ကျွန်တော်က တန်ခိုးရှင် လမ်းစဉ် ကျင့်ကြံသူ
Vol. 5 Ch. 405
"ဟုတ်ပြီ ... ဘယ်လို မတူတာလဲ"
ဝမ်ရှောက်ယွင်က မေးလိုက်၏။
ချန်းကောရှင်းနှင့် အဘိုးအို ချန်းဟွိုက်အန်း တို့ကလည်း ချန်းဖန်အား စိတ်ဝင်တစား ကြည့်ကြသည်။ ချန်းဖန်က လျှို့ဝှက်ချက်များကို ပြောပြတော့မည် ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိသည်။
ချန်းဖန်က စကားတစ်ခွန်းမှ မပြောသေးပဲ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ ပတ်ဝန်းကျင်အား စစ်ဆေးလိုက်သည်။ မည်သူမျှ မရှိကြောင်း သေချာသည်နှင့် သူက သင်္ကေတ တစ်ခုကို ရေးဆွဲပြီး ပစ်လွှတ်လိုက်သည်။ ထိုသင်္ကေတက အလင်းခုံး တစ်ခုသဏ္ဌာန် ပြောင်းလဲသွားပြီး စာကြည့်ခန်းကို ဖုံးအုပ်သွားသည်။
"အခန်းကို နည်းနည်း လုံခြုံအောင် လုပ်လိုက်တာပါ။ ခုဆို ကျွန်တော်တို့ ပြောသမျှကို အပြင်ဘက်ကနေ ကြားရတော့မှာ မဟုတ်ဘူး"
ချန်းဖန်က လေးနက်စွာ ပြောလိုက်သည်။ လူတိုင်းက ထိုင်ခုံများ၌ မြဲမြံစွာ ထိုင်ရင်း ချန်းဖန် ပြောပြမည့် အရာကို စိတ်ရှည်စွာ နားစွင့် နေကြသည်။
"ဒီကမ္ဘာပေါ်မှာ ကျင့်ကြံခြင်း အခက်အခဲတွေက အစွမ်းထက်တဲ့ သိုင်းသမား အရေအတွက်ကို သိသိသာသာ ဆွဲချထားခဲ့တယ်။ တရုတ်က ကျင့်ကြံရေး ဂိုဏ်းတွေ၊ ဂျပန်ရဲ့ အိုမိုင်ယိုချီ၊ ဆာမူရိုင်း နောက်ပြီး အိန္ဒိယရဲ့ ယောဂ၊ အနောက်နိုင်ငံတွေက အရှင်သခင်တွေ ... အားလုံးက ဒီပြဿနာနဲ့ ရင်ဆိုင်နေရတယ်"
ချန်းဖန်က ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
"ဥပမာ ထန်လုံတပ်ဖွဲ့ ဆိုပါတော့။ ဒီတပ်ဖွဲ့မှာ ပါဝင်တဲ့ အထူးစစ်သား တစ်ရာလောက်က ထောင်ချီတဲ့ စစ်သားတွေ အထဲက ရွေးထုတ် ထားခဲ့တာ။ ဒါပေမဲ့ အဲဒီထဲမှာ သိုင်းပညာရှင်က ငါးယောက် မပြည့်ဘူး။ တရုတ်ရဲ့ အစွမ်းအထက်ဆုံး အထူးတပ်ဖွဲ့လို့ ဆိုရမယ့် လုံဖန် အဖွဲ့မှာတောင် အရည်အချင်းမီတဲ့ စစ်သားက တစ်ရာ မပြည့်ဘူး။ ဒါတောင် လုံဖန် တပ်ဖွဲ့က ရဲ့နန်ထင်းရဲ့ လက်အောက်မှာ လေ့ကျင့် နေတာနော် ...”
