Chapter 45
Vol. 4 Ch. 45
ကောင်လေးနှစ်ယောက်ကို ဆွဲခွဲလိုက်သော်လည်း သူတို့ကတော့ အချင်းချင်း ဒေါသတကြီး ကြည့်နေကြသေးပြီ စိတ်များလည်း ပူလောင်နေသေးသည်မှာ ရှင်းနေ၏။ လင်းချောင် အတန်းလေး၏ အတန်းခေါင်းဆောင်ကို တိုက်ရိုက် မေးလိုက်သည်။
"ဘာဖြစ်နေတာလဲ။"
အတန်းငါးမှ ကောင်လေးတစ်ယောက်က သူ၏ ကာယ ဘာသာရပ်ချိန် ပြီးသည့်အခါ စားပွဲပေါ်တင်ထားသော အီလက်ထရောနစ်နာရီ ပျောက်နေသည်ကို တွေ့လိုက်ရသည်။ နာရီပျက်စီးမည်စိုး၍ ချွတ်ထားခဲ့ခြင်းဖြစ်၏။ အတန်းတစ်တန်းလုံးကို လိုက်ရှာသည့်တိုင် မတွေ့ခဲ့ပေ။ သူက အနောက်တံခါးနားတွင် ထိုင်သည့်အတွက် တခြားအတန်းမှ ကျောင်းသားများကို သံသယဝင်မိသည်။
ကျောင်းဆင်းခါနီးအချိန်တွင် လီရှောင်ချို့လက်ထဲမှ နာရီတစ်လုံး ပြုတ်ကျသွားသည်ကို တွေ့လိုက်ရသည်။ ထိုနာရီက သူ့နာရီနှင့် တစ်ထပ်တည်းတူ၏။ သူမက လူမြင်မည်စိုးသည့်အတိုင်း အမြန်ကောက်လိုက်သည့်အတွက် သူက သူမ ခိုးသည်ဟု ယူဆလိုက်ခြင်းဖြစ်သည်။
ကျွင်းဇီကတော့ လီရှောင်ချို့ထံ မှတ်စုစာအုပ် ပြန်လာပေးသည်ဖြစ်ပြီး ကောင်လေးက သူမကို သူခိုးဟု စွပ်စွဲနေသည်နှင့် တိုက်တိုက်ဆိုင်ဆိုင်ကြုံလိုက်တော့ နှစ်ယောက်သား ရန်ဖြစ်ကြခြင်းပင်။
လင်းချောင်က အနီးအနားတွင် ရပ်နေသည့် လီရှောင်ချို့ကို သတိထားမိလိုက်သည်။ သူမ၏မျက်နှာက နီရဲနေပြီး မျက်လုံးများကလည်း နီရဲနေသည်။
လင်းချောင် ကြည့်လိုက်သည်ကို မြင်တော့ ကောင်မလေးက ခေါင်းခါပြလိုက်၏။
“မဟုတ်ဘူး၊ ကျွန်မ မလုပ်ပါဘူး။”
“ဒါဆို ဒီနာရီ ဘယ်ကရတာလဲ။”
ကောင်လေးက နာရီကို ကိုင်ထားတုန်းဖြစ်သည်။ မြေပြင်ပေါ်ကို တံတွေးထွေးလိုက်ပြီး ပြောလိုက်၏။
“မင်းအမေက ထွက်ပြေးသွားတာ၊ မင်းအဖေလည်း တစ်လကို နည်းနည်းလေးပဲ ရတာကို လူတိုင်းသိတယ်။”
ချီဟွိုင်ဝမ်နှင့် လီရှောင်ချို့တို့၏ အစောပိုင်း ရိုမန့်တစ်ဆန်နေပုံရသည်ကို မြင်ခဲ့ရတဲ့နေ့ကတည်းက လင်းချောင်က ကောင်မလေး၏ အခြေအနေကို စုံစမ်းခဲ့သည်။
အမှန်ပြောရလျှင် ချီဟွိုင်ဝမ်နှင့် အနည်းငယ်ဆင်၏။ နှစ်ယောက်လုံးက ဆရာများ၏ ကလေးများ၊ နှစ်ယောက်လုံးက အမေမရှိ၊ အဖေနှင့် နှစ်ယောက်တည်း နေကြသည်။ သို့သော် ချီဟွိုင်ဝမ်၏ အမေက ကွယ်လွန်ခဲ့သည်ဖြစ်ပြီး လီရှောင်ချို့၏ မိဘများကတော မငြိမ်မသက်ဖြစ်နေသည့် အချိန်တွင် ကွာရှင်းခဲ့ကြခြင်းဖြစ်ပြီး သူမကို အဖေနှင့် ချန်ထားခဲ့ခြင်းဖြစ်သည်။
