← Chapters

ရေခဲဝံပုလွေ ချိုင့်ဝှမ်း

Vol. 5 Ch. 410

ရေခဲဝံပုလွေ ချိုင့်ဝှမ်း

Vol. 5 Ch. 410

"ဘုရားသားတော် ဧဒင် ...”

"အရူး ...”

"မိုးကြိုးသခင် ဇူးရပ် ...”

မြေအောက် လောက၏ ထိပ်သီး ပုဂ္ဂိုလ်ကြီး သုံးယောက်ကား စုစည်း ရောက်ရှိ လာချေပြီ။ ရှေးဦးစွာ ရောက်ရှိနေသည့် အမှောင် သတ်မှတ်ချက်ဝင် ငါးယောက်ကို ထပ်ပေါင်းရလျှင် အမှောင် သတ်မှတ်ချက်၏ ပညာရှင် တစ်ဝက်ခန့် စုံလင်နေပြီဟု ပြောနိုင်သည်။

"ငါပြောသားပဲကွ ...”

မီးမြေခွေးက တုန်လှုပ်နေသော ပေါလ်၏ ပခုံးကို ကိုင်ရင်း ပြောလိုက်သည်။

ပေါလ်က စက်ရုပ် တစ်ရုပ်နှယ် ခေါင်းညိတ်လိုက်သည်။ ထိုပုဂ္ဂိုလ်ကြီးများကား အလွန် အစွမ်းထက်သည် ဆိုရုံမျှ မကချေ။ ကမ္ဘာကိုပင် ကိုင်လှုပ်နိုင် သူများ ဖြစ်ကြသည်။

မိုးကြိုးသခင် ဇူးရပ်ဆိုလျှင် ဖိလစ်ပိုင်၌ ရောက်နေသည့် အမေရိကန် စစ်ဗိုလ်ချုပ် တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့်ပင် စီအိုင်အေမှ သူ့အား အလိုချင်ဆုံး လူစာရင်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ ဇူးရပ်မှာ လူမြင်ကွင်းသို့ ထင်ထင်ပေါ်ပေါ်  ထွက်လာခဲ့သည်။

အရူးမှာမူ တန်ဖိုး အရှိဆုံးလူ ဟုပင် ဆိုနိုင်သည်။ သူ့အား နိုင်ငံပေါင်း တစ်ရာ့ ခုနစ်ဆယ်မှ စုစုပေါင်း အမေရိကန် ဒေါ်လာ နှစ်ဆယ် ဘီလျံအထိ ဆုကြေး ထုတ်ထားသည်။ ထိုကဲ့သို့ မက်မောလောက်သော ဆုကြေးထုတ်ခြင်း ခံထားရသည့်တိုင် ယခုထိ အသက်ရှင် နေသေးရာ သူ၏ အစွမ်းကို ခန့်မှန်းနိုင်သည်။

ဘုရားသားတော် ဧဒင်မှာမူ အမှောင်ကမ္ဘာ၏ အစွမ်း အထက်ဆုံး ဖြစ်သည်။ သူ့၏ စွမ်းအားကို တန်ခိုးရှင် အဆင့်များကပင် အံ့အားသင့် ရသည်ဟု ဆိုကြသည်။ သူက ဩဇာအာဏာ နောက်သို့ လိုက်နေခြင်း ကြောင့်သာ ကျင့်ကြံခြင်း လမ်းကြောင်း၌ အနည်းငယ် နှောင့်နှေးခဲ့ ရသည်ဟု ကောလာဟလများ ရှိသည်။

"စစ်ဝက်ဝံပေါလ် ... ငါမင်းနာမည်ကို ကြေးစား စာရင်းမှာ မြင်ဖူးတယ်။ ရေခဲဝံပုလွေ ချိုင့်ဝှမ်းကို ဘယ်လို သွားရမလဲ ဆိုတာ မင်းသိတယ် မလား"

ဧဒင်က ပေါလ်ထံသို့ လမ်းလျှောက် လာရင်းမှ မေးလိုက်၏။

"ဆရာ ... ရေခဲဝံပုလွေ ချိုင့်ဝှမ်းကို  ဘာကြောင့်သွားတယ် ဆိုတာ မေးလို့ ရမလား"

ပေါလ်က ခေါင်းကို ငုံ့ထားရင်းမှ တိတ်ဆိတ်စွာ မေးလိုက်သည်။

"ရေခဲဝံပုလွေ ချိုင့်ဝှမ်းမှာ အသက်ဓာတ် ကောင်းကင်ရေ စမ်းအိုင် ရှိတယ် ဆိုတာက လူတိုင်း သိနေကြပြီ လေကွာ။ အဲဒီ စမ်းအိုင်က ဘယ်လောက်တောင် ကြီးလဲ သိလား"

