← Chapters

ချန်းမိသားစု၏ မေးခွန်းများ

Vol. 5 Ch. 402

ချန်းမိသားစု၏ မေးခွန်းများ

Vol. 5 Ch. 402

ကျောက်တုံးနီ ကလပ်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့၏။

ချန်ပေ့ရွှမ်းသည် ဟန်ဟုန်ကုံကို ဒူးထောက်ရန် တွန်းအား ပေးခဲ့သည့်တိုင် ဟန်ကျန်းတုကသာ သူ့အား တောင်းပန်ခဲ့ရ၏။ ထို့အပြင် စွန်းမိသားစု သည်လည်း  ကျင်းလင်မြို့မှ ကန်ထုတ်ခံခဲ့ ရသည်။

ပြည်နယ် တစ်ခုလုံးရှိ လူများကား ထိုအကြောင်းအရာကို ကြားတိုင်း ဆွံ့အကုန်ကြ၏။ လူတိုင်း၏ ချန်းဖန် အပေါ် အမြင်များမှာလည်း ပြောင်းလဲ သွားကြသည်။

သူတို့ သိသားသည့်  ချန်းဖန်မှာ ကျန်းပေ့၏ ဆရာချန်း၊ ထန်လုံတပ်ဖွဲ့၏ ခေါင်းဆောင် ထိုမျှသာ ဖြစ်သည်။ ကျင်းလင် တစ်မြို့လုံးအား လွှမ်းမိုးနိုင်သည့် လူတစ်ယောက် ဖြစ်နေလိမ့်မည် ဟု မထင်ထားခဲ့ကြချေ။

အကယ်၍ မြို့တစ်မြို့တွင် မိသားစုအသစ် တစ်ခု မြင့်တက်လာပါက ပထမဦးစွာ ဒေသခံ အင်အားစုများနှင့် သင့်မြတ်အောင် ညှိရမည် ဖြစ်သည်။ ထို့နည်းတူစွာပင် ချန်းမိသားစု သည်လည်း ကျို့၊ စွန်း၊ ဟွာ၊ ရမ် မိသားစုများနှင့် လိုက်လျောညီစွာ နေထိုင်ရန် လိုအပ်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း မမျှော်လင့် ထားစွာပင် ချန်းမိသားစု၏ နည်းလမ်းက အရိုင်းဆန်သည်။ ချန်းမိသားစုဝင် ချန်းဖန်က ဟန်မိသားစုကိုပင် ဖိအားပေးကာ စွန်းမိသားစုကို ကျင်းလင်မြို့မှ ကန်ထုတ်ပစ်ခဲ့သည်။

ချန်းဖန်၏ လုပ်နိုင်စွမ်းက လူအများ ထင်ထားသည်ထင် လွန်ကဲနေသည်။

ချန်းဖန်ကား မည်သူနည်း။ အဘယ်ကြောင့် မိသားစုကြီး များစွာက သူ့အား ဒူးထောက်ရ သနည်း။ ကျင်းလင်မြို့ရှိ လူတိုင်းသည် ထိုပုစ္ဆာကို အဖြေ ရှာကြသော်လည်း မအောင်မြင်ကြပေ။

သူတို့ကား မြို့ငယ်လေး၏ မိသားစုများမှသာ ဖြစ်ရာ သိနားလည် ထားသည့် အကြောင်းအရာ များမှာလည်း အလွန် သေးငယ်သည်။ ချန်းဖန်မှာ ဂျပန် စစ်တပ်အား အနိုင်ယူခဲ့သူ တစ်ယောက်ဖြစ်ကြောင်း သူတို့ ရောင်၍ပင် စဉ်းစားမိမည် မဟုတ်ကြချေ။

တစ်ဖက်ရှိ ဟန်မိသားစုမှာမူ ထိပ်တန်း မိသားစုကြီး ဖြစ်ပြီး နိုင်ငံ၏ အဓိက အင်အားစုများနှင့် အဆက်အဆံ ရှိသည်။ ထို့ကြောင့်ပင် ချန်းဖန် အကြောင်းအား သိနေကြခြင်း ဖြစ်သည်။

"ချန်းမိသားစု အင်အားကြီး လာမှာကို ဘယ်သူမှ တားနိုင်တော့မယ် မထင်ဘူး"

