← Chapters

Chapter 43

Vol. 4 Ch. 43

Chapter 43

Vol. 4 Ch. 43

ကျိသော်က သူမကို ပြန်မဆွဲတော့ဘဲ အိပ်ရာမှ ထကာ ကုလားထိုင်နောက်ကျောပေါ်တင်ထားသည့် အင်္ကျီကို ကောက်ယူလိုက်၏။ သူတို့က နောက်ကျမှ မထသော်လည်း အခန်းထဲမှ ထွက်လာတော့ ကျိဇယ်က ထွက်သွားနှင့်လေပြီ။

"ရှောင်ဇယ်က တခြားကိစ္စတွေ လုပ်စရာရှိတယ်၊ ဒါကြောင့် မင်းကားနဲ့ လိုက်တော့မှာ မဟုတ်ဘူး။"

အဒေါ်ကျန်းက မနက်စာကို အဆင်သင့်ပြင်ထားပြီး ရွှီလီက သူတို့ကို မြင်သည်နှင့် ချက်ချင်း ယူလာပေးလိုက်၏။

ညက ဒီလောက်ပြောပြထားသဖြင့် ကောင်လေးက သေချာစဉ်းစားပြီးပြီ ဖြစ်လိမ့်မည်။ သူက သူ့ကို မျက်နှာချင်းဆိုင်ရန် စိတ်မသက်မသာ ဖြစ်နေလိမ့်မည်။ အထူးသဖြင့် လင်းချောင်လည်း ကားထဲတွင် ရှိနေမည်ဆိုတော့ ကျိသော် မအံ့သြတော့ပေ။

လင်းချောင်က ဒီတူဖြစ်သူနှင့် မရင်းနှီးတော့ သိပ်မမေးတော့ဘဲ ဆပ်ပြာရည်အကြောင်း မေးမြန်းလိုက်၏။

မေးကြည့်လိုက်ရာ ဆပ်ပြာရည်ဟူ၍ မရှိသော်လည်း အဝတ်လျှော်ဆပ်ပြာမှုန့်နှင့် ဆင်တူသည့် အဝတ်လျှော်ဆပ်ပြာခဲတစ်ခုတော့ ရှိကြောင်းသိရ၏။ အဝတ်လျှော်ဆပ်ပြာခဲတွင် အဝတ်လျှော်ဆပ်ပြာမှုန့် အစေ့လေးများ ပါဝင်၏။ ဒီထုတ်ကုန်ကို အသုံးပြုခြင်းက အကန့်အသတ်ရှိပြီး ခေါင်းလျှော်ရန်လည်း သုံးလို့ရသည်။

သို့သော် ဆပ်ပြာရည်ကဲ့သို့တော့ ဘက်စုံသုံးလို့ မရပေ။ ဒါ့အပြင် အဝတ်လျှော်ဆပ်ပြာခဲက အခြေခံအားဖြင့် ဆပ်ပြာမှုန့်ကို ခဲထားသည့် ပုံစံပင်။ ဆပ်ပြာမှုန့်အစေ့လေးများ ရေထဲတွင် ပျော်ဝင်ပြီး အမြှုပ်ထွက်ရန် အချိန်ယူရသည့်အတွက် ဆပ်ပြာရည်က ပိုကောင်းသည်။

ရွှီလီက မနက်ခင်းတွင် လင်းချောင်၏ ဆပ်ပြာရည်ကို သုံးပြီးသွားပြီဖြစ်သည်။

“မျက်နှာသစ်ဖို့လည်း ကောင်းတယ်လို့ ထင်တယ်၊ ဆပ်ပြာထက် ပိုပြီး အစိုဓာတ် ထိန်းပေးနိုင်တယ်။”

“လက်လုပ်ဆပ်ပြာက စက်ရုံထုတ်ဆပ်ပြာထက် အစိုဓာတ် ပိုထိန်းနိုင်တယ်ဆိုပေမဲ့ မျက်နှာသစ်ဖို့တော့ မသင့်လျော်သေးပါဘူး။ အဲဒါအတွက် သုံးချင်ရင် နောက်တစ်ခါ ပြုပြင်ပေးပါ့မယ်။”

