← Chapters

ဂန္ထဝင် ချန်းပေ့ရွှမ်း

Vol. 5 Ch. 403

ဂန္ထဝင် ချန်းပေ့ရွှမ်း

Vol. 5 Ch. 403

"ချန်းပေ့ရွှမ်း ...”

လူတိုင်းက တစ်ယောက်ကိုယ် တစ်ယောက် နားမလည်ဟန် ကြည့်လိုက်ကြသည်။

ထိုနာမည်အား သူတို့ အကြိမ်များစွာ ကြားဖူးခဲ့သည်။ သို့သော် ဟန်မိသားစုက ထိုနာမည်ကို အဘယ်ကြောင့် ကြောက်လန့်နေရ သနည်း။

"အဘိုး၊ အဖေ၊ အမေ ... အားလုံး ပြန်ပြောပြ ရရင်တော့ အရှည်ကြီးပါပဲ။ ကျွန်တော် ရှင်းပြပါ့မယ်"

ချန်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဝမ်ရှောက်ယွင်နှင့် အခြားလူများက ခေါင်းညိတ် လိုက်ကြသည်။

ချန်းဖန်က ချန်းနဉ်လက်ထဲမှ လက်ဖက်ရည်ခွက်ကို လှမ်းယူကာ အနည်းငယ်စီ သောက်ရင်း ဖြစ်ပျက်သမျှ အလုံးစုံကို ပြောပြလိုက်သည်။ သို့သော်လည်း သူ ကမ္ဘာမြေပေါ်သို့ ပြန်လည် မွေးဖွားလာသည် ဆိုသော အချက်ကိုမူ ချန်လှပ် ထားခဲ့သည်။

ချန်းဖန်က ပထမဦးစွာ အတွင်းအား ပညာရှင်များနှင့် အထွတ်အထိပ်များ အကြောင်းကို ရှင်းပြလိုက်သည်။ ထို့နောက် ပန်းခြံထဲ၌ အဘိုးကြီးဝေ့နှင့် တွေ့ဆုံပုံများ အကြောင်းမှ စ၍ ပြောပြလိုက်သည်။

"ဒါဆို အဘိုးကြီးဝေ့ကလည်း သိုင်းသမား တစ်ယောက်ပေါ့"

ချန်းကောရှင်းနှင့် အခြားလူများမှာ တစ်ခုခုအား နားလည် သဘောပေါက် သွားဟန် ရေရွတ် လိုက်ကြသည်။ အဘိုးကြီးဝေ့က ချန်းဖန်အား အဘယ်ကြောင့် တန်ဖိုးထားသည်ကို သူတို့ နားလည်သွားခဲ့ပြီ ဖြစ်သည်။

"အင်း ... ငါလည်း တစ်စွန်းတစ်စ ကြားဖူးပါတယ်။ အဘိုးကြီးဝေ့ ငယ်ငယ်တုန်းက အရမ်း အစွမ်းထက်တဲ့ သိုင်းသမား တစ်ယောက်တဲ့။ လူဆိုး သူခိုးတွေလောက်တော့ သူက အသာလေး ယှဉ်တိုက်ခိုက် နိုင်တယ်တဲ့။ အဲဒီ ကောလာဟလတွေက တကယ် ဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး"

အဘိုးကြီးချန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

သို့သော်လည်း လူတိုင်းသည် ချန်းဖန်၏ အထွတ်အထိပ် အဆင့် ဆိုသော ဂုဏ်ပုဒ်ကို ကြားဖူးထားရာ အဘိုးကြီးဝေ့ အကြောင်းအား သိပ်၍ မအံ့ဩမိကြချေ။

ထို့နောက် ချန်းဖန်က မြေအောက် သိုင်းပညာရှင်များ တိုက်ပွဲ၌ လင်းဟူကို သုံးကွက် အတွင်း သတ်ဖြတ်ခဲ့သည့် အကြောင်းအား ပြောပြလိုက်သည်။

"ဒီလိုနဲ့ မြေးက ကျန်းပေ့ရဲ့ ဆရာချန်း ဆိုတဲ့ နာမည်ကို ရခဲ့တာပေါ့ ...”

