Chapter 46
Vol. 4 Ch. 46
နာရီက ဘယ်သူပိုင်လဲဆိုသည်ကို မသေချာသေးသည့်အတွက် လင်းချောင်ထံမှာသာ ရှိနေခဲ့သည်။
ကျိသော်က ထိုနာရီကို ကြည့်လိုက်၏။
"မင်းလိုချင်လို့လား။"
အိမ်က ပိုက်ဆံများ အားလုံးက လင်းချောင်ထံတွင် ဖြစ်သည်။ သူမက ကျိသော်ထံမှလည်း ဘာမှ မတောင်းဖူးပေ။ ရုတ်တရက် အသံကိုနှိမ့်ပြီး ဒီအကြောင်း ပြောလာတော့ သူ့အတွက် လိုချင်သည်သာ ဖြစ်ရမည်။
"မဟုတ်ပါဘူး၊ ဒီနာရီကို ဝယ်ယူခဲ့တဲ့ လမ်းကြောင်းကို စစ်ကြည့်ချင်လို့ပါ။"
ဒီခေတ်တွင် နာရီများကို တန်ဖိုးကြီးပစ္စည်းများဟုလို့ သတ်မှတ်ကြသည်။ ပိုက်ဆံရှိရုံနှင့် မရဘဲ လက်မှတ်ပါ လိုသေး၏။ ဒီအီလက်ထရွန်းနစ်နာရီက သိသိသာသာကို ရှားပါးသည်။ သူတို့လက်မထပ်ခင်တုန်းက လင်းချောင်နှင့် ရွှီလီဆိုလျှင် ယန်ဒူက ကုန်တိုက်တိုင်းလိုလိုကို သွားခဲ့ဖူးပေမဲ့ ဒီလိုနာရီမျိုးကို မတွေ့ခဲ့ဖူးပေ။ ဒါက ဝယ်ရသည်မှာ မလွယ်ဆိုသည်ကို ပြနေ၏။ အနည်းငယ်သာ ရောင်းခဲ့ခြင်းဖြစ်သည်။ ဝယ်ယူခဲ့သည့် လမ်းကြောင်းကို ရှာတွေ့နိုင်လျှင် လီရှောင်ချို့၏ အမေက တကယ်ပဲ ဝယ်ခဲ့သည်ကို သက်သေပြနိုင်ပြီး လီရှောင်ချို့၏ အပြစ်ကင်းစင်မှုကိုပါ သက်သေပြနိုင်လိမ့်မည်။
သူမက လီရှောင်ချို့နှင့် အတန်း ၅ မှ ဖန်ကန်ဆိုသည့် ကောင်လေး နှစ်ယောက်လုံးကို ဂရုတစိုက် မေးမြန်းခဲ့သည်။ နာရီနှစ်လုံးလုံးက မကြာသေးသည့်ရက်ပိုင်းအတွင်းတွင်သာ အသစ်ဝယ်ထားသည့်အတွက် ခြေရာခံရတာ သိပ်မခက်လောက်ပေ။
ဒီအကြောင်းကို လီရှောင်ချို့ကို အသိပေးရန်တော့ မလိုအပ်ခဲ့ပေ။ သူမ၏ စရိုက်ကိုသိသည့်အတွက် သူမ သိသွားလျှင်လည်း စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးသာ ပိုဖြစ်သွားလိမ့်မည်။
ကျိသော်က နာရီကိုယူပြီး ခဏကြည့်လိုက်ပြီးမှ ပြောလိုက်၏။
"ဒါက မှောင်ခိုပစ္စည်းပဲ။"
"မှောင်ခိုလား။"
လင်းချောင် ဒါကို မစဉ်းစားမိခဲ့ပေ။
"ဟုတ်တယ်။ အရင်ကလည်း ဒီလိုဟာမျိုးတွေ မြင်ဖူးတယ်။ သိပ်တန်ဖိုးမရှိဘူး။"
သိပ်တန်ဖိုးမရှိဘူး...
