← Chapters

ဂန္ထဝင် ဆိုသည်မှာ

Vol. 5 Ch. 404

ဂန္ထဝင် ဆိုသည်မှာ

Vol. 5 Ch. 404

ချန်းဖန် ပြောပြသည့် အထွတ်အထိပ်များ အကြောင်း၊ လဲ့ချန်းကျွယ်နှင့် အမှောင် သတ်မှတ်ချက် အကြောင်းများအား ချန်းကျန်းရှင်းနှင့် အခြားလူများမှာ ဝေဝေဝါးဝါး လက်ခံကြသေးသည်။ ထိုအကြောင်းအရာများက သူတို့နှင့် ဝေးကွာ လွန်းသည့်တိုင် ဖြစ်နိုင်ချေ ရှိသေးသည်။

သို့သော်လည်း ဆယ့်လေးခုမြောက် ကြည်းတပ်နှင့် တိုက်ပွဲအကြောင်း ကြားရသည့် အချိန်တွင်မူ မည်သို့မျှ မယုံကြည် နိုင်ကြတော့ချေ။ စစ်တပ်၏ အစွမ်းအား သူတို့ ကောင်းစွာ နားလည်သည်။

လူတစ်ဦးတည်းက ခေတ်မီ သတ်ဖြတ်ရေး ပစ္စည်းများ ပိုင်ဆိုင်ထားသော စစ်တပ်ကို မည်ကဲ့သို့ ဆန့်ကျင် တိုက်ခိုင်နိုင်မည်နည်း။

ချန်းဟွိုက်အန်းနှင့် ဝမ်ရှောင်ယွင်တို့ပင် ချန်းဖန်၏ ဇာတ်လမ်းက အဓိပ္ပာယ် မရှိဟု ခံစားမိသည်။

ဆယ့်လေးခုမြောက် ကြည်းတပ် မည်မျှပင် အားနည်းစေကာမူ အလွန် အန္တရာယ်များသော ခေတ်မီ လက်နက်များကို ပိုင်ဆိုင် ထားလိမ့်မည်။ ထို့အပြင် AH-1 ဟယ်လီကော်ပတာများ၊ F-15 တိုက်လေယာဉ်များလည်း ရှိသေးသည်။

အကယ်၍ ချန်းဖန်သာ ထိုသို့သော အင်အားစုကြီးအား အနိုင်ယူခဲ့သည် ဆိုပါက ဂန္ထဝင် ပုဂ္ဂိုလ်ဟု ရည်ညွှန်းရန်သာ ရှိတော့သည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ။ မင်းက စစ်တပ်ကို ဘယ်လို တိုက်ခိုက် လိုက်တာလဲ"

"ဆယ့်လေးခုမြောက် ကြည်းတပ်မှာရော လူ ဘယ်နှယောက်လောက် ပါလဲ။ သူတို့မှာ ခေတ်မမီ လက်နက်တွေရော ပါရဲ့လား။ သူတို့မှာ စက်သေနတ်တွေရော မပါဘူးလား။ နောက်ပြီး လေယာဉ်တွေကိုရော မင်းဘယ်လို ဖျက်ချလိုက်တာလဲ"

ချန်းကောရှင်းက မေးခွန်းပေါင်းများစွာကို တစ်ဆက်တည်း မေးလိုက်သည်။

ချန်းကျန်းရှင်းမှာမူ ရင်ထဲ၌ မေးခွန်းများ ပြည့်နေသည့်တိုင် ပါးစပ်ကို ပိတ်ထားခဲ့သည်။ ဤနေရာ၌ ချန်းဖန်၏ ဖခင် ရှိနေရာ သူသာ ဦးဆောင်၍ မေးသင့်သည်။

ချန်းနဉ်သည်လည်း လက်ထဲတွင် ကိုင်ထားသော လက်ဖက်ရည်အိုးမှ လက်ဖက်ရည်များ ကြမ်းပြင်သို့ ကျနေသည်ကိုပင် သတိမထားမိအောင် ချန်းဖန်ကို ကြည့်နေမိတော့သည်။

ထိုအထဲ၌ အနည်းငယ် တည်ငြိမ်နေသေးသူ ဆို၍ အဘိုးအို ချန်းဟွိုက်အန်း တစ်ယောက်သာ ရှိသည်။