ဧဒင်က သူ၏ လက်များအား ဆန့်ထုတ်ရင်း ဆက်ပြောလိုက်သည်။

"အဲဒါကြီးက ဘတ်စကက်ဘော ကွင်းလောက် ရှိတယ်ကွ။ အဲဒီမှာ အသက်ဓာတ် ကောင်းကင်ရေတွေ ဘယ်လောက်တောင် ရှိနေမလဲ။ တစ်တန်၊ နှစ်တန်၊ ဆယ်တန်တောင် ဖြစ်နေ နိုင်တယ်ကွ"

ဧဒင်က ပေါ့ပါးသည့် ဟန်ပန်ဖြင့် ရှင်းပြလိုက်သည်။

ပေါလ်သည်ကား အံ့ဩလွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်တော့ချေ။ မြေအောက် လောက၏ အဖွဲ့ဝင်ဟောင်း တစ်ဦး အနေဖြင့် အသက်ဓာတ် ကောင်းကင်ရေ၏ တန်ဖိုးကို သူကောင်းစွာ နားလည်သည်။ ထိုအရာကား စိန်ထက်ပင် ဆယ်ဆခန့် ပိုမို တန်ကြေးရှိသည်။

"သေစမ်း ... ဟို တရုတ် နှစ်ကောင်လည်း အသက်ဓာတ် ကောင်းကင်ရေဆီ သွားတာပဲ"

ပေါလ်က မျက်မှောင်ကြုတ်ရင်း တီးတိုးရေရွတ် လိုက်သည်။

"တရုတ် မိတ်ဆွေ နှစ်ယောက်လည်း အဲဒီကို သွားကြတယ် ဆိုတာ ငါကြားပါတယ်။ သူတို့က ဘယ်သူတွေ လဲကွ"

ဧဒင်က ပေါလ်အား ဖော်ရွေစွာ ပြုံးပြရင်း မေးလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများကမူ မီးလျှံအလား တောက်ပ လာနေခဲ့သည်။

"သူတို့ထဲက တစ်ယောက်က ရန်ချင်ဟူပါ ...”

ပေါလ်က ခေါင်းငုံ့ရင်း အဖြေပေး လိုက်သည်။

"ရန်ချင်ဟူ ... ငါကြားဖူးပါတယ် ... တရုတ်က သိုင်းသမား တစ်ယောက် မလား"

ဧဒင်က တွေးတောရင်း ခေါင်းညိတ်လိုက်သည်။

"တရုတ် မိတ်ဆွေကြီးက ငါတို့အတွက် လမ်းသွားရှင်းပေး နေတာပဲ"

သူ၏ အရွှန်းဖောက်မှုကြောင့် အခန်းအတွင်းရှိ ပညာရှင်များ အားလုံးက ရယ်မော လိုက်ကြသည်။ ပေါလ်တစ်ယောက်သာ ခေါင်းငုံ့ရင်း အတွေးနက် နေခဲ့သည်။

"ချန်းပေ့ရွှမ်းသာ ဧဒင်တို့နဲ့ တိုက်ခိုက်ရင် ဘယ်သူနိုင်မယ် မသိဘူး။ အားလုံး သေသွားလည်း အေးရောကွာ"

***

ဆယ်ရက် ကြာပြီးနောက် ချန်းဖန်တို့ အဖွဲ့မှာ ချိုင့်ဝှမ်း အတွင်းသို့ ရောက်လာခဲ့သည်။

"ဘိုးဘေးတွေ ကတော့ ဒီချိုင့်ဝှမ်းကို ဝါ့ချိုင့်ဝှမ်းလို့ ခေါ်ကြပါတယ်။ သူတို့ ပြောပုံအရဆို ဒီချိုင့်ဝှမ်းမှာ ဝံပုလွေ နတ်ဘုရားတွေ နေထိုင် ကြတယ်တဲ့"

အဘိုးကြီး လိုဂန်က ချိုင့်ဝှမ်းသို့ ညွှန်ပြရင်း ကြောက်ရွံ့စွာ ပြောလိုက်၏။

ချန်းဖန်က သူညွှန်ပြရာ နေရာသို့ ကြည့်လိုက်ရာ ချိုင့်ဝှမ်း ဝင်ပေါက်အား တွေ့ရသည်။ ထိုဝင်ပေါက်၏ ပုံသဏ္ဌာန်ကား ဆာလောင်နေသော ဝံပုလွေ ပါးစပ်ဟ ထားသည်နှင့်ပင် တူနေသေးသည်။

