← Chapters

အမှောင်ထု နောက်ကွယ်မှ အရာများ

Vol. 5 Ch. 411

အမှောင်ထု နောက်ကွယ်မှ အရာများ

Vol. 5 Ch. 411

ထိုအချိန်၌  အမှောင် သတ်မှတ်ချက်၏ ထိပ်သီး ပုဂ္ဂိုလ်ကြီး သုံးဦးမှာမူ ရေခဲဝံပုလွေ ချိုင့်ဝှမ်း အဝင်ဝတွင်ပင် ရှိသေးသည်။

"ဒီချိုင့်ဝှမ်းရောက်တော့ နှင်းဝံပုလွေလို့ ခေါ်တဲ့ ဒဏ္ဍာရီ ဇာတ်လမ်း တစ်ပုဒ်ကို ငါ သတိရမိ တယ်ကွာ ...”

ဧဒင်က ဖြည်းညင်းစွာ လျှောက်လာရင်း ပြောလိုက်သည်။

"ဘာ ဇာတ်လမ်းလဲ ...”

သူ၏ ဘေးရှိ ဇူးရပ်က စိတ်ဝင်တစား မေးလိုက်သည်။

"ဒီလိုကွ ... စစ်အေးတိုက်ပွဲ အလွန် ကာလမှာ ရုရှား စစ်သားတွေက ရှေးဟောင်းရွာ တစ်ရွာကို အမှတ်မထင် တွေ့ခဲ့တယ်တဲ့။ အဲဒီ ရွာသားတွေက အရမ်း ကြီးမားပြီး အစွမ်းထက်တဲ့ ဝံပုလွေကြီးတွေ လိုမျိုး အသွင်ပြောင်း နိုင်စွမ်း ရှိတယ်တဲ့"

ဧဒင်က ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။

"ဝံပုလွေ လူသားတွေနဲ့ သွေးစုပ် ဖုတ်ကောင်တွေက ရှေးဒဏ္ဍာရီတွေ ထဲမှာပဲ ရှိတာပါ။ တကယ်လို့ ကမ္ဘာပေါ်မှာ သူတို့ နေထိုင်ခဲ့မယ် ဆိုရင်တောင် ခု မရှိလောက်တော့ ပါဘူး"

အရူးက မှတ်ချက်ချသည်။

"အဲဒီနောက် ဘာဖြစ်ရောလဲ ...”

ဇူးရပ်ကမူ အရူး၏ စကားအား အလေးမထားပဲ ဧဒင်ကိုသာ မေးလိုက်သည်။

"ရုရှား စစ်သားတွေလည်း မသိသေးတော့ သူတို့ ရွာမှာ စခန်းချ ကြတာပေါ့။ အဲဒီ ရွာသားတွေက ဝံပုလွေလူသား အသွင်ပြောင်းရင် သိုင်းပညာရှင် ကြီးတွေလောက်ကို အစွမ်းထက် တယ်တဲ့ကွ။ သူတို့က သုံးမီတာလောက် ရှည်ပြီးတော့ တင့်ကားကြီးတွေ ကိုတောင် သူတို့ လက်သည်းတွေနဲ့ ဆွဲဖဲ့ ဖျက်ဆီးပစ် နိုင်တယ်တဲ့။ အမြောက်တွေ ကတောင် သူတို့ကို အန္တရာယ် မပေးနိုင်ဘူး ဆိုပဲ။ နောက်ဆုံးမှာတော့ ရုရှား စစ်သားတွေပဲ အဲဒီရွာကနေ အသက်လုပြီး ထွက်ပြေးခဲ့ ရတယ်တဲ့ကွ"

ဧဒင်က အေးဆေးစွာ ရှင်းပြလိုက်သည်။

"ဒါဆို အဲဒီ သတ္တဝါဆန်းတွေက တန်ခိုးရှင် အဆင့်လောက် အထိ အစွမ်းထက်တာပေါ့"

အရူးက မှတ်ချက် ချလိုက်သည်။

"ပြီးတော့ ဘာဖြစ်ရောလဲ ...”

ဇူးရပ်ကလည်း နောက်တစ်ကြိမ် စိတ်ဝင်တစား မေးလိုက်ပြန်သည်။

"နောက်ပြီးတော့လား ...”

