← Chapters

Chapter 48

Vol. 4 Ch. 48

Chapter 48

Vol. 4 Ch. 48

နေဝင်ဆည်းဆာ၏ နောက်ဆုံးရောင်ခြည် ပျောက်ကွယ်သွားချိန်တွင် ကျိသော် တပ်စခန်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

အဝေးတွင် လူတစ်ယောက်က ပုံပန်းသဏ္ဌာန်ကို ဂရုမစိုက်ဘဲ ပင်ပန်းနွမ်းနယ်နေဟန်နှင့် မြေပြင်ပေါ် ထိုင်နေခဲ့၏။ သူ၏ လေ့ကျင့်ရေးဝတ်စုံက ဖုန်များ၊ ချွေးများ ပေကျံနေပြီး အရေပြားပေါ် တွန့်ကြေကပ်ညှိနေခဲ့သည်။

ထိုသူက ခြေသံကြားတော့ မော့ကြည့်လာ၏။

"ဦးလေး။"

သူထရပ်ရန် ကြိုးစားလိုက်သော်လည်း ယိုင်လဲသွားခဲ့သည်။

သူ့ ပြင်းထန်သည့် ဒုက္ခမျိုး ခံစားထားရပုံ မတွေ့ရသဖြင့် ကျိသော် စိတ်သက်သာရာရသွားပြီး သူ့တူ၏ ချွေးစိုနေသည့် ဆံပင်နှင့် မျက်နှာပေါ်မှ ပွန်းရာများကို ကြည့်လိုက်သည်။

"ထိုင်ပြီး ပြောလေ။ ဘာများ အရေးတကြီး ဖြစ်နေတာလဲ။"

အရေးမကြီးလျှင် ဗိုလ်မှူးကြီးလျန်၏အိမ်ကို ဒီလောက်နောက်ကျသည့်အချိန်တွင် ဖုန်းခေါ်စရာ အကြောင်းမရှိပေ။ ထို့အပြင် သူ့ပုံစံကိုကြည့်ရသည်မှာ လေ့ကျင့်ရေးပြီးကာစ၊ နားတောင် မနားရသေးသည့်ပုံပင်။

ကျိသော် ပြောလိုက်တော့ ကျိဇယ်က ဓလေ့ထုံးတမ်းများကို အလေးမထားတော့ဘဲ ခြေချိတ်ထိုင်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်၏။

"ဦးလေး ပြီးခဲ့တဲ့အပတ်က ကျွန်တော့်ကို ပေးလိုက်တဲ့ ဆပ်ပြာရည်ကို အဒေါ်လုပ်ထားတာလား။"

ဒီအကြောင်းလား။ ကျိသော် သူ့တူကို ငုံ့ကြည့်လိုက်ပြီး သူ့ရည်ရွယ်ချက်ကို ချက်ချင်း ခန့်မှန်းမိလိုက်၏။

"မင်းလည်း လုပ်ချင်လို့လား"

"ဟုတ်ပါတယ်။"

ကျိဇယ်က အနည်းငယ်ရှက်ရွံ့သလို ဖြစ်နေသော်လည်း ရိုးရိုးသားသား ခေါင်းညိတ်လိုက်၏။

"ဒီရက်ပိုင်း လေ့ကျင့်ရေးတွေ ရှိလို့ ညကျမှ ဦးလေးကို ဒီအကြောင်း ပြောနိုင်တာပါ။"

ရွှီလီ၏ မွေးနေ့တုန်းက သူနောက်ကျမှ ပြန်ရောက်သည့်အတွက် နောက်တစ်နေ့အထိ ကျိသော်ယူလာသည့် အထုပ်ထဲမှ ဆပ်ပြာရည်ကို မတွေ့ရသေးပေ။ ကျိသော်က အရင်က သူ့ကို ပြောပြထားသည့်အတွက် ဒီတစ်ခါတော့ သူစိတ်မသက်မသာ မဖြစ်ခဲ့ပေ။ လင်းချောင်ရေးထားသည့် မှတ်စုစာကို သေချာဖတ်ကာ ထ်ိုနေ့က ဆပ်ပြာရည်ကို နည်းနည်းသုံးကြည့်ခဲ့သေး၏။

အမှန်ပြောရလျှင် အစပိုင်းမှာတော့ ဒါက တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်လိုက်သလိုပင်။