"အဲဒါတွေက အယူသည်း နေကြတာပါဗျာ။ သွားကြရအောင်"

ရန်ချင်ဟူက ဆော်ဩရင်း ရှေ့ဆုံးမှ ဦးဆောင်လိုက်သည်။ သူသည် ထိုကဲ့သို့သော ဒဏ္ဍာရီများ၊ ယုံတမ်း ပုံပြင်များကို မယုံကြည်ချေ။

ချန်းဖန်က ပတ်ဝန်းကျင်ကို သတိထားရင်း ရန်ချင်၏ နောက်မှ လိုက်လာခဲ့သည်။ လေထုထဲ၌ အန္တရာယ် အငွေ့အသက် တစ်ခုက နှင်းများနှင့် အတူ ပျံ့နှံ့နေကြောင်း ချန်းဖန် ခံစားနေရသည်။

သို့သော်လည်း မည်သည့် အန္တရာယ်ပင် တွေ့စေကာမူ သူ လက်လျှော့မည် မဟုတ်ချေ။ သန္ဓေ အမြုတေ သစ်သီးအား ရအောင် ယူရပေမည်။

ချိုင့်ဝှမ်း၏ ဝံပုလွေသဏ္ဌာန် ဝင်ပေါက်အား ဖြတ်သန်း ပြီးသည်နှင့် ကွဲပြား ခြားနားသော နေရာတစ်ခုသို့ ရောက်ရှိသွားသည့် အလား သူတို့ ခံစားလိုက် ရသည်။

ချိုင့်ဝှမ်း၏ အပြင်ဘက်၌ အလွန်အမင်း အေးစက်ကာ နှင်းများ ကျဆင်း နေသည့်တိုင် ချိုင့်ဝှမ်း အတွင်းတွင်မူ ကျန်းနန်ပြည်နယ် အလား ရာသီဥတုက မျှတနေသည်။ နေရာတိုင်း၌ ပန်းပေါင်းစုံများ၊ သစ်ပင်၊ နွယ်ပင်များ ပေါက်ရောက်နေပြီး စမ်းချောင်း တစ်ခုကမူ ချိုင့်ဝှမ်း အလယ်၌ အေးခဲနေသည်။ ထိုစမ်းချောင်းတွင်မူ ရေကန်ငယ် တစ်ခု ရှိနေပြီး အနီးအနား ကမ်းစပ်၌ တစ်မီတာခန့်သာ မြင့်သော သစ်ပင်ငယ် တစ်ပင် ရှိနေခဲ့သည်။

"အသက်ဓာတ် ကောင်းကင်ရေ"

စမ်းအိုင်ငယ်ကို တွေ့သည်နှင့် ရန်ချင်ဟူ၏ မျက်လုံးများက တောက်ပလာသည်။ သူက ဝမ်ပို့ကူ ပြောပြခဲ့သည့် သတ္တဝါ ဆန်းများကိုပင် သတိမရတော့ပဲ စမ်းရေအိုင် ရှိရာသို့ ပြေးသွားကာ  လက်တစ်ခုပ် ခပ်၍ သောက်လိုက်သည်။ ထို့နောက် သူက ချန်းဖန်ဘက်သို့ လှည့်ရင်း အော်ပြောလိုက်သည်။

"ဆရာကြီးချန်း ... ဒါ တကယ်ပဲ အသက်ဓာတ် ကောင်းကင်ရေတွေ ...”

"အေးပါ ...”

ချန်းဖန်က ပြန်ပြောလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံး အစုံကမူ စမ်းအိုင်ဘေးရှိ သစ်သီးနီလေး ဆီသို့သာ ရောက်နေခဲ့၏။

"သန္ဓေ အမြုတေ သစ်သီး ... ငါတွေ့ပြီကွ"

ချန်းဖန်က စိတ်လှုပ်ရှားမှု များအား မပေါ်အောင် ထိန်းချုပ်ရင်း သစ်ပင်ငယ် ရှိရာသို့ လျှောက်လာခဲ့သည်။ ထိုသစ်သီးမှာ အစစ်အမှန် သန္ဓေအမြုတေ သစ်သီးဖြစ်ကြောင်း သေချာအောင် စစ်ဆေးပြီးနောက် ချန်းဖန်၏ မျက်နှာက ပြုံးလာခဲ့တော့သည်။