“နောက်တစ်ခါဆိုတာကို မေ့လိုက်ပါတော့။”

လင်းချောင်၏ တုံ့ပြန်မှုက ရွှီလီကို ပျော်ရွှင်စေခဲ့သည့်တိုင် သူမကတော့ ငြင်းဆဲပင်။

“မင်း ပင်ပန်းနေပါပြီ။ ခဏနားလိုက်ပါဦး။”

“အချိန်အများကြီး မကုန်ပါဘူး၊ ဆီလည်း အများကြီးကျန်ပါသေးတယ်။ ဆီတစ်ပေါင်ဆို ဆပ်ပြာရည် ဒါဇင်နဲ့ချီ လုပ်လို့ရတယ်။”

လင်းချောင် နောက်ဆုံးအကြိမ်တုန်းက ပုံးကြီးတစ်ပုံး လုပ်ပေးခဲ့သေးသည်။ ရွှီလီကို နည်းနည်းပေး၍ ဆီအတွက် ကူညီပေးခဲ့သည့် ကျိဇယ်ကိုလည်း အနည်းငယ်ပေးကာ ကျန်သည်ကိုတော့ သူမဘာသာ သုံးရန်စီစဉ်ထားခဲ့သည်။ ဒီပစ္စည်းက မရောင်းရသေးသည့်အတွက် ကံကောင်းမှုများရှိနေပြီး မရောင်းဘဲနေလျှင် အလဟဿဖြစ်မည်ဟု သူမခံစားမိသည်။

လင်းချောင်က ကျောင်းကို ပြန်ရောက်တော့ ဆပ်ပြာရည်ပါသည့် ဖန်ပုလင်းတစ်လုံးကို ယူလာခဲ့သည်။ ဆရာမတစ်ယောက်အနေနှင့် နေ့တိုင်း ကျောက်သင်ပုန်းတွင် စာရေးရပြီး လက်ကို မကြာခဏ ဆေးကြောရသည်။ သူတို့ရုံးခန်း၏ ဝင်ပေါက်ညာဘက်တွင် လက်ဆေးစင်တစ်ခုရှိပြီး အောက်ဘက်တွင် လက်နှင့် အဝတ်စများ ဆေးကြောရန် ဘိလပ်မြေကန်လေးတစ်ခုလည်း ရှိသည်။

လင်းချောင်၏အိမ်တွင် အသစ်တပ်ဆင်ထားသည့်အရာနှင့် ဆင်တူပြီး ကျောင်းသားများ သန့်စင်ခန်းထဲသို့ အတင်း တိုးဝှေ့ဝင်စရာမလိုတော့ပေ။ ဒီနေ့ခေတ်တွင် ပိုက်များအားလုံးက အပြင်ဘက်တွင် ရှိပြီး ဆပ်ပြာခဲတစ်ခဲက လက်ဆေးစင်ဘေးမှ ပိုက်ပေါ်တွင် ရှိသည်။

လင်းချောင်က မသုံးရသေးသည့် အဖုံးပါသည့်ဘူးတစ်ခုကို ရှာပြီး ဆပ်ပြာဘေးတွင် ထားလိုက်သည်။

“ဆပ်ပြာရည် နည်းနည်းယူလာတယ်။ လက်ဆေးတဲ့အခါ သုံးလို့ရပါတယ်။”

“ဆပ်ပြာရည်? အခု ဘာစမ်းသပ်မှုတွေ လုပ်နေတာလဲ။”

အစပိုင်းတွင် လူတိုင်းက စူးစမ်းလိုစိတ်နှင််သာ ကြည့်ကြ၏။ ဘာပဲဖြစ်ဖြစ် ဒီစကားလုံးကို ပြောလိုက်လျှင် ယဲ့မင်ရှူးလိုပဲ လူအများစုက ဆပ်ပြာရေကိုသာ တွေးကြသည်။ လက်ဆေးဖို့အတွက် ဆပ်ပြာရေက ဆပ်ပြာခဲလောက် မကောင်းပေ။