ယခုနှစ်များတွင် ဆရာ၊ ဆရာမများ၏ အခြေအနေက ဆိုးနေတုန်းဖြစ်ပြီး လစာကလည်း နည်းသည်။ သူမဖခင်က ဘယ်တော့မှ ပြန်အိမ်ထောင်မပြုတော့ဘဲ ကွာရှင်းခဲ့သည်က နာကျင်စရာ အမာရွတ်တစ်ခု ဖြစ်နေခဲ့သည်။
ကောင်လေး၏စကားက အနာပေါ်တုတ်ကျသလို ဖြစ်သွားသည့်အတွက်မျက်ရည်ဝဲနေခဲ့သည့် လီရှောင်ချို့က အခုဆိုလျှင် တကယ်ကို ငိုချလိုက်ပါတော့သည်။
လင်းချောင်၏ အသံက ပိုအေးစက်လာ၏။
“ငါတို့ ဆရာ၊ ဆရာမတွေရဲ့ လစာက မများနိုင်ပေမဲ့ လူတွေကို ပညာသင်ပေးတာက ဂုဏ်ရှိတဲ့အရာတစ်ခုပဲ။”
ကောင်လေးက သူမ ထိုနေရာတွင် ရှိနေသေးသည်ကို သတိရသွားတော့ မျက်နှာက အေးခဲသွား၏။
“ဒါ့အပြင် ရဲတောင်မှ အမှုဖြေရှင်းဖို့ သက်သေလိုတယ်။ ကောက်ချက်ချဖို့က အရမ်းစောနေသေးတာ မဟုတ်ဘူးလား။”
ထိုအချိန်မှာပဲ အတန်းငါး၏ အတန်းပိုင်ဆရာ “အဒေါ်ကြီး” ဟုလည်း လူသိများသည့် ဆရာပိုင် ရောက်လာပြီး အခြေအနေကို နားလည်သွားတော့ ပြောလိုက်၏။
“ကိစ္စက မစုံစမ်းရသေးဘူး၊ ဒါကြောင့် အရမ်းမစိတ်လှုပ်ရှားကြနဲ့ဦး။”
သူက သူ့တပည့်ဘက်ကို ချက်ချင်းမလိုက်ဘဲ လီရှောင်ချို့ကို မေးမြန်းခြင်းမျိုးလည်း မလုပ်ပေ။
ဒါက လင်းချောင်၏ သူ့အပေါ် သဘောထားကို သိသိသာသာ တိုးတက်စေခဲ့သည်။ သူမက အတန်းလေး၏ အတန်းခေါင်းဆောင်ကို ခေါ်ပြီး ပြောလိုက်၏။
“မင်းတို့ အတန်းဖော်တွေကို ကိုယ်တိုင်စာလေ့လာဖို့ ပြန်ခေါ်သွား၊ ဒီနေ့ နည်းနည်းနောက်ကျပြီးမှ လွှတ်ပေးမယ်။”
ဆရာပိုင်ကလည်း သူ့အတန်းကို ချက်ချင်းပြန်ခိုင်းလိုက်၏။ ကျောင်းသားများကို ရုံးခန်းသို့ အသေးစိတ် စုံစမ်းရန် ခေါ်သွားခါနီးတွင် ချီဟွိုင်ဝမ် ရပ်နေသည်ကို သတိထားမိလိုက်သည်။
ကောင်လေးက တည်ငြိမ်သည့်ပုံစံနှင့် လင်းချောင်ကို ပြောလိုက်သည်။
“ဒီနာရီက လီရှောင်ချို့ရဲ့ နာရီဆိုတာ ကျွန်တော် သက်သေခံနိုင်တယ်။ ပြီးခဲ့တဲ့ စနေနေ့က သူမ ဝတ်ထားတာကို ကျွန်တော်မြင်ခဲ့တယ်။”
