← Chapters

ကျင့်ကြံခြင်း ခရီးလမ်း

Vol. 5 Ch. 406

ကျင့်ကြံခြင်း ခရီးလမ်း

Vol. 5 Ch. 406

"ဒီ အချက်အလက်တွေက တကယ့် လျှို့ဝှက်ချက်တွေပဲ။ တကယ်လို့ အပြင်ကို ပြန့်သွားရင် ကမ္ဘာ တစ်ခုလုံးက လူတွေကို ဆွဲဆောင်သလို ဖြစ်သွားလိမ့်မယ်။ ဒီလို စွမ်းအားတွေ ရဖို့ဆို နိုင်ငံကြီးတွေ အပါအဝင် လူတိုင်းက ဘာပဲလုပ်ရ လုပ်ရ လုပ်ကြမှာ"

ချန်းဟွိုက်အန်းက စိတ်ကို စုစည်းရင်း ပြောလိုက်သည်။

ချန်းကောရှင်း၊ ဝမ်ရှောက်ယွင်နှင့် အန်ရာတို့ကလည်း သဘောတူဟန် ခေါင်းညိတ်လိုက်သည်။ ထိုလျှို့ဝှက်ချက်၏ အလေးချိန်က ကြီးမားလွန်းသည်။

"ရှောင်ဖန် ... နင့်ရဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေက လူတိုင်းကို နင့်ကို အစွမ်းထက်အောင် လုပ်နိုင်တာလား"

အန်ရာက ချန်းဖန်အား ကြည့်ရင်း မေးလိုက်သည်။ ဝမ်ရှောက်ယွင်တို့ ကလည်း ချန်းဖန်အား မျှော်လင့်တကြီး ကြည့်လိုက်သည်။

"အင်း ... ဒါပေမဲ့ ဘယ်သူမှ အိုင်းစတိုင်းလို နယူတန်လို လွယ်လွယ် မဖြစ်နိုင်ဘူးလေ။ အချို့က မူလတန်းနဲ့ ကျောင်းထွက်ရတယ်။ အချို့က အလယ်တန်း၊ အထက်တန်း စသဖြင့်ပေါ့။ အဲဒီလိုပဲ ကမ္ဘာပေါ်မှာ ကျင့်ကြံဖို့က ဝိညာဉ်ချီ ရှားပါးလွန်းတယ်"

ချန်းဖန်က ရှင်းပြလိုက်သည်။ စကြဝဠာ အတွင်းရှိ ကျင့်ကြံခြင်း ဂိုဏ်းပေါင်း များစွာတွင်ပင် အစစ်အမှန် တန်ခိုးရှင် ဖြစ်လာသူဆို၍ လက်တစ်ဆုပ်စာသာ ရှိသည်။ ကျင့်ကြံခြင်း လောက၏ နှစ်ပေါင်းသန်းချီ သမိုင်းကြောင်းတွင်ပင် မြောက်ပိုင်း ကောင်းကင် အရှင်သခင် ဟူ၍ ချန်းဖန် တစ်ယောက်တည်းသာ ရှိခဲ့သည်။

"တန်ခိုးရှင် လမ်းစဉ်မှာ ချီသန့်စင်ခြင်း၊ မူလဝိညာဉ်၊ ရွှေအမြုတေစတဲ့ အဆင့်တွေ ရှိတယ်။ ချီသန့်စင်ခြင်း အဆင့်ကိုတောင် အခြေခံ တည်ဆောက်ခြင်း အဆင့်၊ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်၊ ဝိညာဉ်ပင်လယ် အဆင့် ဆိုပြီး အဆင့်သုံးဆင့် ထပ်ခွဲထားသေးတယ်။ အဲဒီ အဆင့်သုံးဆင့် ကိုတော့ ဒီကမ္ဘာပေါ်မှာ အောင်မြင်အောင် ကျင့်ကြံနိုင်ဖို့ ရှိတယ်"