သို့သော်လည်း အမျိုးသားဖြစ်သည့် အဖွဲ့ခေါင်းဆောင်ကောကတော့ ဆပ်ပြာသုံးခြင်းကို သိပ်အာရုံမစိုက်ပေ။ လင်းချောင် ယူလာတော့ သူက စမ်းသုံးကြည့်ရန် ဆုံးဖြတ်လိုက်၏။ ဒီဆပ်ပြာရည်က အံ့အားသင့်စရာကောင်းလောက်အောင် ဆပ်ပြာခဲထက် ပိုမြန်မြန် ပျော်ဝင်သွားသည်။ ဘာပဲဖြစ်ဖြစ် ဆပ်ပြာခဲဆိုလျှင် လက်ပေါ်တွင် အကြိမ်ကြိမ် ပွတ်တိုက်ရသော်လည်း ဒီဆပ်ပြာရည်က ရေထိသည်နှင့် ပျော်ဝင်သွားပြီး လက်ကို ခဏလေး ပွတ်လိုက်ရုံနှင့် ဆေးကြောလို့ ရသွားပြီဖြစ်သည်။

လက်ဆေးပြီးနောက် အဖွဲ့ခေါင်းဆောင်ကောက ဘူးအဖုံးကို ကောက်ကိုင်ပြီး သေသေချာချာ ကြည့်ရှုလိုက်သည်။

“ဒါဘယ်ကရတာလဲ။ တော်တော်ကောင်းတာပဲ။”

ဒါက လက်လုပ်ဆပ်ပြာသာဆိုလျှင် လင်းချောင်က သူမဘာသာသူမ လုပ်ထားသည်ဟု ပြောပြီး တခြားသူများကိုလည်း လုပ်နည်းမျှဝေပေးရန် ဝန်လေးမည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ဒါက တော်တော်ရိုးရှင်းပြီး ဓာတုဗေဒ အသိပညာ နည်းနည်းပါးပါးရှိသည့်သူ ဘယ်သူမဆို လုပ်တတ်ကြသည်။ သို့သော် ဆပ်ပြာရည်ကိုတော့ ရောင်းရန် စီစဉ်ထားသည့်အတွက် သူမဘာသာသူမ လုပ်ထားသည်ဟု မပြောနိုင်ပေ။ သူကပြုံးလိုက်ပြီး ပြောလိုက်၏။

“အသုံးဝင်တယ်ထင်ရင် သုံးပါ။ ကုန်ရင် အိမ်ကနေ ထပ်ယူလာခဲ့ပါ့မယ်။”

အဖွဲ့ခေါင်းဆောင်ကောက တည့်တိုးသမားဖြစ်သည့်အတွက် ဒီအရာများကို သိပ်အာရုံမစိုက်ဘဲ ထပ်မစဉ်းစားဘဲ ခေါင်းငြိမ့်လိုက်၏။

ရုံးခန်းထဲမှ တခြားအမျိုးသမီး ဆရာမများကတော့ မတူကြပေ။ ကောင်းသည်ဟု ကြားလိုက်သည်နှင့် အားလုံးလာပြီး စမ်းသုံးကြည့်ကြ၏။ မကြာခင်မှာပဲ ဒီဆပ်ပြာရည်၏ အကျိုးကျေးဇူးများကို သိသွားကြသည်။

“ရှောင်လင်း၊ ဒါဘယ်ကရတာလဲ။”

ဒီတစ်ခါမေးသည့် မေးခွန်းက စိတ်ရင်းမှန်နှင့် မေးခြင်းဖြစ်သဖြင့် လင်းချောင်ကလည်း စိတ်ရင်းမှန်နှင့် သူငယ်ချင်းတစ်ယောက်အကြောင်းကို ဖန်တီးပြောဆိုလိုက်သည်။

“ကျွန်မ သူငယ်ချင်းတစ်ယောက်လုပ်တာ။ ရောင်းလို့ ကောင်းမလားဆိုတာ ကြည့်ခိုင်းတာ။ ကျွန်မလည်းကိုယ့်ဘာသာ ဆုံးဖြတ်လို့မရတာနဲ့ ရုံးကို ယူလာပြီး လူအများစု အထင်က်ို သိရအောင် သုံးကြည့်ခိုင်းမလို့ပါ။"