"လင်းကျိုးမြို့ရဲ့ လုမိသားစု ဆိုရင် နှစ်ပေါင်း သုံးရာကျော် တည်တံ့ခဲ့တာတောင် ပိုင်ဆိုင်ထားတဲ့ အတွင်းအား ပညာရှင်က လေးဆယ် မပြည့်ဘူး"
"ဂျပန်ပြည်က စုဆမ်နို ဘုရားကျောင်း ဆိုရင် ကိုးကွယ် ဆည်းကပ်တဲ့သူ သောင်းချီရှိတယ်။ အဲဒီ အထဲမှာမှ အစွမ်းထက်တဲ့ ဓားသမား တစ်ရာလောက်ပဲ ပေါ်ထွက်ခဲ့တယ်"
"နောက်ပြီးတော့ ဟောင်ဂိုဏ်းဆိုရင် မြေအောက် လောကကို ရာစုနှစ်နဲ့ ချီပြီး လွှမ်းမိုးနိုင်ခဲ့ပြီး ကမ္ဘာ့ အစွမ်းအထက်ဆုံး ဂိုဏ်းကြီးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အထွတ်အထိပ် အဆင့် ခုနစ်ယောက်ပဲ ရှိတယ်"
"အဲဒီ အချက်အလက်တွေက ကျင့်ကြံခြင်း လမ်းကြောင်းက ဘယ်လောက်ခက်လဲ ဆိုတာ သက်သေပြနေတယ်"
ချန်းဖန်က ဥပမာ အချို့ပေး၍ ရှင်းလင်း ပြောပြလိုက်သည်။
"အတွင်းအားကို ရရှိဖို့ ဆိုရင် ငယ်ငယ်တည်းက ကျင့်ကြံဖို့ လိုတယ်။ အတွေ့အကြုံ ရင့်ကျက်တဲ့ ဆရာရဲ့ လမ်းညွှန်မှုနဲ့ ဆိုရင်တော့ တပည့် တစ်ယောက်က ဆယ်နှစ်အတွင်း အတွင်းအား အခြေခံ အောင်မြင်ခြင်း အဆင့်ကို ရောက်နိုင်တယ်။ အဲဒီအဆင့် ရောက်ပြီးရင် အတွင်းအား စဦး အဆင့်ကို ရောက်ဖို့ အဆုံးစွန်သော လေ့ကျင့်မှုတွေ လိုအပ်တယ်။ ဒါပေမဲ့ လူတစ်သောင်းမှာ တစ်ယောက်ပဲ အဲဒီအဆင့်ကို ရောက်ကြတယ်"
"အဲဒီ အထဲကမှ လက်တစ်ဆုပ်စာကပဲ အတွင်းအား ထိပ်သီး အဆင့်ကို ရောက်ပြီး အထွတ်အထိပ် အဆင့်အတွက် အိပ်မက် မက်နိုင်ကြတယ်"
"အထွတ်အထိပ် ဖြစ်သွားတဲ့ ပညာရှင်တွေတိုင်းက ပါရမီလည်း အရမ်းပါကြသလို မမျှော်မှန်းနိုင်တဲ့ ကံကောင်းမှုတွေ၊ အထောက်အပံ့တွေလည်း လိုအပ်တယ်"
"ကျွန်တော် သိသလောက် အသက်လေးဆယ် မပြည့်ခင် အထွတ်အထိပ် အဆင့်ကို ရောက်တာ ငါးယောက်ပဲ ရှိတယ်။ အခြားလူတွေက အသက် ငါးဆယ်ကျော် ခြောက်ဆယ်လောက် ကျမှ ရောက်ကြတာ များတယ်"
လူတိုင်းက ခေါင်းညိတ် လိုက်ကြသည်။ ကြားရသမျှ အားလုံးက အသစ်အဆန်းများ ဖြစ်နေသောကြောင့် သူတို့၏ စိတ်များကမူ အလွန် လှုပ်ရှား နေကြတော့သည်။
"အထွတ်အထိပ် အဆင့်က အကန့်အသတ် မဟုတ်သေးဘူး။ အဲဒီနောက်မှာ တန်ခိုးရှင် အဆင့် ဆိုတာ ရှိသေးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ငါးဆယ် အတွင်း တန်ခိုးရှင် အဆင့် တစ်ယောက်မှ ပေါ်ထွက် မလာခဲ့ဘူးတဲ့"
