မြက်ခင်းပြင်ဒေသ
Vol. 6 Ch. 81
ဖန့်ရန်က ပို၍ ကြီးမားလာသည့် သူ့ခန္ဓာကိုယ်ကို စိတ်ကျေနပ်စွာ ကြည့်နေခဲ့သည်။
"စနစ်! ဖန်သားပြင်ဇယားကို ဖွင့်လိုက်ပါ"
ထိုစကားကို ပြောပြီးနောက် သူ့စိတ်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။
[လက်ခံသူ : ဖန့်ရန်
အဆင့် : ၁၅
စနစ်အမှတ် : ၆၂၈ဝ/၂ဝဝဝဝဝ
ကျွမ်းကျင်မှုရမှတ် : ၂၃
ကိုယ်ထည်အရှည် : ၁၅ မီတာ
အချင်း : ၅ဝ စင်တီမီတာ
ခွန်အား : ၁၆၀
ခုခံနိုင်စွမ်း : ၁၆၅
အမြန်နှုန်း : ၄၇
တက်ကြွမှု : ၅၀
စိတ်ဝိညာဉ် : ၅၂
ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၄၅
စွမ်းရည် : _______________________
----------------------------
--------- သံမဏိကိုယ်ထည် (၁/၅) ]
ဖန့်ရန်က သူ၏ အချက်အလက်များကို သေချာဖတ်ကြည့်ပြီနောက် ကျေနပ်သွားသည်။
ဆင့်ကဲဖြစ်စဥ်က သူခန္ဓာကိုယ် အရှည်ကို (၁၅) မီတာသို့ ရောက်ရှိသွားစေခဲ့သည်။
၎င်းသည် သမုဒ္ဒရာထဲမှာတောင် မသေးငယ်တော့ဟု ဆိုနိုင်သည်။
နောက်တစ်ခုသတိပြုရမှာက သူ့ကျွမ်းကျင်မှုရမှတ်က (၂၃) မှတ် ဖြစ်သည်။ ယင်းက စွမ်းရည်တစ်ခုကို အဆင့်မြှင့်တင်နိုင်ဖို့ လုံလောက်သည်။
ဤတစ်ကြိမ်မှာတော့ ဖန့်ရန်သည် တုံ့ဆိုင်းမနေခဲ့ပေ။
သူသည် ချက်ချင်းပင် လျင်မြန်သော ကုသမှု စွမ်းရည်ကို တိုက်ရိုက်အဆင့်မြှင့်တင်လိုက်သည်။ ယင်းစွမ်းရည်သည် ပြင်ပဒဏ်ရာများကိုသာမက အတွင်းဒဏ်ရာများနှင့် ရောဂါများကိုပင် ပြန်လည်ကောင်းမွန်စေနိုင်သည်။
တစ်နည်းအားဖြင့် ဆိုရသော် ၎င်းသည် အမျိုးမျိုးသော အဆိပ်များနှင့် ရောဂါများကို ခုခံနိုင်စွမ်း မြှင့်မားစေသည်။
ယူဂန်ဒါ (ဆာဗားနား) မြက်ခင်းပြင်ဒေသရှိ ပတ်ဝန်းကျင် ရာသီဥတုမှာ အလွန်ဆိုးရွားသည်။ ယင်းသို့ သွားမည်ဆိုပါက ထိုစွမ်းရည်ကို အဆင့်မြှင့်တင်ရန် လိုအပ်သည်ဟု သူခံစားမိသည်။
ထိုစွမ်းရည်ကို အဆင့်မြှင့်တင်ပြီးနောက်၊ သူ၏ စွမ်းရည်ကော်လံ၌ စာကြောင်းတစ်ခု ပိုလာခဲ့သည်။
[ စွမ်းရည် : ______________________
___________________________________________ သံမဏိကိုယ်ထည် (၁/၅)၊ လျင်မြန်သော ကုသမှု (၁/၅) ]
"နောက်ဆင့်ကဲဖြစ်စဥ်အတွက် စနစ်အမှတ် နှစ်သိန်းတောင် လိုတယ်။ ဟူးး... နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဥ် စတင်နိုင်ဖို့ အချိန်ဘယ်လောက်တောင် လိုအပ် လိုက်မလဲ?"