လင်းချောင်နှင့် ကျိသော် ပေးထားသည့်အရာ ဖြစ်သဖြင့် သုံးရမည်ဟု ခံစားရ၏။ မသုံးလျှင် ကျေးဇူးကန်းသလို ဖြစ်မည်ဟု ခံစားရ၏။ သို့သော် သုံးရင်းသုံးရင်းနှင့် တစ်ခုခု ထူးခြားနေသည်ကို သူသတိထားမိလာ၏။

နောက်ဆုံးတော့ လက်ပေါ်မှ အမြှုပ်များကို ခဏလောက် စိုက်ကြည့်နေမိပြီး ဆေးကြောရန်ပင် မေ့သွားခဲ့ရသည်။

သူ့ပတ်ဝန်းကျင်မှ တခြားသူများနှင့်မတူဘဲ သူက ကောင်းသည့်အရာများကို မြင်ဖူး၏။ သူအိမ်ပြန်တိုင်း ယဲ့မင်ရှုးက အမြဲတမ်း အကောင်းဆုံးအရာများကိုသာ ပေးလေ့ရှိသည်။ သူ့မိသားစု နောက်ခံကြောင့် ဖိအားများ ရှိသော်လည်း သူ့ကို ပိုပြီး ထိုးထွင်းသိမြင်နိုင်စွမ်းတော့ ပေးခဲ့သည်။ ဒီဆပ်ပြာရည် ဘယ်လောက်ထူးခြားလဲဆိုသည်ကို သူချက်ချင်း သဘောပေါက်ခဲ့၏။

"ကျွန်တော့်ဆုံးဖြတ်ချက် မှားမှာစိုးလို့ တချို့ကို စမ်းသုံးကြည့်ဖို့ ပေးခဲ့တယ်။ ကျွန်တော်တို့ တပ်ရင်းမှူးကိုတောင် အိမ်ယူသွားဖို့ ပေးလိုက်သေးတယ်။"

အသုံးပြုရလွယ်ကူမှုနှင့် ပတ်သက်လာလျှင် လူတိုင်းက ဆပ်ပြာခဲထက် ပိုကောင်းသည်ဟု ပြောကြသော်လည်း စေးကပ်ပြီး ရေချိုးခန်းကို ယူသွားရန်တော့ အဆင်မပြေပေ။ ကြမ်းတမ်းသည့် အမျိုးသားအုပ်စုကတော့ ရိုးရှင်းပြီး ထိရောက်သည့် ဆပ်ပြာခဲကို ပိုနှစ်သက်ကြသည်။

သို့သော်လည်း တပ်ရင်းမှူးက သူ့အိမ်ကို ယူသွားခဲ့သည့်အတွက် သူ့ဇနီးက အလွန် နှစ်သက်ခဲ့ကာ ဘယ်ကရတာလဲဟုပင် မေးခဲ့သေးသည်။

"ကျွန်တော် စဉ်းစားမိတာက ဒီထုတ်ကုန်က လောလောဆယ် စျေးကွက်ထဲ မရှိသေးဘူး။ တချို့လူတွေကလည်း အသုံးဝင်တယ်လို့ ယူဆကြတော့ ဘာလို့ မစမ်းကြည့်ရမှာလဲ။ ကုန်ကျစရိတ်လည်း မများဘူး။ အဆင်မပြေခဲ့ရင်တောင် ကျွန်တော်တို့ အများကြီး မဆုံးရှုံးဘူးလေ။"

နောက်ဆုံးအကြိမ်က ပစ္စည်းဝယ်ဖို့ ချေးငွေယူချင်ခဲ့သည်နှင့် နှိုင်းယှဉ်လျှင် ဒီတစ်ခါတော့ သူတော်တော်လေး ပိုပြီး လက်တွေ့ကျခဲ့သည်။

လင်းချောင် ပေးပို့ခဲ့သည့် အရာများကို သူအထင်မသေးခဲ့သည်သာမက သူ၏ကိုယ်ပိုင်ထင်မြင်ချက် တစ်ခုတည်းနှင့် မလုံလောက်ဘူးဆိုသည်ကိုလည်း သိထားကာ တခြားသူများကိုပါ စမ်းသပ်ခိုင်းခဲ့သည်။