"ဆယ့်လေးခုမြောက် ကြည်းတပ်က ဂျပန် ကာကွယ်ရေး တပ်မတော်ရဲ့ အဖွဲ့ခွဲ တစ်ခုဖြစ်ပြီးတော့ အင်အား လေးထောင်လောက် ရှိတယ်။ နောက်ပြီး သံချပ်ကာတင့်ကား ကိုးဆယ့်ခြောက်စင်း၊ AH-1 ဟယ်လီ ကော်ပတာတွေနဲ့ အဖေပြောတဲ့ စက်သေနတ်တွေ၊ အမြောက်တွေ အများကြီး ရှိတယ်။ F-15 တိုက်လေယာဉ်တွေ ကတော့ အသံထက်မြန်အောင် ပျံသန်းနိုင်တဲ့ စနစ်ပါတယ်"

ချန်းဖန်က သူတို့အား ဆယ့်လေးခုမြောက် ကြည်းတပ်အကြောင်း သူသိထားသမျှ အရာအားလုံးကို ပြောပြလိုက်သည်။ သူ ပို၍ ပြောလေလေ၊ ချန်းမိသားစုဝင်များ ပို၍ အံ့ဩလေလေ ဖြစ်နေတော့သည်။

နောက်ဆုံး၌ ဆယ့်လေးခုမြောက် ကြည်းတပ် အကြောင်းအား သူတို့ အပြည့်အဝ နားလည် သွားတော့သည်။ သို့သော်လည်း အခြား မေးခွန်းများ သူတို့၏ စိတ်အား စိုးမိုးလာပြန်၏။

ချန်းဖန်က ဆယ့်လေးခုမြောက် ကြည်းတပ်ကို အနိုင်ယူခဲ့သည်ဟု ဆိုသည်။ ဤသို့ဆိုလျှင် သူက မည်မျှအထိ အစွမ်းထက် နေသနည်း။ သူ၏ စွမ်းအားက တရုတ်၊ ရုရှား၊ အမေရိကန် စသည့် နိုင်ငံကြီးများကိုပင် ယှဉ်နိုင်သည် အထိ ကြီးထွားနေသည်လား။

ထိုအတွေးဖြင့် စာကြည့်ခန်း တစ်ခုလုံး ဆိတ်ငြိမ် သွားပြန်သည်။

ဝမ်ရှောင်ယွင်မှာမူ သားဖြစ်သူအား ကြည့်ရင်း သက်ပြင်းသာ ချနေမိတော့သည်။ သူမ၏ သားကား သာမန် လူသားများ၏ အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သူမ သဘောပေါက်မိသည်။ ချန်းဖန်၏ အဆင့်က နိုင်ငံ ခေါင်းဆောင်များနှင့်သာ တစ်စားပွဲတည်း ထိုင်ရန် ထိုက်တန်သည်။ မိသားစု၊ ကလန် နှင့် လုပ်ငန်းစု ခေါင်းဆောင်ကြီးများကား ချန်းဖန်နှင့် ခပ်ဝေးဝေးတွင် ပြတ်ကျန်ခဲ့ပြီ ဖြစ်သည်။

"အဓိပ္ပာယ် ရှိတယ် ... ဟန်မိသားစုက ရှောင်ဖန်ကို ဒီလောက် ကြောက်နေတာ မထူးဆန်းဘူးပဲ"

အဘိုးအို ချန်းဟွိုက်အန်း၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ထွက်ပေါ်လာခဲ့သည်။

"ဒါပေမဲ့ လူသား တစ်ယောက်က တင့်ကားတွေနဲ့ လေယာဉ်တွေကို အနိုင်ယူခဲ့တယ် ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ"

ချန်းကောရှင်းက နားမလည်စွာ မေးလိုက်သည်။

"အထွတ်အထိပ် ပညာရှင်တွေက စစ်တပ်ကို ဒူးထောက်စေနိုင်တဲ့ အထိ တကယ် အစွမ်း ထက်တာလား"

"အထွတ်အထိပ်တိုင်းက ကျွန်တော့်လို အစွမ်း မထက်ပါဘူး။ ဥပမာ လဲ့ချန်းကျွယ် ထားပါတော့။ သူမှာ စစ်တပ် တစ်တပ်လုံးကို အနိုင်ယူနိုင်တဲ့ စွမ်းအား မရှိသေးဘူး"