အဲဒီခေတ်တုန်းက “ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်” ဆိုသည်မှာ “ကျွန်မဘာသာကိုယ် လုပ်ထားတာ” ဟုအဓိပ္ပာယ်ရမှန်း ဘယ်သူမှ နားမလည်ကြပေ။ တချို့က ချီတုံချတုံဖြစ်နေကြပြီး တချို့က တိုက်ရိုက်မေးလိုက်ကြ၏။

“မင်းသူငယ်ချင်းက ဘယ်လိုရောင်းဖို့ စီစဉ်ထားလဲ။”

“တစ်ပေါင်ကို တစ်ယွမ်ပါ။”

လင်းချောင်က ဒါကို အချိန်အကြာကြီး စဉ်းစားခဲ့သည်။ လက်ရှိစျေးကွက်တွင် ဆပ်ပြာခဲက တစ်တောင့်ကို လေးမောက်၊ အဝတ်လျှော်ဆပ်ပြာခဲက တစ်ခုကို တစ်ယွမ်နှင့် နှစ်ဆယ်ဆင့်ကျသည်။ တစ်ထုပ်ကလည်း တစ်ပေါင်ပင်။ ဆပ်ပြာရည်ကို တစ်ပေါင်ကို တစ်ယွမ်ဖြင့် ရောင်းလျှင် သင့်တော်၏။ ရေဓာတ်များသော်လည်း ဘက်စုံသုံးလို့ရပြီး ဆပ်ပြာနှင့် အဝတ်လျှော်ဆပ်ပြာခဲထက် အစိုဓာတ် ပိုထိန်းပေးနိုင်သည်။

မေးသည့် အမျိုးသမီးဆရာမက သဘောကျသွားပုံရပြီး လင်းချောင်ထံမှ ချက်ချင်း ဆပ်ပြာရည် သုံးပေါင်မှာလိုက်သည်။

“တိုက်ရိုက်ယူခဲ့ပေးမလား၊ ဒါမှမဟုတ် ပုလင်း ယူလာပေးရမလား။”

အဲ့ဒီခေတ်တုန်းက ပလတ်စတစ်ပုလင်းများ မပေါ်သေးပေ။ ပဲငံပြာရည်၊ ရှာလကာရည်လို အရာတော်တော်များများကို အစုံလိုက် ရောင်းကြပြီး လူအများက မိမိတို့အိမ်မှ အသုံးပြုပြီးသား ဝိုင်ပုလင်းများကို ပြန်ဖြည့်သုံးရသည်ကို အကျင့်ဖြစ်နေကြသည်။

“ဒီနေ့ညနေ ပုလင်းယူလာခဲ့ပါ။”

လင်းချောင်က ပြောလိုက်သည်။

“ကျွန်မ ပုံးသေးသေးလေး ယူလာပြီး အခက်အခဲလုံးဝမရှိရအောင် တိုက်ရိုက် အလေးချိန် ချိန်ဆပေးပါ့မယ်။”

ဒီနည်းနှင့်ဆိုလျှင် အသွားအပြန် သယ်ရသည့် ဒုက္ခကိုသက်သာစေပြီး ပမာဏနှင့် ပတ်သက်သည့် အငြင်းပွားမှုများကိုလည်း ရှောင်ရှားနိုင်သည်။

တချို့လူများက အစပိုင်းတွင် ဝယ်ဝယ်မဝယ်ဝယ် ကိစ္စမရှိဘူးဟု ထင်ခဲ့ကြသော်လည်း ညနေပိုင်းတွင် လင်းချောင် ပုံးယူလာမည်ဟု ကြားသည်နှင့် ချက်ချင်းပဲ တစ်ပုလင်းစီ ထပ်လိုချင်သွားကြ၏။ လင်းချောင်ရှိသည့် ရုံးခန်းတွင် မွန်းတည့်မတိုင်ခင် သုံးပေါင်လောက် ရောင်းလိုက်ရ၏။ မွန်းတည့် ကျောင်းဆင်းချိန်ရောက်တော့ Liberal arts ရုံးမှ လူများကလည်း သတင်းကြားပြီး စမ်းသုံးကြည့်ရန်လာကြသည်။