ဖန့်ရန်က နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဥ်အတွက် လိုအပ်သည့် စနစ်အမှတ်ကို ကြည့်လိုက်စဥ် များပြားလှသည့် စနစ်အမှတ်ပမာဏက သူ့နှလုံးသားလေးကို တုန်လှုပ်သွားစေခဲ့သလို ကူကယ်ရာမဲ့သွား စေခဲ့သည်။
"ငါ ဂုဏ်သတင်းကော်လံကို မကြည့်တာ အချိန်အတော်ကြာခဲ့ပြီး... အခုဂုဏ်သတင်းရမှတ် ပမာဏကို ကြည့်ရမယ်"
ဖန့်ရန်သည် မကြည့်ဖြစ်တာ ကြာခဲ့ပြီဖြစ်သည့် ဂုဏ်သတင်းရမှတ်များ အကြောင်း ရုတ်တရက်တွေးလိုက်မိကာ သူ့အကြည့်ကို ၎င်းသို့ ပြောင်းလဲလိုက်သည်။
ဂုဏ်သတင်းရမှတ်ပမာဏကို မြင်သောအခါ ဖန့်ရန် အနည်းငယ် ကြောက်လန့်သွားမိသည်။
မထင်မှတ်ထားစွာဖြင့် သူ၏ လက်ရှိ ဂုဏ်သတင်းရမှတ်က (၇၂၄၁ဝဝဝ) သို့ ရောက်နေသည်။
“ဒီလောက်တောင် ရောက်နေပြီလား?”
ဖန့်ရန်က အနည်းငယ် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
သူ အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှသာ၊ ၎င်းသည် လွန်ခဲ့သော ရက်အနည်းငယ်က တွေ့ခဲ့ရသည့် ထိုလေ့လာရေးအဖွဲ့ကြောင့် ဖြစ်နိုင်မှန်း မှန်းဆမိခဲ့သည်။
" ငါ့ရဲ့ဂုဏ်သတင်းသာ ဆယ်သန်းကျော်သွားခဲ့ရင်၊ ဘယ်လို သွေးလိုင်းမျိုးများ ဆုလာဘ်အဖြစ်ရနိုင်မလဲ?.."
သူ့စိတ်ထဲတွင် ဂုဏ်သတင်း (၁ဝ) သန်းသာပြည့်သွားခဲ့လျှင် မည်ကဲ့သို့ သွေးလိုင်းမျိုး ရလာမည်ကို သိချင်နေခဲ့သည်။
ဖန့်ရန်သည် ဆာလောင်နေသော သူ၏ ဗိုက်ကို ဖြည့်တင်းရန် ယင်းနေရာမှ ထွက်ကာ အလျား (၃ဝ) စင်တီမီတာကျော်ရှိသည့် မည်သည့် ငါးအမျိုးအစားကို မဆို လိုက်လံဖမ်းယူ မျိုချတော့သည်။
ငါးအကောင်ရေ ငါးဆယ်ကျော် စားပြီးနောက်၊ သူ၏ ဗိုက်လည်း ပြည့်တင်းသွားကာ ခရီးဆက်ခဲ့သည်။
ဖန့်ရန်သည် လမ်းခရီးတွင် အမဲလိုက်ရန်နှင့် အနားယူရန် အချိန်အနည်းငယ်သာ ရပ်တန့်ခဲ့ပြီး ကျန်အချိန်များတွင် သူသွားလိုရာသို့ ခရီးဆက်နေခဲ့သည်။
...
