက်နှင့် မိသားစုတစ်ခုလုံး၏ ငြိမ်းချမ်းရေးအတွက် သူက ယဲ့မင်ရှူးကို ကူညီ၍ပင် တားဆီးပေးဦးမည်။

ဒါကြောင့် ကျိဇယ်က သူ၏ခွင့်ပြုချက်ကို အရင်ရရန် အကြီးအကျယ် ကြိုးစားခဲ့သည်က အတော် စိတ်ဝင်စားစရာ ကောင်းနေ၏။

အဖိုးကျိက သူ့မြေးကို ကြည့်လိုက်တော့ သူ၏မျက်နှာပေါ်မှ မသက်မသာဖြစ်နေသည့် အရိပ်အယောင်လေး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။ ထိုစကားများကြောင့် ဖြစ်ပေါ်လာခဲ့သည့် လှိုင်းဂယက်များကလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။

"မင်း ဘယ်လို ပရောဂျက်ကို စိတ်ဝင်စားလဲ။"

ဒီခေတ်ကြီးထဲတွင် ဘယ်အရာက အမြန်ဆုံး ပိုက်ဆံရစေသလဲ။ သေချာပေါက် ပရောဂျက်များကို အရယူခြင်းပင်။ ရအောင်သာယူနိုင်လျှင် ကိုယ်တိုင်လုပ်စရာမလိုဘဲ တခြားသူများကို ပြန်ငှားလိုက်ရုံနှင့် အမြတ်ရနိုင်သည်ယ။ ရင်းနှီးမြှုပ်နှံမှု မလိုအပ်သော လုပ်ငန်းမျိုးပင် ရှိသေး၏။ ဒါပေမဲ့ ကျိဇယ်သာ ထိုကိစ္စကို ပြောရဲခဲ့လျှင် အဖိုးကြီးက သူ့ခြေထောက်များကို ရိုက်ချိုးပစ်နိုင်၏။။ သူကတော့ အဲ့လောက်အထိ သတ္တိမရှိပေ။

ကျ်ိဇယ်က ခေါင်းခါလိုက်ပြီးပြောလိုက်၏။

"မဟုတ်ဘူး၊ ကျွန်တော်က လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ချင်တာပါ။"

ထိုအရာက ပရောဂျက်များနှင့် မသက်ဆိုင်ဘူးဟု ဆိုလိုလိုက်ခြင်းပင်။ အဖိုးကြီးက အနည်းငယ်စိတ်အေးသွားခဲ့၏။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်သည်ဖြစ်စေ၊ ပြင်ပကို အပ်သည်ဖြစ်စေ၊ ဒါက စီးပွားရေးလုပ်ရုံသက်သက်သာမဟုတ်ဘဲ ပိုက်ဆံရှာခြင်းလည်း ဖြစ်သေးသည်။

သူက လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်ရန်လုပ်လိုက်ချိန်တွင် ရွှီလိက သူ့အတွက် ရေပြင်ဆင်ထားသည်ကို ယခုမှ သတိရသွားသဖြင့် ခွက်ကိုပြန်ချလိုက်ပြီး သူ့မြေး ဘာဆက်ပြောမည်ကို ဆက်၍နားထောင်နေလိုက်သည်။

ကျိဇယ်က ဆက်ပြောလိုက်သည်။

"ကျွန်တော် စဉ်းစားပြီးပြီ။ ကျွန်တော်တို့နိုင်ငံမှာ အခုဆို အကုန်ပိတ်ပင်ထားတယ်။ ပြည်ပကနေလည်း အကုန်လုံးတင်သွင်းလို့မရဘူး။ တကယ့်စီးပွားရေးလုပ်ဖို့အတွက် ဈေးကွက်တော့ ရှိတယ်။"

"ဒါပေမဲ့ အဖိုး၊ အနောက်နိုင်ငံတွေက ကျွန်တော်တို့အပေါ် နည်းပညာပိတ်ဆို့မှုတွေ လုပ်ထားတာ အဖိုးလည်းသိပါတယ်။ ကျွန်တော်တို့ ဘာပဲလုပ်လုပ်၊ ပြည်ပက ထုတ်လုပ်ရေးလိုင်းတွေကနေ တင်သွင်းရမှာပဲ။"

"မင်းဦးလေးကို ဆက်သွယ်ပေးဖို့ အကူအညီတောင်းချင်လား။"

