← Chapters

အမှောင်ကမ္ဘာ အရှင်သခင်များ စုစည်းခြင်း

Vol. 5 Ch. 409

အမှောင်ကမ္ဘာ အရှင်သခင်များ စုစည်းခြင်း

Vol. 5 Ch. 409

"ဟိုလီမွိုင်ဗို့ချ် ... သူက တပ်ရင်း တစ်ခုလုံးကို အနိုင်ယူခဲ့ တာလား"

ပေါလ်က မေးလိုက်သည်။ သူ၏ ပါးစပ်ကမူ အံ့ဩမှုဖြင့် အတိုင်းအဆ မရှိ ပွင့်ဟနေ၏။

ပေါလ်သည် အမှောင်ကမ္ဘာ၏ ကြေးစား စစ်သည် တစ်ယောက်ဖြစ်ရာ အရှေ့အလယ်ပိုင်း၊ အာဖရိက မြောက်ပိုင်း စသည်တို့ရှိ စစ်မြေပြင်များစွာအား ရောက်ဖူးသည်။ ထို့ကြောင့်ပင် ခေတ်မီ စစ်တပ်များအကြောင်း ကောင်းစွာ သိသည်။ သူ့အနေဖြင့် ဆိုလျှင် စစ်သား လေးထောင်ပါဝင်သော တပ်ရင်း မဆိုထားနှင့်။ စစ်သား တစ်ရာမျှ ပါဝင်သော တပ်ခွဲ တစ်ခုကိုပင် ရင်ဆိုင်ရန် နှစ်ကြိမ် စဉ်းစားရမည် ဖြစ်သည်။

"မင်း ယုံပြီလား"

ရန်ချင်ဟူက အပြုံးဖြင့် မေးလိုက်သည်။

ပေါလ်က အလျင်စလို ခေါင်းညိတ်လိုက်သည်။ ရုရှား လူမျိုးများမှာ ခေါင်းမာကြပြီး အပေါင်းအသင်းများ အပေါ်၌ အလွန် သစ္စာရှိသည်။ သူတို့ကား စစ်ပွဲ၌ မွေ့လျော်သော စိတ်နှလုံးရှိပြီး အင်အား အကြီးဆုံးသူ၏ အမိန့်ကိုသာ နာခံကြသည်။

"ပေါလ် ... ငါတို့ ချိုင့်ဝှမ်း တစ်ခုကို ရှာဖို့ မြောက်ဘက် ဝင်ရိုးစွန်းကို သွားဖို့ ရှိတယ်"

ရန်ချင်ဟူက ချန်းဖန်ရှေ့ စားပွဲပေါ်၌ မြေပုံအား ဖြန့်ခင်းရင်း ပြောလိုက်သည်။

"ဘာလို့ ခုရက်အတွင်းမှာ ရေခဲဝံပုလွေ ချိုင့်ဝှမ်းကို သွားနေကြတာလဲကွ"

ပေါလ်က ခေါင်းကုတ်ရင်း မေးလိုက်သည်။

"မင်းကို အဲဒီနေရာ အကြောင်း မေးတဲ့သူ ရှိလို့လား"

ရန်ချက်ဟူက အလေးအနက် မေးလိုက်သည်။

"အေး ... ဥရောပ၊ အမေရိက၊ အာရှ အလယ်ပိုင်း လာကြတာ စုံနေတာပဲကွာ။ အဲဒီ အထဲမှာ ငါ့ရဲ့ မိတ်ဆွေဟောင်းတွေလည်း ပါတယ်"

ပေါလ်က စိတ်ရှုပ်စွာ ရှင်းပြလိုက်သည်။

ရန်ချင်ဟူက ချန်းဖန်အား လှမ်းကြည့်လိုက်သည်။

"ဆရာကြီးချန်း ... ကြောင်တော့ အိတ်ကပ်ထဲက ထွက်ပြေးသွားပုံပဲ ... ကျွန်တော့် သွားကြဦးမှာလား"