လင်းချောင်က ကျောင်းသို့ ဆပ်ပြာရည်များ ယူလာပြီး သူတို့ကို စမ်းသုံးကြည့်နိုင်ရန် လုပ်ပေးခဲ့သည်။ ဝယ်မဝယ်ကတော့ သူတို့အပိုင်းဖြစ်၏။

လူအချို့က အခွင့်အရေးယူပြီး တိတ်တိတ်လေး အိမ်ယူသွားမည်ကိုစိုးသဖြင့် အများကြီးတော့ ယူလာလို့မရပေ။

နေ့လယ်ခင်း ကျိသော် အိမ်ပြန်ရောက်တော့ လင်းချောင်က သူမဆပ်ပြာရည်များနှင့် ထပ်ပြီး ပတ်ချာလည်လုပ်နေသည်က်ို တွေ့လိုက်ရသည်။ သူက မီးဖိုချောင်တံခါးဝတွင် ခဏရပ်ပြီးမေးလိုက်၏။

"မင်း ဒါတွေ ထပ်ပေးဦးမလို့လား။"

"မဟုတ်ဘူး၊ နည်းနည်းပဲ ရောင်းလိုက်တာ။"

လင်းချောင်က သိသိသာသာ စိတ်ကြည်နေသော်လည်း ပျော်လွန်းသဖြင့် သူမကိုယ်သူမ မေ့သွားသည်မျိုးတော့ မဟုတ်။ သူပြန်လာသည်ကို မြင်လိုက်သည်နှင့် မရပ်မနား ပြောလိုက်တော့၏။ သူမက မနေ့ညကတည်းက ဆပ်ပြာရည်အကြောင်း လိုက်မေးနေသည်ဆိုတော့ ကျိသော်က သူမတွင် အတွေးတစ်ခုခုတော့ ရှိနေပြီဟု ထင်ခဲ့သည်။ ကျိဇယ်က စီးပွားရေး စလုပ်မည်ဟု သူ မထင်ထားခဲ့သော်လည်း သူမကတော့ စတင်နေခဲ့လေပြီ။

ကျိသော် မျက်နှာလွှဲလိုက်၏။

"ကိုယ် တစ်ယောက်ကို ရှောင်ဇယ်ဆီ ပို့ခိုင်းလိုက်ပြီ။"

မနက်ခင်း လင်းချောင် ပစ္စည်းများ ထုပ်ပိုးနေချိန်တုန်းကလည်း ရှောင်ဇယ်ထံ ဆပ်ပြာရည်ပုလင်းအကြီးတစ်လုံးနှင့် လက်လုပ်ဆပ်ပြာခဲ အများအပြားကို ဆီပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောသည့်အနေနှင့် ယူသွားခိုင်းခဲ့သည်။

"ပို့လိုက်တာ ကောင်းတာပေါ့။"

လင်းချောင်က မေးလိုက်၏။

"ရှင် အလုပ်ထဲကို နည်းနည်း ယူသွားချင်လား။"

"မလိုပါဘူး။"

ကျိသော်က ဆပ်ပြာပစ္စည်းများအပေါ် စိတ်ဝင်စားပုံမရပေ။

ထားလိုက်ပါတော့။ သူ့ဘာသာ ကြမ်းကြမ်းတမ်းတမ်းနေပါစေ။ အခုအချိန်မှာ ကိုယ့်ဘာသာကိုယ်သာ ဂရုမစိုက်ရင် အသက်ကြီးလာရင် ဘယ်သူက သူ့ကို လိုချင်မှာလဲ။

လင်းချောင်က ထိုလူကို ထပ်ပြီး စိတ်မဒုက္ခမပေးတော့ပေ။ နေ့လယ်စာစားပြီး ခဏလေး အိပ်လိုက်ပြီးနောက် ကျောင်းကို ဆပ်ပြာရည် ငါးပေါင် ယူသွားရန် ပြင်ဆင်လိုက်၏။

"ရှောင်ဖန်းကို လိုက်ပို့ခိုင်းလိုက်မယ်။"

