← Chapters

Chapter 47

Vol. 4 Ch. 47

Chapter 47

Vol. 4 Ch. 47

မေးခွန်းက ရုတ်တရက်ဆန်သလို လှောင်ပြောင်မှူမျိုးလည်း ပါနေခဲ့၏။ လီရှောင်ချိူ့ကို မနေ့က မှားယွင်းစွပ်စွဲချိန်တွင်လည်း သူက ထွက်ဆိုပေးခဲ့သည်။

လင်းချောင် စိတ်ရှုပ်သွားတော့သည်။ ထိုကောင်လေးက သူမကို မကြည့်ဘဲ ဆက်ပြောခဲ့သည်။

"အချိန်၊ အင်အား၊ ငွေကြေးပါမကျန် - အားလုံးကို ကျောင်းသားတွေဆီ ပေးထားတယ်။ ကျောင်းသားတစ်ယောက်ယောက် တစ်ခုခုဖြစ်ပြီဆိုရင် မိသားစုထက်လည်း ပိုပူပန်တတ်တယ်။ ဆရာ/ဆရာမတွေ အားလုံးမှာ ဒီလို စိတ်ဓာတ်ရှိကြမယ်လို့ထင်လား။ ကျောင်းသားမိဘတွေက ဆရာတွေထက် ပိုချမ်းသာနေတယ်ဆိုရင်တောင်ပေါ့။"

သူ့စကားများက ခံစားချက်ပါနေပြီး လင်းချောင်ကို ပြောနေသည်ထက် တခြားတစ်ယောက်ယောက်ကို ပြောနေသလိုပင်။

လင်းချောင်က ဒုကျောင်းအုပ်ချီကို သတိရသွားပြီး ခဏရပ်ကာ မေးလိုက်၏။

"လီရှောင်ချို့ကိစ္စကို ငါ ဂရုမစိုက်သင့်ဘူးလို့ မင်းထင်တာလား။"

ကောင်လေးက ဘာမှမတုံ့ပြန်ခဲ့ဘဲ အကြည့်များကလည်း မြေပြင်ပေါ် ကျရောက်သွားကာ အတွေးထဲ နစ်မြောနေခဲ့သည်။

လင်းချောင် လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး သူ့ဘက်ကို လှည့်လိုက်၏။

"ပထမအချက်၊ မနေ့က ကြေးနန်းစာအတွက် ပိုက်ဆံကို ကျောင်းက ပြန်အမ်းပေးတယ်။ ဒုတိယအချက်၊ ငါ့ယောက်ျားကို အကူအညီတောင်းတာက စမ်းကြည့်ရုံသက်သက်ပဲ။ သူက ကူညီနိုင်ရင် ကူညီလိမ့်မယ်။ မကူညီနိုင်ရင်လည်း ငါ အတင်းအကြပ် မလုပ်ဘူး။ ဆရာမတစ်ယောက်ဖြစ်ရတာကလည်း အသက်မွေးဝမ်းကြောင်းတစ်ခုပဲ။ ဆရာမဖြစ်တိုင်း သူတော်စင်ဖြစ်သွားတာလည်း မဟုတ်နေဘူး။"

အမှန်ပြောရလျှင် ဆရာ/ဆရာမများဖြစ်ဖြစ်၊ ဆရာဝန်များဖြစ်ဖြစ် သူတို့၏ အရည်အချင်းများက ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုပိုင်း အပေါ်တွင်သာ မူတည်နေခဲ့သည်။ ကိုယ်ကျင့်တရားအပေါ်တွင် မဟုတ်ပေ။

ဆရာ/ဆရာမကျင့်ဝတ်နှင့် ဆေးဘက်ဆိုင်ရာကျင့်ဝတ်များအကြောင်း ပြောကြရသည့်အကြောင်းရင်းက ဆရာ/ဆရာမများက ပညာသင်ပေးရပြီး ဆရာဝန်များက အသက်ကယ်တင်ကြရသည့်အတွက် ထိုအလုပ်နေရာများက အလိုအလျောက် လူရိုသေစရာဖြစ်နေခဲ့သည်။ လူတိုင်းက သူတို့အပေါ် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ မျှော်လင့်ချက်များ ပိုမြင့်မားစွာထားခဲ့ကြသည်။