ချန်းဖန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

"ကျင့်ကြံခြင်း လမ်းစဉ်က လွယ်ကူသလို ရှိပေမဲ့ အစွမ်းထက် ကျင့်စဉ်တွေ၊ အထောက်အကူတွေ၊ ကံကောင်းမှုတွေလည်း လိုအပ်တယ်"

ချန်းဟွိုက်အန်းနှင့် အခြားလူများက ခေါင်းညိတ် လိုက်ကြသည်။ သူတို့ သဘောပေါက်စ ပြုလာခဲ့ပြီ ဖြစ်သည်။

အကယ်၍ လူတိုင်းသာ ချန်းဖန်ကဲ့သို့ အစွမ်းထက်နိုင်ပါက ကမ္ဘာကြီး ဇောက်ထိုး ဖြစ်သွားပေလိမ့်မည်။ ကျင့်ကြံခြင်း လမ်းစဉ်ကို စတင် လျှောက်လှမ်းရန်မှာ လွယ်ကူသော်လည်း အစွမ်းထက် လာရန်မှာမူ ထင်သလောက် မလွယ်ချေ။ သိုင်းပညာ လမ်းစဉ် ကဲ့သို့ပင် တန်ခိုးရှင် လမ်းစဉ်သည်လည်း ကျင့်စဉ်များ၊ အရင်းအမြစ်များ၊ ပါရမီများ လိုအပ်သေးသည်။

"ဒါဆို သားက ပါရမီရှင် တစ်ယောက်ပေါ့ ... ဒါကြောင့် သားရဲ့ ကျင့်ကြံခြင်းက အရမ်းမြန်နေတာပဲ"

ဝမ်ရှောက်ယွင်က ဂုဏ်ယူစွာ ပြောလိုက်သည်။

ချန်းဖန်က အမေဖြစ်သူ၏ ချီးမွမ်း စကားကြောင့် ပြုံးလိုက်မိသည်။ ထို့နောက် ထိုင်ရာမှ ထရပ်ရင်း ပြောလိုက်သည်။

"အဘိုး၊ အဖေ၊ အမေ၊ အမအန် ... အားလုံးကို ကျွန်တော် ပြစရာ ရှိတယ်"

အားလုံးက ထိုင်နေရာမှ ထရပ်ရင်း ချန်းဖန် နောက်သို့ လိုက်လာခဲ့တော့သည်။

ချန်းဖန်က သူတို့အား ဦးဆောင်၍ အရှေ့တောင်ကြား ဒေသသို့ ခေါ်လာခဲ့သည်။ သူက တောင်ထိပ် ရှိရာသို့ ဦးတည်လိုက်၏။

တောင်ထိပ်သို့ ရောက်ရန် လမ်းတစ်ဝက်ကျိုး အရောက်၌ ဝမ်ရှောက်ယွင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"ရှောင်ဖန် ... အမေတို့ကို ခု ဘယ်နေရာ ခေါ်သွားနေတာလဲ။ ဒီနေရာမှာ ဘာထူးခြားတာမှ မရှိပါဘူး။ သားက တောင်ကြားကို အတင်းဝယ် ခိုင်းပြီးတော့ ဘာမှ မလုပ်ပဲ ပစ်ထားတာပဲ။ ဒါက ပိုက်ဆံ ...”

"တော်တော့ ... ရှောင်ဖန်က ဒီကို အကြောင်းပြချက် မရှိဘဲ ခေါ်လာမှာ မဟုတ်ဘူး"

ချန်းကောရှင်းက ဇနီးဖြစ်သူ၏ စကားကို ဖြတ်၍ ပြောလိုက်သည်။

ချန်းဟွိုက်အန်းနှင့် အန်ရာတို့ကမူ ပါးစပ်ပိတ်ရင်း ချန်းဖန်ကိုသာ မှီအောင် လိုက်နေကြသည်။

သိပ်မကြာခင်မှာပင် တောင်ထိပ်သို့ သူတို့ ရောက်လာခဲ့သည်။ တောင်ထိပ်၏ အခြားတစ်ဖက် တောင်ကြား တစ်ခုလုံးတွင်မူ မြူများ ပိန်းပိတ်အောင် မှိုင်းနေရာ မည်သည်ကိုမှ မြင်နိုင်စွမ်း မရှိချေ။