ကျိသော်က သူမ ထွက်သွားတော့မည်အလုပ်တွင် လှမ်းအော်ပြောလိုက်ခြင်းပင်။

တကယ်တော့ ကျောင်းနှင့် စစ်တပ်စခန်းက လမ်းမတူသလို အိမ်နှင့်လည်း မဝေးတော့ သူတို့က အလုပ်သွားလျှင် ကိုယ့်လမ်းကိုယ်သာ သွားနေကြဖြစ်သော်လည်း ဒီနေ့တော့ ပစ္စည်းများ သယ်ရမည်နှင့် နေပူထဲ လမ်းလျှောက်ရဦးမည်ဆိုတော့ နည်းနည်းတော့ ပင်ပန်းလိမ့်မည်။ လင်းချောင်က သူ့ကို အားမနာတော့ဘဲ ပုံးကြီးနှင့် ကားထဲ ဝင်ထိုင်လိုက်၏။

လမ်းလျှောက်လျှင် ဆယ်မိနစ်၊ ကားနှင့်ဆို ပိုတောင်နည်းသေးသည်။ ခဏလေးအတွင်းမှာပဲ ကျောင်း ရောက်သွား၏။

လင်းချောင်က ရှောင်ဖန်းကို ကျောင်းဝင်ပေါက်အထိ မမောင်းခိုင်းပေ။ ကားပေါ်မှ ဆင်းလိုက်သည်နှင့် ချီဟွိုင်ဝမ်နှင့် လီရှောင်ချို့တို့ နံရံနားတွင် ရပ်ကာ စကားပြောနေသည်က်ို တွေ့လိုက်ရသည်။ သူမကို မြင်သည်နှင့် လီရှောင်ချို့က သိသိသာသာ တောင့်တင်းသွားပြီး သူ့လက်များကို အိတ်ကပ်ထဲ ထည့်လိုက်သည်။

ချီဟွိုင်ဝမ်ကတော့ ပုံမှန်အတိုင်းပဲ ကြည့်နေ၏။ နောက်မှ ကားထွက်သွားသည်ကိုပင် လှမ်းကြည့်လိုက်သေး၏။

"တစ်ယောက်ယောက်က လိုက်ပို့ပေးတာလား။"

ဒါက အစောပိုင်း အချစ်ဇာတ်လမ်းလား။ ဒီလိုမှ မဟုတ်ရင် ဘာလို့ သူမကို မြင်တာနဲ့ ဒီလောက် စိတ်လှုပ်ရှားနေမှာလဲ။

လင်းချောင် မှတ်မိသလောက်ဆိုလျှင် လီရှောင်ချို့က အတော်လေး ယဉ်ကျေးပြီး စာတော်၏။ မြေဖြူခဲ ပစ်လိုက်သည့်အချိန်မှလွဲ၍ အတန်းထဲတွင် သူသိပ်ရှိမှန်းမသိသာပေ။ ချီဟွိုင်ဝမ်လည်း မကြာသေးခင်က အခြေအနေ ပိုပြီး ကောင်းလာ၏။ သူက ဒုကျောင်းအုပ်ချီနှင့် ရူပဗေဒကိစ္စနှင့် ပတ်သက်၍ ရန်ဖြစ်နေဆဲဖြစ်သော်လည်း သူ၏ဓာတုဗေဒကတော့ တိုးတက်လာလေပြီ။ စာသင်နှစ်ကုန်လျှင်ပို၍ တိုးတက်လာနိုင်သည်။

ရယ်စရာကောင်းနေသည်။ လင်းချောင်က သူတို့ထက် နှစ်နှစ်သာ ကြီးသည်ကို သူ့ကျောင်းသားများ အချစ်ဇာတ်လမ်း ရှိမရှိ စိုးရိမ်နေသည်။ သူမက ဘာမှ မတုံ့ပြန်ရန် ဆုံးဖြတ်လိုက်ပြီး လက်ထဲမှ ပုံးကို မြှောက်ပြလိုက်၏။

"ဒီနေ့ ပစ္စည်းတွေ ယူလာခဲ့တယ်။"

သူမကနောက်မှ ကြည့်ပြီး ဆုံးဖြတ်မည်ဟု တွေးလိုက်၏။

မမျှော်လင့်ထားဘဲ ချီဟွိုင်ဝမ်က ပုံးကို သူမလက်ထဲမှ ယူသွားလိုက်၏။

"ဘယ်ကို ယူသွားချင်တာလဲ။"