သို့သော်လည်း ထိုရိုသေခံရမှူများ မပါလျှင် ဆရာ/ဆရာမများနှင့်ဆရာဝန်များကလည်း သာမန်လူများဖြစ်၏။ ခံစားချက်နှင့် ဆန္ဒများ၊ ကောင်းသည့်အရာရော ဆိုးသည့်အရာပါ ရှိတတ်ကြ၏။

ဒုကျောင်းအုပ် ချီနှင့် လောင်ကျောက်တို့လို လူအချို့က နှလုံးရောဂါရှိပြီး အငြိမ်းစားယူရမည့်အရွယ်ရောက်နေသည့်တိုင် အလုပ်ဆက်လုပ်နေကြသည်။ တချို့ကတော့ ဆရာမကျန်းကဲ့သို့ သင်ကြားရေးကို သိပ်ဂရုမစိုက်တတ်ပေ။

"မင်းရဲ့စာတွေ အဆင့်တွေ တိုးတက်အောင် ငါကူညီတယ်ဆိုတာက ငါ့ကို ပိုက်ဆံပေးထားလို့လေ။ ငါ့တာဝန်ကို ငါဖြည့်ဆည်းရမှာပေါ့။ တခြားအရာတွေကတော့..."

လင်းချောင် ခဏရပ်လိုက်ပြီး ကောင်လေးကို တည့်တည့်ကြည့်လိုက်သည်။

"မင်း စင်မြင့်ပေါ်မှာ ရပ်ပြီး အောက်က လူငယ်လေးတွေကို ကြည့်တဲ့အခါ၊ မင်းရဲ့ လုပ်ရပ်တွေက သူတို့ရဲ့ အနာဂတ်ကို သက်ရောက်မှုရှိမယ်ဆိုတာ မင်းသိလာတဲ့အခါ မင်းသတိထားမိလာပြီး တာဝန်ယူစိတ်တွေ ဖြစ်လာလိမ့်မယ်။ ဒီတာဝန်ယူစိတ်ကပဲ ငါတို့ကို ကွဲပြားသွားစေတာ။"

ချီဟွိုင်ဝမ် အကြာကြီး တိတ်ဆိတ်နေခဲ့ပြီး နားလည်သည် မလည်သည်ကတော့ မသဲကွဲခဲ့ပေ။

ခေါင်းလောင်း တီးတော့မည်ဖြစ်ပြီး ပတ်ဝန်းကျင်တွင်လည်း ကျောင်းသားများ မရှိတော့ပေ။ လင်းချောင်က သူ့ကို စာသင်ခန်းပြန်ရန် သတိပေးမည်အလုပ် မျက်စိထောင့်နေရာမှ တစ်ခုခုကို သတိထားမိပြီး ရုတ်တရက် "ရှူး" ဟုပြောလိုက်၏။

ချီဟွိုင်ဝမ်က ခေါင်းမော့ကြည့်ရန် လုပ်လိုက်ရာ လင်းချောင်က သူ့ကို ဆွဲလိုက်ပြီး သူတို့နှစ်ယောက်စလုံး သင်ကြားရေးအဆောက်အအုံနံရံနောက်တွင် ပုန်းလိုက်ကြသည်။

သူတို့ပုန်းပြီးသည်နှင့် ဘေးနားရှ်ိ ရုံးခန်းပြတင်းပေါက်က ပိုကျယ်လာပြီး ခေါင်းတစ်လုံး ထွက်လာခဲ့၏။ ဒုကျောင်းအုပ်ချီ ဖြစ်နေသည်။

သူတို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ အားလုံးက အံ့ဩသွားကြသော်လည်း တိတ်ဆိတ်နေကြ၏။ သူတို့၏ မျက်လုံးခြောက်လုံးက အိမ်သာဘက်သို့ ကြည့်နေခဲ့ကြ၏။ မကြာခင်မှာပဲ လူတစ်ယောက်က ခိုးကြောင်ခိုးဝှက် လှည့်ပတ်ကြည့်နေပြီးနောက် ယောက်ျားလေးအိမ်သာအနောက်သို့ ခိုးဝင်သွားသည်ကို တွေ့လိုက်ရသည်။ မကြာခင်မှာပဲ ထိုလူက အိတ်ထဲ လက်နှိုက်ပြီး ပြန်ထွက်လာ၏။