ချန်းဖန်က ခေါင်းခါလိုက်သည်။

"ကျွန်တော်ကတော့ သာမန် အထွတ်အထိပ် အဆင့် မဟုတ်ဘူးလေ။ သူတို့ကတော့ ကျွန်တော့်ကို တန်ခိုးရှင် အဆင့် အရှင်သခင်လို့ ခေါ်ကြတယ်"

"တန်ခိုးရှင် အဆင့် အရှင်သခင် ...”

လူတိုင်းက ထိုစကားလုံးကို ရေရွတ် လိုက်မိသည်။ ချန်းဖန်ကား "တန်ခိုးရှင်" ဟူသော ခေါင်းစဉ်တပ်ရသည် အထိပင် အလွန် အစွမ်းထက်နေခြင်း ဖြစ်ရမည်။

"ဂန္ထဝင် ... ငါ့တူက တကယ့် ဂန္ထဝင်ပဲ"

ချန်းကျန်းရှင်းက ဂုဏ်ယူစွာ ရေရွတ်လိုက်မိသည်။

"ဟန်မိသားစုက တကယ် ပါးနပ်တာပဲ။ သူတို့သာ ရှောင်ဖန်ကို ဆန့်ကျင်ရင် ကြုံတွေ့ရမယ့် အကျိုးဆက်ကို ပါးပါးနပ်နပ် ရှောင်နိုင်ခဲ့တယ်။ ရှောင်ဖန်နဲ့ ရန်သူဖြစ်ရတာက တရုတ် အစိုးရရဲ့ ရန်သူ ဖြစ်ရတာနဲ့ အတူတူပဲ"

ချန်းဟွိုက်အန်းက စဉ်းစဉ်းစားစား ပြောလိုက်သည်။

ဝမ်ရှောင်ယွင် အပါအဝင် လူတိုင်းက အဘိုးအို၏ စကားကို ခေါင်းညိတ်ထောက်ခံ လိုက်ကြသည်။

"ရှောင်ဖန် ငါတို့ မိသားစုထဲမှ ရှိနေသေးသမျှ ကျန်းနန်နယ်ရဲ့ ထိပ်ဆုံးကို ရောက်ဖို့ဆိုတာ ငါတို့ မိသားစုအတွက် မခက်တော့ဘူး"

ချန်းဟွိုက်အန်းက ပျော်ရွှင်စွာ ပြောလိုက်သည်။

ချန်းကျန်းရှင်းနှင့် ချန်းနဉ်တို့မှာမူ ချန်းဖန်အား တိတ်ဆိတ်စွာသာ ကြည့်နေခဲ့မိသည်။ ထိုကောင်လေးကား မိသားစု တစ်ခုလုံးထက်ပင် ပိုမို အစွမ်းထက် လွန်းသည်။ ချန်းမိသားစု ကောင်းစားလိုလျှင် သူအား ကျိန်းသေလိုအပ်သည်။

ဝမ်ရှောက်ယွင်နှင့် အန်ရာတို့ကမူ ချန်းဖန်အား ကြည်နူးစွာသာ ကြည့်နေမိခဲ့သည်။

"ဒါမှ ငါ့သား ... ငါ့သားက နိုင်ငံ ခေါင်းဆောင်တွေလောက် လွှမ်းမိုးမှု ရှိတဲ့ တကယ့် ဂန္ထဝင် ပုဂ္ဂိုလ်တစ်ယောက်ပဲ ...”