လင်းချောင် ဒီမှာရှိခဲ့လျှင် ကျိသော်ကို ဒါက ဈေးကွက်သုတေသနလို့ ခေါ်သည်ဟု သေချာပေါက် ပြောပြမိလိမ့်မည်။

သူ ထိုဝေါဟာရကို မသိသော်လည်း တူဖြစ်သူက ဒီတစ်ခါတော့ တိုးတက်မှုတချို့ ရှိလာပြီဟု သူ ခံစားခဲ့ရသည်။ ဒါ့အပြင် သူပြောသည်မှာ မှန်၏။ လင်ချောင်က ဆပ်ပြာရည်ရောင်းပြီး လခ၏တစ်ဝက်လောက်ကို ရထားပြီးသားဖြစ်သည်။

ဒါက လင်းချောင်၏ ထုတ်ကုန်ဖြစ်နေပြီး ကျိသော်ကလည်း တခြားသူများအတွက် ဘယ်တော့မှ ဆုံးဖြတ်ချက် မချပေးတတ်ပေ။

သူစကားပြောရန် ပြင်နေချိန်မှာပဲ ကျိဇယ်ကပြောလိုက်၏။

"နားလည်မှုလွဲတာမျိုး မဖြစ်စေချင်ပါဘူး။ အဒေါ့်ဆီက ဖော်မြူလာကို တောင်းချင်တာ မဟုတ်ဘူး။ သူမနဲ့ ပူးပေါင်းချင်တာပါ။ သူမကိုယ်တိုင်က ထုတ်လုပ်ချင်တယ်ဆိုရင် ကျွန်တော်က ရောင်းပေးလို့ရတယ်။ သူမက ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် အမြတ်ဝေစု ခွဲပေးပြီး ရောင်းရသလောက် ပေးလို့ရပါတယ်။"

"မင်းက ရောင်းချင်တယ်?"

ဒီစကားကြောင့် ကျိသော် သူ့ကို သေချာကြည့်လိုက်မိ၏။

"ကိုယ့်ဘာသာကိုယ် ရပ်တည်ခိုင်းတာ ဦးလေးပဲ မဟုတ်ဘူးလား။"

ပင်ပန်းနွမ်းနယ်နေသည့် ကျိဇယ်က လက်ထောက်ပြီး မှီလိုက်သည်။

"လုပ်ငန်းသေးသေးလေးက အစပိုင်းမှာတော့ အများကြီး ရောင်းရမှာ မဟုတ်ဘူး။ ကျွန်တော်က လူငှားဖို့ မတတ်နိုင်ဘူးလေ။"

လူငယ်လေးက သူ့ကို ကြည့်ပြီး တဖြည်းဖြည်း မှောင်လာသည့် ကောင်းကင်ကို ကြည့်လိုက်ပြန်သည်။

"ကျွန်တော် အားလုံး စဉ်းစားပြီးပြီ။ ပေါင် ၅၀ ဆံ့သည့်ထည့်စရာနှစ်ခု ပြင်ဆင်မယ်။ စက်ဘီးရဲ့ ဘေးတစ်ဖက်စီမှာ တစ်လုံးစီတင်မယ်။ လမ်းတွေမှာ လှည့်ရောင်းရုံပဲ မဟုတ်ဘူးလား။ ကျွန်တော် ဒါလောက်တော့ လုပ်နိုင်ပါတယ်။"

ဒါက သူ ဒုက္ခခံနိုင်မခံနိုင်ဆိုသည်ထက် သူ့လို ဂုဏ်သိက္ခာရှိသည့် နောက်ခံရှိသူက ကိုယ့်မာနကို မျိုသိပ်ကာ လမ်းဘေးတွင် ကုန်ပစ္စည်း ရောင်းနိုင်မလားဆိုသည့်အပေါ် မူတည်၏။

ထိုည သူတို့ စကားပြောပြီးနောက်တွင် ကျိသော်၏ သူ့တူအပေါ် အမြင် ပြောင်းလဲသွားခဲ့သည်။

ကျိသော်က စီးပွားရေး မလုပ်သော်လည်း စစ်တပ်တွင် နှစ်ပေါင်းများစွာ နေခဲ့ဖူးသည့်အတွက် ထောက်ပံ့ပို့ဆောင်ရေးအကြောင်းတော့ နည်းနည်းပါးပါး သိထားသည်။ ကျိဇယ်က စက်ရုံတည်ဆောက်ရန်၊ စက်ပစ္စည်းများ ဝယ်ရန်၊ စီးပွားရေး လုပ်ငန်းကြီးများလုပ်ရန်သာ စဉ်းစားနေမည်ဆိုလျှင် ဘယ်သူ့ထံတွင်မှ စက်ပစ္စည်းကိစ္စဖြင့် လိမ်ညာခံရမည် မဟုတ်ပေ။ ဝယ်ယူမှူနှုန်းနှင့် ရောင်းအားတို့က သူ့ကို စိတ်ပျက်သွားစေနိုင်၏။