အဘိုးကြီးချန်းက မှတ်ချက် ချလိုက်သည်။

ဝမ်ရှောင်ယွင်ကမူ မည်သို့မျှ ဝင်မပြောပဲ သားဖြစ်သူအား လေးပင်စွာသာ ကြည့်နေမိသည်။ သူမ၏ သားက ကျန်းပေ့နယ်အား စိုးမိုးကာ ရှု့အိုတို့ ကဲ့သို့သော သူဌေးကြီးများအား ဒူးထောက် စေခဲ့သည်။ ထိုအတွေးက ပင်လျှင် သူမအား ကြောက်လန့်စေသည်။ ထိုကဲ့သို့သော ကြမ်းတမ်းမှုများ ကြား၌ ချန်းဖန် အသက်ရှင်ခဲ့သည်မှာ ကံကောင်းလွန်းသည်။

"လင်းဟူဆိုတာက ကနေဒါမှာတောင် အရမ်း ကျော်ကြားတယ်။ ရှု့အိုနဲ့ အခြား မြေခွေးအိုကြီးတွေက မင်းကို လေးစားတာ မဆန်းဘူးပဲ"

ချန်းကောရှင်းက ခေါင်းညိတ်လိုက်သည်။

ထို့နောက် ချန်းဖန်က ထန်လုံ တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပုံ၊ သိုင်းပညာ ညီလာခံကို သွားရောက်ခဲ့ပုံ၊ လင်းဟူ၏ ဆရာ လဲ့ချန်းကျွယ်နှင့် တိုက်ခိုက်ခဲ့ပုံ၊ တရုတ်၏ အစွမ်း အထက်ဆုံး အထွတ်အထိပ် ဖြစ်လာခဲ့ပုံတို့အား ပြောပြလိုက်ပြန်သည်။

ချန်းဖန်၏ အသံက တည်ငြိမ်နေသည့်တိုင် ဝမ်ရှောက်ယွင်နှင့် အခြား လူများမှာမူ အလွန်ပင် အံ့အားသင့် နေကြတော့သည်။ အန်ရာသည် သူမ၏ လက်များကို ဖြစ်ညှစ်ရင်း စိတ်လှုပ်ရှားစွာ နားထောင် နေခဲ့၏။ ချန်းနဉ်သည်လည်း ချန်းဖန်အား ကြောက်လန့်ခြင်း၊ အံ့အားသင့်ခြင်းများ ရောပြွမ်းနေသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

ချန်းဟွိုက်အန်း တစ်ယောက်သာ စားပွဲအား ရိုက်ရင်း အားရပါးရ ရယ်မောလိုက်သည်။

"အရမ်းမိုက်တယ် ...  အထွတ်အထိပ်တွေက တကယ် အစွမ်းထက်တာပဲ"

ချန်းကောရှင်းကမူ ကြောက်မက်ဖွယ်ရာ တိုက်ပွဲကို စိတ်ထဲမှ ပြန်လည် ပုံဖော်ကြည့်ရင်း ကြက်သီး ထနေတော့သည်။

"အဲဒီ တိုက်ပွဲကြောင့်ပဲ မင်းကို လီဝူချန်းက ထန်လုံတပ်ဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့တာပေါ့ ...”

ချန်ကောရှင်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ကောင်းကင်စာအုပ် နံပါတ်တစ်ဆိုတဲ့ ဂုဏ်ပုဒ်က ဟန်မိသားစုကိုတော့ ဒူးမထောက် စေနိုင်လောက်ဘူး မလား"

ချန်းဟွိုက်အန်းက ချန်းဖန်၏ မျက်လုံးများအား ကြည့်ရင်း မေးလိုက်သည်။ အခြား လူများကလည်း အဘိုးအို၏ မေးခွန်းကို ထောက်ခံဟန် ချန်းဖန်ထံသို့ ကြည့်ကြသည်။

"အင်း ဟုတ်ပါတယ် ...”