ကျောင်းသားများကို ကိုယ့်အတွက် ပစ္စည်းသယ်ပေးရန် မခိုင်းသင့်ပေ။ လင်းချောင်က ငြင်းရန် လုပ်နေချိန်မှာပဲ ကောင်လေးက ခြေလှမ်းကျဲများဖြင့် လျှောက်သွားနေပြီဖြစ်သည်။ လီရှောင်ချို့ကတော့ ရပ်နေဆဲဖြစ်၏။

"ဒါဆို ဆရာမ၊ ကျွန်မ အတန်းထဲ ပြန်တော့မယ်။"

လင်းချောင်က စိုးရိမ်နေဆဲဖြစ်သည့် လီရှောင်ချို့ကို ကြည့်လိုက်ပြီးနောက် သူ့ကို လှည့်ကြည့်နေသည့် ချီဟွိုင်ဝမ်ကို ကြည့်လိုက်ရာ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဒီကလေးက လီရှောင်ချို့ဆီမှ သူမ၏ အာရုံကို လွှဲပစ်ရန် ကြိုးစားနေသည်လား။

ပစ္စည်းများကို ရုံးခန်းထဲ ထည့်လိုက်ပြီးနောက်တွင် ချီဟွိုင်ဝမ်က လင်းချောင်နှင့် စကားအများကြီး မပြောဘဲ ထွက်သွားတော့၏။

မနက်က လင်းချောင်ထံမှ ဆပ်ပြာရည် မှာထားသည့် ဆရာမများက ပုလင်းများ၊ ဝိုင်ပုလင်းများ၊ တချို့ကတော့ သံဘူးခွံများ ယူလာခဲ့ကြသည်။ မှာမထားသူများကတော့ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကိုသာ ကြည့်နေကြသည်။ တစ်ယောက်က လင်းချောင်ကို မေးလိုက်၏။

"လျှော့စျေး မပေးနိုင်ဘူးလား။ ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေပဲ။ ကျွန်မတို့ ဘယ်လောက်ဝင်ငွေ နည်းတယ်ဆိုတာ ဆရာမလည်း သိပါတယ်။"

လင်းချောင်က ဒီအကြောင်းပြချက်ကြောင့် ကိုယ်တိုင်လုပ်သည်ဟု မပြောခဲ့ခြင်းဖြစ်သည်။ တချို့လူများက သူတို့တွင် အဆက်အသွယ်ရှိသည့်အတွက် ပစ္စည်းများကို တန်ဖိုးမရှိဘူးဟု ထင်ကြပြီး လျှော့စျေးတောင်းသည်ကတော့ အနည်းဆုံးဖြစ်ရပ်ပေ။ တချို့ကတော့ ပစ္စည်းများကိုပါ တိုက်ရိုက်တောင်းသေး၏။

မဆိုင်းမတွပဲ သူမက ပြန်ဖြေလိုက်သည်။

"ကျွန်မက တစ်ယောက်ယောက်ကို ရောင်းပေးနေတာပါ။ သူတို့က ကျွန်မကို ကော်မရှင်ခပဲ ပေးတာ၊ ပစ္စည်းအများကြီး ပေးတာ မဟုတ်ဘူး၊ ဒါကြောင့် ကျွန်မက စျေးနှုန်းကို မဆုံးဖြတ်နိုင်ပါဘူး။"

တစ်စုံတစ်ယောက်ကို ဘာအကျိုးအမြတ်မှ မယူဘဲ ပစ္စည်းရောင်းပေးသည်က မဖြစ်နိုင်ပေ။ တည့်တိုးပြောလိုက်လျှင် တခြားသူများက သူမကို လေးစားတော့မည်မဟုတ်။

ထိုသူက ထပ်ပြောချင်သေးသော်လည်း မနက်က ပထမဆုံးဝယ်ချင်ခဲ့သည့် အမျိုးသမီးဆရာမက ပြောလိုက်၏။

"ရှင်က မဝယ်သေးတာကို ဘာလို့ စျေးဆစ်နေတာလဲ။ ကျွန်မတို့ကို အရင်ချိန်ပါရစေဦး" လို့ တိုက်တွန်းလိုက်သည်။