ပြီးခဲ့သည့် စနေနေ့အကြောင်း ပြောလိုက်တော့ လင်းချောင်က နံရံနားတွင် သူတို့နှစ်ယောက်သား စကားပြောနေသည်ကို မြင်ခဲ့ရကြောင်း သတိရသွား၏။ ဒါပေမဲ့ သူမလက်များက အိတ်ထဲတွင် ရှိနေသည့်အတွက် လီရှောင်ချို့ နာရီဝတ်ထားသည်ကိုတော့ သတိမထားမိခဲ့ပေ။
အတန်းငါးမှ ကောင်လေးကတော့ လုံးဝ မယုံနိုင်ခဲ့။
“မင်းပြောရုံနဲ့လား။ မင်းတို့က အတန်းတူတူပဲ။ မင်းသူမဘက်ကပဲ ရပ်တည်မှာပေါ့။”
သူက လီရှောင်ချို့ကို တိုက်ရိုက်မေးလိုက်၏။
“ဒီနာရီကို ဘယ်ကရတာလဲ။ အီလက်ထရောနစ်နာရီက ယွမ်တစ်ရာကျော်တယ်။ မင်းအဖေ ဝယ်ပေးတာလား၊ ဒါမှမဟုတ် မင်းကိုယ်တိုင် ရတာလား။"
ဒီအချိန်မှာ ဆရာပိုင်လည်း တွေဝေသွားပြီး လီရှောင်ချို့ကို မေးလိုက်၏။ “မင်းအဖေ နာရီဝယ်ပေးတာလား။”
လီရှောင်ချို့ စကားပြောခါနီးတွင် သူမမျက်နှာကို ကျယ်လောင်သည့်အသံဖြင့် ရိုက်ချက်တစ်ခု ကျရောက်လာ၏။ မျက်ရည်စက်များနှင့် သူမ၏မျက်နှာတွင် လက်ငါးချောင်းရာ ချက်ချင်းပေါ်လာ၏။ သူမကို ရိုက်လိုက်သူက နောက်တစ်ခါ ထပ်ရိုက်တော့ရန်အလုပ် လင်းချောင်က ရှေ့ကိုတိုးပြီး သူမကို ကာကွယ်လိုက်သည်။
“ပြဿနာရှိရင် စကားနဲ့ပြောပြီး ဖြေရှင်းကြရအောင်။ ဘာလို့ ကလေးကို ရိုက်တာလဲ။”
ချီဟွိုင်ဝမ် အတန်းထဲတွင် မှတ်စုကူးချသည်ကို မိခဲ့တုန်းက ဒုကျောင်းအုပ်ချီက အလွန်ဒေါသထွက်ပေမဲ့ လူအများရှေ့တွင်တော့ မရိုက်ခဲ့ပေ။ သို့သော် လီရှောင်ချို့ အဖေကတော့ ဘာမေးခွန်းမှ မမေးဘဲ သူမကို ရိုက်ခဲ့သည်။ လင်းချောင်က သူ့ကို တားလိုက်တော့ သူမ၏ နောက်တွင်ရှိသည့် သူ့သမီးကို လက်ညှိုးထိုးပြီးပြောလိုက်၏။
“ကျွန်တော် ရိုက်တာ ဘာမှားလဲ။ သူမက မျက်နှာပြောင်တိုက်လို့ ကျွန်တော် ရိုက်ရတာ။”
ဒေါသတကြီးနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက သူ့မျက်လုံးများ ပြူးထွက်တော့မတတ် ကြည့်နေပြီးပြောလိုက်၏။
“မင်းကို ငါ ဘယ်တုန်းက အစားအသောက်၊ အဝတ်အထည် မပေးခဲ့လို့လဲ။ ပြီးတော့ မင်းက ငါ့ဆီက ခိုးသေးတယ်လား။ မင်း ဒီလိုပုံစံဆိုတာ သိခဲ့ရင် မင်းကို ငါ ခေါ်ထားခဲ့မှာ မဟုတ်ဘူး။ မင်းနဲ့ မင်းအမေ ပျောက်သွားတော့မှ ငါ့ကို ကျောင်းမှာ အရှက်ရအောင် မလုပ်နိုင်မှာ။”
သူ၏တုံ့ပြန်မှုအရ လီရှောင်ချို့၏နာရီကို သူ မဝယ်ပေးခဲ့ဘူးဆိုသည်မှာ ရှင်းနေ၏။