ချန်းဖန်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"အဲဒီ နောက်ပိုင်းမှာ လုပ်ကြံခြင်း လောကရဲ့ ဧကရာဇ် အနက်ရောင်မြွေ၊ ဟောင်ကောင်ရဲ့ ကျိုးတချီတို့ကို ကျွန်တော် သတ်ခဲ့တယ်။  ဟန်မိသားစု ကျွန်တော့်ကို ကြောက်ရတဲ့ အဓိက အကြောင်းရင်းက အမှောင် သတ်မှတ်ချက် နံပါတ်သုံး ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်ပါ"

"အမှောင် သတ်မှတ်ချက် ...”

လူတိုင်းက တစ်ယောက်ကို တစ်ယောက် နားမလည်စွာ ကြည့်လိုက်ကြမိသည်။

"အမှောင် သတ်မှတ်ချက် ဆိုတာက စီအိုင်အေက ထုတ်ထာတဲ့ အလိုချင်ဆုံး လူစာရင်းပါ။ ကျင်းတက္ကသိုလ် တက်နေတုန်းမှာပဲ ကျွန်တော်ကို အထွတ်အထိပ် ငါးယောက်က လုပ်ကြံခဲ့တယ်။ အဲဒီထဲက လေးယောက်က ကျွန်တော့် လက်ချက်နဲ့ သေသွားခဲ့တယ်လေ။ ဒါကြောင့် မလို့ အမှောင် သတ်မှတ်ချက် စာရင်း ဝင်သွားခဲ့တာပါ"

ချန်းဖန်က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။

"ကျောင်းမှာ ဖြစ်တာလား ... ဘယ်တုန်းကလဲ"

ချန်းနဉ်က ပါးစပ်ကို လက်ဖြင့်ပိတ်ရင်း တအံ့တဩ မေးလိုက်သည်။

ချန်းဟွိုက်အန်း ပင်လျှင် အလွန် အံ့အားသင့်နေခဲ့ပြီ ဖြစ်သည်။ မြေးဖြစ်သူအား အလွန် အစွမ်းထက်သော ပညာရှင် ငါးယောက်မှ ဝိုင်းဝန်း တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ချေ။ ထိုသတင်းမှာ ကမ္ဘာကြီးအား တုန်လှုပ်သွားစေမည့် သတင်းမျိုး ဖြစ်သည့်တိုင် သူတို့ တစ်စွန်းတစ်စပင် မကြားခဲ့ရချေ။

"ငါတို့နဲ့ ကမ္ဘာကြီးရဲ့ အစွမ်းအထက်ဆုံး အရာတွေက ဝေးကွာလွန်းနေပုံ ရတယ်။ ရှောင်ဖန်သာ ဖွင့်မပြောရင် ငါတို့ ဘာမှ သိမှာ မဟုတ်ဘူး ...”

ချန်းဟွိုက်အန်းက ရေရွတ်လိုက်သည်။

ချန်းကောရှင်းကမူ သူ့သားအား ကြည့်ရင်း သက်ပြင်း ချမိသည်။ သူသည် ကြမ်းတမ်းသော အခက်အခဲများအား ဖြတ်ကျော်ရင်း အောင်မြင်အောင် ကြိုးစားနိုင်ခဲ့သဖြင့် သူကိုယ်သူ အမြဲ ဂုဏ်ယူခဲ့သည်။ သို့သော်လည်း ချန်းဖန်၏ ဘဝက သူ့ထက် ကြမ်းတမ်းပုံ ပေါ်သည်။

"ဂန္ထဝင် ... ရှောင်ဖန်က တကယ့် ဂန္ထဝင်ပါပဲ"

