အမှောင်ကမ္ဘာ
Vol. 5 Ch. 407
ချန်းဖန်က ရန်ချင်ဟူတို့ တွေ့ဆုံရန် ပြင်ဆင်ပြီး ချိန်မှာပင် လျှို့ဝှက် သတင်း တစ်ခုမှာ အမှောင်ကမ္ဘာ ထိပ်သီး ပုဂ္ဂိုလ်များ အကြား ပျံ့နှံ့သွားတော့သည်။ ထိုသတင်း၏ ရင်းမြစ်မှာမူ တင်းဖူဟိုင်ထံမှ ရန်ချင်ဟူ ရရှိခဲ့သည့် အသက်ဓာတ် ကောင်းကင်ရေ ဓာတ်ပုံများပင်။
"အသက်ဓာတ် ကောင်းကင်ရေ ... တကယ်ကြီးပါလား ... ရေကန် တစ်ခုလုံး ပြည့်နေတာပဲ ...”
အမှောင် ကမ္ဘာရှိ ထိပ်သီး ပုဂ္ဂိုလ်များကား ထိုဓာတ်ပုံများကို မြင်သည်နှင့် လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ အရှေ့ဥရောပမှ စ၍ မြောက်အမေရိက အထိ မရေမတွက်နိုင်သော ပညာရှင်များစွာ၏ စိတ်ဝင်စားမှုများကား အသက်ဓာတ် ကောင်းကင်ရေ တည်ရှိရာ ဆားဘီးယား အပေါ်သို့ ပုံကျလာတော့သည်။
"ငါတို့ အရှင်သခင်တွေ အတွက် အဆိုးဝါးဆုံး ပြဿနာက အသက်ဓာတ် ကောင်းကင်ရေ ရှားပါးတာပဲ။ ဒီစမ်းရေနဲ့ဆို ငါတို့ လိုချင်သလောက် အရှင်သခင်တွေ မွေးထုတ်နိုင်ပြီ။ အကျိုးဆက် အနေနဲ့ အမှောင်ကမ္ဘာကလည်း ငါတို့ လက်အောက် ရောက်လာလိမ့်မယ်"
မြေအောက် အဖွဲ့အစည်း တစ်ခုက ခေါင်းဆောင်က အစည်းအဝေးခေါ်၍ အဖွဲ့သားများနှင့် တိုင်ပင်လိုက်သည်။
"ဒီလျှို့ဝှက်ချက်ကို ကျုပ်တို့တောင် ရတယ်ဆိုရင် ဟောင်ဂိုဏ်း၊ နဂါးခန်းမ စတဲ့ ဂိုဏ်းတွေလည်း ရကြမှာပဲ။ ကျုပ်တို့က အဲဒီ ဂိုဏ်းကြီးတွေကို တကယ်ပဲ ဆန့်ကျင်တော့မှာလား။ နောက်ပြီး ကျုပ်တို့ အောင်မြင်ရင်တောင် အမှောင်ကမ္ဘာ တစ်ခုလုံးကို ထိန်းချုပ်ဖို့ ဖြစ်နိုင်ပါ့ မလား"
ဂိုဏ်းသား တစ်ယောက်က ထ၍ ဆွေးနွေးလိုက်သည်။
သူ့စကားကား လုံးဝ မှန်သည်။ လျှို့ဝှက် သတင်းမှာ အမှောင်ကမ္ဘာ တစ်ခုလုံးသို့ပင် ပျံ့နှံ့နေပြီ ဖြစ်သည်။ အချို့ဆိုလျှင် ဆားဘီးယားသို့ပင် သွားနေကြပြီ ဖြစ်သည်။ ထို့ကြောင့် မသေချာသော အကျိုးအမြတ် အတွက် သူတို့၏ အသက်များအား ရင်းရန် မတန်ချေ။
ထိုအချိန် အမှောင်ကမ္ဘာ၊ ဟောင်ဂိုဏ်းတွင်လည်း တွေ့ဆုံပွဲ တစ်ခု ပြုလုပ်နေခဲ့သည်။