လင်းချောင်က စက်နာရီများသည် အီလက်ထရွန်းနစ်နာရီများထက် ပိုတန်ဖိုးရှိကြောင်း သိလိုက်ရသည်။ ဘာလို့ အီလက်ထရွန်းနစ်နာရီကို ဒီလောက်ဈေးကြီးကြီးနှင့် ရောင်းရသည်လဲ။ သူမက ခေတ်ကြောင့်ဟု ထင်ခဲ့သော်လည်း မသမာသည့် ကုန်သည်များကြောင့် ဖြစ်နေခဲ့သည်။
ဒါက အခြေအနေကို ပိုခက်ခဲသွားစေ၏။ ဘယ်သူက မှောင်ခိုပစ္စည်းတွေကို ပေါ်တင် ရောင်းမှာလဲ။
"တတ်နိုင်သလောက်တော့ ရှာကြည့်ပေးပါ။ မရရင်လည်း ရတယ်။"
အနည်းဆုံးတော့ ခြေရာခံနိုင်သည့် လမ်းစတစ်ခု ရနေသည်။ ဒါကြောင့် လင်းချောင်က ကျိသော်ကို အကူအညီတောင်းခဲ့၏။
ကျိသော်ကို ပြန်လွှတ်လိုက်ပြီးနောက် လင်းချောင် ရုံးခန်းကို ပြန်လာခဲ့ရာ လီရှောင်ချို့က အရင်နေရာတွင် ယဉ်ယဉ်ကျေးကျေး ထိုင်နေဆဲပင်။ လင်းချောင် အပြင်သွားနေတုန်း တစ်ချက်လေးမှ မလှုပ်ရှားခဲ့ဘူးဆိုသည်မှာ သိသာ၏။
ကျိသော် အခုနက ပြောခဲ့သည့်စကားကို တွေးမိပြီး သူမက ရှင်းပြလိုက်၏။
"သူက ဒီနေ့ စိတ်မကြည်ဘူး။"
မဟုတ်လျှင် ဦးလေးအရွယ် ရောက်နေသူတစ်ယောက်က ကလေးမလေးတစ်ယောက်၏ စိတ်ကို ဘာလို့ နာကျင်အောင် လုပ်မည်လဲ။
ရှောင်ချို့က ဂရုမစိုက်သည့်ပုံစံနှင့် သူ့အဝတ်အစားများကို ဆွဲရင်း ပြောလိုက်၏။
"သိပါတယ် ဆရာမ။ ဆရာမတို့မိသားစုက လူကောင်းတွေချည်းပါပဲ။"
သူတို့က တာဝန်သိစိတ်နှင့် ကူညီပေးခဲ့သည်ဖြစ်ပြီး ဘယ်ကျောင်းသားကိုမှ မှားယွင်းစွပ်စွဲမခံစေချင်ရုံသာဖြစ်သည်။ အခုတော့ သူမက ကျိသော်ကိုပါ လူကောင်းဟု သတ်မှတ်နေလေပြီ။
လင်းချောင်က နည်းနည်းတော့ ကူရာမဲ့သလို ခံစားလိုက်ရ၏။
"နေ့လယ်စာစားပြီးရင် မင်းအဖွားအိမ်ကို ကြေးနန်းရိုက်ပေးမယ်။ ဒီကိစ္စက သေချာပေါက် ရှင်းသွားမှာပါ။ စိတ်ပူစရာမလိုဘဲ အတန်းထဲ ပြန်သွားလို့ရပြီ။"
မမျှော်လင့်ဘဲ စာတိုက်ကို ရောက်တော့ လီရှောင်ချို့၏ အဖေ ဆရာလီနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့သည်။ သူတို့တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တော့ သူက ချက်ချင်းပဲ အနည်းငယ် ရှက်သွား၏။ ဒါဆို ရိုက်နှက်ပြီး ရုတ်ရုတ်သဲသဲ လုပ်ပြီးသည့်နောက်တွင် အခြေအနေကို စစ်ဆေးချင်လာသည်လား။