ဒါက ဆရာပိုင်ကို အခက်တွေ့စေခဲ့သည်။ ပစ္စည်းက သူ့အတန်းထဲမှ ခိုးယူခံရသည်ဖြစ်၍ တင်းတင်းကျပ်ကျပ် မကိုင်တွယ်ဘူးဆိုလျှင် မတရားဘူးလို့ အထင်ခံရလိမ့်မည်။ သို့သော်လည်း ကိုင်တွယ်မည်ဆိုလျှင်တော့ လီရှောင်ချို့ကို ခိုးမှုနှင့် စွပ်စွဲရာရောက်လိမ့်မည်။
လင်းချောင် မျက်မှောင်ကြုတ်ပြီး နောက်ထပ်မေးခွန်းများ မေးရန်လုပ်နေတုန်းမှာပဲ သူ့နောက်မှ ကောင်မလေးက ရုတ်တရက် ရှိုက်ကြီးတငင်ငိုပြီးပြောလိုက်၏။
"ဒါကို မေမေ ဝယ်ပေးတာ"
သူမက ခေါင်းငုံ့ပြီး အဖေကို မကြည့်ဘဲ ပြောနေခြင်းပင်။
ဆရာလီက သူမကို လုံးဝမယုံကြည်ခဲ့ပေ။
"မင်းအမေ? သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုတာ သူ မှတ်မိရော မှတ်မိသေးရဲ့လား။"
လီရှောင်ချို့ ထပ်ပြီး တိတ်ဆိတ်သွားပြန်၏။
အဖေနှင့်သမီး နှစ်ယောက်လုံးက ဒေါသကြီးသူများဖြစ်သည်ယ တစ်ယောက်က ရှင်းပြသည်ကို နားမထောင်သလို၊ နောက်တစ်ယောက်ကလည်း အော်ငေါက်ခံရလျှင် စကားမပြောဘဲနေသည့်အတွက် အချိတ်အဆက်မမိပေ။ ခေါင်းကိုက်လာသည့်အတွက် လင်းချောင်က ကောင်မလေးကို စိတ်ရှည်လက်ရှည် မေးလိုက်၏။
"မင်းအမေနဲ့ ဆက်သွယ်ပြီး သက်သေလာခံဖို့ ပြောပေးလို့ရမလား။"
ဒါက လက်ရှိအချိန်တွင် အကောင်းဆုံးဖြေရှင်းနည်းပင်။ ထိုခေတ်တုန်းက စောင့်ကြည့်ကင်မရာများ မရှိသောကြောင့် ပစ္စည်း ဘယ်ရောက်သွားလဲဆိုသည်ကို ရှာရခက်သည်။
လီရှောင်ချို့ ချီတုံချတုံဖြစ်ပြီး ခေါင်းခါပြလိုက်၏။
"သူမက ကျွန်မကို တွေ့ပြီးနောက်ပိုင်း ထွက်သွားတယ်။ အခု ဘယ်မှာလဲဆိုတာ ကျွန်မ မသိဘူး။"
"မင်း မလိမ်ဘူးလို့ ပြောနေသေးလား!"
ဒေါသထွက်နေသည့် ဆရာလီက လင်းချောင်ကို ကျော်ဖြတ်ပြီး သူ့သမီးကို ထပ်ရိုက်ဖို့ ကြိုးစားပြန်၏။
လင်ချောင်က သူ့ကို နောက်တစ်ကြိမ် တားလိုက်ပြန်သည်။
"ပြန်ရှာကြည့်ရအောင်။ တစ်နေရာရာမှာ ပြုတ်ကျပြီး သတိမထားမိဘဲ ကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လီရှောင်ချို့ရဲ့အမေနဲ့လည်း ဆက်သွယ်ကြည့်ပါ။ သူ့ကို ဆက်သွယ်လို့ရနိုင်တယ်ဆိုရင် ကောက်ချက်မချရသေးပဲ ကလေးကို မှားယွင်းစွပ်စွဲတာမျိုး မလုပ်သင့်ဘူး။"
အကြိမ်ကြိမ် တားဆီးခံရပြီးနောက် ဆရာလီ ဒေါသထွက်လာ၏။
"ခင်ဗျား ကိုင်တွယ်နိုင်ရင် ကိုင်တွယ်လိုက်!"