ချန်းကျန်းရှင်းက ချန်းဖန်အား ကြည့်ရင်း မှတ်ချက် ချလိုက်သည်။ ထိုကောင်လေးကား လွန်ခဲ့သည့် နှစ်နှစ်ခန့် အကွာမှ ချန်းဖန်နှင့် လုံးဝ မတူတော့သော လူတစ်ယောက် အလားပင်။

အမှောင် သတ်မှတ်ချက်အား နားလည်ပြီးနောက် ဝူကျိုးမြို့၊ စုမိသားစုမှ အဖြစ်အပျက်များမှာ သူတို့အတွက် မထူးဆန်းတော့ချေ။ ချန်းဖန်သည် အမှောင် သတ်မှတ်ချက် နံပါတ်သုံး ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးမှ လူများကပင် ကြောက်လန့်ရသည်။ ကျောင်းဟိုင်၏ ကျိ၊ တန့်၊ နင်း မိသားစုများက ချန်းဖန်အား မည်သို့ ယှဉ်နိုင်မည်နည်း။

"ဒါပေမဲ့ ဘာလို့ 'နိုင်ငံရဲ့ ဂုဏ်ဆောင်" လို့ မြေးကို ခေါ်တာလဲ"

ချန်းဟွိုက်အန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

တရုတ်နိုင်ငံ သမိုင်းကြောင်း၌ "နိုင်ငံ၏ ဂုဏ်ဆောင်" ဟု ရည်ညွှန်း ခံရသူတိုင်းမှာ ထိုခေါင်းစဉ်နှင့် ထိုက်တန်အောင် နိုင်ငံ့အပေါ် ပေးဆပ်ခဲ့ကြသူများ ဖြစ်သည်။ ချန်းဖန်ကဲ့သို့သော သိုင်းသမားမျိုး မရှိဖူးချေ။

"ဪ ... ဒါလား ... အဲဒါက ရှင်သန်ခြင်း ရေစင်ကြောင့်ပါ"

ချန်းဖန်က ကျင်းလင် တက္ကသိုလ်၌ သူ ဖော်စပ်ခဲ့သည့် ဓာတ်ကူ သွေးရည်ကြည်ခေါ် ရှင်သန်ခြင်း ရေစင် အကြောင်းအား ပြည့်စုံစွာ ပြောပြလိုက်သည်။

"ဒါဆို နင်က ပါမောက္ခချန်းလား ...”

ချန်းနဉ်က ဝိုင်းစက်သော မျက်လုံးများဖြင့် မေးလိုက်သည်။

"မင်းက အဇူရာ အဆောင် ဆေးဝါးလုပ်ငန်းနဲ့ ရှင်သန်ခြင်း ရေစင်ရဲ့ ပိုင်ရှင်ပေါ့"

ချန်းကျန်းရှင်းကလည်း မယုံကြည်နိုင်စွာ မေးလိုက်သည်။

"အဲဒီ ဆေးဝါးက ကမ္ဘာပေါ်က ဘီလျံနဲ့ချီတဲ့ လူတွေအတွက် အရမ်း အကျိုးရှိတယ်လို့ ကြားမိတယ်။ နောက်ပြီး လူသား မျိုးဆက်ကို တိုးတက်စေခဲ့တဲ့ ဆေးဝါးမျိုးတဲ့။ ရှောင်ဖန် ... မင်းက နိုင်ငံ့ဂုဏ်ကို တကယ် ဆောင်ခဲ့တာပဲ"

ချန်းဟွိုက်အန်းက လေးနက်စွာ ချီးကျူးလိုက်သည်။

ချန်းကောရှင်းနှင့် ဝမ်ရှောက်ယွင်တို့ကလည်း သဘောတူစွာ ခေါင်းညိတ် လိုက်ကြသည်။

ရှင်သန်ခြင်း ရေစင်၏ အကြောင်းအား သိသူတိုင်း ထိုအရာ၏ တန်ဖိုးကို နားလည်ကြသည်။ ရှင်သန်ခြင်း ရေစင်သည် ယွင်ဝူရေကဲ့သို့ အလွန် အစွမ်းမထက်သည့်တိုင် ပမာဏများစွာ ထုတ်လုပ်နိုင်သည်။