ကျိသော်၏ စကားများက ကြမ်းတမ်းသော်လည်း မှားသည်တော့ မဟုတ်။ အပြင်တွင် ဒုက္ခရောက်တိုင်း အိမ်မှာရှိသည့် ဇနီးနှင့် ကလေးများကို အပြစ်ပုံချရန် သူ့တွင် အခွင့်အရေးရှိလို့လား။ သူ့ကို မခေါ်ထားခဲ့သင့်ဟု ပြောခြင်း၊ ကလေးက အမေမရှိသည်ကို အပြစ်တင်ခြင်း - သူက ကလေးကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တာ မဟုတ်ဘူးလား။
လင်းချောင် သူနှင့် စကားသိပ်မပြောချင်ပေ။ ခေါင်းညိတ်လိုက်ပြီး ကြေးနန်းပို့ရန် အတွင်းကို ဝင်သွားလိုက်၏။
သူက ယုံကြည်စိတ်ချရသလားဆိုသည်ကို ဘယ်သူသိနိုင်မှာလဲ။ ကိုယ့်ကိုယ်ကို အားကိုးသည်က ပိုကောင်း၏။ အတန်း ၅ မှ ပျောက်နေသည့်နာရီကို မကြာခင် ရှာတွေ့လိမ့်မည်ဟုသာ မျှော်လင့်ရမည်။ တကယ်ဆိုလျှင် ဒါကို ရဲကို တိုင်ကြားနိုင်လျှင် စုံစမ်းရ ပိုလွယ်နိုင်၏။
သို့သော်လည်း သိပ်တော့ မသေချာတာပေ။ ဒါက အချိန်ကြာသွားလျှင် လူ စိတ်ဝင်စားမှု လျော့သွားလိမ့်မည်။ ဒါ့အပြင် ကျောင်းတွင် ဆရာများ၏ ကလေးများနှင့် စစ်တပ်မိသားစုဝင်များ အပြည့်ရှိသည့်အတွက် သူတို့က ကိစ္စကိုလည်း ကြီးကြီးမားမား လုပ်ချင်ပုံမရပေ။
ဆရာလီကလည်း သေချာပေါက် ထိုသို့ မဖြစ်စေချင်ပေ။ ဒါက ကြာလေလေ လီရှောင်ချို့အတွက် ပိုဆိုးလေလေဖြစ်သည်။ ဖြေရှင်းချက်မရဘဲ ကြာသွားလျှင် လီရှောင်ချို့က သူ့နာမည်ကို ရှင်းချင်လျှင်တောင် ရှင်းနိုင်တော့မည် မဟုတ်ပေ။
နေ့လယ်ပိုင်းတွင် ဒုကျောင်းအုပ်ကြီးချီလည်း အခြေအနေကို သိသွားပြီး လင်းချောင်နဲ့ ဆရာပိုင်ကို ခေါ်၍ မေးမြန်းခဲ့သည်။
မေးမြန်းမှုအပြီးတွင် လင်းချောင်က ခဏလောက် မတ်တပ်ရပ်နေပြီး ချက်ချင်းမပြန်သေးပေ။