လူတိုင်းက ချန်းဖန်အား နားမလည်နိုင်စွာ ကြည့်လိုက်သည်။

အဘယ်ကြောင့် ချန်းဖန်က သူတို့အား ဤနေရာသို့ ခေါ်လာရ သနည်း။

ချန်းဖန်က တည်ငြိမ်စွာပင် မြေပြင်အား ဆောင့်နင်းရင်း ရေရွတ်လိုက်သည်။

"နိုးထ ...”

ရုတ်တရက် မိုးကြိုး ထစ်ချုန်းသံများနှင့် အတူ မြူနှင်းများ ကျဲပါးသွားပြီး အရှေ့တောင်ကြား ဒေသက ရှင်းလင်းစွာ ပေါ်လာခဲ့တော့သည်။

"ဘုရားရေ ...”

ဝမ်ရှောက်ယွင်နှင့် အန်ရာတို့မှာ သူမတို့၏ ပါးစပ်များအား မယုံကြည်နိုင်စွာ ပိတ်လိုက်မိ ကြသည်။ ချန်းကောရှင်းနှင့် ချန်းဟွိုက်အန်းတို့ပင်လျှင် အိပ်မက် တစ်ခုအလား ခံစားနေကြ ရသည်။

အရှေ့တောင်ကြား ဒေသ တစ်ခုလုံးကား အဇူရာရောင် ဖျော့ဖျော့ ဖုံးအုပ်နေကာ သစ်ပင် ပန်းမန်များဖြင့် ပြည့်နှက်နေသည်။ အရာအားလုံးက ကလေးငယ်များ အိပ်မက် ကမ္ဘာမှ ဒဏ္ဍာရီ နတ်သမီး တိုင်းပြည်နှင့်ပင် တူနေတော့သည်။ နေရာ အနှံ့အပြားတွင် ဆန်းကြယ်သော ဆေးပင်များကလည်း ပြန့်ကျဲပေါက်နေကာ မျက်လုံးဖြင့် မြင်ရလောက်အောင် ကြီးထွား ဖွံ့ဖြိုးနေကြသည်။

"ဓမ္မ အစီအရင်တွေရဲ့ အောက်မှာ ငါတို့က မျက်ကန်းတွေပါပဲလေ။ အရှေ့တောင်ကြား ဒေသကို ငါ အခါခါ ရောက်ခဲ့ပေမဲ့ ဒီလို ဆန်းကြယ်တာတွေ မတွေ့ဖူးခဲ့ဘူး"

ချန်းဟွိုက်အန်းက မယုံကြည်နိုင်မှုဖြင့် ခေါင်းအား ခါယမ်းလိုက်၏။

"ဒါကြောင့်ပဲ အရှေ့တောင်ကြား ဒေသကို ကျွန်တော် လိုချင်တာ။ ဒီနေရာမှာ ဝိညာဉ် ဆေးပင်တွေ ကျွန်တော် စိုက်ထားသေးတယ်"

ချန်းဖန်က ပြောရင်း ရှေ့သို့ လှမ်းလိုက်သည်။

"ကျွန်တော့်ရဲ့ ခြံလေးကို သွားကြည့်ကြစို့ ...”

"အဟမ်း ...”

လူတိုင်းက ချောင်းဟန့် လိုက်ကြသည်။

"သား ... ရှေ့မှာက ချောက်ကြီးလေ။ ဘယ်လို သွားရမှာလဲ။ အမေတို့ကမှ သားလို လေပေါ် မပျံနိုင်တာ"

ဝမ်ရှောင်ယွင်က ပြောလိုက်သည်။

ချန်းဖန်က ရှေ့သို့ အနည်းငယ် လျှောက်ရင်း မြေပြင်အား ဆောင့်နင်း လိုက်ပြန်သည်။

"နိုးထ ...”