အသေးစား လုပ်ငန်းလေးများမှ စတင်ခဲ့ပြီး တဖြည်းဖြည်း ကြီးထွားလာခဲ့သူများသာ အသေးစိတ်ကို နားလည်ပြီး အမြတ်ထုတ်ခံရသည်ကို ရှောင်ရှားနိုင်၏။

ကျိသော်၏ မျက်နှာက သိသိသာသာ ပျော့ပြောင်းသွားခဲ့သည်။

"မင်း လုပ်ချင်တယ်ဆိုရင် သူမနဲ့ ကိုယ်တိုင်ပြောလိုက်လေ။"

ဒီလိုပြောလိုက်ခြင်းဖြင့် သူက ဒီအကြံကို မကန့်ကွက်ဘူးဆိုသည်ကို ပြသလိုက်၏။ ကျိဇယ်၏ မျက်လုံးများက တောက်ပလာပြီး ပင်ပန်းမှုများကို မေ့သွားကာ တည့်တည့်ထိုင်လိုက်သည်။

သို့သော် မကြာခင်မှာပဲ လူငယ်လေး၏ မျက်နှာတွင် တုံ့ဆိုင်းမှုနှင့် ချော့မော့သည့် အမူအရာ ပေါ်လာခဲ့၏။

"ဦးလေး၊ ဦးလေးကပဲ အဒေါ့်ကို ဒီအကြောင်း ပြောပေးလို့ မရဘူးလားဟင်။"

သူ့ကိစ္စအတွက် ကျိသော်ကို လင်းချောင်အား ကူပြောပေးခိုင်းနေသည်လား။ ဘယ်လို အဓိပ္ပာယ်မရှိတာတွေလဲ။

ကျိသော် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည့်အတွက် ကျိဇယ်၏ အသံက ပိုနိမ့်သွား၏။

"ကျွန်တော်နဲ့ အဒေါ်ရဲ့ ဆက်ဆံရေးက နည်းနည်း အနေရခက်သလို ဖြစ်နေတယ် မဟုတ်ဘူးလား။ ကျွန်တော်တို့ မတွေ့ရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ နေ့တိုင်း စီးပွားရေးအတူတူလုပ်နေရင် ကျွန်တော် ဖုံးကွယ်ထားလို့ မရဘဲ သူမ သိသွားရင် ဘယ်လိုလုပ်မှာလဲ။ ကျွန်တော်က သူမနဲ့ အလုပ်လုပ်ချင်တာလို့ မပြောတာ အကောင်းဆုံးပဲလေ..."

"မင်းလို့ မပြောရဘူးဆိုရင် ငါလို့ ပြောရမှာလား။"

ကျိသော်က သူ့တူအပေါ် ခုနလေးတင် အမြင်ပြောင်းသွားခဲ့ပြီး အခုတော့ မူလအခြေအနေသို့ ပြန်ရောက်သွားခဲ့ပြန်ပြီ။

ကျိဇယ်က သူ၏တောင်းဆိုမှု နည်းနည်း များနေပြီဆိုသည်ကို သိပြီး သူ့ဦးလေးကို ဂရုတစိုက် ကြည့်လိုက်၏။

"ဘယ်သူလို့ ပြောပြော အရေးမကြီးပါဘူး။ ပြီးတော့ ကျွန်တော့် မိသားစုက အဒေါ်နဲ့ ဆက်ဆံရေး မကောင်းဘူးလေ..."

"သူမက အဲ့ဒီအတွက် မင်းနဲ့ ပူးပေါင်းဖို့ တမင်တကာ ငြင်းလိမ့်မယ်လို့ မင်းထင်နေလား။"

ကျိသော်က သူ့စကားကို ဖြတ်ပြောလိုက်၏။

"မဖြစ်နိုင်ပါဘူး၊ ကျွန်တော်က..."