အဖိုးကြီးက ကျိယန်၏ ခင်ပွန်းကို ချက်ချင်း သတိရသွား၏။

"မဟုတ်ပါဘူး၊ အဲ့ဒါအတွက် ကျွန်တော့်မှာ လမ်းကြောင်းရှိပြီးသားပါ။ အဘိုးကို ကျွန်တော်ကူညီစေချင်တာက ဘဏ်ကနေ ချေးငွေရဖို့ အဆက်အသွယ်လေးလုပ်ပေးဖို့ပါ။"

နိုင်ငံတွင် စီးပွားရေးလုပ်ငန်းအတွက် ပုဂ္ဂိုလ်ရေးချေးငွေများကို ပံ့ပိုးပေးသည့် မူဝါဒတွေရှိပြီး၊ အဖိုးကျိကလည်း ဒါကိုသိထားသည်။

"ဘယ်လောက် ချေးချင်တာလဲ။"

"ဆယ်သန်းလောက်ပါ။"

ကျိဇယ်၏ အသံက အားလျော့နေခဲ့သည်။ အဖိုးကြီး မျက်မှောင်ကြုတ်လိုက်တာ မြင်တော့ သူက မြန်မြန်ရှင်းပြလိုက်၏။

"ထုတ်လုပ်ရေးလိုင်းတစ်ခုကို သွင်းဖို့က အဲ့လောက်ကုန်ပါတယ်။ မယုံရင် ဦးလေးကို မေးကြည့်လိုက်ပါ။ ဒါပေမဲ့ ဒီငွေကို ချက်ချင်းပြန်ဆပ်ဖို့လည်း မလိုပါဘူး။ တစ်နှစ်ကို နည်းနည်းချင်းစီ ပြန်ဆပ်လို့ရပါတယ်။ လုပ်ငန်းအခြေအနေ ကောင်းရင် နှစ်အနည်းငယ်အတွင်းမှာပဲ ပြန်ဆပ်နိုင်မှာပါ။"

ငွေပမာဏ များသောကြောင့် သူက အဖိုးကြီးကို သူ၏ အဆက်အသွယ်များနှင့် မိတ်ဆက်ပေးပြီး ကူညီစေခိုင်းလိုခြင်းဖြစ်သည်။ နိုင်ငံတွင် မူဝါဒများရှိသော်လည်း ဘဏ်က ဘယ်သူ့ကိုမဆို ငွေချေးပေးမည်တော့ မဟုတ်ပေ။ ဘဏ်များသည်လည်း ငွေများ ပစ်ချပေးနေသည့် ငတုံးများတော့ မဟုတ်ချေ။

သူက လမ်းကြောင်းရှာရသည်ကို စိတ်မပူသော်လည်း တစ်ဖက်လူက သူ့မိသားစုကို အရင်စစ်ဆေးပြီးမှ ခွင့်ပြုမည်ဖြစ်သည်။ သူ့မိသားစုက သူစီးပွားရေးလုပ်မည်ကို သဘောမတူလျှင် ဘယ်လိုလုပ်မှာလဲ။ အလကား အလုပ်ရှုပ်ခံပြီး လူများကို စိတ်ပျက်အောင် လုပ်မိသလို ဖြစ်သွားလိမ့်မည်။

ဒီပမာဏက အဖိုးကြီးကို တိတ်ဆိတ်သွားစေခဲ့သော်လည်း ကျိသော်က ချေးငွေကိစ္စ မဟုတ်သည့် တခြားကိစ္စတစ်ခုကို ပြောလိုက်၏။

"မင်းပြောတဲ့ အဆက်အသွယ်မှုဆိုတာက ယွီမိသားစုက ယွီကျင်းလား။"

ကျိဇယ်က အနည်းငယ် အံ့အားသင့်သွားသော်လည်း ကျိသော်ကတော့ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"မင်းရဲ့ ငယ်သူငယ်ချင်းတွေထဲမှာ သူတစ်ယောက်ပဲ နိုင်ငံခြားကုန်သွယ်ရေးကို ကိုင်တွယ်နိုင်တာလေ။"

"ကျွန်တော် ဦးလေးကို ဘာမှ ဖုံးကွယ်ထားလို့မရမှန်း သိပါတယ်။"