ဘာမှ ပြောစရာမလိုဘဲ ချီဟွိုင်ဝမ်က အပြင်ကို ပြေးထွက်သွားပြီး လင်းချောင်ကလည်း နောက်မှ ကပ်လိုက်သွားလိုက်သည်။ ဒုကျောင်းအုပ်ချီက နောက်ဆုံးလိုက်လာသူဖြစ်ပြီး ပြတင်းပေါက်မှ ခုန်ဆင်းလိုက်သောကြောင့် မျက်မှန်များ ပြုတ်ကျမလိုပင်ဖြစ်သွားခဲ့သည်။

သို့သော်လည်း သူက ဂရုမစိုက်ဘဲ ချက်ချင်း ပြန်ပြင်ဆင်လိုက်ကာ အခြားသူများနောက်ကို ပြေးလိုက်သွားခဲ့၏။ သံသယရှိသူက တစ်ခုခုမှားနေပြီဆိုသည်ကို သိလိုက်ချိန်တွင် ချီဟွိုင်ဝမ်က သူ့ကို ခိုးထားသည့်ပစ္စည်းများကို ကိုင်ထားလျက် ဖမ်းမိသွားခဲ့၏။

ချီဟွိုင်ဝမ် ရှာတွေ့ထားသည့် အီလက်ထရွန်းနစ်နာရီနှင့် ကောင်လေး၏ ဖြူဖျော့နေသည့် မျက်နှာကို မြင်တော့ ဒုကျောင်းအုပ်ချီက သက်ပြင်းရှည်ကြီး ချလိုက်သည်။

"သူ့ကို ငါ့ရုံးခန်းကို ခေါ်သွားလိုက်။"

သူတို့ သားအဖက ပုံမှန်အားဖြင့် မသင့်မြတ်ကြသော်လည်း အခုတော့ သဘောထား တူညီနေကြလေပြီ။ ချီဟွိုင်ဝမ်က သူ့အဖေကို တစ်ချက်ကြည့်လိုက်၏။

"အဖေ့နှလုံးရောဂါနဲ့ ပြေးရဲသေးတယ်ပေါ့။ သေမှာမကြောက်ဘူးလား။"

သူတို့ ကောင်းကောင်း စကားပြောလို့မရတော့သည်မှာ သိသာ၏။ သို့သော် ဒီအချိန်တွင် လင်းချောင်နှင့် ဒုကျောင်းအုပ်ချီတို့က ဂရုမစိုက်နိုင်တော့ပေ။ သူတို့က ကောင်လေးကို ရုံးခန်းသို့ အမြန်ခေါ်သွားလိုက်ပြီး မကြာခင်မှာပဲ ရှောင်ဖန်းက ကျိသော်ဘက်မှ ထွက်ဆိုချက်ကို ယူလာပေးသည်။ ဒါကြောင့် လီရှောင်ချို့အပေါ် သံသယဝင်မှူက လုံးဝရှင်းသွားခဲ့လေ၏။

လင်းချောင်က ကျန်သည့် ကိစ္စများတွင် မပါဝင်ခဲ့သော်လည်း ဆရာပိုင်၏ နေ့လယ်စာသင်ချိန်များ အားလုံးကို ဖျက်သိမ်းလိုက်ပြီး ကောင်လေး၏ မိဘများကိုလည်း မကြာခင် ကျောင်းသို့လာရန် ခေါ်လိုက်ပြီဆိုသည်ကိုတော့ သူမ သိထားသည်။

ဒုကျောင်းအုပ်ချီ၏ ရုံးခန်းထဲတွင် ဆူညံနေ၏။ ကောင်လေးက သူခိုးဖို့ ရည်ရွယ်ခဲ့ခြင်း မဟုတ်ကြောင်း ရှင်းပြနေသည်။ သူက ဖန်ကန်၏ ကြွားဝါခြင်းကို သည်းမခံနိုင်တော့သဖြင့် နာရီကို ဝှက်ထားပြီး သူ့ကို ခြောက်လှန့်လိုခြင်းဖြစ်သည်ဟုဆိုသည်။ သူက နာရီကို အိမ်သာခေါင်မိုးပေါ်မှ အုတ်ကြွပ်ပြားများအောက်တွင် ဝှက်ထားခဲ့ပြီး နောက်မှ ပြန်ပေးရန် စီစဉ်ခဲ့သည်ဟုလည်း ပြော၏။ သို့သော် ကိစ္စများက မမျှော်လင့်ဘဲ ပိုဆိုးလာခဲ့၏။