ဝမ်ရှောက်ယွင်က တွေးလိုက်သည်။ ခံစားချက်များကို မျက်နှာပေါ်၌ ထုတ်ပြခဲသည့် ချန်ကောရှင်းပင်လျှင် ဂုဏ်ယူစွာ ပြုံးနေခဲ့သည်။

မကြာခင်မှာပင် ချန်းကျန်းရှင်းနှင့် ချန်းနဉ်တို့သည် အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်ခွာ သွားတော့၏။ ချန်းဖန်က သူတို့အား အလုံးစုံ ပြောပြခဲ့သည့်တိုင် မေးခွန်းများ ရှိနေဆဲ ဖြစ်သည်။ ထိုစွမ်းအားများကို သူ မည်ကဲ့သို့ ရခဲ့သနည်း။ အခြား လူများကိုလည်း သူ့ကဲ့သို့ အစွမ်းထက်အောင် သင်ပြပေး နိုင်သည်လော။

သို့သော်လည်း ထိုသို့သော လျှို့ဝှက်ချက်များမှာ သူနှင့် အလှမ်း ဝေးနေကြောင်း ချန်းကျန်းရှင်း သဘောပေါက်မိသည်။ ထို အချက်အလက်များက ချန်းဖန်၏ အရင်းနှီးဆုံး လူများသာလျှင် သိသင့်သည်။ ထို့ကြောင့်ပင် သူ ချန်းနဉ်ကို ခေါ်ကာ အခန်းထဲမှ ရှောင်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ချန်းကျန်းရှင်းနှင့် ချန်းနဉ်တို့ ထွက်ခွာသွားပြီးနောက် အခန်းထဲတွင် ချန်းဖန်နှင့် သူ၏ အရင်းနှီးဆုံး မိသားစုဝင်များ ဖြစ်သည့် သူ့အဘိုး၊ အဖေ၊ အမေ၊ အမအန်ရာ တို့သာ ကျန်ခဲ့တော့သည်။

"အဘိုး၊ အဖေ၊ အမေနဲ့ အစ်မအန် ... ကျွန်တော် ခုပြောပြမှာတွေက အရမ်းလျှို့ဝှက်တဲ့ အကြောင်းအရာတွေပါ။ ဘယ်သူ့ကိုမှ ပြန်မပြောပြပါနဲ့။ မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေက မလွယ်ဘူး"

ချန်းဖန်က အလေးအနက် တောင်းဆိုလိုက်သည်။

အခြား လူများကလည်း လေးနက်စွာ ခေါင်းညိတ် လိုက်ကြသည်။ ချန်းဖန်က သူတို့အား အလွန် လျှို့ဝှက်သော အကြောင်းအရာများအား ပြောပြတော့မည် ဖြစ်ကြောင်း သူတို့ ရိပ်မိသည်။

ချန်းဖန်က သူတို့အား အကြောင်းအရာ အလုံးစုံကို ပြောပြထားသည် ဆိုသော်လည်း သူ၏ စွမ်းအားများ မည်သို့ ရရှိလာသည် ဆိုသော အကြောင်းမရာ မပါသေးချေ။ ထို့အပြင် ထိုစွမ်းအားများကို ဝူရှ ဒရမ်မာ ဝတ္ထုများ ကဲ့သို့ အခြားသူများအား လက်ဆင့်ကမ်းနိုင်၊ မကမ်းနိုင် ဆိုသော ပုစ္ဆာကလည်း ရှိနေသေးသည်။

ဝမ်ရှောင်ယွင်ပင်လျှင် စိတ်အလွန် လှုပ်ရှားနေခဲ့သည်။ အကယ်၍ သူမသာ သားဖြစ်သူကဲ့သို့ အစွမ်းထက်ပါက စီးပွားရေး ကမ္ဘာကို စိုးမိုးနိုင်ပေ လိမ့်မည်။ လက်ရှိ သူ၏ ကျင်းရှို့ လုပ်ငန်းစုမှာ ယွမ် တစ်ဆယ်ဘီလျံခန့် တန်ကြေး ရှိသော်လည်း ချန်းဖန်ကဲ့သို့သော လူမျိုးအတွက်မူ အဓိပ္ပာယ်၊ တန်ကြေး မရှိချေ။

"ခုပြောပြမှာက ကျွန်တော့်ရဲ့ စွမ်းအား ရင်းမြစ် အကြောင်းပဲ မဟုတ်ဘူး။ အဘိုးတို့၊ အဖေတို့ မကြားဖူးသေးတဲ့ အခြား လျှို့ဝှက်ချက်တွေလည်း ပါတယ်။ တကယ်လို့ အဘိုးတို့သာ ကျွန်တော့်လိုမျိုး ကျင့်ကြံမယ် ဆိုရင် ကျွန်တော့်လိုပဲ အစွမ်းထက် လာလိမ့်မယ်"

ချန်းဖန်က ပြုံးရင်း ပြောလိုက်သည်။

"တကယ်လား ...”