"ကိစ္စ မရှိဘူး ... အဲဒီ ချိုင့်ဝှမ်းက ကီလိုမီတာနဲ့ချီ နက်တယ်။ ဟယ်လီကော်ပတာတောင် ရောက်အောင် မသွားနိုင်ဘူး။ နောက်ပြီး အဲဒီ စမ်းအိုင် ရှိတဲ့နေရာကို သူတို့ အတိအကျ မသိနိုင်ဘူး။ ရှာဖို့ အတွက်နဲ့ အချိန်ကုန်ဦးမှာ။ စိတ်မပူနဲ့"

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ရန်ချင်ဟူနှင့် ပေါလ်တို့က ခေါင်းညိတ်လိုက်ကြသည်။

"အခြားကိစ္စ မရှိရင် ငါတို့ ခု စထွက်ရအောင်"

ချန်းဖန်က ထိုင်ရာမှ ထရပ်ရင်း ပြောလိုက်သည်။

ပေါလ်က သူတို့နှင့် အတူ မလိုက်သော်လည်း ခရီးလမ်း အတွက် လမ်းပြ အနည်းငယ်နှင့် သက်တော်စောင့် အချို့ကို ထည့်ပေးလိုက်သည်။ ထို့နောက် သူတို့ နှင်းခွဲယာဉ်များဖြင့် ရေခဲဝံပုလွေ ခရီးစဉ်ကို စတင် လိုက်ကြတော့သည်။

နှင်းခွဲယာဉ်က ထူထဲသော နှင်းထုကို ဖြတ်ရင်း မြောက်အရပ်သို့ တဖြည်းဖြည်း ခရီးနှင် နေခဲ့သည်။ ချန်းဖန်က ခရီးသည် ထိုင်ခုံတွင် ထိုင်ရင်း ကျင့်ကြံနေခဲ့သည်။ အံ့အားသင့်စွာပင် ဝန်ရိုးစွန်း ဒေသ၌ ဝိညာဉ်ချီများ ထူထပ် များပြားစွာ ရှိနေသည်။ ထိုနေရာရှိ ဝိညာဉ်ချီ သိပ်သည်းမှုမှာ ကျင့်ကြံခြင်း လောကရှိ ဝိညာဉ်ချီ သိပ်သည်းမှု တစ်ဝက်ခန့်ပင် ရှိသည်။ ထိုနေရာရှိ ဝိညာဉ်ချီ အများစုမှာ ရေခဲနှင့် ရေဒြပ်စင်တို့မှ ဖြစ်တည်လာခဲ့ခြင်း ဖြစ်ရာ ဝိညာဉ် ဆေးပင်များ ပေါက်ရောက်ရန် အလွန် သင့်တော်သည်။

"ဒါကြောင့်ပဲ သန္ဓေ အမြုတေ သစ်ပင်က ဒီနေရာမှာ ပေါက်တာ ဖြစ်ရမယ်"

ချန်းဖန်က မျက်လုံးများအား မှိတ်ရင်း တွေးနေခဲ့သည်။ သန္ဓေ အမြုတေ သစ်သီးကား ထူးကဲအဆင့် ဝိညာဉ်သစ်သီး တစ်မျိုးဖြစ်သည်။ ကမ္ဘာပေါ်တွင် ထိုသစ်ပင် ပေါက်ရောက်နေမည်ဟု သူ ယောင်၍ပင် မတွေးမိချေ။

"ဆရာကြီးချန်း ... ဆယ်ရက်လောက် အတွင်းမှာ ရှစ်ရာ ကီလိုမီတာလောက် အထိ ကျွန်တော်တို့ ခရီးရောက် လာပါပြီ။ ချိုင့်ဝှမ်းရောက်ဖို့က သိပ်မလိုတော့ပါဘူး"

ရန်ချင်ဟူက မြေပုံအား ထောက်ပြရင်း ပြောလိုက်သည်။

"နောက်ထပ် ကီလိုမီတာ တစ်ရာလောက် ရောက်ရင် နောက်ဆုံး လူနေတဲ့ နေရာ တစ်ခုပဲ ရှိပါတော့တယ်။ အဲဒီနေရာကနေ စပြီး ကျွန်တော်တို့ ခြေလျင်ပဲ သွားရတော့မယ်"