နှစ်လနီးပါးကြာပြီးနောက် သူရောက်ရှိနေသောမြစ်သည် အလွန်ကျယ်ပြန့်လာခဲ့သည်။ ၎င်းသည် ငါးကီလိုမီတာ သို့မဟုတ် ခြောက်ကီလိုမီတာခန့် ကျယ်နိုင်သည်။
မြေပုံသာ မှန်ကန်ပါက မြက်ခင်းပြင်ဒေသသည် သိပ်မဝေးတော့ပေ။
လာရာလမ်းတလျှောက် ဖန့်ရန်သည် အမဲလိုက်ခြင်းကို အာရုံမစိုက်ခဲ့သဖြင့် စနစ်အမှတ် ပမာဏသည် (၅ဝဝဝဝ) ကျော်သာ ရှိနေခဲ့သည်။
ယင်းသည် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ် (၂ဝဝဝဝဝ) နှင့် ဝေးကွာနေသေးသည်။
သို့သော် ဖန့်ရန်က စိတ်ပျက်မနေချေ။ ဆင့်ကဲဖြစ်စဥ်အတွက် စနစ်အမှတ်ပမာဏ အများအပြား လိုအပ်နေခြင်းက လမ်းခရီးတွင် အမဲလိုက်ခြင်းကို သူ အာရုံမစိုက်ခဲ့ သောကြောင့် ဖြစ်သည်။ သူသာ အာရုံစိုက်ခဲ့လျှင် ယခုချိန်ဆို ဆင့်ကဲဖြစ်စဥ် စတင်ရန် အသင့်ဖြစ်နေလိမ့်မည်။
လမ်းခရီးတွင် ထူးခြားမှုတော့ မရှိချေ။ တစ်ခါတရံ လူသားနယ်မြေအချို့ကို ဖြတ်သွားခဲ့သော်လည်း မြစ်ထဲမှဖြစ်၍ မည်သူမျှ သူ့ကို သတိမထားမိပေ။
...
ခုနစ်ရက်ကြာပြီးနောက်၊ ပတ်ဝန်ကျင်း ရှုခင်းများ သိသာစွာ ပြောင်းလဲသွားသည်။
အထင်ရှားဆုံးအချက်မှာ မြေမျက်နှာသွင်ပြင် ဖြစ်သည်။
ယခင်က စိမ်းစိုနေသော တောင်တန်းများသည် သဲကန္တာရ မြေပြင်ကဲ့သို့ ပြန့်ပြူး ပြောင်းလဲသွားခဲ့ပြီး စိမ်းစိုသော အပင်များလည်း မရှိသလောက်ပင်။
ပိုဆိုးတာက ဤဧရိယာရှိ အပူချိန်သည် နေမြင့်လာသည်နှင့် တိုးလာနေခြင်းဖြစ်သည်။
သူ့ မှတ်ဉာဏ်ထဲမှ အချက်အလက်တွေအရ ဤမြေပြန့်က ယူဂန်ဒါ မြက်ခင်းပြင်ရဲ့ အပြင်ဘက် အစွန်အဖျား ဖြစ်သည်။
ဤမြေပြန့်ကို ဖြတ်သန်းပြီးနောက်၊ သူသည် ယူဂန်ဒါ (ဆာဗားနား) မြက်ခင်းပြင်သို့ တရားဝင် ရောက်သွားမည် ဖြစ်သည်။
ယင်းကို လူသားများအတွက် သေစေလောက်သည့် ကန့်သတ်နယ်မြေဟု သတ်မှတ်ထားသော်လည်း၊ ထိပ်တန်းသားရဲ အမျိုးမျိုးအတွက် ၎င်းနေရာက နိဗ္ဗာန်ဘုံပင် ဖြစ်သည်။
သူ့ခေါင်းကို ရေထဲကထုတ်ပြီး ယင်းအနားတဝိုက်ကို ကြည့်လိုက်သည်။ သူရောက်ရှိနေသော နေရာသည် ကျယ်ပြောလှသဖြင့် ဖန့်ရန် အလွန်အံ့အားသင့်သွားမိသည်။ ဤဧရိယာရဲ့ အဆုံးကို သူ မမြင်နိုင်ချေ။
"အိုး?.."
ရုတ်တရက် ဖန့်ရန်သည် မြစ်ကမ်းဘေးရှိ ချုံပုတ်တစ်ခုတွင် တိရစ္ဆာန်တစ်ကောင် ပုန်းအောင်းနေတာကို တွေ့လိုက်ရသည်။
သူ ၎င်းတိရိစ္ဆာန်ကို စိုက်ကြည့်လိုက်ပြီးနောက် စနစ်၏ အချက်ပေးသံသည် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
[ပစ်မှတ် - ဒရယ်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၅ဝဝ မှတ်ကို ရရှိနိုင်သည်]
စနစ်၏ အသံကိုကြားပြီးနောက် ဖန့်ရန်သည် မအံ့သြဘဲ မနေနိုင်တော့ပေ။
ယူဂန်ဒါ မြက်ခင်းပြင်ဒေသကို ရောက်ရောက်ချင်း ပထမဆုံးသားကောင်ကို စားရတော့မှာလား?...။
ဗုန်း!