ကျိဇယ် ဘယ်လိုရှင်းပြရမှန်း မသိတော့ဘဲ နောက်ဆုံးတော့ ခါးသက်သက်သာ ပြုံးလိုက်၏။

"သူ့ကို မြင်ရင် ကျွန်တော့်စိတ်ထဲမှာ မသက်မသာ ဖြစ်သလို ခံစားရတယ်။ သူမရဲ့ မျက်လုံးတွေကို ကြည့်တိုင်း ကျွန်တော်က ကလေးဆန်ပြီး တာဝန်မယူတတ်တဲ့သူဆိုပြီး ခံစားရတယ်။ ကျွန်တော်က ပိုပြီး အသက်ကြီးရက်နဲ့ ကလေးဆန်နေသလိုပဲ။"

တကယ်တမ်းတော့ လင်းချောင်ကို သူ အထင်မသေးခဲ့ပေ။ အစပိုင်းတွင် သူ ကန့်ကွက်ခဲ့သော်လည်း အခုတော့ သူမကို ရင်မဆိုင်နိုင်တော့ပေ။

"ဦးလေးတို့နှစ်ယောက်က လက်ထပ်ပြီးသားတွေဆိုတော့ ကျွန်တော်ဝင်မပါတော့ဘူး။ တခြားရွေးစရာတွေသာ ရှိရင် ကျွန်တော်လည်း ဒီလိုမလုပ်ချင်ပါဘူး။"

ကျိဇယ်က မြေကြီးထဲမှ မြက်ပင်တစ်ပင်ကို ဆွဲနုတ်လိုက်ပြီး ခဏရပ်ကာ ထပ်ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်က ဦးလေးတို့ရဲ့ အကြံဉာဏ်အတိုင်း လိုက်နာနေပြီး အတွေ့အကြုံရဖို့အတွက် ဒီလို လုပ်ချင်တာပါ။"

သူက ပစ္စည်းများဝယ်ရန်နှင့် စက်ရုံတည်ဆောက်ရန်ကို စဉ်းစားနေဆဲပင်။

ကျိသော် ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့သောကြောင့် အနေအထားက တင်းမာလာ၏။

လေထုက တိတ်ဆိတ်ငြိမ်သက်လာပြီး စစ်တပ်ဝင်းထဲမှ လှည့်ကင်းများ၏ စည်းချက်ညီသည့် ခြေသံများသာရှိသည်က ရှင်းပြလို့မရသည့် စိတ်မသက်မသာဖြစ်မှုကို ဖန်တီးပေးနေခဲ့သည်။

နောက်ဆုံးမှာတော့ ကျိသော်က ပြောလိုက်၏။

"နောက်ကျနေပြီ၊ မင်းပြန်တော့။"

ကျိဇယ်၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ သူလှမ်းထွက်သွားခဲ့၏။ သူ့ခြေလှမ်းများက အနည်းငယ်သွက်နေပြီး အိမ်ရောက်တော့ ချွေးပြန်နေခဲ့လေပြီ။ မျက်နှာကျက်ပန်ကာက သူ့ကို တဖြည်းဖြည်းအေးသွားစေခဲ့၏။

ဧည့်ခန်းထဲက တီဗီက ပိတ်ထားပြီးသားဖြစ်ကာ အပေါ်ထပ်တွင် ရှိနေသင့်သည့် လင်းချောင်က မီးဖိုချောင်ထဲရှိနေ၏။ သူ့ကို မြင်တော့ လက်မြှောက်ပြီး သမ်းလိုက်သည်။

"ရှင်ပြန်လာပြီလား"

ဖြစ်နိုင်သည်မှာ မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် သူမအိပ်ရာဝင်ခါနီးအထိ ပင်ပန်းနေသေးပုံပေါ်ပြီး သူမ၏ မျက်လုံးလေးများကလည်း အနည်းငယ် စိုနေခဲ့သည်။

ညလေအေးကြောင့် ကျိသော်၏ စိတ်တိုမှုက တဖြည်းဖြည်း လျော့ပါးသွားတော့သည်။

"ဘာလို့မအိပ်သေးတာလဲ။"

"ဆပ်ပြာရည်ဖြည့်နေတာ။"