"ငါတို့မှာ စိန်နက်၊ ဇိုရိုနဲ့ လဲ့ချန်းကျွယ်တို့ မရှိတော့ဘူး။ ငါတို့ လေးယောက်တည်းပဲ ရှိတော့ ဆိုတော့ စမ်းအိုင်ကို ရဖို့က အရမ်း အရေးကြီးတယ်။ ငါ အမှောင်လမင်း တပ်ဖွဲ့ကို ခေါ်သွားပြီး စမ်းအိုင်ကို ယူလာခဲ့မယ်။ အသက်ဓာတ် ကောင်းကင်ရေနဲ့ ဆိုရင် သိပ်မကြာခင် နှစ်တွေ အတွင်းမှာ ဆုံးရှုံးသွားတဲ့ ပညာရှင် သုံးယောက် အစားပြန်ရ နိုင်တယ်"
အရိုးပေါ် အရေတင် တရုတ်လူမျိုး လူကြီး တစ်ယောက်က ပြောလိုက်သည်။ သူကား လေသခင် ဟူကျောင်းရှို့ပင်။
ဟောင်ဂိုဏ်းတွင် တရုတ်လူမျိုး ခေါင်းဆောင်ဟူ၍ ဟူကျောင်းရှို့ အပါအဝင် နှစ်ယောက်သာ ရှိသည်။ ဟူကျောင်းရှို့သည် သိုင်းပညာတွင်ရော၊ အရှင်သခင် လမ်းစဉ် နိုးထ စွမ်းအားတွင်ပါ အထွတ်အထိပ် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူက ထိုလမ်းစဉ် နှစ်မျိုး ပေါင်းစပ် အသုံးပြုရသည့် "ပါ့ယွီဓား" ပညာရပ်ကို လေ့ကျင့်ထားသည်။
"တစ်နှစ် မပြည့်ခင် အထွတ်အထိပ် သုံးယောက်ကို ကျွန်မတို့ ဆုံးရှုံးခဲ့ပြီးပြီ။ ဒီခရီးမှာ အမှောင် သတ်မှတ်ချက် ထိပ်ဆုံး ပုဂ္ဂိုလ်ကြီးတွေတောင် ပေါ်ထွက် လာနိုင်တယ်။ ရှင်က မိုးကြိုးသခင် ဇူးရပ်ကို နိုင်မှာ မလို့လား"
အိုဂါက သွေးများကဲ့သို့ နီရဲနေသော သူမ၏ မျက်လုံးများကို ပြူးရင်း မေးလိုက်သည်။
"အိုဂါ ... နင်က ချန်းပေ့ရွှမ်းဆီက လွတ်မြောက်ဖို့ သူ့ကို ဒူးထောက် တောင်းပန်ခဲ့ရတာ မလား။ ဒါတောင် နင်က ဝင်ပြောရဲသေးတယ်"
ဟူကျောင်းရှို့က အေးစက်စွာ ပြုံးရင်း သူမအား ပြောလိုက်သည်။
"ဖာ့ခ်ယူ ...”
အိုဂါက လက်ခလယ်ကို ထောင်ပြလိုက်သည်။ ချန်းဖန်ထံ၌ ရှုံးနိမ့်ခဲ့ခြင်းက သူမ ဘဝ၏ ရှက်စရာ အကောင်းဆုံး ကိစ္စဖြစ်သည်။ ထို့ကြောင့် အနာဟောင်းအား တုတ်ဖြင့် ဆွခြင်းမျိုးက သူမအတွက် အလွန် ခံရခက်သည်။
"တော်တော့"
စားပွဲ၏ ထိပ်တွင် ထိုင်နေသော အဘိုးအိုက ဝင်ရောက် ဖျန်ဖြေလိုက်သည်။
"ခုချိန်က စကားများ နေရမယ့် အချိန် မဟုတ်ဘူး"
အဘိုးအို၏ စကားကြောင့် အိုဂါနှင့် ဟူကျောင်းရှု့တို့ ပါးစပ်ကို ပိတ်ထား လိုက်ကြသည်။
ထို စားပွဲထိပ်၌ အဘိုးအိုမှာ သူတို့၏ ခေါင်းဆောင်ကြီး ဖြစ်သည်။ ခေါင်းဆောင်ကြီးကား သာမန် လူသားတစ်ယောက်သာ ဖြစ်သည့်တိုင် ဆန့်ကျင်ရဲသူ မရှိချေ။ သူ၏ ဩဇာအာဏာကို ကမ္ဘာတစ်ဝန်းလုံး ဖြန့်ကြက် လွှမ်းမိုးနေသည့် ဟောက်ဂိုဏ်း စွမ်းအား ရင်းမြစ်မှ ထောက်ပံ့ထားသည်။ ဟောင်ဂိုဏ်း ခေါင်းဆောင်များ သေသွားလျှင်ပင် ဂိုဏ်း၏ စွမ်းအား တည်ရှိနေသမျှ ဂိုဏ်း၏ လွှမ်းမိုးမှုလည်း တည်တံ့နေပေလိမ့်မည်။