"ဆရာကြီးချန်း ... အသက်ဓာတ် ကောင်းကင်ရေက အခြား နေရာကို ယူသွားတာနဲ့ အငွေ့ပြန် သွားတယ်။ ဘာကြောင့်လဲ မသိဘူး"

ရန်ချင်ဟူက စမ်းရေ လက်တစ်ခုပ်ကို ယူ၍ ချန်းဖန်အား ပြရင်း ပြောလိုက်သည်။ သူတို့ စကားပြော နေတုန်းမှာပင် စမ်းရေက အငွေ့အဖြစ် ပြောင်းလဲကာ ပျံထွက် သွားတော့သည်။

"အင်း ... ဝိညာဉ်ရေတွေက အဲဒီလိုပဲလေ။ သူတို့က ဝိညာဉ်ချီတွေနဲ့ ဖွဲ့စည်းထားတာ။ ဝိညာဉ်ချီ ရင်းမြစ် မရှိတော့တာနဲ့ အငွေ့အဖြစ် ပြိုကွဲသွားကြတာ"

ချန်းဖန်က ရှင်းပြလိုက်သည်။

"ဒါဆို ကျွန်တော် ဘယ်လို လုပ်ရမလဲ"

ရန်ချင်ဟူက အကူအညီမဲ့စွာ မေးလိုက်သည်။

"ကျောက်စိမ်းဘူးတွေနဲ့ ဆိုရင်တော့ သိုလှောင်ထားလို့ ရတယ်။ ဒါမှ မဟုတ်လည်း ဒီမှာပဲ နေပြီး ကျင့်ကြံ လိုက်ပါလား"

ချန်းဖန်က အကြံပေး လိုက်သည်။ အကယ်၍ ချန်းဖန်သာ ဆန္ဒရှိလျှင် ထိုရေများအား သူပိုင်ဆိုင်သည့် အဝါရောင်  ကျောက်မျက်အတွင်း ထည့်ကာ သယ်ဆောင်သွား၍ ရသည်။

ရန်ချင်ဟူက အံကို တင်းတင်းကြိတ်ရင်း ထိုချိုင့်ဝှမ်းတွင်သာ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ စောစောပိုင်း ရေလက်တစ်ခုပ် သောက်ပြီးချိန်မှ စ၍ အတွင်းအားများ သိသိသာသာ တိုးပွားနေကြောင်း သူ ခံစားမိနေသည်။

ချန်းဖန်က သူ့အား ပြောပြီးနောက် သစ်ပင်ငယ်ဆီသို့ အာရုံစိုက် လိုက်ပြန်သည်။

"သန္ဓေ အမြုတေ သစ်သီးကို သုံးဖို့ဆိုရင် နောက် နှစ်သုံးဆယ်လောက် စောင့်ရဦးမယ်။ ငါသာ ယီသစ်သား ဝိညာဉ်ချီနဲ့ ရှင်သန်ခြင်း ရေစင်တို့ကို သုံးပြီး အားဖြည့်ပေးမယ် ဆိုရင်တော့ ရက်သုံးဆယ်လောက် အတွင်း ရင့်မှည့် လာလိမ့်မယ်"

ချန်းဖန်က မေးစေ့အား ပွတ်ရင်း တွေးနေခဲ့သည်။

ဤနေရာ၌ ရက်သုံးဆယ်ခန့် နေရန်မှာ မဆိုးလှချေ။ ဤနေရာရှိ ဝိညာဉ်ချီ များကား အလွန် ထူထပ်ကာ ကျင့်ကြံခြင်း အတွက် သင့်တော်သော နေရာဖြစ်သည်။

ချန်းဖန်က တွေးရင်း သစ်ပင်ကို ယီသစ်သား ဝိညာဉ်ချီဖြင့် အားဖြည့်ပေး လိုက်သည်။ ထို့နောက်သူက အရည်အသွေးမြင့် ကျောက်စိမ်းကို ထုတ်ကာ သစ်ပင်ငယ် ပတ်ဝန်းကျင်၌ အစီအရင်တစ်ခု ခင်းကျင်းလိုက်သည်။

ချန်းဖန်နှင့် ရန်ချင်ဟူတို့ ဤနေရာတွင် နေမည်ဖြစ်ကြောင်း သိရသည်နှင့် လမ်းပြနှင့် အစောင့်များမှာ ရွက်ဖျင်တဲများ ထိုးလိုက်ကြသည်။