သူက လှည့်ပြီး လူအုပ်ထဲမှ ထွက်သွားလိုက်၏။
လင်းချောင်၏ စိတ်ဓာတ်ခိုင်မာမှုကို မြင်ရတော့ ဆရာပိုင်တွင် တခြား ပိုကောင်းသည့် အဖြေဘာမှမရှိပေ။
"လူတွေကို ပြန်ခေါ်ပြီး ထပ်ရှာကြည့်လိုက်မယ်။ စားပွဲတွေနဲ့ အမှိုက်ပုံးတွေကိုလည်း စစ်ရမယ်။"
ကောင်လေးက လုံးဝမယုံကြည်ဘဲ လီရှောင်ချို့ကို စူးစိုက်ကြည့်ရင်း ဆရာနောက်ကို လိုက်ကာ အတန်းထဲ ပြန်သွားလိုက်၏။
လီရှောင်ချို့က နှုတ်ခမ်းကို ဖိထားသော်လည်း သူ့အကြည့်ကိုတော့ ရှောင်ဖယ်မနေခဲ့ သူမက လင်းချောင်ကို ကျေးဇူးတင်သည့်အကြည့်နှင့် ကြည့်လိုက်ပြီး ကောင်လေး၏ စူးစိုက်ကြည့်မှုကို လျစ်လျူရှုကာ အတန်းငါးကို လိုက်သွားပြီး ဆက်ရှာလိုက်၏
နေ့လယ်စာစားချိန်၏ အချိန်အများစုကိုသုံး၍ ရှာဖွေခဲ့ကြသည်။
နွေရာသီတွင် ဝတ်ထားကြသည့် အဝတ်အစားနည်းသောကြောင့် အီလက်ထရောနစ်နာရီလို ကြီးမားသည့်အရာတစ်ခုကို ဝှက်ထားရန် မဖြစ်နိုင်ပေ။ အတန်းနှစ်ခုလုံးမှ ကျောင်းသားများကို မေးမြန်းပြီးနောက် သူတို့အားလုံး နေ့လယ်စာစားရန် အိမ်ပြန်ကြသည်။ ဆရာပိုင်လည်း ခဏလောက် ထပ်ရှာသည့်တိုင် ဘာမှ မတွေ့သည့်အတွက် ထွက်သွားပြီး ပြောလိုက်၏။
"မင်းတို့ မကြာခင် ရှင်းပြချက်ပေးရလိမ့်မယ်။ ဖန်ကန်က ခေါင်းမာတယ်၊ ရဲကိုတောင် ခေါ်နိုင်တယ်။"
ဒါကြောင့် လီရှောင်ချို့၏မျက်နှာ ဖြူဖျော့သွား၏။
"ဆရာမလင်း ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်။"
"အခုက ဒီလိုပြောရမယ့်အချိန်မဟုတ်ဘူး။"
အခြေအနေ ပိုပြီး ရှုပ်ထွေးလာလေ၊ လင်းချောင် ပိုပြီး အေးဆေးလာလေဖြစ်သည်။
"မင်းအမေနဲ့ လုံးဝ ဆက်သွယ်လို့ မရဘူးလား။"
လီရှောင်ချို့ သေချာစဉ်းစားလိုက်သည်။
"အဘွားရဲ့လိပ်စာကိုတော့ မှတ်မိတယ်။ အမေ ဘယ်မှာလဲဆိုတာ သူတို့ သိမသိတော့ မသိဘူး။"
သူမက ခေါင်းငုံ့ပြီး နာကျင်သည့်ပုံစံနှင့် ပြောလိုက်သည်။
"သူမ နောက်အိမ်ထောင်ပြုပြီး အဆင်မပြေဘူးလို့ ကြားတယ်။ ဒီနှစ်တော့ သူ့ဇာတိကို ပြန်ပြီး စီးပွားရေးလုပ်နေတယ်တဲ့။"
"မင်းအဘွားရဲ့လိပ်စာကို ပေးပါ၊ ကြေးနန်းပို့ကြည့်လိုက်မယ်။"
လင်းချောင် ရုံးခန်းကိုသွားပြီး ဘောပင်ယူဖို့လုပ်တုန်းမှာပဲ မလှမ်းမကမ်းမှ ရင်းနှီးသည့် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