"အင်း  ... အဲဒီမှာ ရွာရှိတာလား"

ချန်းဖန်က စိတ်ဝင်တစား မေးလိုက်သည်။ ဤကဲ့သို့ ဝေးလံခေါင်သီသော ဝင်ရိုစွန်း၌ပင် အခြေချ နေထိုင်သော လူများ ရှိနေသည်က စိတ်ဝင်စား စရာပင်။

"ကျွန်တော့် အဘိုး ငယ်ငယ်တုန်းက အဲဒီမှာ နေခဲ့တာလေ။ အဲဒီရွာလေး နာမည်က 'နှင်းဝံပုလွေ' တဲ့"

အဘိုးကြီးလိုဂန် ဟုခေါ်သည့် လမ်းပြ တစ်ယောက်က ရုရှား ဘာသာစကားဖြင့် ပြောလိုက်သည်။

"အဲဒီရွာရဲ့ လူတွေက ဝံပုလွေ ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်ပြီး ဝံပုလွေတွေကို ထိန်ချုပ် နိုင်တယ်တဲ့။ ဘိုးဘေးတွေ ပြောပုံ အရဆို အဲဒီ ရွာသားတွေက နတ်ဆိုးတွေ ချည်းပဲတဲ့"

"နှင်းဝံပုလွေ ...”

ချန်းဖန်က တီးတိုးရေရွတ် လိုက်သည်။ နှင်းဝံပုလွေရွာမှ ရွာသားများမှာ ရှေးဟောင်း မျိုးနွယ်စု တစ်ခု ဖြစ်နိုင်သည်။ သို့မဟုတ်လျှင် ထိုသို့ ကြမ်းတမ်းသော နေရာ၌ အသက်ရှင်ရန် မဖြစ်နိုင်ပေ။

"ချိုင့်ဝှမ်းကိုပဲ တန်းသွားရအောင် ... ငါတို့မှာ ဖြုန်းဖို့ အချိန် မရှိတော့ဘူး"

ချန်းဖန်က ဆုံးဖြတ်လိုက်သည်။

***

ချန်းဖန်တို့ ထွက်ခွာ သွားပြီးနောက် ပေါလ်က တစ်စုံတစ်ခု ထူးခြားနေကြောင်း သတိထားမိ လာသည်။ "ရေခဲဝံပုလွေ" ချိုင့်ဝှမ်းသို့ လူများစွာ သွားနေရသည့် အကြောင်းရင်းအား သူစဉ်းစားမရချေ။

"ဘာပဲဖြစ်ဖြစ်လေ ... ငါ့ကိစ္စမှ မဟုတ်တာ"

ပေါလ်က ရေရွတ်ရင်း မြို့ထဲ၌ အကောင်းဆုံး အရက်ဘားသို့ ထွက်လာခဲ့သည်။ သူက ဘား၌ ထိုင်ရင်း သူ့အကြိုက် ရမ်နှင့် ဘော်ကာ ရောနှောထားသည့် တစ်ခွက်ကို မှာကာ မော့ချလိုက်သည်။

ပေါလ် နောက်တစ်ခွက်ကို ထပ်မှာ လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က သူ၏ ပခုံးအား ကိုင်ရင်း ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ပေါလ် ... မတွေ့ရတာ ကြာပြီ"

"ဘယ်သူလဲ ...”

ပေါလ်က ဘေးသို့ စောင်းကြည့်လိုက်ရာ နီညိုရောင် ဆံပင်ရှိသည့် အသက်လတ် လူကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။

ပေါလ်၏ မျက်နှာက တစ်မုဟုတ်ချင်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။

"မီးမြေခွေး ... မင်း ဘယ်လို ဒီကို ရောက်လာတာလဲ"

မီးမြေခွေးက သူ့အားကြည့်ရင်း…

"ရဲဘော်ဟောင်းကြီး ... မင်း အလုပ်ရှုပ် နေပြီလို့ ငါထင်ထားတာ။ လူတော်တော် များများက ရေခဲဝံပုလွေ ချိုင့်ဝှမ်းကို သွားနေကြတယ် ဆိုတော့ သူတို့ထဲက တစ်ယောက်ယောက်က မင်းကို ပိုက်ဆံ အများကြီးပေးပြီး ခေါ်သွားလောက်ပြီ ထင်တာ"