ကျိဇယ်က အနည်းငယ် စိတ်ဓာတ်ကျသွား၏။ သူက ဒီကိစ္စကို စိတ်ဝင်စားနေသည်မှာ အတော်ကြာပြီဖြစ်ပြီး ငယ်သူငယ်ချင်းတစ်ယောက်က ထိုကိစ္စနှင့် သက်ဆိုင်သည့်ဌာနတွင် အလုပ်လုပ်နေသောကြောင့် သူက ဒီလိုစိတ်ကူးမျိုး ဝင်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူ့ဦးလေးကတော့ သူ့စိတ်ကို ချက်ချင်း ထိုးဖောက်မြင်သွား၏။ သူ့အမေက သူ့ကို အနာဂတ်တွင် သူ့ဦးလေးထက် ပိုအောင်မြင်စေချင်သေးပြီး တကယ်ကို သူ့အပေါ် အထင်ကြီးလွန်းနေသည်။

ကျိသော်ကတော့ ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။

"မင်းအဖွဲ့ထဲမှာ မင်းအပြင် ဘယ်သူတွေက ဒီစီးပွားရေးကို လုပ်ချင်သေးလဲ။"

"အများကြီးတော့ မဟုတ်ပါဘူး၊ ကျွန်တော်နဲ့ ချန်ဝေ့ကော်ပဲ ရှိတာပါ။"

သူက မိသားစုကို အများကြီး မှီခိုချင်စိတ် မရှိသလို ချန်ဝေ့ကော်ကလည်း မိသားစုက အားကိုးလို့မရသည့်သူဖြစ်နေသည်။ ကျန်သည့်သူများကတော့ စိတ်ကူးရှိလျှင်တောင် အလွယ်နည်းကိုသာ လိုက်နေကြသည်။

"ယွီကျင်းကရော။ စီးပွားရေးလုပ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူးတဲ့လား။"

နောက်ထပ် မေးခွန်းတစ်ခု ထပ်ရောက်လာ၏။ ကျိဇယ် ခဏလောက် စဉ်းစားပြီး ဖြေလိုက်သည်။

"အခုလက်ရှိ ပြန်လည်တည်ထောင်ကာလမှာ သူ့ဌာနက တော်တော်နာမည်ကြီးနေတယ်။ သူက စီးပွားရေးလုပ်ဖို့ စဉ်းစားမိမှာ မဟုတ်လောက်ဘူး။"

"ယွီမိသားစုက တခြားအဖွဲ့ဝင်တွေကရော။ ယွီမိသားစုက ဆွေမျိုးတွေထဲမှာ ထုတ်လုပ်မှုလိုင်းတွေ မိတ်ဆက်ဖို့ ချေးငွေယူဖို့အတွက် စဉ်းစားနေတဲ့သူတွေ ရှိလား။"

ဒီတစ်ခါတော့ ကျိဇယ် ဘာမှ မပြောတော့ပေ။

ကျိသော်က သူ့ကို ဖြည်းဖြည်းချင်း ကြည့်လိုက်ပြီး ပြောလိုက်၏။

"မင်းက ဘာမှ မသိဘဲနဲ့ စက်ပစ္စည်းဝယ်ဖို့ ဆယ်သန်းလောက်တောင် ထုတ်ရဲတာလား။"

ယွီကျင်းအကြောင်း စမေးသည့်အချိန်ကတည်းက အဖိုးကျိက တစ်ခုခု မှားနေသည်ကို ရိပ်မိသည်။ သူ့မြေး ဘာမှမပြောတော့သည်ကို မြင်တော့ သူက သားဖြစ်သူကို မေးလိုက်၏။

"တစ်ခုခု ပြဿနာရှိလို့လား။"

"သိပ်တော့ ပြဿနာမဟုတ်ပေမဲ့ သူထင်သလောက် စိတ်ချရတာမျိုးလည်း မဟုတ်ဘူး။"

ကျိသော်က သူ့တူထံမှ အကြည့်လွှဲလိုက်သည်။

"ကျွန်တော့်မင်္ဂလာပွဲမတိုင်ခင် အစ်မယန် ပြန်လာတုန်းက သူ့ကို ကျွန်တော်ပြောခဲ့တယ်။ အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံက တခြားသူတွေအတွက်တော့ အသားတုံးကြီးတစ်တုံးလိုပဲ၊ လူတိုင်းက တစ်ကိုက်စီ စားချင်နေကြပြီး သူတို့ရဲ့ ခေတ်ကုန်နေတဲ့၊ မရောင်းရသေးတဲ့ ပစ္စည်းတွေကို ငါတို့ဆီ ရောင်းချင်နေကြတယ်တဲ့။"