အစိမ်းရောင် နဂါး အစီအရင်က သူ၏ အမိန့်အောက်၌ လှုပ်ရှားလာပြီး တိမ်များကို စုစည်းသည်။ တိမ်များက ကျစ်လျစ် သိပ်သည်းကာ သူတို့အား လမ်းခင်းပေးသည်။

ယွမ်ရှောင်ယွင်နှင့် အန်ရာတို့မှာ အနည်းငယ် တွန့်ဆုတ် နေသော်လည်း ချန်းကောရှင်းနှင့် ချမ်းဟွိုက်အန်းတို့မှာမူ ချန်းဖန်၏ နောက်မှ ခပ်သွက်သွက် တိမ်ခင်းလမ်းကို လျှောက်လိုက်သည်။ သူတို့ကား အရှေ့တောင်ကြား မြင်ကွင်းကို အထက်စီးမှ ကြည့်ရင်း လေညင်းပင် ခံနေလိုက် သေးသည်။

သိပ်မကြာခင်မှာပင် အဖြူရောင် နဂါးတစ်ကောင် သူတို့ထံ ပျံဝဲလာကာ လူတိုင်း လန့်ဖျပ် သွားကြပြန်သည်။ ချန်းဖန် အကြိမ်ကြိမ် ရှင်းပြသော အခါတွင်မှ ထိုနဂါးမှာ အစီအရင် ဝိညာဉ်ဖြစ်ကြောင်း သူတို့ လက်ခံလိုက်ကြသည်။

သူတို့ "မြောက်ပိုင်းချုံး နန်းတော်" သို့ ရောက်သည့် အချိန်၌ ထုံရှန်းနှင့် ယူကီရှီရိုဆာတို့က ဝင်ပေါက်တွင် ကြိုဆိုနေခဲ့သည်။

ဧည့်သည်များ ပါလာသည်အား တွေ့သည်နှင့် ယူကီရှီရိုဆာက နှုတ်ဆက်လိုက်သည်။

"ကျွန်မ နာမည်က ယူကီရှီရိုဆာပါ။ ကြိုဆိုပါတယ်ရှင် ...”

"ရှောင်ဖန် ... သူလေးက ဘယ်သူလဲ"

ဝမ်ရှောက်ယွင်က မေးလိုက်သည်။ အန်ရာကလည်း သူမအား အံ့အားသင့်စွာ ကြည့်သည်။

ယူကီရှီရိုဆာသည် အစိမ်းရောင် နဂါး အစီအရင်အတွင်း နေပြီးချိန်မှ စ၍ အသားအရေက ကျောက်စိမ်းနှယ် ချောမွေ့ကြည်လင် လာသည့် အပြင် ရုပ်ရည်ကလည်း နတ်သမီး ပန်းချီကား တစ်ချပ်နှယ် လှပလာသည်။

"ကျွန်မက အစေခံ ယူကီရှီရိုဆာပါရှင် ...”

ယူကီရှီရိုဆာက ကပျာကယာ ရှင်းပြလိုက်သည်။

"အဖေနဲ့ အမေ ... သူက ကျွန်တော်ပြောတဲ့ ဂျပန် နိုင်ငံ ယူကီရှီရို မိသားစုရဲ့ ခေါင်းဆောင်ပါ။ ကျွန်တော့်ကြောင့်ပဲ သူ့ကို ဂျပန် အစိုးရက အသေအလဲ လိုချင်နေတာ။ အဲဒါကြောင့် ဒီကို လိုက်လာခဲ့တာပါ"

ချန်းဖန်ကလည်း တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်သည်။ ဝမ်ရှောက်ယွင်က ယူကီရှီရိုဆာကို ချန်းဖန်၏ အိမ်သူဟု ထင်နေပုံ ရသည်။

"မြောက်ပိုင်းချုံး နန်းတော်" သို့ ဝင်ရောက်ပြီးနောက် ချန်းဖန်က သူတို့အား ကျင့်ကြံခြင်း နည်းလမ်းများ သင်ကြားပေး လိုက်သည်။