"မြေးမှာ ရှင်သန်ခြင်း ရေစင်ကို ပိုင်ဆိုင်ထားတာ ဆိုတော့ ဟန်မိသားစု အနေနဲ့ မြေးကို မထိရဲတာ မဆန်းပါဘူး"

ချန်းဟွိုက်အန်းက မှတ်ချက် ချလိုက်သည်။

"ဒါပေမဲ့ ရှင်သန်ခြင်း ရေစင်ကြောင့်ပဲ ဟန်မိသားစုက ဖိန့်ဖိန့်တုန်အောင် ကြောက်နေတာတော့ မဖြစ်နိုင်ဘူး ထင်တယ်"

ချန်းဟွိုက်အန်းက ဆက်မေးလိုက်သည်။

ချန်းဖန်က ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ ထိုအဘိုးအို၏ ဆက်စပ် စဉ်းစားမှု ဉာဏ်က အလွန်ပင် ကောင်းလွန်းသည်။

"သိပ်မကြာသေးခင်က ဂျပန်ကို ကျွန်တော် သွားသေးတယ်။ ဒါကို အားလုံး သိပြီး ဖြစ်မှာပါ ...”

လူတိုင်းက ခေါင်းညိတ် အဖြေပေးလိုက်သည်။ ဂျပန်တွင် ဖြစ်ပျက်ခဲ့သည့် တစ်စုံတစ်ရာကြောင့် ဟန်ကျန်းတုက ချန်းဖန်အား အသည်းအသန် ကြောက်နေခြင်း ဖြစ်ကြောင်း သူတို့ ရိပ်မိထားသည်။

"ဂျပန်က ဘုရားကျောင်း တစ်ခုကို ကျွန်တော် ဖျက်ဆီး လိုက်မိတာကြောင့် ပြဿနာ တချို့ ကြုံခဲ့ရတယ်။ ဂျပန်ရဲ့ ဓားသူတော်စင်က ကျွန်တော့်ကို စိန်ခေါ်တာကြောင့် တိုကျို မျှော်စင်ထိပ်မှာ သူနဲ့ တိုက်ခိုက်ခဲ့တယ်။ အဲဒီ တိုက်ပွဲမှာ တိုကျိုမျှော်စင် တစ်ဝက်လောက် ပျက်စီးသွားတယ်။ ဒါပေမဲ့ အဲဒါကြောင့် လူတွေက ကျွန်တော့်ကို ကြောက်တာ မဟုတ်သေးဘူး"

ချန်းဖန်က ခဏမျှ ရပ်နား၍ ဆက်ပြောလိုက်သည်။

"အဲဒီနောက်ပိုင်းမှာ ဂျပန် ဆယ့်လေးခုမြောက် ကြည်းတပ်က ကျွန်တော့်ကို ဝိုင်းတိုက်ခဲ့တယ်။ ကျွန်တော်က အဲဒီ စစ်တပ်ကို အနိုင်ယူခဲ့ပြီးတော့ F-15 တိုက်လေယာဉ် သုံးစင်းနဲ့ AH-1 ဟယ်လီကော်ပတာ ဆယ့်ရှစ်စင်းကို ဖျက်ချနိုင်ခဲ့တယ်"

"ဘယ်လို ...”

အခန်းတစ်ခုလုံး ငြိမ်သက် သွားတော့သည်။

အခြားလူများ နည်းတူ ချန်းဟွိုက်အန်းသည် ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ သူတို့၏ စိတ်တွင်မူ ချန်းဖန်၏ အဖြစ်အပျက် အစား  ဒဏ္ဍာရီ ဇာတ်လမ်း တစ်ပုဒ်ကို နားထောင်ရသည့် အလား ခံစားနေ ရတော့သည်။

***

All Chapters