ကျင်းလင်မြို့ခံများကား တွေးရင်း သက်ပြင်း အကြိမ်ကြိမ် ချနေမိကြသည်။

ထိုသို့ အံ့အားသင့် နေကြသူများကား သူတို့သာ မဟုတ်ချေ။ ချန်းမိသားစုဝင် များလည်း အပါအဝင်ပင်။ ချန်းနဉ်၊ ချန်းဟူ တို့က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ညတွင်းချင်းပင် မိသားစု အကြီးအကဲများထံ တင်ပြခဲ့သည်။ နောက်တစ်နေ့ နံနက် စွန်းမိသားစု ပြောင်းရွှေ့ သွားကြောင်း ကြားရသည့် အချိန်တွင် သူတို့ အလွန် အံ့အားသင့် ကုန်ကြတော့သည်။

ညနေပိုင်း အရောက်၌ ချန်းမိသားစု စားသောက်ပွဲ တစ်ခုကို ကျင်းပကာ လူစုစေ လိုက်သည်။

အဘိုးအိုချန်းက စားပွဲ၏ ထိပ်ဆုံး၌ ထိုင်နေကာ ဝမ်ရှောက်ယွင်နှင့် အခြား အကြီးအကဲများက သူ၏ ဘေး၌ ဝန်းရံကာ ထိုင်ကြသည်။ အခြား လူငယ်များစွာကမူ သီးခြား ထိုင်ခုံများတွင်သာ ထိုင်ကြရသည်။ ချန်းဖန်၏ ဖခင် ချန်းကောရှင်းပင်လျှင် ထိုစားသောက်ပွဲသို့ တက်ရောက်လာသည်။

စားသောက်ပွဲ ကျင်းပရာ ခန်းမအတွင်း ချန်းမိသားစုဝင်များ အားလုံး စုံညီနေသည့်တိုင် လေထုက တိတ်ဆိတ် နေခဲ့သည်။ ချန်းကူးကူးပင်လျှင် ထိုထူးဆန်မှုကို သတိထားမိ ဟန်ဖြင့် ချန်းဖန်အား မော့ကြည့် နေခဲ့သည်။

မနေ့ညတွင် သူမသည် မင်းသမီးလေး တစ်ပါးအလား ခံစားခဲ့ရ၏။ ချန်းဖန်က သူမကြောင့် ဟန်ဟုန်ကုံအား မသတ်တော့ဟု ပြောသည့် အချိန်၌ သူမကိုယ်ကို အလွန် ဂုဏ်ယူခဲ့ရသည်။

"ကိုကိုက အကောင်းဆုံးပဲ ... အဘိုးက ဆူရင်တောင် ကိုကို့ဘက်က ငါဝင်ပြီး ပြောပေးမယ်"

ချန်းကူးကူးက ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုကလေးမလေးမှာ အသက် ဆယ်နှစ်သာ ရှိသေးရာ အခန်း အတွင်းရှိ လေထု အခြေအနေကို အလုံးစုံ နားလည်နိုင်စွမ်း မရှိသေးချေ။

စားသောက်ပွဲ ပြီးသည်နှင့် အဘိုးအို ချန်းဟွိုက်အန်းက ထိုင်ရာမှ ထရပ်လိုက်သည်။ ထို့နောက် သူက အကြီးဆုံးသား၊ ချန်းကောရှင်း၊ ဝမ်ရှောက်ယွင်၊ အန်ရာနှင့် ချန်းနင်တို့အား လက်ညှိုးထိုးရင်း ပြောလိုက်သည်။

"မင်းတို့ ငါနဲ့ စာကြည့်ခန်းထဲ လိုက်ခဲ့ကြဦး။ ကျန်တဲ့သူတွေ ကတော့ အိမ်ပြန်ပြီး အနားယူလို့ ရပြီ"

ထို့နောက် သူက ချန်းဖန်ဘက်သို့ လှည့်ကာ နူးညံ့စွာပြုံးရင်း မေးလိုက်သည်။

"ရှောင်ဖန် ... ငါတို့နဲ့ လိုက်နိုင်မလား"

ချန်းဖန်က ခေါင်းညိတ်ရင်း စိတ်ပျက်နေဟန် ရသော ချန်းကူးကူးလေး၏ ခေါင်းအား ပုတ်လိုက်သည်။ နောက်တစ်ကြိမ် လျှောက်လည်ရန် ခေါ်သွားပေးမည်ဟု ချန်းဖန်က ကတိပေး လိုက်မှသာ ချန်းကူးကူးမှာ ပြုံးတော့သည်။