ချန်းဖန်က ပြောရင်း ခေါင်းခါလိုက်သည်။
"အစီအရင် ပညာရှင်တွေ၊ အရှင်သခင်တွေနဲ့ ယှဉ်ရင် သိုင်းပညာရှင်တွေရဲ့ လမ်းကြောင်းက နည်းနည်း ပိုလွယ်ကူတယ်။ ဒါကြောင့်မလို့ အိုမိုင်ယိုချီတွေ၊ အစီအရင် ပညာရှင်တွေက ပိုပြီးတော့ ရှားပါးတယ်။ ကျွန်တော့်မှာ ဝူရှန့်ဟယ် ဆိုတဲ့ နာမည်ခံ တပည့် တစ်ယောက် ရှိတယ်။ သူ့ရဲ့ ယင်တစ္ဆေ ဂိုဏ်းက ကျောင်းကျိုးရဲ့ အကြီးဆုံး ဂိုဏ်းကြီး တစ်ခုပဲ။ ဒါပေမဲ့ အဖွဲ့ဝင် အရေအတွက်က ငါးယောက်ပဲ ရှိတယ်"
"အရှင်သခင် ဆိုတဲ့ ပညာရှင်တွေ ကိုတော့ အနောက်နိုင်ငံတွေမှာ တွေ့ရတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းက လွယ်ကူသလို ရှိပေမဲ့ အဆင့်မြင့်လာဖို့ အရမ်းခက်တယ်။ သူတို့ရဲ့ သဘာဝ စွမ်းအားတွေ နိုးထလာဖို့ အတွက် ကျင့်စဉ်တွေနဲ့ တန်ဖိုးကြီး အထောက်အကူ ပစ္စည်းတွေ လိုအပ်တယ်။ ဥပမာ အသက်ဓာတ် ကောင်းကင် ရေလိုမျိုးပေါ့ ...”
"အရှင်သခင် တစ်ယောက် မွေးထုတ်ဖို့က အရမ်း တန်ဖိုး ကြီးလွန်းတယ်။ ဒါကြောင့်မလို့ သူတို့ကို မွေးထုတ်နိုင်မယ့် တန်ကြေး၊ ကုန်ကျစရိတ်တွေကို ခေတ်မီ စစ်တပ်တွေ၊ လက်နက်တွေ တပ်ဆင်တဲ့ နေရာမှာပဲ အသုံးချကြ တော့တယ်။ အထွတ်အထိပ် တစ်ယောက် ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ခေတ်မီစစ်တပ် တစ်ခုကိုတော့ မယှဉ်နိုင်ဘူး မလား"
ဝမ်ရှောက်ယွင်နှင့် အခြားလူများက တစ်ယောက်ကို တစ်ယောက် လေးပင်စွာ ကြည့်လိုက်ကြသည်။ အထွတ်အထိပ် တစ်ယောက်ဖြစ်ရန် မည်မျှ ခက်ခဲသည်ကို သူတို့ နားလည်သွားကြပြီ ဖြစ်သည်။
ကံ၊ ဉာဏ်၊ ဝီရိယ၊ ပါရမီ အပြင် ဆရာကောင်းနှင့် အထောက်အပံ့ ပစ္စည်းများစွာ ရမှသာ အထွတ်အထိပ် အဆင့်ကို တက်လှမ်း နိုင်ပေလိမ့်မည်။
"ရှောင်ဖန် ... မြေးပြောသလိုဆို မြေးက ဘယ်လို အထွတ်အထိပ် တစ်ယောက် ဖြစ်လာခဲ့တာလဲ။ နောက်ပြီး မြေးက အသက်နှစ်ဆယ် မပြည့်သေးခင် ဘယ်လို တန်ခိုးရှင် အဆင့်ကို ရောက်သွားရတာလဲ။ မြေးရဲ့ အသက်နဲ့ မြေးရထားတဲ့ အောင်မြင်မှုတွေက ... နောက်ပြီး အဘိုးတို့ကရော မြေးလို ပါရမီမှ မပါတာ"