လင်းချောင် ထပ်ပြီး သမ်းလိုက်၏။

"ဒီရက်ပိုင်း အရမ်းအလုပ်များနေလို့ မေ့နေတာ။ မနက်ကျရင် ထပ်မေ့သွားမှာစိုးလို့။"

သူမတကယ်ပဲ အလုပ်များနေသည်။ ပထမနှစ်အတန်းနှစ်တန်းကို တာဝန်ယူထားရသလို အစားထိုးဆရာမအလုပ်လည်း လုပ်နေရပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်လည်း ပြင်ဆင်နေရသည့်အတွက် တခြားသူများထက် ပို၍အလုပ်များနေခဲ့၏။ ပြီးခဲ့သည့် စနေနေ့ကစပြီး ဆပ်ပြာရည်လုပ်ငန်းလည်း စတင်ခဲ့ကာ မနေ့ကလည်း ကျောင်းတွင် ပြဿနာတစ်ခု ထပ်ဖြစ်ခဲ့သေး၏။ ကံကောင်းစွာနှင့် သူမ ထမင်းမချက်ရဘဲ စားသောက်ဆိုင်တွင်သာ စားခဲ့ကြသည်။ မဟုတ်လျှင် သူမ တကယ်ကို စိတ်ရှုပ်နေရလိမ့်မည်။

"မင်းအိပ်တော့၊ ကိုယ် လုပ်လိုက်မယ်။"

ကျိသော် ထိုသို့ပြောပြီး သူမထံမှ ပုံးကို လှမ်းယူလိုက်၏။

"ပြီးတော့မှာပါ။"

လင်းချောင်က သူမမျက်လုံးများကို ပွတ်သပ်လိုက်သည်။

"တစ်ပေါင်လောက်ပဲ ထပ်ဖြည့်ရမှာ။"

ကျိသော် ခေါင်းညိတ်လိုက်ပြီး ဆပ်ပြာရည်ဖြည်းဖြည်းချင်း စီးဆင်းနေသည်ကို ကြည့်နေရင်း ရုတ်တရက် မေးလိုက်၏။

"ဒီလုပ်ငန်းမှာ တစ်ယောက်ယောက်နဲ့ လက်တွဲလုပ်ဖို့ ဆန္ဒရှိလား။"

"ဘာ? လက်တွဲလုပ်ဖို့လား။"

ဒီစကားက လင်းချောင်ကို နိုးကြားသွားစေ၏။

"ဘယ်သူနဲ့ လက်တွဲလုပ်ရမှာလဲ။"

ကျိသော် အကြည့် လွှဲလိုက်ပြီး အခုလေးတင် သမ်းနေခဲ့သူမဟုတ်သည့်အတိုင်း ဖြစ်သွားသည့် မိန်းကလေး၏ မျက်လုံးပြူးပြူးလေးများကို ကြည့်လိုက်သည်။

သူ တုံ့ပြန်မှုမရှိသည်ကို မြင်တော့ လင်းချောင်က ထပ်ပြီး တိုက်တွန်းလိုက်၏။

"ရှင် ကျွန်မကို တစ်ယောက်ယောက်နဲ့ လက်တွဲလုပ်ချင်လားလို့ မေးခဲ့တာ မဟုတ်လား။"

ကျိသော် မျက်နှာလွှဲလိုက်ပြီး နောက်ဆုံးကျန်သည့် ဆပ်ပြာရည် အနည်းငယ်ကို လောင်းထည့်ပြီး ပုံးကို ပိတ်လိုက်ကာ မတ်တပ်ရပ်လိုက်၏။

"ဟုတ်တယ်။"

"ဒါဆို ဆွေးနွေးကြတာပေါ့။"

လင်းချောင်က သူ့ကို ဧည့်ခန်းထဲမှ ဆိုဖာဆီ ဆွဲခေါ်သွားခဲ့၏။

မီးအောက်တွင် သူမ၏ မျက်လုံးများက ကြည်လင်နေပြီး နည်းနည်းတောက်ပနေပြန်၏။ သူ ပထမဆုံးပြန်လာတုန်းက မြင်ခဲ့ရသည်ထက် အများကြီး ပိုပြီး လန်းဆန်းတက်ကြွနေပုံပင်။

ကျိသော် သတိမထားမိဘဲ ခဏရပ်လိုက်ပြီး ခွက်တစ်ခွက်ယူကာ သူ့ဘာသာ ရေတစ်ခွက်လောင်းထည့်လိုက်၏။