သူမက နာရီကို အလိုလိုကြည့်လိုက်မိ၏။
"ဘာလို့ ဒီရောက်နေတာလဲ။"
နွေရာသီ၏ ပူပြင်းသည့်ရာသီဥတုတွင် ကျိသော်၏ ရှပ်အင်္ကျီကြယ်သီးများက သပ်သပ်ရပ်ရပ် တပ်ထားပြီး ကြယ်သီးတစ်လုံး ဖြုတ်လိုက်သည်နှင့် ပရော်ဖက်ရှင်နယ်မဆန်တော့သလို ဖြစ်သွားမည်ကို စိုးရိမ်နေသလိုပင်။ သူက သူ့လက်ထဲမှ ထမင်းဘူးကို မြှောက််ပြလိုက်၏။
"မင်း ထမင်းမစားရသေးဘူး။"
"အလုပ်များပြီး မေ့သွားတာပါ။"
ဒါက မိုဘိုင်းဖုန်းမရှိခြင်း၏ အားနည်းချက်ပင်။ မဟုတ်လျှင် ဖုန်းခေါ်လိုက်သည်နှင့် လုံလောက်မည်ဖြစ်ပြီး သူကိုယ်တိုင် ကျောင်းကိုလာစရာ မလိုပေ။
လင်းချောင်က ထမင်းဘူးကို အမြန်ယူလိုက်ပြီး သူ့ဘေးမှ စိတ်မလုံမလဲဖြစ်နေသည့် လီရှောင်ချို့ကို ကြည့်လိုက်သည်။
"ဒီလောက်တောင် နောက်ကျနေပြီ။ လာ၊ ငါတို့နဲ့အတူ ထမင်းစားလာ။"
လီရှောင်ချို့က တုံ့ဆိုင်းသွားပြီး ခေါင်းကို အမြန်ခါလိုက်သည်။
"ကျွန်မ...ကျွန်မ စားစရာ မလိုပါဘူး..."
"လာစားပါ။ ငါ့ရုံးခန်းထဲမှာ ဘီစကစ်တွေရှိတယ်၊ ငါတို့အားလုံးအတွက် လုံလောက်တယ်။"
လင်းချောင်က သူမကို ထပ်မံငြင်းဆန်ရန် အခွင့်အရေးမပေးဘဲ ရုံးခန်းဆီသို့ လျင်မြန်စွာ လျှောက်သွားရင်း ကျိသော်ကို မေးလိုက်၏။ "ရှင် စားပြီးပြီလား။"
"စားပြီးသွားပြီ။"
ကျိသော်အတွက် လင်းချောင်၏ ရုံးခန်းထဲကို ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်ပြီး သူမ၏ စားပွဲကို ချက်ချင်းတွေ့လိုက်ရသည်။
သူမ၏စားပွဲက သိပ်မသပ်ရပ်သော်လည်း သူမ လုပ်စရာဘာမှမရှိသည့်အခါ ဒါမှမဟုတ် စိတ်အပန်းဖြေချင်သည့်အခါမျိုးတွင် စာရွက်များနှင့် ပုံစံမျိုးစုံခေါက်ရသည်ကို နှစ်သက်သည်။ တစ်ခါတလေ နှင်းပန်းများ၊ တစ်ခါတလေ နှင်းဆီပန်းများလုပ်တတ်သည်။ သူမစားပွဲပေါ်မှ ဘောပင်များကို သေးငယ်သည့် ဘူးခွံများထဲ ထည့်ထားပြီး ထိုအထဲတွင် စက္ကူပန်းလေးများလည်း ပါနေသည့်အတွက် ဘယ်စားပွဲက သူမစားပွဲလဲဆိုသည်ကို သိသာစွာမြင်နိုင်၏။
တကယ်ပဲ လင်းချောင်က သူမစားပွဲရှေ့မှ ကုလားထိုင်ကို ဆွဲထုတ်ကာ ပြောလိုက်၏။
"ရှင် အခုချက်ချင်းပြန်မှာလား၊ ဒါမှမဟုတ် ခဏထိုင်ဦးမလား။"