ချန်းဟွိုက်အန်းက တွေးတောရင်း ပြောလိုက်သည်။
ဝမ်ရှောင်ယွင်တို့ကလည်း ခေါင်းညိတ်လိုက်သည်။ ချန်းဖန်၏ ပြောစကား အရဆိုလျှင် အတွင်းအား ပညာရှင်ဖြစ်ရန် သူမတို့ အတွက် မျှော်လင့်ချက် မရှိတော့ချေ။
"အဘိုး ... ကျွန်တော် ပြောပြီးပြီလေ ... ကျွန်တော့်ရဲ့ ကျင့်စဉ်က သူတို့နဲ့ မတူဘူးလို့"
ချန်းဖန်က ပြုံးရင်း ပြောလိုက်သည်။
"ဟုတ်သားပဲ ... ဘယ်လို မတူတာလဲ"
လူတိုင်းက သေချာစွာ နားစွင့်ထား လိုက်ကြသည်။
"သူတို့က သိုင်းပညာ၊ အစီအရင်၊ အိုမိုင်ယိုချီ၊ အရှင်သခင် စတဲ့ လမ်းစဉ်တွေကို လိုက်စားကြတာ။ ဒါပေမဲ့ ကျွန်တော်ကတော့ တန်ခိုးရှင် လမ်းစဉ် ကျင့်ကြံသူပါ"
ချန်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"တန်ခိုးရှင် လမ်းစဉ် ကျင့်ကြံသူ ...”
လူတိုင်းက တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအရာက မည်သို့သော အရာနည်း။
"အဲဒါက ဘုရားသခင်လို အစွမ်းတွေရအောင် ကျင့်ကြံတာမျိုးလား ...”
ချန်းဟွိုက်အန်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"အတိအကျတော့ မဟုတ်ဘူး။ တန်ခိုးရှင် ကျင့်ကြံခြင်း လမ်းစဉ် ဆိုတာက ဆင့်ကဲ့ ပြောင်းလဲခြင်း ဖြစ်အောင် တွန်းအားပေးတာ လိုမျိုးပဲ။ အစစ်အမှန် တန်ခိုးရှင် တစ်ယောက် ဖြစ်လာပြီ ဆိုရင် ကျင့်ကြံသူတွေဟာ တောင်တွေကို ရွေ့လျားစေပြီး ပင်လယ်ကို ခန်းခြောက် စေနိုင်တဲ့ အစွမ်းတွေ ပိုင်လာကြတယ်"
"ဒါက ... မဖြစ်နိုင်တာ"
ဝမ်ရှောင်ယွင်နှင့် အခြားလူများကား ယုံတမ်း ဒဏ္ဍာရီ တစ်ပုဒ်ကို နားထောင် နေရသည့် အလား ခံစားနေရတော့သည်။
တောင်ကို ရွှေ့ပြီး ပင်လယ်ကို ခန်းခြောက်စေသည့် စွမ်းအားမျိုး မဆိုထားနှင့်။ ချန်းဖန်၏ စစ်တပ်ကို ဖြိုဖျက်ခဲ့သော စွမ်းအားကပင်လျှင် သူတို့အတွက် မယုံကြည်နိုင်စရာ ကောင်းနေပြီ ဖြစ်သည်။ ထိုစွမ်းအားမျိုးက "အနောက် အရပ်သို့ ခရီးသွားခြင်း" ဝတ္ထုထဲမှ ဗုဒ္ဓ ဂေါတမ၏ တန်ခိုး အလား ဒဏ္ဍာရီ ဆန်လှသည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ ... နှစ်သောင်းချီ ကျင့်ကြံတာနဲ့ အဲဒီလို စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာတော့ အဲဒီလို ကျင့်ကြံဖို့ မဖြစ်နိုင်ဘူး။ ဒီမှာက အများဆုံး မူလ ဝိညာဉ် အဆင့်ကိုပဲ ရောက်နိုင်တယ်"