"ဟမ့်…ကြက်သေးရောင် တောင်ပံရဲ့ ကပ္ပတိန် ကိုယ်တိုင် ငါ့ကို လာခေါ်တောင် မလိုက်ဘူးကွ"

ပေါလ်က ဒုတိယမြောက် ခွက်အား လည်ချောင်း အတွင်းသို့ မော့ကာ သွန်ချရင်း ပြောလိုက်သည်။

ကြက်သွေးရောင် တောင်ပံ အဖွဲ့မှာ အနောက် ဥရောပ၌ ကျော်ကြားသော ကြေးစားအဖွဲ့ တစ်ဖွဲ့ဖြစ်သည်။ ထိုအဖွဲ့၏ ကပ္ပတိန် ကားလ်မှာ အမှောင်သတ်မှတ်ချက် ဆယ့်သုံးနေရာ၌ ရှိသည်။

မီးမြေခွေးက တိတ်ဆိတ်စွာဖြင့်ပင် ပေါလ်အား ဘေးတစ်နေရာသို့ မေးငေါ့ပြရင်း ပြုံးလိုက်သည်။ ပေါလ်က ကြည့်လိုက်ရာ အနက်ရောင် ကုတ်အင်္ကျီ ဝတ်ဆင်ထားသော ထောင်ထောင်မောင်းမောင်း အင်္ဂလိပ် လူမျိုး တစ်ယောက်အား တွေ့လိုက်ရသည်။ ထိုအင်္ဂလိပ်၏ မျက်လုံးအစံကမူ ညဉ့်သန်းခေါင်တွင် ကျောက်မီးသေးကို မီးရှို့ထား သကဲ့သို့ နီရဲနေသည်။

"ကြက်သွေးရောင် တောင်ပံရဲ့ ကားလ် ...”

ပေါလ်က အလန့်တကြား ရေရွတ်လိုက်သည်။ သူ၏ လည်ချောင်းများ ခြောက်ကပ်လာရာ တတိယမြောက် တစ်ခွက်ကို မှာယူ၍ သောက်လိုက်ရသည်။

သိပ်မကြာခင် ဘားတစ်လုံး၌ လူများဖြင့် တဖြည်းဖြည်း ပြည့်နှက်လာသည်။ ထိုအထဲမှ အများစုကို ပေါလ် မသိသော်လည်း သူသိသည့် လူနည်းစုကမူ အမှောင်ကမ္ဘာမှ တကယ့် ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်ကြီးများ ဖြစ်သည်။

"ဓားနတ်ဘုရား ဂိုဏ်းက ဂန်းဆစ်"

"နှင်းမုန်တိုင်းဂိုဏ်းက မိန်းကလေး ကက်သလင်း"

"ဟောင်ဂိုဏ်းခေါင်းဆောင် ဟူကျောင်းရှို့"

"ဒိုင်ယာဘလို ကြေးစားအဖွဲ့က ဆင်မိစ္ဆာ လေဟာ"

"အမှောင် တိုက်တန်"

"ဟိုလီမွိုင်ဗို့ချ် ... ဒီလူတွေက မြေအောက်ဂိုဏ်းကြီး ရှစ်ဂိုဏ်းက လူတွေပဲ။ သူတို့အထဲမှာ အမှောင် သတ်မှတ်ချက်ဝင်တဲ့ ငါးယောက်တောင် ပါတယ်"

ပေါလ်ကား ဆွံ့အနေပြီ ဖြစ်သည်။

"ဘာတွေဖြစ် နေတာလဲ ... ဘာလို့ အမှောင်ကမ္ဘာက အရှင်သခင်တွေ ဒီမှာ လာစုနေတာလဲ"

ပေါလ်ကား အသည်းနှလုံးထဲမှ တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။ အခန်းထဲ၌ စုစုပေါင်း အထွတ်အထိပ်မှာ နှစ်ဆယ်ခန့် ရှိနေပြီ ဖြစ်သည်။ ထိုပမာဏက တရုတ်နိုင်ငံ၏ အထွတ်အထိပ် စုစုပေါင်း အရေအတွက်နှင့်ပင် ညီသည်။