"ဒါဆို လီရှောင်ချို့ကို ခိုးတယ်လို့ စွပ်စွဲတုန်းက ဘာလို့ ပြန်မပေးခဲ့တာလဲ။"

လင်းချောင်က သူ့တွင် ပြန်ပေးရန် ရည်ရွယ်ချက်ရှိသည်ကို ယုံကြည်၏။ သို့သော် စောစော ပြန်ပေးရန် စီစဉ်ခဲ့သည်လား၊ ဒါမှမဟုတ် မကြာသေးခင်ကမှ စီစဉ်ခဲ့သည်လားဆိုသည်ကတော့ မသေချာပေ။

ချီဟွိုင်းဝမ် တားမြစ်ထားသည့် စာအုပ်ကို ကမ်းပေးနေသည်က်ို မိသွားတုန်းက တစ်စုံတစ်ယောက်က သူမှားယွင်းစွာ အစွပ်စွဲခံရမည်ကို စိုးရိမ်သဖြင့် စာတစ်စောင်ကို အမြန် ပေးပို့ခဲ့သည်။

ဒီကိစ္စမှာတော့ လင်းချောင်၏ တပည့်ကပဲ မှားယွင်းစွာ အစွပ်စွဲခံရခြင်းဖြစ်၏။ လီရှောက်ချို့ဆိုလျှင် ပါးပင်အရိုက်ခံခဲ့ရသေး၏။ လင်းချောင်သာ ဝင်မပါခဲ့လျှင် သူမပိုပြီး အထိနာနိုင်၏။ ဒါကြောင့် ဘယ်သူမှ သူမစကားများကို ထူးဆန်းသည်ဟု မယူဆခဲ့ကြပေ။

သို့သော် ထိုကောင်လေးကတော့ ပြင်းထန်သည့် ပြစ်ဒဏ်ကို သေချာပေါက် ရင်ဆိုင်ရတော့မည်။ အဖွဲ့ခေါင်းဆောင်ကောက ရုံးခန်းထဲတွင် ခေါင်းခါလိုက်ရင်း ပြောလိုက်၏။

"သူက ဘာတွေကို စဉ်းစားနေတာလဲ။ သူ့မိသားစုက ဆင်းရဲတာလည်း မဟုတ်ဘဲနဲ့လေ။"

ဤကျောင်းသည် ဆရာများ၏ ကလေးများနှင့် စစ်တပ်မိသားစုဝင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ စစ်တပ်အခြေစိုက်စခန်းကို မိသားစုလိုက် ပြောင်းရွှေ့လာနိုင်သူများက အဆင့်မြင့်သူများ ဒါမှမဟုတ် လုပ်သက်ကြာမြင့်ခဲ့သည့်သူများဖြစ်ပြီး သူတို့၏ အခြေအနေများမှာ မဆိုးပေ။

လူအများက လက်အားနေလျှင် မကောင်းသည့်အရာများ လုပ်မိတတ်သည်ဟု မကြာခဏ ပြောတတ်ကြ၏။ ခက်ခဲသည့် လူနေမှုဘဝက အချို့သူများကို ကိုယ်ကျင့်တရားများအား စွန့်လွှတ်သွားစေနိုင်သည်။ ဒါပေမဲ့ လင်းချောင်ကတော့ စရိုက်ပိုင်းဆိုင်ရာ ပြဿနာများကို ပစ္စည်းဥစ္စာအခြေအနေများနှင့် လုံးဝ ဆုံးဖြတ်လို့ မရဘူးဟု ထင်သည်။

"အနည်းဆုံးတော့ အမှန်တရား ပေါ်လာပြီ။ ကျွန်မလည်း နာရီကို ပြန်ပေးပြီး လီရှောင်ချို့ရဲ့ နာမည်ပျက်ကို ရှင်းလင်းပေးလို့ ရသွားပြီ။"