ဆာကူရာနိုင်ငံ (ဂျပန်) ကနေ ပြည်တွင်းဈေးကွက်ထဲကို ဝင်လာသည့် အိမ်သုံးပစ္စည်း အများအပြားသည် သူတို့နိုင်ငံထဲမှ ဖယ်ရှားပြီးသား၊ မရောင်းရသည့် ပစ္စည်းများဖြစ်သည်။ ပြည်တွင်းဈေးကွက်က သူတို့၏ ကုမ္ပဏီပေါင်းများစွာကို ကယ်တင်ခဲ့သည်ဟုပင် ပြောလို့ရ၏။

ဒီကိစ္စက ရှောင်လွှဲလို့မရပေ။ သူတို့က အတော်ကြာကြာ ပိတ်ဆို့ခံထားရသည့်အတွက် သူတို့၏ စွန့်ပစ်ပစ္စည်းများကပင် နိုင်ငံ၏ လက်ရှိနည်းပညာထက် သာလွန်နေ၏။ သို့သော် အိမ်သုံးပစ္စည်းက အိမ်သုံးပစ္စည်းဖြစ်ပြီး ထုတ်လုပ်ရေးသုံးပစ္စည်းက ထုတ်လုပ်ရေးသုံးပစ္စည်းပင်။ ပါဝင်သည့် ပမာဏက အလွန်များ၏။ သူတို့၏ စွန့်ပစ်ပစ္စည်းများ သက်သက်သာဆိုလျှင်တော့ ကိစ္စမရှိသော်လည်း အရည်အသွေးပိုင်းတွက် ပြဿနာများရှိလာလျှင် ဘယ်လိုလုပ်ရမည်လဲ။

အဖိုးကြီးက ပညာရှိတစ်ယောက်ဖြစ်ပြီး ကျိသော် ဘာမှ ထပ်ပြောစရာ မလိုခဲ့ပေ။ သူကိုယ်တိုင် စဉ်းစားလို့ရ၏။ သူက မျက်မှောင်ကြုတ်လိုက်ပြီးပြောလိုက်၏။

"ဒါက သိပ်တော့ စိတ်မချရဘူး။"

ကျိဇယ်က ပြင်ဆင်မှု အများကြီး လုပ်ထားပြီးပြီဖြစ်ပြီး ဖြစ်နိုင်ခြေရှိသည့် အခြေအနေပေါင်းများစွာကို စဉ်းစားထားခဲ့သော်လည်း စမလုပ်ရသေးခင်မှာပဲ ပယ်ချခံလိုက်ရ၏။ သူက နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားသည်။

"ယွီကျင်းက ကျွန်တော်နဲ့အတူ ကြီးပြင်းလာတာ။ ကျွန်တော်တို့ ဆက်ဆံရေးက ရင်းနှီးတယ်။ သူ ကျွန်တော့်ကို သစ္စာဖောက်မှာ မဟုတ်ပါဘူး။"

ကျိသော်က သူ့ကိုသာ ကြည့်နေခဲ့ပြီး ဘာမှ မပြောခဲ့ပေ။

ယွီကျင်းက သူနှင့်အတူ ငယ်ငယ်လေးကတည်းက ကြီးပြင်းလာသူဆိုတော့ သူက သစ္စာဖောက်မည် မဟုတ်သလို၊ ဒီအကျိုးအမြတ်လေးအတွက် ကျိမိသားစုကို စော်ကားချင်မည်လည်း မဟုတ်ပေ။ သို့သော်လည်း ယွီကျင်းက ဟိုဘက်အဖွဲ့အစည်း၏ နောက်ခံကိုရော သိရဲ့လား။ ယွီမိသားစုတွင် ဒီလိုစိတ်ကူးရှိသူ တစ်ယောက်မှ မရှိသည့်အတွက် ယွီကျင်းကိုယ်တိုင်က ဒီကိစ္စကို အပြည့်အဝ ယုံကြည်မှုမရှိဘူးဟု ပြောလျှင်ရော ဖြစ်နိုင်သလား။