"ကျွန်မ တာဝန်ရှောင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက အတန်း၅မှာ ဖြစ်နိုင်ခြေပိုများတယ်လို့ ကျွန်မထင်နေတုန်းပဲ။ နာရီကို ပထမချိန်ပြီးတော့ ချွတ်ထားခဲ့ပြီး မနက်ခင်း ကိုယ်လက်လှုပ်ရှားမှုအပြီး တတိယချိန်မတိုင်ခင်မှာမှ ပျောက်နေတာကို သ်ိခဲ့တာ။ ဒီအချိန်အတွင်းမှာ အတန်းချိန်တစ်ခုနဲ့ နားချိန်တစ်ခု ရှိနေတယ်၊ အပြင်လူတစ်ယောက် သတိမထားမိလိုက်ဘဲ ဘယ်လိုဝင်လာနိုင်မလဲ။ အတန်း ၅ မှာ လူတွေရှိနေမှာလေ။"
ဒုကျောင်းအုပ်ချီလည်း အတွေးတူ၏။
"ဆရာပိုင်ကို ထပ်စုံစမ်းခိုင်းထားပြီးပါပြီ။"
"လီရှောင်ချို့ရဲ့အမေနဲ့ ဆက်သွယ်ထားပြီး သူ လာပြီးသက်သေခံပေးလိမ့်မယ်လို့ ကျောင်းသားတွေကို ပြောလိုက်လို့ရမလား။"
လင်းချောင်က အကြံပြုလိုက်သည်။
ဒုကျောင်းအုပ်ချီက သူ့ကို ခဏကြည့်လိုက်သည်။
"မင်း ဘာကိုဆိုလိုတာလဲ။"
"သူတို့ကို လှည့်စားကြတာပေါ့။" ဒုကျောင်းအုပ်ချီက သူ့မှန်းဆချက်ကို အတည်ပြုလိုက်သည်။
"ပစ္စည်းက လီရှောင်ချို့ ခိုးတာမဟုတ်ဘဲ တခြားတစ်ယောက် ခိုးတာဆိုရင် အဲ့ဒီလူ ဘာတွေးနေမလဲ။ လီရှောင်ချို့ သံသယကင်းသွားပြီဆိုတာ သူတို့သိရင်ရော ဘာတွေးလောက်မလဲ။"
လီရှောင်ချို့က အပြစ်ခံနေရသည်ကို သိလျှင် တကယ့်ပြစ်မှုကျူးလွန်သူက စိတ်သက်သာရာ ရနေနိုင်သည်။ လီရှောင်ချို့အပေါ် သံသယကင်းသွားပြီဆိုသည်ကို သိသွားလျှင်တော့ သူတို့ရဲ့ သက်သာရာရမှုက စိုးရိမ်စိတ်အဖြစ် ပြောင်းသွားပြီး စိတ်ခံစားမှု မတည်မငြိမ်ဖြစ်ကာ အမှားလုပ်မိနိုင်သည်။
"သေချာပေါက် ဒါက မှန်းဆချက်သက်သက်ပါပဲ။ ပစ္စည်းက ခိုးခံရတာမဟုတ်ဘဲ နေရာအထားမှားတာလည်း ဖြစ်နိုင်ပါတယ်။"
ဒုကျောင်းအုပ်ချီက ခဏလောက် တိတ်ဆိတ်သွားပြီး ဒီအစီအစဉ်၏ ဖြစ်နိုင်ခြေကို ချိန်ဆနေလိုက်သည်။
"ကျွန်တော်ကိုယ်တိုင် တစ်ယောက်ချင်းစီကို စစ်ဆေးတာက အကောင်းဆုံးဖြစ်မယ်ထင်တယ်။"
ဆရာပိုင်က အလွန်သတိကြီးပြီး အဓိကအချက်ကို ဘယ်တော့မှ မရောက်ပေ။ သူက အတန်းပိုင်ဆရာသာဖြစ်သည့်အတွက် ကျောင်းသားများကြားတွင် သြဇာအာဏာ သိပ်မရှိပေ။ အခြေအနေ တင်းမာမှုကို မြှင့်တင်ရန်နှင့် ပြစ်မှုကျူးလွန်သူကို အမှားလုပ်မိစေရန် လုပ်မည်ဆိုလျှင် ဒုကျောင်းအုပ်ကိုယ်တိုင် ကိုင်တွယ်သည်က အကောင်းဆုံးဖြစ်သည်။