သူမက ပစ္စည်းများကို အတန်းထဲယူသွားပြီး တစ်တန်းလုံးရှေ့တွင် လီရှောင်ချို့ကို ပေးလိုက်၏။

"ဂုဏ်ယူတဲ့စိတ်နဲ့ ဝတ်ထား။ မင်းအမေက ဝယ်ပေးတဲ့ပစ္စည်းဖြစ်လို့ ရှက်စရာမရှိဘူး။"

ကောင်မလေးက နီရဲနေသည့်မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်၏။ သူ၏ မျက်လုံးနက်ကလေးများက ရေနှင့် ဆေးကြောထားသကဲ့သို့ ကြည်လင်နေခဲ့သည်။

"ဆရာမကို ကျေးဇူးတင်ပါတယ်။"

လင်းချောင်က ဒီကောင်မလေးကို ရုတ်တရက် သနားမိသွား၏။ သူ့မျက်နှာပေါ်မှ ရောင်ရမ်းမှုက လုံးဝမပျောက်သေးပေ။ သူ့အဖေ၏ သဘောထားကို ကြည့်လိုက်လျှင်လည်း တောင်းပန်မည့်သူ မဟုတ်။

သူ့မိဘများ၏ ဆက်ဆံရေးသာ မဆိုးခဲ့လျှင် သူမကပစ္စည်းများကို ဝှက်ထားစရာ မလိုဘဲ သူခိုးအဖြစ်လည်း အထင်မှားခံရမည် မဟုတ်ပေ။

လင်းချောင်က ကောင်မလေး၏ ခေါင်းကို ပုတ်လိုက်၏။

"ကြိုးစားပြီး စာလုပ်ပါ။ မင်း ရူပဗေဒမှာ ထူးချွန်တာ ငါမှတ်မိတယ်။ နောင်တစ်ချိန်မှာ လူတွေဝတ်တဲ့ နာရီတွေနဲ့ သူတို့ကြည့်တဲ့ တီဗီတွေက မင်းရဲ့ သုတေသန ဖြစ်လာနိုင်တယ်။"

လီရှောင်ချို့၏ မျက်လုံးများက ပိုလို့ နီရဲလာ၏။ သူ့နားရွက်များလည်း နီလာခဲ့သည်။ သို့သော်လည်း သူမက ရှက်မသွားပေ။ သူက လင်းချောင်ကို ကြည့်ပြီး စိတ်ရင်းမှန်နှင့် ခေါင်းညိတ်ပြလိုက်၏။

ယုံကြည်ခံရပြီး မျှော်လင့်ချက်ထားရသည့် ဒီခံစားချက်က လင်းချောင်ကို အချိန်ကြာလာသည်နှင့်အမျှ ပိုပြီး တာဝန်ယူလိုစိတ်များ ဖွံ့ဖြိုးလာစေခဲ့သည်။ သူမက ကောင်မလေးကို ပြန်လွှတ်လိုက်ပြီး နောက်ထပ်စကားထပ်ပြောမည်အလုပ် ကျွင်းဇီက ပြောလိုက်၏။

"ငါပြောခဲ့သားပဲ လီရှောင်ချို့က မခိုးပါဘူးလို့။ ဖန်ကန်က မကောင်းတဲ့ စကားတွေ ပြောခဲ့တာ။ သူက ပိုပြီး အရိုက်ခံသင့်တယ်။"

ကျွင်းဇီ မပြောခဲ့လျှင်တောင် လင်းချောင်က ဖန်ကန်ကို လီရှောင်ချို့အား တောင်းပန်ခိုင်းမည်ဖြစ်သည်။ ဒါပေမဲ့ သူမက ဘာမှမပြောရသေးခင်မှာပဲ သူကအရင် ရှေ့သို့ ထွက်လာခဲ့သည်။

လင်းချောင်က မျက်ခုံးပင့်လိုက်၏။ "လီရှောင်ချို့ အထင်မှားခံရလို့ တစ်ယောက်ယောက်ကို ရိုက်တာကို မှန်တယ်လို့ မထင်နေနဲ့။ မနက်ဖြန် စာလုံးရေ တစ်ထောင်ပါတဲ့ ပြန်လည်သုံးသပ်ချက်ကို တင်ရမယ်။"