ချန်းမိသားစုဝင်များမှာ သုည အခြေအနေမှ စရမည် ဖြစ်ရာ သူတို့အား အခြေခံ တည်ဆောက်ခြင်း အဆင့်၏ အခြေခံ အကျဆုံး ကျင့်စဉ်ဖြစ်သည့် "ချီကကြိုး" သန့်စင်ခြင်း ကျင့်စဉ်ကို သင်ကြားပေး လိုက်သည်။ ထိုကျင့်စဉ်မှာ ချန်းဖန် ကျင့်ကြံသည့် "အာကာသ သန့်စင်ခြင်း" ကျင့်စဉ်ကဲ့သို့ အလွန် စွမ်းမထက် သော်လည်း သင်ကြား၍ လွယ်ကူသလို အကျိုး အာနိသင်ကလည်း ကောင်းမွန်သည်။ ထိုကျင့်စဉ်၏ အဓိက အားသာချက်မှာ ကျင့်ကြံသူ၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်ခြင်း ဖြစ်သည်။

ချန်းကောရှင်းနှင့် ဝမ်ရှောက်ယွင်တို့မှာ အလုပ်များသူများ ဖြစ်ကြရာ ကျင့်ကြံခြင်း၌ အမြဲတစေ အာရုံစိုက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် ဖြည်းဖြည်း မှန်မှန် "ချီကကြိုး" သန့်စင်ခြင်း ကျင့်စဉ်ကသာ သူတို့အတွက် သင့်တော်သည်။

တစ်ပတ်ခန့် ကြာပြီးနောက် ချန်းမိသားစုဝင်များမှာ ကျင့်ကြံခြင်း လမ်းကြောင်းအား ကောင်းစွာ ခြေချနိုင်ခဲ့သည်။ အစိမ်းရောင် နဂါး အစီအရင်နှင့် ဝိညာဉ်ဆေးပင် များကလည်း သူတို့၏ ကျင့်ကြံခြင်းကို ထိရောက်စွာ ထောက်ပံ့ပေးသည်။

ချန်းဟွိုက်အန်းနှင့် အန်ရာမှာ အခြား နှစ်ယောက်ထက် ပို၍ ကျင့်ကြံခြင်း၌ ပါရမီပါပုံ ပေါ်သည်။ သူတို့နှစ်ယောက်သည် ရက်အနည်းငယ် အတွင်းမှာပင် အတွင်းအား အခြေခံ အဆင့်ထိ အောင်မြင်သွားကြ၏။

"အဘိုးက ကြမ်းတမ်းရဲ့ လောကမှာ သွေးအေးတဲ့အထိ ကျင်လည်ခဲ့တဲ့ သူတစ်ယောက်ပဲ။ နောက်ပြီး အစ်မအန်ကတော့ အသေးစိတ်ကို အာရုံစိုက်နိုင်တယ်။ သူတို့ နှစ်ယောက်ရဲ့ စရိုက်က ကျင့်ကြံဖို့ သင့်တော်တယ်။ အဖေနဲ့ အမေကတော့ အခြား ကိစ္စတွေနဲ့ အာရုံများ နေတာကြောင့် ကျင့်ကြံတဲ့ နေရာမှာ နောက်ကျနေတာ"

ချန်းဖန်က တွေးလိုက်သည်။

သို့သော်လည်း မိဘတစ်ယောက် တိုးတက်မှု နှေးကွေးနေခြင်း အတွက် စိတ်မပူမိချေ။ သူ ကမ္ဘာမြေမှ ထွက်ခွာရန်အတွက် အချိန်များစွာ လိုသေးသည်။

ငါးရက်မျှ ကြာပြီးနောက် ရန်ချင်ဟူထံမှ ချန်းဖန်ဆီသို့ ဖုန်းခေါ်လာခဲ့သည်။

"သန္ဓေ အမြုတေ သစ်သီးကို ရှာဖို့ အချိန်ရောက်ပြီ"

ချန်းဖန်၏ မျက်လုံးများက ထိုအတွေးဖြင့် လင်းလက်တောက်ပ လာခဲ့တော့၏။

***

All Chapters