ထိုဆရာမက အတန်းသုံးမှ အတန်းပိုင်ဆရာမဖြစ်သည်။ လင်းချောင်က အတန်းသုံး၏ ဓာတုဗေဒရမှတ်များကို တိုးတက်အောင် လုပ်ပေးခဲ့သည့်အတွက် သူမတို့ အတန်းသုံး၏ အလုံးစုံရမှတ်များလည်း တိုးတက်လာခဲ့သည်။ ဒါကြောင့် အတန်းသုံးမှ အတန်းပိုင် ဆရာမက လင်းချောင်ကို သဘောကျ၏။

စုစုပေါင်း ငါးပေါင်သာရှိပြီး အမျိုးသမီးဆရာမများက မြန်မြန်ဆန်ဆန်ပဲ ခွဲဝေယူပြီး ရောင်းကုန်သွား၏။

ခဏလေးအတွင်း လင်းချောင်က ငါးယွမ်ရခဲ့ပြီး ကုန်ကျစရိတ်များကို နုတ်လိုက်လျှင် သိသိသာသာ အမြတ်ကျန်နေသေးသည်။ ဒါကြောင့် လူအများစုက စီးပွားရေးလုပ်ချင်ကြခြင်းဖြစ်သည်။ ဆရာမတချို့ဆိုလျှင် သူတို့ယောက်ျားများနှင့် ဝက်သားရောင်းရန် အလုပ်မှ ထွက်ခဲ့ကြသေးသည်။ ထိုအချိန်တုန်းက လစာက အလွန်နည်းပြီး အထူးသဖြင့် ဆရာ/မ များက တစ်လကို ယွမ်သုံးဆယ်မှ လေးဆယ်လောက်သာ ရကြသည်။

ကံမကောင်းစွာနှင့် ကုန်ကြမ်းများက ရရန်ခက်ခဲပြီး အများကြီးထုတ်လုပ်မည်ဆိုလျှင် သက်တမ်းနှင့် ထုပ်ပိုးမှုအပိုင်းတွင် ပြဿနာရှိနိုင်သည်။ အခုအချိန်မှာတော့ လင်းချောင်က လုပ်ငန်းကို အသေးစားသဘောလောက်သာ လုပ်နိုင်သေးသည်။

ကျိသော်သာ စီးပွားရေးလုပ်ရန် ဆုံးဖြတ်ခဲ့လျှင် သူမအနေနှင့် နည်းပညာပံ့ပိုးပေးပြီး ပူးပေါင်းနိုင်သည်။ ကျိသော်၏ မိသားစုနောက်ခံနှင့် ချိတ်ဆက်မှုများအရ ကုန်ကြမ်းရရန်နှင့် ထုပ်ပိုးမှုထုတ်လုပ်ရေးလိုင်း ထူထောင်ရန် ပြဿနာမရှိနိုင်ပေ။ သို့သော် သူမ၏ အသေးစားလုပ်ငန်းလေးကို ကျိသော် စိတ်ဝင်စားပါ့မလားဆိုသည်ကိုတော့ သူမ မသိပေ။

သူငယ်ချင်းတစ်ယောက်က ဝတ္ထုများထဲမှ အမျိုးသား ဇာတ်ဆောင်များသည် အခုဆိုလျှင် အနည်းဆုံး ဘီလျံနာ သူဌေးကြီးများ ဖြစ်နေမှသာ ဇာတ်ဆောင်အဖြစ် သတ်မှတ်ခံရတော့သည်ဟု ပြောပြခဲ့ဖူးသည်။ ခေတ်ဟောင်းဝတ္ထုများတွင်တောင် အနာဂတ်သူဌေးကြီးများ ဖြစ်ရသည်။

ဒီအကြောင်းများကိုတွေးနေရင်း လင်းချောင်က ပုံးအလွတ်ကို ထုပ်ပိုးနေရာမှ ခဏရပ်တန့်သွား၏။

ဇွန်လကုန်တော့မှာဖြစ်ပြီး သူမတို့လက်ထပ်ထားသည်မှာ နှစ်လနီးပါးရှိပြီပင်။ ဘာလို့ ဒီလူက စီးပွားရေးလုပ်ဖို့ စိတ်မဝင်စားသေးတာလဲ။

All Chapters