ကျွင်းဇီ -

နောက်ဆုံးတန်းမှ ရယ်သံတိုးတိုးများ ထွက်ပေါ်လာခဲ့၏။ ချီဟွိုင်ဝမ်တောင် ပြုံးမိလိုက်သည်။

ဒီလို မြင်လိုက်ရတော့ လင်းချောင်က သူ၏ အရင်စကားများကို သတိရသွားခဲ့သည်။ ရုံးခန်းထဲတွင် အဖွဲ့ခေါင်းဆောင်ကော အနားယူနေသည်ကို တွေ့တော့ သူမက မေးလိုက်၏။

"ဒုကျောင်းအုပ်ချီက ကျောင်းသားတွေအပေါ် အမြဲတမ်း ဒီလိုပဲ စေတနာထားတာလား။"

အဖွဲ့ခေါင်းဆောင်ကောက သူမ လီရှောင်ချို့၏ အခြေအနေကို ရည်ညွှန်းနေသည်ဟု ထင်ခဲ့၏။

"ဒါက ဘာမှ မဟုတ်သေးပါဘူး။ လောင်ချီ အတန်းပိုင်ဆရာ လုပ်တုန်းက ပိုပြီးတောင် စေတနာထားခဲ့သေးတယ်။"

ဒါဆို ချီဟွိုင်ဝမ်က တကယ်ပဲ ဒုကျောင်းအုပ်ချီအကြောင်း ပြောနေခဲ့ခြင်းပင်။ လင်းချောင်က ပစ္စည်းများကို ချလိုက်ပြီး အာရုံစိုက်နားထောင်လိုက်၏။

"ပိုပြီးတောင် စေတနာထားတယ်ဟုတ်လား။ ပြောပြပါဦး"

"အိုး၊ အများကြီးပဲ။ လောင်ချီ ကျောင်းအုပ်မဖြစ်ခင်တုန်းက ရုံးခန်းတစ်ခုလုံးမှာ ကျေးဇူးတင်ကြောင်း ဆိုင်းဘုတ်တွေနဲ့ ပြည့်နေတယ်။ အထူးသဖြင့် သူသင်ကြားပေးခဲ့တဲ့ ကောင်လေးတစ်ယောက်ဆီကပဲ။ အဲ့ကောင်လေးက ကလေးဘဝတုန်းက ဖျားခဲ့တာကနေ ခြေထောက်ဒဏ်ရာရပြီး ခြေထောက်တစ်ဖက်က တခြားတစ်ဖက်ထက် ပိုထူနေတာ။ သူက ခြေထောက်ကိုဆွဲပြီး လမ်းလျှောက်ရတယ်။ ကျောင်းမှာ မကြာခဏ အနိုင်ကျင့်ခံရတယ်။"

"ဝူဟိုင်ယန်းအကြောင်း ပြောနေတာလား။"

အတန်းသုံး၏ အတန်းပိုင်ဆရာကလည်း ထိုဇာတ်လမ်းကို သိပုံပေါ်၏။

အဖွဲ့ခေါင်းဆောင်ကောက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ သူပဲ။ လောင်ချီက သူ့အတွက် အတော် စိတ်ပူခဲ့တယ်။ ၇၃ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်ကျင်းပမယ်လို့ သတင်းကြားတော့ သူ့ကို တက္ကသိုလ်ဝင်နိုင်အောင် ကူညီပေးခဲ့တယ်။ သူ့ခြေထောက်နဲ့ဆို စစ်တပ်ထဲဝင်လို့ မရဘူး။ တခြားအလုပ်တွေရဖို့လည်း ခက်ခဲလိမ့်မယ်။"

လင်းချောင်သာ ဒီခေတ်ကို မရောက်ခဲ့လျှင် ၇၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ခေတ္တပြန်လည်ကျင်းပခဲ့သည်ကို သိမည် မဟုတ်ပေ။ သို့သော် ထိုနှစ်တွင် "စာရွက်ဖြူသူရဲကောင်း" တစ်ယောက်က ပညာရေးအောင်မြင်မှုမှ တစ်ဆင့် တိုးတက်လိုသည့် လူအများကြီး၏ အိပ်မက်များကို ရိုက်ချိုးခဲ့ကာ စာကျက်ခြင်းက အသုံးမဝင်ဘူးဆိုသည့် အယူအဆကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့၏။