တချို့ကိစ္စများက မကြာခဏ ပြောဆိုသည့်အခါ ဆန့်ကျင်ဘက်ဖြစ်လာနိုင်သည်။ တစ်ဖက်မှာလည်း မပြောဘဲနေလိုက်ခြင်းက တခြားသူကို ကိုယ်တိုင်နားလည်အောင် လုပ်ဆောင်တတ်သွားစေနိုင်သည်။

မကြာခင်မှာပဲ ကျိဇယ်က ငြိမ်သက်သွားပြီး ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။ သူအရင်က ခံစားခဲ့ရသည့် သတ္တိများနှင့် မျှော်လင့်ချက်များအားလုံးကို ရေအေးတစ်ပုံးနှင့် လောင်းချလိုက်သလိုပင်။

သူ့တူကို ရေနစ်နေသည့် ခွေးတစ်ကောင်ကဲ့သို့ ပုံစံဖြင့် မြင်လိုက်ရတော့ ကျိသော်က သူ့စကားသံကို ပြောင်းလိုက်သည်။

"ဒါပေမဲ့ ဒီလုပ်ငန်းကိုလည်း လုံးဝပယ်ချလို့မရသေးဘူး။"

ကျ်ိဇယ်က ချက်ချင်းနားစွင့်သွား၏။

"ဘယ်လိုပြောတာလဲ။"

အဖိုးကျိကလည်း သူ့သားကို ကြည့်လိုက်သည်။

"မင်းပြောတာက ရှောင်ဇယ် စီးပွားရေးလုပ်တာကို မင်းထောက်ခံတယ်ဆိုတဲ့သဘောလား။"

"စီးပွားရေးလုပ်မလုပ်ဆိုတာက သူ့ရွေးချယ်မှုပဲ။ သူ့ကို ပြောချင်တာက အဖေ့ရဲ့မြေး၊ ကျွန်တော့်တူဆိုတာထက် ပိုပြီးအသိအမှတ်ပြုခံချင်ရင် မိသားစုကို အရာအားလုံးအတွက် အားမကိုးသင့်ဘူး ဆိုတာပါ။"

ကျိသော်က မတ်တတ်ရပ်လိုက်ရာ သူ့အရပ်အမောင်းက ကျိဇယ်ကို လွှမ်းမိုးသွားသလို သူ့အရှိန်အဝါကလည်း ပိုပြီးကြီးမားသွား၏။

"မင်းမှာ နှစ်စဉ်ခွင့်မရှိဘူးလား။ တကယ် အရည်အချင်းရှိတယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ပထမဆုံးဝင်ငွေကို ရှာကြည့်လိုက်။ မိသားစုက မင်းကို ထောက်ပံ့ဖို့ဆိုရင် မင်းမှာ အဲ့ဒီလိုစွမ်းဆောင်ရည်မျိုး ရှိနေဖို့လိုတယ်။ အခြေအနေကိုတောင် နားမလည်သေးဘဲ မင်းအဖိုးဆီ အကူအညီလာမတောင်းနဲ့ဦး။"

သူက အစီအစဉ်များ၊ ခန့်မှန်းချက်များက်ို ဘယ်တော့မှ ယုံကြည်မည်မဟုတ်ပေ။ သူ့အမြင်မှာတော့ စီးပွားရေးအတွေ့အကြုံမရှိဘဲ ပစ္စည်းများဝယ်ရန် ချေးငွေထုတ်မည့်ကိစ္စအတွက် မိသားစုကို ထောက်ပံ့ခိုင်းသည်က အဓိပ္ပါယ်မရှိပေ။

ပြောစရာရှိသည်များကို ပြောပြီးနောက် ကျိသော်က သူ့နာရီကို ကြည့်လိုက်၏။

"နောက်ကျနေပြီ။ လင်းချောင်က ကျွန်တော့်ကို စောင့်နေတုန်းပဲ။"

"ဒါဆို မင်းပြန်နှင့်လိုက်တော့၊ ငါ ဒီက်ိစ္စကို နည်းနည်းထပ်စဉ်းစားလိုက်ဦးမယ်။"