ကျိသော်က ပြတင်းပေါက်ထံ တိုက်ရိုက်လျှောက်သွားပြီး အပြင်ကိုကြည့်လိုက်သည်။
"မင်းထမင်းစားလိုက်၊ နေ့လယ်စာဘူးကို ကိုယ်နောက်မှ ပြန်ယူသွားလိုက်မယ်။"
သူသာ အခုပြန်သွားလျှင် အိမ်တွင်စောင့်ရဦးမည်ဖြစ်ပြီး ရှောင်ဖန်းက သူ့ကိုတံခါးဝတွင်လာခေါ်ရန် စီစဉ်ထားသည့်အတွက် လင်းချောင် ဘာမှမပြောဘဲ စားပွဲပေါ်မှ နေ့လယ်စာဘူးကို ဖွင့်လိုက်သည်။
လီရှောင်ချို့အတွက် ဆရာမနှင့်အတူ စားသောက်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူမက တိတ်တဆိတ် စားနေခဲ့သည်။ စားရင်းနှင့် မျက်ရည်တစ်စက်က သူမလက်ပေါ် ကျလာ၏။ သူမ အမြန်ခေါင်းလှည့်လိုက်သော်လည်း အပြာရောင် လက်ကိုင်ပဝါလေးတစ်ထည်က သူမမျက်စိရှေ့ ရောက်လာခဲ့သည်။
လင်းချောင် ဘာမှမပြောသလို မေးလည်း မမေးဘဲ နှစ်သိမ့်ပေးခြင်းမျိုးလည်း မလုပ်သလို ကောင်မလေးကို သူမ၏ စိတ်ခံစားချက်များ ထုတ်ဖော်ခွင့်ပေးလိုက်၏။
လီရှောင်ချို့က လက်ကိုင်ပဝါကိုယူပြီး မျက်ရည်သုတ်လိုက်ကာ ပြောလိုက်၏။
"တောင်းပန်ပါတယ် ဆရာမ။ ကျွန်မ မငိုချင်ပါဘူး၊ ကျေးဇူးတင်ကြောင်းပဲ ပြောချင်တာပါ။"
အနေအေးသည့်ကလေးများက ကိုယ့်ကိုယ်ကို ဖော်ပြရန် မကြာခဏ ရုန်းကန်နေရပြီး သူမက နည်းနည်းစိတ်ရှုပ်ထွေးနေ၏။
"ဆရာမက ကျွန်မအပေါ် အရမ်းကြင်နာတယ်၊ ကျွန်မကို ယုံကြည်ပေးတယ်၊ ပြီးတော့... ပြီးတော့... ဆရာမက ကျွန်မအမေနဲ့တူတယ်။"
လင်းချောင် ခဏရပ်သွားပြီး သူမက လီရှောင်ချို့ထက် နှစ်နှစ်သာ ကြီးသည့်အတွက် ဒီအရွယ်သမီးတစ်ယောက် ရှိရန် မဖြစ်နိုင်ဆိုသည်ကို သဘောပေါက်လိုက်သည်။ သူမက ပြတင်းပေါက်နားမှ အမျိုးသား သူမကို လှည့်ကြည့်နေသည်ကို သတိထားမိလိုက်သည်။
လီရှောင်ချို့က သတိမထားမိပုံပေါ်ပြီး ဆက်ပြောလိုက်၏။
"တကယ်တော့၊ ကျွန်မငယ်ငယ်က ကျွန်မအမေက ကျွန်မအပေါ် အရမ်းကောင်းခဲ့တယ်။ သူက ကျွန်မကို အရသာရှိတဲ့ အစားအစာတွေ လုပ်ပေးပြီး သီချင်းဆိုသိပ်ပေးတယ်။ သူမမှာ အဲဒီတုန်းက ရွေးစရာမရှိခဲ့ဘူး။ ကျွန်မအဖွားက သူ့ကို သားမရှိလို့ဆိုပြီး အမြဲအပြစ်တင်ခဲ့တယ်၊ ပြီးတော့ ကျွန်မအဖေကလည်း အခြေအနေမကောင်းဘူး၊ စိတ်ဆိုးလွယ်တယ်..."