အစီအစဉ်တစ်ခု စိတ်ထဲရောက်လာတော့ ဒုကျောင်းအုပ်ချီ၏ မျက်မှောင်ကြုတ်ထားသည့် မျက်နှာက အနည်းငယ် ပြေလျော့သွား၏။ သူက လင်းချောင်ကို ကြည့်ပြီး ပြောလိုက်၏။
"မင်းက ဒီနှစ် တကယ်ပဲ ဆယ့်ကိုးနှစ်ပဲရှိသေးတာလား။"
လင်းချောင်ကတော့ တကယ်ဟုတ်နေသည်။
"ဒီလိုမေးရင် ကျွန်မ ငယ်ရွယ်နုပျိုတာကို ချီးကျူးတာလို့ပဲ မှတ်ယူလိုက်မယ်နော်၊ ကျွန်မရဲ့ ရဲတင်းမှုကို ဝေဖန်တာလို့တော့ မမှတ်တော့ပါဘူး။"
ဒုကျောင်းအုပ်ချီအတွက် အချိန်ပိုရလျှင် အတွေးများထက်ရနိုင်သော်လည်း လီရှောင်ချို့တွင်တော့ အချိန်မရှိတော့ပေ။
ဒီတစ်ခါတော့ ဒုကျောင်းအုပ်ချီ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"မြန်မြန် စုံစမ်းကြစို့။ မကြာခင် ရလဒ်ထွက်လာမယ်လို့ မျှော်လင့်တယ်။"
ထိုနေ့ နေ့လယ်မှ ညနေစာသင်ချိန်အထိ အထက်တန်းတစ်ခုလုံး စုံစမ်းမှုများ လုပ်ခဲ့ကြသည်။ ဒုကျောင်းအုပ်ချီက သူ့ရုံးခန်းထဲတွင် အတန်း ၅၊ အတန်း ၄ နှင့် အတန်း ၅နှင့် ကပ်လျက်ရှိသည့် ဆဋ္ဌမတန်းမှ ကျောင်းသားများကိုပါ တစ်ယောက်ချင်းစီ မေးမြန်းခဲ့သည်။ ဒီလိုနည်းနှင့် သတင်းအချက်အလက်ရှိသူတိုင်းက ကြောက်ရွံ့ခြင်းမရှိဘဲ ပြောဆိုနိုင်ခဲ့သည်။
နောက်နေ့မနက်ရောက်တော့ အတန်းအားလုံးကို စစ်ဆေးပြီးသွားပြီဖြစ်သည်။
ဒုကျောင်းအုပ်ချီ၏ လည်ချောင်းက စကားပြောရသည်များလို့ အသံခပ်သြသြဖြစ်နေပြီး အသံကြည်အောင် လုပ်နေရသည်။
"ဒီကျောင်းသားတွေကို သတိထားကြည့်လိုက်ပါ။ သူတို့အားလုံးက နည်းနည်း စိတ်လှုပ်ရှားနေပုံရတယ်။"
တကယ်တော့ လင်းချောင်က ထိုမနက်မှာပဲ လီရှောင်ချို့၏ အဖွားအိမ်မှ ကြေးနန်းတစ်စောင် ရထားခဲ့ပြီးဖြစ်သည်။ ကံမကောင်းစွာနှင့် သိပ်အဆင်မပြေခဲ့ပေ။
လီရှောင်ချို့၏ အဖွားမိသားစုက သူ့အမေ၏ တိကျသည့်လိပ်စာကို မသိကြသဖြင့် သူ့ကို ရှာဖွေရန် ကူညီပေးမည်ဟုသာ ကတိပေးခဲ့ပြီး ဘယ်တော့တွေ့မည်ဆိုသည်ကိုတော့ အာမခံချက်မရှိပေ။
သို့သော် လင်းချောင်ကတော့ အားမထုတ်ဘဲ မနေခဲ့ပေ။