ချန်းဖန်က ချိုင့်ဝှမ်း၏ ဝင်ပေါက်နေရာ၌ အစီအရင် တစ်ခု ခင်းကျင်းလိုက်သည်။ ဤနေရာသို့ သူမသိဘဲ မည်သူမျှ ကျူးကျော် နိုင်တော့မည် မဟုတ်ချေ။

အရာအားလုံး စီစဉ်ပြီးနောက် ချန်းဖန်မှာ သစ်ပင်အောက် နား၌ စတင် ကျင့်ကြံတော့သည်။ သို့သော်လည်း သူ၏ ဆန်းကြယ်  စွမ်းအားများမှာ ခန်းခြောက်နေသည် ဖြစ်ရာ ဉာဏ်အလင်း စုဆောင်းခြင်း နှောင်းပိုင်း အဆင့်သို့ ဝင်ရောက်နိုင်ဦးမည် မဟုတ်သေးချေ။

တစ်ရက် ...

နှစ်ရက် ...

သုံးရက် ...

အစောပိုင်း၌ ချန်းဖန်သည် သတ္တဝါဆန်းများ လာမည်ကို စိုးရိမ်နေရာ ကျင့်ကြံခြင်း၌ အာရုံသိပ်မစိုက် နိုင်ခဲ့ပေ။ သို့သော်လည်း မည်သည့် သတ္တဝါဆန်းမျှ ရောက်မလာခဲ့ချေ။

ထိုအတောအတွင်း ချန်းဖန်၏ ကျင့်ကြံခြင်း အခြေခံမှာ ခိုင်မာလာ သကဲ့သို့ ရန်ချင်ဟူ၏ အဆင့်မှာလည်း အသက်ဓာတ် ကောင်းကင်ရေ အကူအညီဖြင့် တရိပ်ရိပ် တိုးတက် နေခဲ့၏။

ရှစ်ရက် ...

ကိုးရက် ...

ဆယ်ရက် ...

ဆယ်ရက်မြောက် နေ့၌ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုအား ချန်းဖန် ကြားလိုက်ရသည်။ သူက ဝင်ပေါက်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ ဝင်ပေါက် နေရာတွင်မူ ထူးဆန်းသော လူများ ရောက်ရှိနေသည်။ သူတို့က ချန်းဖန် ချထားခဲ့သော အစီအရင် အင်းများကို ဖျက်ဆီး၍ ဝင်လာခြင်း ဖြစ်သည်။

သူတို့က စမ်းအိုင်ငယ်ကို တွေ့သည်နှင့် ဘာသာစကား ပေါင်းစုံဖြင့် အော်ဟစ် လိုက်ကြသည်။

"အသက်ဓာတ် ကောင်းကင်ရေ ... တကယ်ကြီးပေါ့ ...”

"ဘုရားရေ ... နည်းတာ မဟုတ်ပါလား ...”

"ခွေးသားတွေ ... ဘေးဖယ်စမ်း ... အဲဒါ ငါ့ဟာတွေ"

ထိုလူများကား ချန်းဖန်နှင့် ရန်ချင်ဟူ တို့ကိုပင် မြင်ပုံမရချေ။ စမ်းအိုင်ကိုသာ ကြည့်ရင်း လောဘတက် နေကြတော့သည်။

ရန်ချင်ဟူက သုန်မှုန်သော မျက်နှာနှင့် ချန်းဖန် အနားသို့ လျှောက်လာသည်။

"သူတို့က ဘယ်သူတွေလဲ ...”

ချန်းဖန်က မေးလိုက်သည်။ ထိုလူများထဲ၌ တာကီမီယာ ဟီရိုကဲ့သို့ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်များ ပါဝင်နေကြောင်း ချန်းဖန် သတိပြုမိသည်။

"သူတို့က အမှောင်ကမ္ဘာရဲ့ ထိပ်သီး ပုဂ္ဂိုလ်ကြီးတွေပါ"

ရန်ချင်ဟူက မသက်မသာ ပြောလိုက်သည်။

ရန်ချင်ဟူ ပိုမို ရှင်းပြရန် ဟန်ပြင် လိုက်စဉ်မှာပင် အဖွဲ့ထဲမှ လူတစ်ယောက်က လှမ်းအော်လိုက်သည်။

"ဟေး... မျောက်လေးတွေ... ထွက်သွားကြစမ်း... စမ်းအိုင်က ငါတို့ အနောက်ပိုင်း အမှောင် ကမ္ဘာက ပိုင်တာကွ"

(ရှင်းလင်းချက် ... ဧဒင် ဆိုတာက ဧဒင် (သို့မဟုတ်) အာဒံနဲ့ အတူတူပါပဲ။ )

***

All Chapters