ဒီနေရာတွင် သူမ ခဏရပ်လိုက်၏။
"ဟုတ်ပါတယ်၊ ကျွန်မအဖေကလည်း မဆိုးပါဘူး။ သူက ခက်ခဲတဲ့အခြေအနေတွေ ကြုံခဲ့ရလို့ပါ၊ ဒီနှစ်တွေအတွင်း သူ့အတွက်လည်း ခက်ခဲခဲ့ပါတယ်။"
သူမ၏ မိဘနှစ်ပါးစလုံးတွင် သူတို့၏ အကြောင်းပြချက်များ ကိုယ်စီရှိတော့ သူမ အကြောင်းကရော။ ဇနီးမောင်နှံကွာရှင်းရန် အကြောင်းပြချက်များစွာရှိသည်။ ဖောက်ပြန်ခြင်း ဒါမှမဟုတ် အိမ်တွင်းအကြမ်းဖက်ခြင်းကဲ့သို့ ထင်ရှားသည့်အမှားများအပြင် ဘယ်သူမှားသည်ဆိုသည်က ပြောရခက်သည်။
တစ်ဖက်စီက သူတို့ကိုယ်သူတို့ မှန်သည်ဟု ယုံကြည်ထားပြီး သူတို့နစ်နာသည်ဟု ခံစားရသည်။ နစ်နာသည်ဟုခံစားရသူတိုင်းက ဒီအရာကို သူတို့၏ကလေးများနှင့် မျှဝေရန် ခက်ခဲကြပြီး ကလေးများက သူတို့ဘက်မှ ရပ်တည်ပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။
လီရှောင်ချို့က လူတိုင်းကို မျှတအောင် အကြောင်းပြချက်များ ရှာဖွေခဲ့ပြီး ကျန်ရှိနေသည့် နစ်နာမှုများကို သူမတစ်ယောက်တည်း ခံစားခဲ့သည်။ ဒါကြောင့် သူမက များသောအားဖြင့် ဒီလောက်တိတ်ဆိတ်ပြီး အေးစက်နေသည်မှာ အံ့သြစရာမရှိပေ။
"ခက်ခဲတဲ့အခြေအနေမှာရှိတဲ့ အမျိုးသားတစ်ယောက်က သူ့မိသားစုအပေါ် ဒေါသထွက်နိုင်တယ်လား။"
ကျိသော်၏ နက်ရှိုင်သည့်အသံက ရုတ်တရက် တိတ်ဆိတ်မှုကို ဖြတ်တောက်လိုက်သည်။
လင်းချောင်က သူရှိနေသည်ကို မေ့လုနီးပါးဖြစ်နေပြီး သူ့ကိုချက်ချင်း မျက်စောင်းထိုးလိုက်ကာ ကလေးကို စိတ်ဆိုးသွားအောင် မလုပ်ရန် သတိပေးလိုက်သည်။
ကိုယ့်ကိုယ်ကိုယ်သာ အနစ်နာခံနေသည့် လီရှောင်ချို့နှင့်ယှဉ်လျှင် သူမ၏ စူးရှသည့်အကြည့်က ပိုပြီး တက်ကြွလန်းဆန်းသည့်အတွက် ကျိသော်ကို ပိုပြီး နှစ်သက်စေသည်။ သူက မသိချင်ယောင်ဆောင်ပြီးပြောလိုက်၏။
"တခြားနည်းလမ်းမရှိရင် သူမက ကလေးကို ခေါ်သွားသင့်တယ်။"
အနည်းဆုံးတော့ လင်းချောင်သာဆိုလျှင် သူ့ကိုယ်သူနှင့် ကလေးကို ဒီလိုဘဝမျိုးနှင့် နေခွင့်ပြုမည်မဟုတ်ပေ။"
ပြင်းထန်သည့် ဝေဖန်မှုနှစ်ခုကို ကြားလိုက်ရပြီးနောက် လင်းချောင်က သူ့ကို ရုံးခန်းထဲတွင် ဆက်နေခွင့်မပြုတော့ဘဲ ဆွဲထူကာ အပြင်ကို တွန်းထုတ်လိုက်၏။
"ရှင် အရင်ပြန်လိုက်တော့။"
သူမ၏ နူးညံ့သည့်လက်က သူ့ကျောကို ဖိထားသည်။ ကျိသော်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း မခုခံဘဲ သူမကို တွန်းထုတ်ခွင့်ပြုလိုက်သည်။
သူတို့ လျှောက်လမ်းကိုရောက်ပြီးနောက် တံခါးပိတ်လိုက်သည်နှင့် လင်းချောင်က ရုတ်တရက် အသံကိုနှိမ့်ပြီးပြောလိုက်၏။
"ဒီလိုနာရီမျိုးက ဈေးကွက်ထဲမှာ အများကြီးမရှိဘူး မဟုတ်လား။"