"ကျွန်မဆီမှာ အဲ့ဒီနေ့က မလာခဲ့တဲ့ အတန်း ၅ က ကျောင်းသားစာရင်းနဲ့ နားချိန်မှာ လေ့ကျင့်ခန်းမလုပ်တဲ့ တခြားအတန်းက ကျောင်းသားစာရင်းတွေလည်း ရှိတယ်။"
စာရင်းများကို ယှဉ်ကြည့်လိုက်ရာ တူည်ီသူ အများအပြားကို တွေ့ခဲ့ရပြီး သံသယရှိသူများကို သိသိသာသာ လျှော့ချနိုင်ခဲ့သည်။ အတန်းများစွာက ဆရာများကိုလည်း စောင့်ကြည့်ရန် အကူအညီတောင်းခဲ့၏။
နေ့လယ်ပိုင်းတွင် ကျိသော်က အလုပ်ကိစ္စတစ်ခုရှိသောကြောင့် ပြန်မလာခဲ့ပေ။ နေ့လယ်စာစားပြီးနောက် လင်းချောင်က ရုံးခန်းထဲတွင် ထိုင်နေတုန်း လုံခြုံရေးရုံးမှ သူမကို ဖုန်းလာသည်ဟု လာပြောခဲ့သည်။ သူမ အမြန်သွားပြီး ဖုန်းဖြေလိုက်ရာ ကျိသော်၏ ခပ်အက်အက် အသံက လိုင်းပေါ်မှ ထွက်ပေါ်လာ၏။
"မှောင်ခိုသမားတွေကို တွေ့ပြီ။ မင်းရှာနေတဲ့ သတင်းအချက်အလက် သူတို့ဆီမှာ ရှိမရှိတော့ မသိဘူး။"
"တွေ့ပြီလား။"
လင်းချောင်က အနည်းငယ်တော့ အံ့သြသွား၏။
"ဘယ်လိုရှာတွေ့သွားတာလဲ။"
ဒီလူက စည်းမျဉ်းစည်းကမ်းများကို လိုက်နာပုံရသည့်တိုင် ဒီလိုနယ်ပယ်မှာလည်း အဆက်အသွယ်တွေရှိတာလား။
"သူတို့ကို ဖမ်းလိုက်ပြီ။"
ကျိသော်က တိုတိုတုတ်တုတ်ပြောလိုက်၏။
"ကိုယ် ဖုန်းကို လူတစ်ယောက်ကို ပြောခိုင်းထားတယ်။ မင်း သူ့ကို တိုက်ရိုက်မေးလို့ရတယ်။"
သူက တကယ်ကို မှောင်ခို ကုန်သည်များကို ဖမ်းနိုင်မည့် နည်းလမ်းရှာတွေ့ခဲ့သည်။
သို့သော် စဉ်းစားကြည့်လိုက်ရာ သူ့ပုံစံနှင့်လည်း ထိုသ်ို့သာ ဖြစ်သင့်၏။
လင်ချောင်က ထပ်စဉ်းစားရန် အချိန်မရလိုက်ပေ။ ဖုန်းတစ်ဖက်မှ လူပြောင်းသွားသည်နှင့် သူမက ချက်ချင်း အာရုံစိုက်ကာ အီလက်ထရွန်းနစ်နာရီများ၏ မကြာသေးခင်က ရောင်းအားများအကြောင်း၊ ဘယ်သူ့ကို ရောင်းခဲ့လဲ ဆိုသည်ကိုရော မှတ်မိရဲ့လားဟု မေးလိုက်သည်။
ဖုန်းထဲမှလူက အတော်ပူးပေါင်းဆောင်ရွက်တတ်ပြီး လင်းချောင်ပြောသည့်ပုံစံနှင့် ကိုက်ညီသူတစ်ယောက်ကို ချက်ချင်းပြန်မှတ်မိသွားသည်။