သူတို့အားလုံး စာကြည့်ခန်း အတွင်းသို့ ရောက်သည်နှင့် အဘိုးအိုချန်းက ထိုင်လိုက်ရင်း ချန်းနဉ်ကို လက်ဖက်ရည်ဖျော် ခိုင်းလိုက်သည်။ ထို့နောက် သူက ချန်းဖန်အား ကြည့်ရင်း လေးနက်စွာ မေးလိုက်သည်။

"ရှောင်ဖန် ... မနေ့ညက ဘာတွေဖြစ်တာလဲ ဆိုတာ ပြောပြလို့ ရမလား"

အခြား လူများကလည်း ချန်းဖန်အား စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ ထိုမေးခွန်းကား သူတို့ သိချင်နေသော အရာပင်။ မနေ့ညတွင် ဖြစ်ပျက်ခဲ့သော အရာများက အလွန်ပင် အိပ်မက်ဆန် နေသည်။ ဝမ်ရှောက်ယွင်ပင်လျှင် ထိုအရာကို ယုံကြည်ရန် ခက်ခဲသည်။

သူမကား တရုတ်၏ အင်အား အကြီးဆုံး မိသားစုဖြစ်သည့် ဝမ်မိသားစုမှ ဖြစ်ရာ ဟန်မိသားစု အကြောင်းအား ကောင်းစွာ သိသည်။ ဝမ်များပင်လျှင် ဟန်မိသားစုအား တိုက်ရိုက် စိန်မခေါ်ရဲပေ။

ဟန်ကျန်းတု ဆိုသော နာမည်အား မူလတည်းကပင် သူမ ကြားဖူးသည်။ ဟန် တတိယ မျိုးဆက်၏ အထူးချွန်ဆုံးသော ထိုလူငယ်နှင့် ယှဉ်ပါက သူမ၏တူ ဝမ်ချန်းပင် မှေးမှိန်ရသည်။ ချန်းနဉ်၏ ပြောပြချက် အရဆိုလျှင် ဟန်ကျန်းတုက ပင်လျှင် သူမ၏သား ချန်းဖန်ကို တောင်းပန်ခဲ့ ရသည်ဟု ဆိုသည်။

"ရှောင်ဖန် ... ဒီနှစ်တွေ အတွင်းမှာ သားက လုံးဝ ပြောင်းလဲသွားတာပဲ။ အမေ့ရဲ့သားတောင် ဟုတ်သေးရဲ့လား မသိဘူး"

ဝမ်ရှောင်ယွင်က ခေါင်းခါရင်း ဖြူရော်စွာ ပြုံးလိုက်သည်။

"ပထမဆုံး သားက အထွတ်အထိပ် သိုင်းသမား တစ်ယောက်ဆိုတာ သိတုန်းက အမေ အရမ်းကို အံ့ဩခဲ့ရတယ်။ နောက်တစ်ကြိမ် ထန်လုံတပ်ဖွဲ့ရဲ့ ခေါင်းဆောင်လို့ သိခဲ့ရပြန်တယ်။ နောက်ပြီး စုမိသားစုက ကိစ္စ၊ ခုကိစ္စ ... အမေ တစ်ခုမှ နားမလည်တော့ဘူး"

မေးခွန်းများစွာက ဝမ်ရှောက်ယွင်၏ စိတ်၌ ပြည့်ကျပ် နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူမ အနေဖြင့် သားဖြစ်အား နားလည်နိုင်စွမ်း မရှိတော့ချေ။

ချန်းဖန်က ပထမဦးစွာ ရှန်းမိသားစု တစ်ခုလုံးကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် ဝူကျိုးသို့ သွားရောက်ကာ ကျောင်းဟိုင်၏ ကျိ၊ တန့်၊ နင်း မိသားစုများနှင့် ဝူကျိုး၏ စုမိသားစုတို့အား ဒူးထောက် စေခဲ့သည်။ သူဌေးလော့ပင်လျှင် ချန်းဖန်အား မဆန့်ကျင်ရဲဟု ဆိုသည်။