သို့သော်လည်း ထိုပုဂ္ဂိုလ်ကြီးများအား ကြည့်ရသည်မှာ သူတို့ထက် ပိုမို အစွမ်းထက်သော တစ်ယောက်အား စောင့်မျှော်နေပုံ ရသည်။

"ဒီလူတွေအားလုံးကို စိတ်ရှည်ရှည် စောင့်ခိုင်းနိုင်တာ ဘယ်သူများလဲ"

ပေါလ်က ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် တွေးနေခဲ့သည်။ သိပ်မကြာခင်မှာပင် အဘိုးအို တစ်ဦးက တံခါးအား ဆွဲဖွင့်ကာ ဘားအတွင်းသို့ ဝင်လာခဲ့သည်။ ထိုအဘိုးအို၏ ဆံပင်များကား ဖြီးသိမ်းခြင်း မရှိသကဲ့သို့ ရှုပ်ပေပွနေသည်။ သူ၏ မျက်လုံးများကမူ အသက်မရှိသည့် အလား တောက်ပမှု ကင်းမဲ့နေ၏။

ပေါလ်က ထိုအဘိုးအိုအား တွေ့သည်နှင့် မှင်တက် သွားတော့သည်။

"မိုးကြိုးသခင် ဇူးရပ် ...”

ထိုအဘိုးအိုကား အမှောင်သတ်မှတ်ချက် နံပါတ်လေး ဇူးရပ်ပင်။ သူကား အမေရိကန် စစ်တပ်၏ တိုက်ခိုက်မှု အောက်မှပင် လွတ်အောင် ပြေးနိုင်ခဲ့သော ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ဖြစ်၏။ သူ၏ နာမည်နှင့် ဂုဏ်သတင်းက အမှောင်ကမ္ဘာ၌ မသိသူ မရှိအောင် ကျော်ကြားသည်။

ဇူရပ်၏ နောက်မှ အခြား ပုဂ္ဂိုလ်တစ်ယောက် လိုက်ဝင် လာပြန်သည်။ သူက ဦးထုပ်နက် ရှည်ကြီးကို ဆောင်းထားသည်။ သူ၏ လှုပ်ရှားမှု၊ ဝတ်စားဆင်ယင်မှု အားလုံးက စင်ပေါ်၌ ဖျော်ဖြေလေ့ ရှိသော မျက်လှည့်အရ အတိုင်းပင်။

"အရူး ...”

ပေါလ်ကား အသက် မရှူနိုင်အောင်ပင် ဖြစ်သွားတော့သည်။

ထိုပုဂ္ဂိုလ်ကြီးကား အမှောင် သတ်မှတ်ချက် နံပါတ်နှစ်တွင် ရပ်တည်နေသည့် အဆိပ်ကဝေဂိုဏ်းမှ မဟာကဝေကြီးပင်။ သူကား အိုမိုင်ယိုချီ လမ်းစဉ်၏ ကျင့်စဉ်များ၊ နည်းစနစ်များ အားလုံးကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည်။ ထို့ကြောင့်ပင် သူ့အား အစွမ်းအထက်ဆုံး သက်ရှိ အစီအရင် ပညာရှင်ကြီးဟု သတ်မှတ် ထားကြသည်။

ပေါလ်အံ့ဩ၍ မဆုံးသေးခင်မှာပင် အသားဖြူဖြူ၊ ဆံပင် ရွှေရောင်နှင့် တက်ကြွဟန် ရှိသော လူငယ်တစ်ယောက် ဝင်ရောက် လာပြန်သည်။ ထိုလူငယ်အား တွေ့သည်နှင့် ပေါလ်၏ အသက်ရှူခြင်းများက ခဏမျှပင် ရပ်တန့် သွားတော့၏။

"အဒမ် ...”

သူကား လက်ရှိ အမှောင် သတ်မှတ်ချက် ထိပ်ဆုံး ပုဂ္ဂိုလ်ကြီးပင်။

***

All Chapters