ချန်းဖန်က ခေါင်းခါရင်း ပြောလိုက်သည်။
"ဒါဆို သိုင်းပညာရှင်တွေနဲ့ တန်ခိုးရှင် ကျင့်ကြံသူတွေ ကြားမှာ ဘာတွေ ကွာခြားလဲ"
အန်ရာက နူးညံ့စွာ မေးလိုက်သည်။
"မြေးပြောပုံ အရ တန်ခိုးရှင် ကျင့်ကြံသူတွေက သိုင်းသမားတွေထက် ပိုပြီး အစွမ်းထက်တယ် ဆိုရင် တန်ခိုးရှင့် ကျင့်ကြံသူတွေ လေ့ကျင့်ဖို့က သိုင်းသမားတွေထက် ပိုခက်ခဲမှာလား"
ချန်းဟွိုက်အန်းကလည်း နားမလည်စွာ မေးလိုက်သည်။
ချန်းဖန်က တည်ငြိမ်စွာ ပြုံးလိုက်ရင်း …
"အဘိုးတို့မှာက ကျွန်တော် ရှိနေပြီပဲလေ။ သိုင်းပညာလမ်းစဉ်က ခက်ခဲပြီး ပါရမီရှိဖို့ လိုအပ်တယ်။ ဒါပေမဲ့ အဘိုးတို့သာ ကျွန်တော့် လမ်းစဉ်ကို လိုက်မယ် ဆိုရင်တော့ တန်ခိုးရှင် ကျင့်ကြံသူတွေ လွယ်လွယ် ဖြစ်လာနိုင်တယ်"
"ဘယ်လို ...”
လူတိုင်း အလွန် အံ့အားသင့် သွားကြတော့သည်။
အဘိုးအို ချန်းဟွိုက်အန်း ဆိုလျှင် လက်ထဲမှ လက်ဖက်ရည် ခွက်ကိုပင် မြဲအောင် မကိုင်နိုင်တော့သည် အထိ တုန်လှုပ် နေတော့သည်။
"မြေးပြောတာက အဘိုးအပါအဝင် အားလုံး ဖြစ်နိုင်တယ်လား"
ချန်းဟွိုက်အန်းက တုန်ရီစွာ မေးလိုက်သည်။
"တန်ခိုးရှင် ကျင့်ကြံခြင်း လမ်းစဉ်ရဲ့ နှလုံးသားက တန်ခိုးရှင် တာအိုပဲ။ တန်ခိုးရှင် တာအို နှလုံးသားကို ပိုင်ဆိုင်ထားမယ် ဆိုရင် ဘယ်သူမဆို တန်ခိုးရှင် ဖြစ်နိုင်တယ်"
ချန်းဖန်က ရှင်းပြလိုက်သည်။
"နောက်ပြီး တန်ခိုးရှင် လမ်းစဉ်ကို လျှောက်လှမ်းဖို့ အတွက် ဝိညာဉ်ချီ လိုအပ်တယ်။ ကမ္ဘာပေါ်မှာက ဝိညာဉ်ချီ မရှိသလောက် ခန်းခြောက်နေပြီ။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေအားလုံးကို ကျင့်ကြံဖို့ မထောက်ပံ့ ပေးနိုင်ဘူး။ အဘိုးတို့ကို ကျင့်ကြံခြင်း နည်းစနစ်တွေ ကျွန်တော် သင်ပေးမယ်။ ချန်းမိသားစု တစ်ခုလုံး အတွက်တော့ အဆင်သင့် မဖြစ်သေးဘူး ထင်တယ် ...”
ချန်းဖန်က လေးပင်စွာ ပြောလိုက်သည်။
***