"သူမက ပိန်ပိန်ပါးပါး၊ အရပ်သိပ်မမြင့်ဘူး၊ ဘယ်ဘက်မျက်ခုံးမှာ နည်းနည်းပြတ်ရာရှိနေတဲ့သူလား။ တောင်ပိုင်းလေသံနှင့် မိန်းမဆိုလို့ တစ်ယောက်ပဲ ရှိတယ်။ အဲ့ဒီတုန်းက ကျွန်တော်က သူ့ကို သတင်းလာစုတဲ့ လုပ်ဖော်ကိုင်ဖက်လို့ပဲ ထင်ခဲ့တာ။"
လီရှောင်ချို့၏ အဖွားမိသားစုက တိုင်းပြည်တည်ထောင်ပြီးနောက်ပိုင်း မြောက်ပိုင်းကို ပြောင်းရွှေ့ခဲ့သော်လည်း ကလေးဘဝတုန်းက တောင်ပိုင်းတွင် နေခဲ့ဖူးသည့်အတွက် တောင်ပိုင်းလေသံ အခုထိ မပျောက်သေးပေ။
လင်းချောင် နောက်ဆုံးတော့ သက်ပြင်းချလိုက်၏။ ဖုန်းက ကျိသော်ထံ ပြန်ရောက်လာတော့ သူမက ပြောလိုက်၏။
"သူ့ကို ထွက်ဆိုချက် လာပေးခိုင်းလို့ရမလား။"
ဒီထွက်ဆိုချက်နှင့်ဆိုလျှင် လီရှောင်ချို့၏အမေကို မဆက်သွယ်နိုင်လျှင်တောင် လီရှောင်ချို့အပေါ်တော့ သံသယရှင်းသွားနိုင်လိမ့်မည်။
ထိုလူက "အင်း" ဟု ရိုးရိုးလေးသာ ပြန်ဖြေလိုက်ပြီး ဘာမှ ထပ်မမေးတော့ဘဲ ဖုန်းချလိုက်သည်။ သူ့ဘေးနားမှ ရယ်သံတစ်သံ ထွက်လာခဲ့၏။
"မင်း မိန်းမ ဒီမေးခွန်းနှစ်ခုကို မေးနိုင်ဖို့အတွက် မင်း ဒီလောက်တောင် ဒုက္ခခံပြီး သူတို့ကို ဖမ်းခဲ့တာလား။"
ယူနီဖောင်းဝတ်ထားသည့် လူငယ်တစ်ယောက်က စားပွဲကို ပုတ်လိုက်သည်။
"သူက ကံမကောင်းဘူးလို့ ထင်လား။ သူက သတိကြီးတဲ့သူပါပဲ။ ဒါပေမဲ့ အဖမ်းခံရတဲ့သူတွေက ကုန်သွယ်မှုကြီးတွေမှာ ပါဝင်နေတဲ့သူတွေလေ။"
မကြာသေးခင်ကမှ ဖမ်းဆီးခံထားရသည့် ကုန်သည်တစ်စုက ဘေးဘက်နံရံနားတွင် ထိုင်ကာ လူနှစ်ယောက်ကို ခိုးကြည့်နေခဲ့ကြသည်။
နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်တည်ထောင်ကာလကြောင့် ရဲရင့်ပြီး စွန့်ဦးတီထွင်လိုစိတ်ရှိသည့် တချို့လူများက မှောင်ခိုကူးသည်ကို စီးပွားဖြစ်လုပ်ငန်းဟု မြင်လာကြသည်။ တောင်ပိုင်းတွင်ဆိုလျှင် ဟောင်ကောင်သို့ သွားကြပြီး မြောက်ပိုင်းတွင်တော့ ရုရှားသို့ သွားကြကာ ခရီးတစ်ခေါက်တည်းနှင့်လည်း အမြတ်အစွန်း အဆပေါင်းများစွာ ရတတ်ကြ၏။ သူတို့အားလုံးကို ဒီမနက်တွင်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လင်းချောင် ခုနက မေးမြန်းခဲ့သူလည်း အပါအဝင်ဖြစ်၏။