[T/N စာရွက်ဖြူသူရဲကောင်းဆိုတာက စာမေးပွဲအဖြေလွှာမှာ ဘာအဖြေမှမရေးဘဲ စာမေးပွဲစနစ်ကို ဆန္ဒပြခဲ့တဲ့ကျောင်းသားတစ်ယောက်ပါ။]

"သူ ဝင်ခွင့်ရခဲ့လား။"

လင်းချောင်က မေးလိုက်သည်။

ဒီတစ်ခါတော့ အတန်းသုံး၏ အတန်းပိုင်ဆရာက ပြန်ဖြေလိုက်၏။

"အင်း။ ၇၇ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်ကျင်းပတော့ သူဝင်ခွင့်ရခဲ့တယ်။ ဒုကျောင်းအုပ်ချီက ရက်အတော်ကြာတဲ့အထိ ပျော်နေခဲ့တာ။"

"တကယ်ပါပဲ။"

အဖွဲ့ခေါင်းဆောင်ကောက သက်ပြင်းချလိုက်၏။

"ကျွန်တော်တို့ကျောင်းက လောလောလတ်လတ် ဘွဲ့ရခဲ့သူတွေထဲက ဘယ်သူကမှ ဝင်ခွင့်မရခဲ့သေးဘူး။ ဒါပေမဲ့ သူကတော့ ကျေးလက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရပေမဲ့ စာကို လက်မလျှော့ခဲ့ဘူး။"

မိဘများ ထွက်သွားပြီးနောက် ကျောင်းမှ ဆရာအားလုံးအတွက် အစည်းအဝေး ခေါ်ယူခဲ့သည်။ အစည်းအဝေးက ကောင်လေး၏ အပြစ်ဒဏ်ကို ဆွေးနွေးရန်နှင့် ကျောင်းသားများ၏ ကိုယ်ကျင့်တရားအသိပညာပေးရေးကို အာရုံစိုက်ရန် ဆရာအားလုံးကို သတိပေးရန်အတွက် ဖြစ်သည်။

အိမ်ပြန်ရောက်၍ ကျိသော်ကို တွေ့သည်နှင့် လင်းချောင်က ညနေခင်းမှအကြောင်း မေးရန်သတိရသွား၏။

"သူတို့ကို ဘယ်လိုဖမ်းခဲ့တာလဲ။ စစ်တပ်က ဒါတွေကိုလည်း ကိုင်တွယ်တာလား။"

"သက်ဆိုင်ရာဌာနက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မှောင်ခိုသမားတွေကို ဖမ်းမိခဲ့တာပါ။"

ဒီတော့မှ လင်းချောင် နားလည်သွားခဲ့တော့သည်။ ညစာစားပြီးနောက် သူ့ကို မေးလိုက်၏။

"သူတို့ကို ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းဖိတ်ကျွေးသင့်လား။ သူတို့က ကူညီခဲ့တာပဲလေ။"

"ကိုယ် စနေနေ့ ဖိတ်လိုက်မယ်။"

ကျိသော်က စီစဉ်ပြီးသား ဖြစ်နေခဲ့၏။

"မင်းကိုလည်း ခေါ်သွားမယ်။"

လင်းချောင်က ကူညီသူကို ကျေးဇူးတင်ရန် စဉ်းစားနေသေးသည်ကို မြင်တော့ ဆိုဖာပေါ်တွင် သတင်းကြည့်နေခဲ့သည့် အမျိုးသားက မျက်ခုံးပင့်လိုက်၏။

"မင်း ကိုယ့်ကိုရော ဘာလို့ ကျေးဇူးမတင်တာလဲ။"