"မင်းကတော့ လက်တွဲလုပ်ဖို့ ဘာမှ ကန့်ကွက်ချင်ပုံမရဘူးပဲ။"

လင်ချောင်ကတော့ တကယ်ကို ကန့်ကွက်စရာမရှိပေ။

"ရှင်သိပါတယ်၊ ကျွန်မက အရမ်းအလုပ်များတယ်။ ဒါပေမဲ့ တွေ့ရာလူနဲ့တော့ လက်တွဲလုပ်ဖို့ ဆန္ဒမရှိပါဘူး။"

ကျိသော်ကတော့ အားလုံးကို နေရာပေးတတ်သည့် ပုံစံမျိုးပင်။ မကြာသေးမီက သူမ ဆပ်ပြာရည်များ ရောင်းနေသည်ကို သူက တစ်ကြိမ်မက ကူညီ၍ ပို့ပေးဖူး၏။ သို့သော် သူမ၏ အရောင်းအဝယ် ဘယ်လိုဖြစ်နေပြီ ဆိုသည်ကိုတော့ တစ်ခါမှမမေးခဲ့ဖူးပေ။ ဒီနေ့တော့ ရုတ်တရက် တစ်ယောက်ယောက်နှင့် လက်တွဲလုပ်ချင်လားဟု မေးလာ၏။ သူ သူမ၏ လုပ်ငန်းကို စိတ်ဝင်စားနေသည်လား။

နှစ်လနီးပါးလောက်ရှိပြီဖြစ်သော်လည်း သူ ထပ်မပြောတော့ပေ။ သူမကလည်း သူတို့လက်ထပ်ခြင်း၏ ရည်ရွယ်ချက်ကို သူ မေ့သွားပြီလို့ ထင်ခဲ့မိ၏။

ကျိသော်က လင်းချောင် အလုပ်များနေသည်က်ို မြင်ရသည့်အတွက် မေးခဲ့ခြင်းဖြစ်၏။ သူမ မကန့်ကွက်သည့်အတွက် သူ ဆက်ပြောခဲ့သည်။ သို့သော် ကျိဇယ်၏ စကားများကို မှတ်မိသွားပြီး သူ့စကားလုံးများကို ပြန်ပြင်လိုက်၏။

"ကိုယ့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ မကြာသေးခင်ကမှ စီးပွားရေးအသေးစားလေးတစ်ခု စဖို့ စီစဉ်နေတာ။ သူက မင်းကျောင်းမှာ ဆပ်ပြာရည်ရောင်းတာကို သိပြီး ကောင်းတယ်ထင်လို့ ကိုယ့်ကို ဘယ်သူလုပ်ထားတာလဲလို့ မေးခဲ့တာ။"

"အဟင်း၊ ရှင့်မှာ သူငယ်ချင်းရှိတယ်ပေါ့။"

ဒီလူ ပြောလိုက်သည်နှင့် လင်းချောင် ရယ်ချင်စိတ်ပေါက်သွားခဲ့၏။

" သူငယ်ချင်းရှိတယ်" ဆိုသည့် စကားစုက "ကိုယ်ပါ" ဆိုတာကို ရည်ညွှန်းသည်ဆိုသည်ကို ဘယ်သူ မသိမှာလဲ? သူမလည်း ပြီးခဲ့သည့်အပတ်က ထိုစကားစုကို သုံးခဲ့ဖူးပြီး အတော်လေးလည်း အဆင်ပြေခဲ့သည်။

လင်းချောင်က သူမ၏ ဆပ်ပြာရည်လုပ်ငန်းကို ဒီလူ စိတ်ဝင်စားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

သူမက သူ့ခွက်ထဲကို ရေနည်းနည်းထပ်ဖြည့်ပေးလိုက်ကာ ဆက်ပြောရန် အချက်ပြလိုက်သည်။ သူမ နားထောင်နေခဲ့၏။

ဘာအကြောင်းကြောင့်မှန်းမသိဘဲ၊ ကျိသော်က သူမ၏အသံကို တစ်မျိုးဖြစ်နေသည်ဟု ခံစားရသည်။ ပြန်စဉ်းစားကြည့်တော့လည်း သူ့စကားတွင် ဘာအမှားအယွင်းမှ ရှာမတွေ့ခဲ့။