ဖန့်ရန်က သူ့ကြွက်သားတွေကို တင်းကြပ် ထားလိုက်ပြီး သမင်ဖိုတစ်ကောင်၏ ခုန်နိုင်စွမ်းထက် ကျော်လွန်နေသည့် အမြန်နှုန်းနဲ့ ပေါက်ကွဲအားကို အသုံးချကာ ဒရယ်ဆီ ခုန်ပျံလိုက်သည်။
သူ၏ ပေါက်ကွဲအားသည် အလွန်ကောင်းမွန်ပြီး၊ ဆယ့်ခုနစ်မီတာကို တခဏချင်းဖြတ်ကာ ဒရယ်နှင့် အလွန်နီးကပ်လာသည်။
သို့ပေမယ့် ဒရယ်ရဲ့ တုံ့ပြန်မှုက အလွန်လျင်မြန်လှ၏။ ၎င်းသည် ခုန်ပေါက်ကာ ဖန့်ရန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းသွားခဲ့သည်။ ထိုနောက် ဒရယ်သည် ချက်ချင်းပဲ အဝေးကို ပြေးထွက်သွားသည်။
"ဒါ ငါ့ အထင်များ မှားနေတာလား။ ဒီနေရာက တိရိစ္ဆာန်တွေက တောထဲမှာရှိတဲ့ အကောင်တွေထက် အများကြီးပိုမြန်တယ်လို့ ခံစားနေရတယ်”
ဖန့်ရန်သည် ရေအောက်တွင် ပြန်နစ်မြုပ်သွားပြီး ဖြည်းညှင်းစွာ ဆက်သွားနေခဲ့သည်။
သူ့ ခန့်မှန်းချက် မှန်လား၊ မှားလား စီစစ်ဖို့ လိုနေသည်။
မကြာမီ သူသည် အရွယ်မရောက်သေးသည့် သမင်နှင့် အရွယ်ရောက် သမင် ခုနစ်ကောင် ပါဝင်သော သမင်အုပ်တစ်စုကို သူ တွေ့လိုက်သည်။
ဤသည်ကို မြင်တော့ ဖန့်ရန်လည်း သမင်အုပ်စုဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။
၎င်းတို့နှင့် မီတာ (၃ဝ) ခန့်အကွာသို့ ရောက်ပြီးနောက် သူသည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။
သမင်အုပ်စုက သူ့ကို တွေ့သွားခဲ့သောကြောင့် ဖြစ်သည်။
“သူတို့က ပိုမြန်ရုံတင်မကဘဲ ပိုပြီးသတိရှိကြတယ်”
ဖန့်ရန် မျက်လုံးတွေက သမင်အုပ်ထဲက သမင်လေးတစ်ကောင်ဆီကို လှည့်သွားသည်။ ထိုသမင်လေးသည် အမြန်ဆုံးကြိုးစား ပြေးနေသည့်တိုင် ၎င်းသည် သမင်အုပ်စု၏ နောက်ဆုံးရောက်နေသည်။
သို့ပေမယ့် သူ့ပန်းတိုင်က ထိုသမင်လေး မဟုတ်ပေ။ သူ့ပန်းတိုင်က အရွယ်ရောက် သမင်တွေသာ ဖြစ်သည်။
သူသည် သူ၏ အခြားထင်မြင်ယူဆချက်များကို စစ်ဆေးရန် စီစဉ်နေသည်။
သူ၏ လက်ရှိ အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ (၁ဝဝ) ခန့် ဖြစ်သည်။
၎င်းသမင်များထက် အနည်းငယ်မြန်သောကြောင့် မကြာမီတွင် သူသည် သမင်တစ်ကောင်ကို ဖမ်းမိသွားခဲ့သည်။
ဘန်း!.
ရုတ်တရက် ဖန့်ရန်သည် သမင်တစ်ကောင်ကို အမြီးနှင့် ရိုက်ချလိုက်ပြီး ၎င်း၏ လည်ပင်းကို ကိုက်ချလိုက်သည်။
သူ၏ ချွန်ထက်သော သွားစွယ်များသည် သမင်၏ အရေပြားကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။
“ ငါထင်တဲ့အတိုင်းပဲ…”
.....