ဒီမေးခွန်းက လင်းချောင်ကို ငြိမ်သက်သွားစေခဲ့၏။

ဟုတ်သည်၊ သူမဘာလို့ သူ့ကို ကျေးဇူးတင်ဖို့ မစဉ်းစားမိခဲ့ရသည်လဲ။

သူ့ကို ယဉ်ကျေးစွာ ဆက်ဆံရန် မလိုဟု မသိစိတ်ထဲမှ ခံစားနေရသလိုပင်။ ပထမဆုံး တွေ့ခဲ့တုန်းကကဲ့သို့ အရာရာတိုင်းကို ယဉ်ကျေးစွာ တောင်းဆိုနေရသည့် အခြေအနေမျိုး မဟုတ်တော့ပေ။ သူတို့ အတူတူ အလုပ်လုပ်လာသည်မှာ ကြာနေပြီဖြစ်သည့်အတွက် ရင်းနှီးလာခဲ့သည်လား။

လင်းချောင် ခဏစဉ်းစားလိုက်ပြီးနောက် သူမ၏ အနေအထားကို ပြောင်းကာ သူ့ပေါင်ပေါ်တွင် ထိုင်လိုက်၏။ သူမ၏လက်ကို သူ့ပခုံးပေါ် တင်လိုက်သည်။

"ကျွန်မကို ဘယ်လို ကျေးဇူးတင်စေချင်လို့လဲ။"

နေ့ခင်းကြောင်တောင်ကြီးတွင် ကျိသော်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်လိုက်၏။ သူတို့အိမ်က ကိုယ်ပိုင်ခြံနှင့် လုံးချင်းအိမ်ဖြစ်ပြီး ပြတင်းပေါက်အပြင်ဘက်တွင်လည်း သူတို့၏ခြံသာ ရှိ၏။ နေဝင်ချိန်မှလွဲလျှင် ဘယ်သူမှ ရှိမနေတတ်ပေ။

လင်းချောင်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။ သူမ မတ်တတ်ရပ်ရန် ပြင်လိုက်တုန်းမှာပဲ သူက ခါးမှဆွဲကာ ပြန်ထိုင်ခိုင်းလိုက်၏။ သူ၏ မျက်ခုံးများကတော့ မျက်မှောင်ကြုတ်လျက်ပင်။ ပိုပြီး သေချာကြည့်လိုက်လျှင် မျက်လုံးထဲ၌ အံ့သြမှုအရိပ်အယောင်လေးကိုပင် မြင်ရနိုင်၏။ သူ့လုပ်ရပ်က ပင်ကိုဗီဇအရ လုပ်လိုက်သည့် တုံ့ပြန်မှုသက်သက်ဆိုသည်မှာ ရှင်းနေခဲ့၏။

ကျိသော်ကိုယ်တိုင်လည်း ဒါကို သဘောပေါက်လိုက်သည်။ သို့ရာတွင် သူဆွဲထားပြီးပြီဖြစ်၍ ပြန်မလွှတ်တော့ပေ။ သူမကို စိုက်ကြည့်ရင်း ပြောလိုက်၏။

"မင်းရဲ့ စိတ်ရင်းမှန်က ဒီလောက်ပဲလား။"

တီဗီမှ သတင်းများက ဆက်ပွင့်နေဆဲဖြစ်ပြီး ပတ်ဝန်းကျင်အခြေအနေက ရုတ်တရက် ထူးဆန်းလာ၏။ လင်းချောင်ကလည်း နေ့ခင်းကြောင်တောင်အချိန်တွင် သူတကယ်ပဲ တစ်ခုခုလုပ်တော့မလားဆိုသည်ကို သိချင်နေခဲ့၏။

ထိုအချိန်မှာပဲ ဗိုလ်မှူးကြီးလျန်၏ ဇနီးသည်ထံမှ ကျယ်လောင်သည့်အသံက ဘေးအိမ်မှ ထွက်ပေါ်လာခဲ့သည်။

"ရှောင်ကျိ! မင်းကို ဖုန်းခေါ်နေတယ်!"

ကျိသော် ခဏရပ်လိုက်ပြီး သူမကို လွှတ်ပေးလိုက်ကာ ဘေးအိမ်သို့ သွားလိုက်သည်။ ခဏအကြာမှာပဲ သူပြန်ရောက်လာပြီး ပြောလိုက်၏။

"ကိုယ် အပြင်ခဏ သွားရမယ်။"

All Chapters