ထိုမိသားစု တစ်ခုချင်းစီက ချန်းမိသားစုထက် အဆများစွာ ပိုမို အင်အားကြီးသော မိသားစုကြီးများ ဖြစ်ကြသည်။ အထူးသဖြင့် ကျိမိသားစု ဆိုလျှင် ပြည်နယ် ဝန်ကြီး၏ ပံ့ပိုးမှုကို ရထားသေးသည်။

ထိုသို့သော အောင်မြင်မှုများအား ချန်းမိသားစု အနေဖြင့် လက်ခံနိုင်သေးသည်။ အနည်းဆုံး ချန်းဖန်တွင် တရုတ်စစ်တပ်၏ နောက်ခံရှိနေသည် မဟုတ်ပါလား။

သို့သော်လည်း မနေ့က အဖြစ်အပျက်များမှာမူ လက်ခံရန် ခက်ခဲသည်။ ချန်းဖန်က ဟန်ဟုန်ကုံအား ဒူးထောက်စေခဲ့သည့် အပြင် စွန်းမိသားစုကိုပါ ကျင်းလင်မြို့မှ ကန်ထုတ် ပစ်ခဲ့သည်။ ကောလာဟလများ အရဆိုလျှင် ချန်းဖန်က မစ်ဆုကာဇူကိုပင် သတ်ခဲ့သည်ဟု ဆိုသည်။

ထိုသတင်းများအား ကြားပြီးနောက် အဘိုးအိုချန်းမှာ အိပ်ပင် မပျော်ခဲ့ချေ။ သူ့အနေဖြင့် မြေးဖြစ်သူ၏ ရှင်းလင်းချက်ကို ကြားရမှ ဖြစ်မည်။ ရှင်းလင်းသော အဖြေမရလျှင် ထိုအကြောင်း တစိမ့်စိမ့် တွေးရင်း သူရူးပင် သွားလောက်သည်။

ချန်းနဉ်က အားလုံးအတွက် လက်ဖက်ရည် ဖျော်ပေးရင်းမှ ချန်းဖန်အား လှမ်းကြည့်လိုက်သည်။ ထိုကောင်လေးအား ယခုဘဝ၌ သူမ မီနိုင်တော့မည် မထင်ချေ။

အန်ရာကမူ ချန်းဖန်၏ ဘေး၌ ပြုံးရင်း ရပ်နေခဲ့သည်။ သူမ၏ မျက်လုံးတွင်မူ ချန်းဖန်အတွက် ဂုဏ်ယူမှုများက စွန်းထင်း နေခဲ့သည်။ မည်သို့ပင် ဖြစ်စေကာမူ သူမ ချန်းဖန်ဘက်မှ အစဉ်အမြဲ ရပ်တည်မည် ဖြစ်သည်။

ချန်းဖန်က တည်ငြိမ်စွာပင် မနေ့ညက အဖြစ်အပျက်များအား ပြန်လည် ပြောပြလိုက်သည်။

အခန်းထဲရှိ လူတိုင်းမှာ ထိုအကြောင်းအရာများအား ကြားပြီး ဖြစ်သည့်တိုင် စိတ်ဝင်စားစွာပင် နားထောင်ကြသည်။ သို့သော်လည်း သူတို့ သိချက်သည့် အဓိက အကြောင်းအရာမှာ ဟန်ကျန်းတုက ချန်းဖန်အား အဘယ်ကြောင့် လေးစား ကြောက်ရွံ့နေရ သနည်း ဆိုသော အချက်ပင်။

ချန်းဖန်ကလည်း သူတို့၏ မျက်နှာများ၌ ပေါ်လွင်နေသော မေးခွန်းကို နားလည်သည်။ ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဟန်ကျန်းတုက ကျွန်တော့်ကို ဘာကြောင့် လေးစားနေတယ် ဆိုတာ သိချင်နေကြတယ် ထင်တယ်"

"အဖြေက ရှင်းပါတယ်။ သူတို့က ကျွန်တော့်ကို မယှဉ်နိုင်ကြဘူးလေ ...”

ချန်းဖန်၏ အသံက တည်ငြိမ်နေ၏။ သူ၏ မျက်လုံးတွင်မူ မာနတရားနှင့် ယုံကြည်မှုတို့က စိုးမိုးလျက်။

"ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က ချန်းပေ့ရွှမ်း ဖြစ်နေလို့ပါပဲ"

***

All Chapters