လူအများကြီး၏ အကြည့်ကို ခံနေရသော်လည်း ကျိသော်က တည်ငြိမ်နေဆဲပင်။
"ငါ မင်းကို သူတို့ကို မဖမ်းခိုင်းခဲ့ပါဘူး။ မင်းတို့ကသာ သူတို့ကို ပစ်မှတ်ထားပြီးသား ဖြစ်နေခဲ့တာလေ။"
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ မင်းက ကံကောင်းပါတယ်။ မင်းမိန်းမကရော ဘယ်တော့ ငါ့ကို ထမင်းကျွေးမှာလဲ။"
သူ့ကို ထမင်းကျွေးရမည်? ကျိသော်က လင်းချောင်၏ စား၍ မသေသောဟင်းကိုတော့ ချက်တတ်သည် ဆိုသည့်စကားကို သတိရမိပြီး ဘာမှမပြောတော့ပေ။
"တကယ်လား။ အဲ့ဒါကိုတောင် သဘောမတူဘူးလား။"
လူငယ်က အံ့ဩသွား၏။
"မင်းက မိန်းမကို လက်ထပ်ထားတာလား၊ ဒါမှမဟုတ် ရတနာတစ်ခု ရထားတာလား။"
တစ်ချိန်တည်းမှာပဲ လင်းချောင်က ဖုန်းချလိုက်သည်နှင့် ပြတင်းပေါက် အပြင်ဘက်မှ ချီဟွိုင်ဝမ်၏ အကြည့်နှင့် ဆုံမိလိုက်သည်။
ကောင်လေး၏ မျက်နှာက နေရောင်ကြောင့် နည်းနည်းနီရဲနေပြီး သူဘယ်လောက်ကြာကြာကတည်းက နားထောင်နေခဲ့လဲဆိုသည်ကလည်း မသ်ိသာပေ။ သူ၏ တည်ငြိမ်ပြီး ဘာခံစားချက်မှမရှိသည့် မျက်လုံးများက လင်းချောင်ကို ကျိသော်၏ပုံစံအား သွားတွေးမိစေ၏။
နှစ်ယောက်လုံးက စကားနည်းကြသော်လည်း ကျိသော်နှင့် ချီဟွိုင်ဝမ်က မတူညီသည့် ခံစားချက်များကို ပေးသည်။ ကျိသော်၏ ခံစားချက်များက အလွန်ထိန်းချုပ်ထားပုံရပြီး ဘယ်အရာကမှ သူ၏ တည်ငြိမ်မှုကို နှောင့်မယှက်နိုင်သလိုပင်။ တစ်ဖက်မှာတော့ ကောင်လေး၏ အေးစက်မှုက တိတ်ဆိတ်သည့် ပုန်ကန်မှုတစ်ခု၊ အပေါ်ယံရုပ်သွင်အောက်တွင် ချွန်ထက်တဲ့ အစူးများကို ဖုံးကွယ်ထားသလိုပင်။
လင်းချောင်က လုံခြုံရေးရုံးမှ ထွက်လာပြီး နာရီကို ကြည့်လိုက်သည်။
"မင်း နောက်ကျနေပြီမလား။"
သတိပေးလိုက်သော်လည်း ချီဟွိုင်ဝမ်က မတုံ့ပြန်ခဲ့သလို ကျောင်းသားအများစုကဲ့သို့ အခန်းထဲကိုလည်း အပြေးအလွှား မသွားခဲ့ချေ။ သူမဘေးသို့ နှစ်မီတာအကွာမှ တိတ်တဆိတ် လျှောက်လာခဲ့၏။။ သင်ကြားရေး အဆောက်အအုံနားရောက်တော့ သူက ပြောလိုက်၏။
"ဆရာ/ဆရာမတွေ အားလုံးက ဒီလောက်အထိ စိတ်သဘောထားကြီးကြတာလား။"