သူ ဆက်ပြောလိုက်၏။

"မင်း စိတ်ဝင်စားတယ်ဆိုရင် ငါ မင်းကို မိတ်ဆက်ပေးနိုင်တယ်။ ဒါပေမယ့် ငါ့သူငယ်ချင်းက ရှေ့ထွက်လို့မရဘူး ဖြစ်နေတာ။"

သူငယ်ချင်းတစ်ယောက်ကို လေထဲတွင် ဖန်တီးလိုက်ခြင်း။ တကယ်ကို တွေ့ဆုံရန် အဆင်မပြေသော်လည်း ဒါက နားလည်ပေးနိုင်သည်။

လင်းချောင်က အတော်လေး စဉ်းစားတတ်သည့်အတွက် ပြောလိုက်၏။

"ရပါတယ်၊ ကျွန်မ ရှင့်ကို ယုံပါတယ်။ ရှင် ခေါ်လာတဲ့ ဘယ်သူငယ်ချင်းမဆိုကိုလည်း ယုံကြည်ပါတယ်။"

"ကျွန်မ ရှင့်ကို ယုံတယ်" ဆိုသည့် စကားစုက ကျိသော်က်ို ပြောစရာ ပျောက်ဆုံးသွားစေခဲ့သည်။ သို့သော် ကျိဇယ်က ဒီလုပ်ငန်းကို ခဏလေး အတွေ့အကြုံယူရန်သာ ရည်ရွယ်ထားသည်ဆိုလျှင် လင်းချောင်နှင့်ထိတွေ့မှု နည်းသည်က အနေခက်မှုနှင့် ပြဿနာများကို လျှော့ချနိုင်မည်။။

ကျိသော် ရေတစ်ငုံသောက်လိုက်ပြီး သူ့ခံစားချက်များကလည်း ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

"မင်းက ကိုယ်တိုင်လုပ်ပြီး ဟိုဘက်ကို ရောင်းခိုင်းချင်တာလား၊ ဒါမှမဟုတ်..."

"ဟိုဘက်ကို လုပ်ခိုင်းမယ်။"

လင်းချောင်က ချက်ချင်း ပြောလိုက်၏။

"ဒါပေမဲ့ ကျွန်မက အသားတင်အမြတ်ရဲ့ ၃၀% ကို လိုချင်တယ်။"

တကယ့် စေ့စပ်ဆွေးနွေးမှုမှာတော့ စီးပွားရေးက စီးပွားရေးဖြစ်၏။ လက်တွဲဖက်က တန်ဖိုးကို နားလည်မှသာ ဖော်မြူလာကို ရောင်းချနိုင်မည်ဖြစ်၏။

လင်းချောင် အတော်လေးတည်ငြိမ်နေ၏။

"ကုန်ကြမ်းတွေကို ဟိုဘက်က ပြင်ဆင်ပြီး ရောင်းချမှုကို သူတို့ကပဲ လုပ်တာဖြစ်ပေမဲ့ ဒီဆပ်ပြာရည်ရဲ့ အဓိကအချက်က ထူးခြားတဲ့ နည်းပညာပဲ။ နည်းပညာမပါရင် ကုန်ကြမ်းတွေက ကုန်ကြမ်းတွေသက်သက်ပဲ။ ကျွန်မကတော့ ဒီဈေးနဲ့ ထိုက်တန်တယ်လို့ ယုံကြည်တယ်။"

လက်ရှိမှာတော့ သူမတစ်ယောက်တည်းသာ ဆပ်ပြာရည်ကို ထုတ်လုပ်နိုင်သည့်အတွက် ဒါက သူမ၏ စေ့စပ်ဆွေးနွေးမှုတွင် ဘယ်သူနှင့်မှ ယှဉ်မရသည့် အားသာချက်တစ်ခုပင်။ ကျိသော်က သူ့တူနှင့် သူ့ဇနီးကြား ဆက်ဆံရေးတွင် ဘယ်သူ့ကိုမှ မနစ်နာစေချင်သည့်အတွက် သေချာ ဂရုစိုက်ပြီး ချင့်ချိန်နေခဲ့၏။

"ကိုယ် သူ့ကို သွားပြောလိုက်မယ်။"

လင်းချောင်ကို ထိုသို့ ပြောရင်း ကျိဇယ် လက်ခံမခံ သူကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်စေရန် လွှဲပေးလိုက်၏။

All Chapters