"ဟူကျောင်းရှို့ရဲ့ အစီအစဉ်ကို ငါသဘောတူတယ်။ ဒါပေမဲ့ အမှောင်လမင်းက ကျားဖြူ၊ ပျံလွားနီလေး တို့နဲ့ တိုက်ပွဲ အပြီးမှာ အများကြီး ဆုတ်ယုတ် သွားခဲ့တယ်။ ဂရုစိုက်ပါ။ ဟောင်ဂိုဏ်းက အခြားခေါင်းဆောင် တစ်ယောက်ကို အဆုံးရှုံး မခံနိုင်တော့ဘူး"
အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
ဟူကျောင်းရှို့၊ အိုဂါ၊ ရိုမန်တို့က ခေါင်းညိတ် လိုက်ကြသည်။
ထိုကဲ့သို့သော လျှို့ဝှက် အစည်းအဝေးများကား အမှောင်ကမ္ဘာ အနှံ့အပြား၌ ဖြစ်ပေါ်နေခဲ့သည်။ အမှောင် သတ်မှတ်ချက် အမြင့်ပိုင်း ပုဂ္ဂိုလ်များ ဆိုလျှင် မည်သည်ကိုမျှ မပြင်ဆင်ပဲ ဆားဘီးယားသို့ အလျင်စလို ထွက်ခွာ နေကြတော့သည်။
***
ထိုအချိန်၌ ချန်းဖန်ကမူ ပြင်ဆင်ကောင်း နေတုန်းပင်။
နှစ်သစ်ကူးပွဲ ပြီးသည့်နောက် သူက ယုချင်နှင့် အခြား ထန်လုံ တပ်ဖွဲ့ဝင်များကို ခေါ်ယူကာ ချန်းကောရှင်း၊ ချန်းဟွိုက်အန်း၊ ဝမ်ရှောက်ယွင်တို့အား သေချာ စောင့်ရှောက်ရန် မှာကြားလိုက်သည်။ အလုံးစုံ ပြင်ဆင်ပြီးသော အခါတွင်မှ သူက ဟွမ်ပြည်နယ်သို့ တစ်ကိုယ်တော် ခရီးနှင်တော့၏။
"ဝှီ ... ဝှီ ...”
လေယာဉ်က မြေပြင်အထက် မီတာ တစ်သောင်း အမြင့်တွင် ပျံသန်းနေသည်။
"အဘိုးနဲ့ အစ်မအန်တို့ အခြေခံ တည်ဆောက်ခြင်း အဆင့် အောင်မြင်ဖို့ ဆိုရင် အနည်းဆုံး သုံးနှစ်လောက် ကြာလိမ့်မယ်။ အဲဒီတော့မှပဲ သူတို့ကို အစီအရင်တွေ သင်ပေးတော့မယ်။ အဲဒီ အချိန်ဆို ငါလည်း မူလဝိညာဉ် အဆင့် မဟုတ်တောင် ဝိညာဉ်ပင်လယ် အဆင့်ကို ရောက်နေလောက်ပြီ။ ကမ္ဘာတစ်ခုလုံးက တိုက်ခိုက်မယ် ဆိုရင်တောင် သူတို့ကို ကာကွယ်နိုင်စွမ်း ရှိတဲ့ အထိ ငါလေ့ကျင့်ရမယ်"
ချန်းဖန်က လေယာဉ် ပြတင်းပေါက် အပြင်အား ငေးရင်း တွေးနေခဲ့သည်။