ဝမ်ရှောက်ယွင်က မေးလိုက်သည်။

"ဒါပေါ့ ...”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

လူတိုင်း၏ မျက်နှာများက ပျော်ရွှင်မှုဖြင့် ဝင်းလက်သွားသည်။ အန်ရာ၏ မျက်လုံးများမှာလည်း တလက်လက် တောက်ပနေသည်။

မည်သူက တန်ခိုးရှင် ကဲ့သို့သော ဖြစ်တည်မှုကို မတပ်မက်ပဲ နေမည်နည်း။

ချန်းဟွိုက်အန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"ခဏနေဦး ... ငါ့လို အဘိုးကြီးကတောင် ရှောင်ဖန်လို အစွမ်းထက်နိုင်မယ် ဆိုရင် ကမ္ဘာပေါ်မှာ ရှောင်ဖန်လို လူတွေ အများကြီး ရှိနေမှာပေါ့။ ဒါပေမဲ့ အထွတ်အထိပ် အဆင့် မပြောနဲ့။ အတွင်းအား ပညာရှင်ကို တွေ့ဖို့တောင် ဒီလောက် ရှားပါးနေတာ။ ဒါက ဘယ်လို ဖြစ်ရတာလဲ"

အဘိုးအို၏ မေးခွန်းကြောင့် ချန်းကောရှင်းနှင့် ဝမ်ရှောက်ယွင်တို့၏ မျက်နှာပေါ်မှ အပြုံးများ ပြန်လည် ပျောက်ကွယ်သွားသည်။

"ဟုတ်သားပဲ ...”

သူတို့က မျက်မှောင်ကြုတ် လိုက်သည်။ သူတို့၏ အသက်များက လေးဆယ်သို့ ကပ်နေပြီ ဖြစ်ကာ အဘိုးကြီး ချန်းမှာလည်း ရှစ်ဆယ်ခန့် ဖြစ်နေပြီ ဖြစ်သည်။

ဝူရှ ဝတ္ထုများထဲမှ ကျော်ကြားသော ဇာတ်လိုက်တိုင်းမှာ ကလေးဘဝကပင် စတင် လေ့ကျင့်ခဲ့သူများ ဖြစ်ကြသည်။ အကယ်၍ သူတို့ကဲ့သို့ လူကြီးများပင်လျှင် ချန်းဖန်ကဲ့သို့ အစွမ်းထက်အောင် ကျင့်ကြံနိုင်သည် ဆိုပါက ကမ္ဘာပေါ်၌ အထွတ်အထိပ်များ ပြည့်ကျပ် နေပေလိမ့်မည်။

"အဘိုးပြောတာ မှန်ပါတယ် ... တရုတ်နိုင်ငံ တစ်ခုလုံးမှာတောင် အထွတ်အထိပ် အဆင့် နှစ်ဆယ်လောက်ပဲ ရှိတယ်။ အတွင်းအား ပညာရှင်တောင် အတော်လေး ရှားပါးတယ်။ ကမ္ဘာ တစ်ခုလုံးမှာတောင် ကျွန်တော့်လို တန်ခိုးရှင် အဆင့်မပေါ်တာ ဆယ်စုနှစ် ချီနေပြီ"

ချန်းဖန်က ခေါင်းညိတ်ရင်း ဆက်ပြောလိုက်သည်။

"အဲဒါက ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ စွမ်းအင် ကျင့်စဉ်တွေက အရမ်း အဆင့်နိမ့်လို့ပဲ။ သူတို့က ကလေးဘဝတည်းက လေ့ကျင့်ခဲ့ပေမဲ့ လူတစ်သန်းမှာ တစ်ယောက်လောက်ပဲ ထူးထူးခြားခြား အောင်မြင်နိုင်တယ်။ ဒါကြောင့်မလို့ အထွတ်အထိပ် အဆင့် အရေအတွက်က အကန့်အသတ် ရှိနေတာပါ"

"ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျင့်စဉ်ကတော့ မတူဘူးလေ"

ချန်းဖန်၏ မျက်လုံးက လင်းလက် တောက်ပနေတော့၏။

***

All Chapters