အဖိုးကျ်ိက သူ့ကို မတားတော့ပေ။

ကျ်ိသော် ထွက်သွားသည်နှင့် အဖိုးကျိက သူ့မြေးကို ချက်ချင်း မှာလိုက်သည်။

"မင်းဦးလေးရဲ့ စကားတွေက အဓိပ္ပာယ်ရှိတယ်။ မင်းပြန်ပြီး သေချာစဉ်းစားသင့်တယ်။"

ကျိဇယ်၏ စိတ်များ ရှုပ်ထွေးနေ၏။ တစ်ဖက်တွင်တော့ ဒီကိစ္စက ဖြစ်နိုင်သည်ဟု ခံစားရပြီး နောက်တစ်ဖက်တွင်တော့ သူ့ဦးလေးပြောသည်က မှန်နေသည်ဟုလည်း ထင်မိနေသည်။ သူ ဘာမှမလုပ်ရသေးဘဲ မိသားစုက ဘာလို့ ထောက်ပံ့ရမှာလဲ။

သူက ခေါင်းညိတ်လိုက်၏။

"အဖိုး၊ အဖိုးလည်း နားလိုက်ပါဦး။"

စာကြည့်ခန်းမှ ထွက်လာပြီးနောက်ဖက်ကို ခေါင်းလှည့်လိုက်ရာ အခန်းပြန်တော့မည်ဟုပြောသော ကျိသော်က တံခါးပိတ်ပြီး ဧည့်ခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူ အံ့သြသွားပြီး ပြောလိုက်၏။

"အခန်း မပြန်ရသေးဘူးလား။"

"အင်း၊ ဖုန်းဆက်နေတာ။"

ကျိသော်က တိုတိုတုတ်တုတ် ပြောလိုက်သည်။

သို့သော် ဒီလောက်နောက်ကျမှ ဘယ်သူ့ကို ဆက်နေတာလဲ။ တစ်ဖက်လူကို နှောင့်ယှက်မိမှာ မစိုးရိမ်ဘူးလား။

ကျိဇယ် နားမလည်နိုင်ခဲ့ပေ။ သို့သော်လည်း ကျိသော်က ဘာမှမပြောသဖြင့် သူလည်း ထပ်မမေးရဲပေ။ သူ့ဦးလေးကို နှုတ်ဆက်လိုက်ပြီး နောက်ဖက်မှ သူ့အခန်းထဲသို့သာ ပြန်သွားလိုက်၏။

ကျိသော် ဖုန်းခေါ်ချိန်က ကျိယန်ဘက်တွင် နေ့ခင်းဘက်ဖြစ်နေသဖြင့် ပြဿနာမရှိပေ။ သို့သော်လည်း ဖုန်းခေါ်ဆိုမှုအပေါ် ကျိယန်၏ တုံ့ပြန်မှုကတော့ထပ်ပြီး အသေးစိတ်ပြောနေစရာ မလိုတော့ပေ။ ညဘက်ပြန်လာတော့ အခန်းထဲမှ မီးလုံးက သူ့အတွက် ဖွင့်ထားဆဲပင်။ သိပ်မလင်းသည့်တိုင် နွေးထွေးမှုတော့ရှိ၏။

မင်္ဂလာဆောင်ပြီး တစ်လအတွင်း သူ ညဘက်နောက်ကျမှ ပြန်လာခဲ့ရသည့်ရက်များက ကဲ့သို့ပင်။ အရင်ကလို အိမ်နှင့် အဆောင်တို့တွင် မှောင်မိုက်မှုနှင့် လွတ်လပ်မှုများ၏ ကြိုဆိုမှုမျိုး မခံရတော့ပေ။ ဒီလိုရှုထောင့်မှကြည့်လိုက်လျှင် လက်ထပ်လိုက်ခြင်းကို လက်ခံနိုင်ရန် ခက်ခဲတော့မည်မဟုတ်ချေ။

ကျိသော် တံခါးကို တွန်းဖွင့်လိုက်ပြီး ကြည့်လိုက်ရာ ကျေးဇူးမသိတတ်သည့် ကောင်မလေးက သူ့ကို မစောင့်ဘဲ အိပ်ရာပေါ်တွင် အိပ်ပျော်နေခဲ့ပြီ။