ချန်းမိသားစုဝင်များအား သူသင်ပေးခဲ့သည့် "ချီကကြိုး" သန့်စင်ခြင်း ကျင့်စဉ်မှာ တန်ခိုးရှင် ကျင့်ကြံခြင်း ကျင့်စဉ် အပြည့်အဝ မဟုတ်ချေ။ ထိုအရာက အတွင်းအား ကျင့်စဉ်ကို ဗားရှင်းမြှင့် ထားသည်နှင့် အတူတူပင် ဖြစ်သည်။ ထိုကျင့်စဉ်က သူတို့၏ ခန္ဓာကိုယ်အား ပိုမို သန်မာလာစေပြီး အတွင်းအားကိုလည်း သန့်စင် ခိုင်မာလာအောင် လုပ်ပေးသည်။ ထို့ကြောင့်ပင် အစီအရင်များအား ထုတ်မသုံး နိုင်သေးခြင်း ဖြစ်သည်။ ချန်းဖန်က သူတို့၏ အခြေခံကို ခိုင်မာလာစေရန် အတွက် ထိုကျင့်စဉ်ကိုသာ ကျင့်စေခဲ့ခြင်းပင် ဖြစ်သည်။
ကမ္ဘာကြီးကား ချီခန်းခြောက်မှု ပြဿနာကို ရင်ဆိုင်နေရရာ တန်ခိုးရှင် ကျင့်ကြံသူများ အတွက် များစွာ မထောက်ပံ့ပေးနိုင်ချေ။ ချန်းမိသားစုဝင်များ အနေဖြင့် တောင်ကြားရှိ ဆေးအထောက်အပံ့ဖြင့် အခြေခံ တည်ဆောက်ခြင်း အဆင့်အထိ တက်လှမ်းနိုင်သည်။ သို့သော် သူတို့ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်နှင့် ဝိညာဉ်ပင်လယ် အဆင့်များသို့ ရောက်သည့် အချိန်၌ လိုအပ်သည့် ချီအရင်းအမြစ်ကို ဆေးပင်များမှ ထောက်ပံ့နိုင်တော့မည် မဟုတ်ချေ။
ချန်းဖန်၏ အစီအစဉ်က ရိုးရှင်းသည်။ သူက ကိုယ်ပိုင် စွမ်းအားကို လျင်မြန်စွာ မြှင့်တင်ပြီး စကြဝဠာ အတွင်းသို့ ခရီးထွက်ကာ ကျင့်ကြံခြင်း အရင်းအမြစ်များအား ရှာဖွေမည်။ ထို့နောက် မိသားစုကိုပါ ဝိညာဉ်ကုန်းမြေ တစ်ခုသို့ ပြောင်းရွှေ့စေမည် ဖြစ်သည်။
ဖန့်ချုံးသည်လည်း သူ၏ အစီအစဉ်၌ ပါပြီး ဖြစ်သည်။ သို့သော်လည်း သူမကား ငယ်ရွယ်သေးရာ မရင့်ကျက်သေးပေ။ ထို့ကြောင့် သက်ရှိလောကတွင် ဆယ်စုနှစ် တစ်ခုခန့် ကျင်လည်စေပြီး အတွေ့အကြုံများ၊ လောကဓံများအား ခံယူစေရမည်။ ထိုအရာက သူမ၏ ကျင့်ကြံခြင်း ခရီးလမ်းအတွက် အထောက်အပံ့ကောင်း ဖြစ်ပေလိမ့်မည်။
သိပ်မကြာခင်မှာပင် ချန်းဖန် စီးလာသော လေယာဉ်မှာ အေးခဲမြို့ လေဆပ်သို့ ဆိုက်ကပ် လာခဲ့သည်။
ရန်ချင်ဟူက ချန်းဖန်အား လေဆိပ်၌ အဆင်သင့် စီးကြိုနေခဲ့သည်။
"ဆရာကြီးချန်း ... ကြိုဆိုပါတယ်"
ရန်ချင်ဟူကား ဟွမ်ပြည်နယ်၏ ထိပ်သီး ပုဂ္ဂိုလ်ကြီးဟု မဆိုရချေ။ အနက်ရောင်ဝတ် ကိုယ်ရံတော်များက မာစီဒီး ကားတန်းရှည် တစ်ခုရှေ့၌ ရပ်စောင့် နေကြသည်။ သူတို့က ချန်းဖန်အား တညီတညာတည်း နှုတ်ဆက်လိုက်သည်။
"နောက် ဒါမျိုး မလုပ်နဲ့ ... ငါ မကြိုက်ဘူး"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ... ဆရာကြီးချန်း ...”
ရန်ချင်ဟူက လက်ဝှေ့ယမ်းရင်း ကိုယ်ရံတော်များအား ထွက်သွားရန် အချက်ပြ လိုက်သည်။
ကိုယ်ရံတော်များ ထွက်ခွာ သွားပြီးနောက် ထိုနေရာ၌ ကိုယ်ရံတော် အနည်းငယ်၊ သူတို့ နှစ်ယောက်နှင့် မာစီဒီး ဘန့် S-650 ကား တစ်စီးသာ ကျန်ရှိတော့သည်။ ချန်းဖန်တို့ ကားပေါ်သို့ ရောက်ရှိပြီးနောက် မာစီဒီး ဘန့်ကားမှာ အေးခဲမြို့ အစွန်အဖျား နေရာသို့ ဦးတည် ထွက်ခွာ သွားတော့သည်။
"ဆရာကြီးချန်း ... ဒီပုဂ္ဂိုလ်က ကျွန်တော် ပြောပြဖူးတဲ့ အဖွဲ့ရဲ့ ကပ္ပတိန်ပါ ... သူ့ကို ဆရာကြီး ကြိုက်တာ မေးလို့ ရပါတယ်"
ရန်ချင်ဟူက ကားပေါ်၌ ရှိနှင့်နေသည့် ပိန်ပိန်ပါးပါး လူကြီးကို ညွှန်ပြလိုက်သည်။
"မင်းနာမည် ဘယ်သူလဲ"
ချန်းဖန်က ပိန်ပိန်ပါးပါး လူကြီးကို ကြည့်ရင်း မေးလိုက်သည်။
"ကျွန်တော့် နာမည်က ဝမ်ပို့ကူပါ"
ပိန်ပိန်ပါးပါး လူကြီးက အနည်းငယ် တုန်ရီစွာ ပြန်ဖြေသည်။
"မကြောက်နဲ့ ... ငါက မင်းကို မေးစရာလေး နည်းနည်း ရှိလို့ပါ"
ချန်းဖန်က ပြောလိုက်သည်။
"အဲဒီ စမ်းအိုင်ရဲ့ ပုံကို မင်းတို့ ဘယ်မှာ ရိုက်လာတာလဲ။ နောက်ပြီး မင်းတို့ အဖွဲ့ရဲ့ အခြား အဖွဲ့ဝင်တွေရော ဘယ်မှာလဲ။ သတ္တဝါကြီးတွေကို မင်းတို့ ပြန်တိုက်ခိုက် ခဲ့သေးတာလား"
ချန်းဖန်၏ တည်ငြိမ်နေသော အသံက ဝမ်ပို့ကူ၏ စိတ်အား အနည်းငယ် သက်သောင့်သက်သာ ဖြစ်စေသည်။
သူက ငွေရောင်ဘော်ကာ ပုလင်းငယ်အား ထုတ်ယူကာ အနည်းငယ် မော့လိုက်သည်။ ခဏအတွင်းမှာပင် သူ၏ မျက်နှာက အနည်းငယ် နီရဲလာသည်။
"ကျုပ်တို့ အဖွဲ့မှာ အဖွဲ့ဝင် ဆယ့်နှစ်ယောက် ပါပါတယ်။ လမ်းတစ်လျှောက်လုံးမှာ ကျားတွေ၊ ဝက်ဝံတွေ လိုမျိုး သားရဲတွေ အများကြီးနဲ့ တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ လုံခြုံရေးကို တာဝန်ယူပေးတဲ့ သူက လက်ထောက် ကပ္ပတိန်ပါ။ သူက စစ်တပ်က အနားယူထားတဲ့ သေနတ်သမား တစ်ဦးပါ။ စမ်းအိုင်ကို တွေ့တော့ ကျွန်တော်တို့ အရမ်း ပျော်ခဲ့ပါတယ်။ တန်ခိုးရှင် ဖြစ်အောင် လုပ်ပေးနိုင်တဲ့ မှော်စမ်းအိုင်ကို တွေ့ပြီ အထင်နဲ့ပေါ့။ ဒါပေမဲ့ ...”
ဝမ်ပို့ကူ၏ မျက်နှာက ကြောက်ရွံ့မှုများ ဖြတ်ပြေး လာပြန်သည်။ ထို့နောက် သူ၏ နှုတ်ခမ်းများက မထိန်းချုပ်နိုင်အောင် တဆတ်ဆတ် တုန်ရီလာပြန်သည်။
"ဒါပေမဲ့ ... အဲဒီ ... နေရာမှာ သတ္တဝါ ဆန်းကြီးတွေ ရှိတယ်။ သူတို့က ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တာ"
"ဘယ်လို သတ္တဝါ ဆန်းမျိုးလဲ ...”
ချန်းဖန်က မေးလိုက်သည်။
***