အသံကြားတော့ သူမက သတိထားပြီး မျက်လုံးတစ်ဖက်ဖွင့်လိုက်၏။ သူမှန်းသိတော့ ပြန်ပိတ်လိုက်သည်။ သူမမျက်နှာက အိပ်ပျော်နေခဲ့သောကြောင့် နီရဲနေပြီး ပူနေသည့်အတွက် စောင်ကို ခါးပေါ်မှာသာ ပေါ့ပေါ့ပါးပါး လွှမ်းခြုံထားသဖြင့် လက်မောင်းနှင့် ခြေထောက်များကတော့ ပေါ်နေခဲ့သည်။ သူမ၏ လက်ပြတ်အင်္ကျီက အပေါ်အနည်းငယ်တက်နေပြီး ချောမွေ့သည့် အသားအရေ ပေါ်လွင်နေခဲ့၏။

ဟုတ်သည်၊ သူ မမှားပေ။ သူမက တကယ်ကို မငယ်တော့ပေ။

ကျိသော်က သူမ၏ အဝတ်အစားများကို ပြင်ပေးလိုက်ပြီး အဝတ်လဲကာ အိပ်ရာဝင်တော့မည်အလုပ် လင်းချောင်က တစ်ဖက်လှည့်လိုက်ရာ သူမ၏ ကျောတစ်ခြမ်း ပေါ်လာ၏။ သူက ခဏရပ်ပြီး မျက်မှောင်ကြုတ်လိုက်ကာ သူမ၏ အင်္ကျီနောက်ကျောကို ပြန်ဆွဲချပြီး ဖုံးပေးလိုက်သည်။

အိပ်ပျော်နေရင်း လင်းချောင်က ခြေထောက်ကို မြှောက်လိုက်ပြီး သူမ၏ ခြေဖဝါးလေးဖြင့် သူ့ခါးကို ကန်လိုက်၏။ ဖြူဖျော့သည့် အသားအရေက ခြေသလုံးအထိ ပေါ်နေပြီး သူ့ခြေထောက်ပေါ် တင်နေခဲ့သည်။

ဒီတစ်ခါတော့ ကျိသော်က သူမ၏ နူးညံ့သည့် ခြေကျင်းဝတ်ကို အတော်ကြာသည်အထိ ဖမ်းဆုတ်ထားခဲ့သည်။ နောက်ဆုံးမှာတော့ ထလိုက်ပြီး အပြင်ထွက်ကာ ပြန်၍ သန့်ရှင်းရေး လုပ်လိုက်တော့သည်။

မနက်ခင်း လင်းချောင် နိုးလာသည်နှင့် ကျိသော် အထူးတလည် တက်ကြွနေသည်ကို သတိထားမိလိုက်သည်။ ဒါက သူမ မနေ့ညက သူ့ကို မစောင့်ခဲ့လို့များလား။

သူမက သူမ၏ တင်ပါးသေးသေးလေးကို ရှေ့သို့ ရွှေ့လိုက်ပြီး ပြန်လှုပ်ရှားလိုက်ကာ ထွက်သွားရန်လုပ်လိုက်စဉ် သူ့လက်မောင်းထဲ ပြန်ဆွဲသွင်းခံလိုက်ရ၏။

"ဘယ်အချိန်ရှိပြီလဲ။"

ထိုသူ၏ အသံက နက်ရှိုင်းပြီး အနည်းငယ်အက်ရှရှဖြစ်နေ၏။

သူ့ပုံစံကို လျစ်လျူရှုထားလျှင် ဒီလူက တကယ်ကို ဘေ့စ်အသံနဲ့ သူမနားနားတွင် တီးတိုးပြောနေခြင်းက အတော်ယားကျိကျိ ဖြစ်စေ၏။

ဒီတစ်ခါတော့ လင်းချောင်က သူ့ကို တွန်းထုတ်လိုက်ပြီး ကုတင်ဘေးစားပွဲပေါ်မှ နာရီကို ယူကြည့်လိုက်သည်။

"ငါးနာရီခွဲကျော်ကျော်လေးပဲ ရှိသေးတယ်။"

ဒါဆို ထရန် အချိန်တန်ခဲ့ပြီပင်။ ယန်ဒူက စစ်တပ်ဇုန်က အနည်းငယ်ဝေးပြီး သူနှင့်လင်းချောင် နှစ်ယောက်လုံး အလုပ်ရှိသည့်အတွက် မနက် ရှစ်နာရီမတိုင်ခင် သူတို့နေရာသို့ ပြန်ရောက်ရမည်။

All Chapters