ဧဒင်က အနည်းငယ် ပြုံးလိုက်သည်။

"ရုရှားတွေက အဲဒီရွာရှိတဲ့ နေရာကို နျူကလိယဗုံး ကြဲလိုက်တယ်လေ"

"အဲဒီလို ရက်စက်မှုတွေကြောင့်ပဲ ထင်တယ်။ တန်ခိုးရှင် အဆင့်တွေ ပျောက်ကွယ်သွားတာ နှစ်ခြောက်ဆယ်လောက် ရှိပြီ။ ပေါ်ပေါ်ထင်ထင် လှုပ်ရှားရဲတာ ဆိုလို့ ချန်းပေ့ရွှမ်း တစ်ယောက်ပဲ ရှိတယ်။ သူက စစ်တပ် တစ်ခုလုံးနဲ့ လေယာဉ်တွေကိုပါ ဖျက်ချပစ် လိုက်တာ"

အရူးက ဝင်ပြောလိုက်သည်။

"ငါ့အထင် ပြောရရင် မြေခွေးအိုကြီးတွေ ချန်းပေ့ရွှမ်းကို ကြည့်မရ လောက်တော့ဘူး ထင်တယ်"

ဧဒင်ကမူ ပြုံးရုံသာ ပြုံးနေခဲ့သည်။ သူတို့ကား သာမန်လူများ မဟုတ်ကြရာ အစိုးရမှ ထုတ်ပြန်သော အလိမ်အညာ သတင်းများအား မယုံကြည်ကြချေ။ သူတို့ အဆင့်ဖြင့် ဆိုလျှင် အကျည်းတန်သော အမှန်တရားများအား အလုံးစုံ မြင်တွေ့နိုင်စွမ်း ရှိသည်။

ယခုအချိန်၌ ကမ္ဘာပေါ်ရှိ လူတိုင်း လိုလိုသည် တန်ခိုးရှင် အဆင့်များ၏ ဖြစ်တည်မှုကိုပင် မေ့နေခဲ့ကြပြီ ဖြစ်သည်။ ထိုသို့ မေ့အောင်လည်း အစိုးရက ဖန်တီးထားသည်။ ခေတ်မီ စစ်တပ်ကို အနိုင် မယူနိုင်သည့် ဇူးရပ်ကဲ့သို့သော ပုဂ္ဂိုလ်များအား ကမ္ဘာ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ အဖြစ် သတ်မှတ် ထားခြင်းမှာလည်း သူတို့ အစီအစဉ်သာ ဖြစ်သည်။

သို့သော်လည်း ချန်းဖန်ကမူ စစ်တပ် တစ်တပ်အား ဖျက်ဆီး ပစ်ခဲ့သည်။ ဂျပန်စစ်တပ်မှာ ကမ္ဘာ့ အစွမ်းအထက်ဆုံး စစ်တပ်ဟု မဆိုနိုင်သည့်တိုင် ခေတ်မီ လက်နက်များ၊ တိုက်လေယာဉ်များ အင်အားဖြင့် အလွန် စွမ်းအားကြီးသည်။ ချန်းဖန်၏ လုပ်ရပ်က များစွာသော မြေခွေးအိုကြီး များစွာကို ဖင်မထိုင် နိုင်အောင် ဖြစ်စေသည်။

"ငါသာ သူတို့နေရာမှာ ဆိုရင် ချန်းပေ့ရွှမ်းကို ချက်ချင်း သတ်ပစ်လိုက်မှာ"

ဇူးရပ်က တီးတိုး ရေရွတ်လိုက်သည်။

"ငါ အမေရိကန်တွေရဲ့ လက်က ထွက်ပြေးရတဲ့ အဓိက အကြောင်းရင်းက ငါ့ရဲ့ စွမ်းအားတွေကို ထုတ်မပြချင်လို့ပဲ။ ငါသာ သူတို့ကို အနိုင် တိုက်လိုက်မယ် ဆိုရင် သူတို့ အားလုံးရဲ့ ပစ်မှတ် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ချန်းပေ့ရွှမ်းကတော့ ဘာကိုမှ ဂရုမစိုက်ပဲ စစ်တပ်ကို အနိုင်ယူ ပြခဲ့တယ်။ အဲဒါက အမေရိကန်တွေရဲ့ မျက်နှာကို ဖြတ်ရိုက် လိုက်တာနဲ့ အတူတူပဲ"

"အင်း ... ဒါပေမဲ့ ချန်းပေ့ရွှမ်းက ငါတို့ လေးစားမှုနဲ့ ထိုက်တန်တဲ့ သူပါ"

အရူးက ဝင်ပြောလိုက်သည်။

ဧဒင်နှင့် ဇူးရပ်တို့ကလည်း သဘောတူစွာ ပြုံးလိုက်ကြသည်။ သို့သော်လည်း လေးစားမှု ဆိုသည်က ကြောက်ရွံ့ခြင်းကို မဆိုလိုချေ။ သူတို့ သုံးယောက်ကား မြေအောက် လောကကို နှစ်ပေါင်းများစွာ စိုးမိုးခဲ့ကြပြီး ရှုံးနိမ့်သည် ဟူ၍ မရှိခဲ့ချေ။ သူတို့ ကြောက်ရမည့် အရာ ဤဂြိုဟ် ကမ္ဘာပေါ်၌ မရှိပေ။

ထိုစဉ်မှာပင် ကျယ်လောင်သော ကြိမ်းမောင်းသံ တစ်ခု ချိုင့်ဝှမ်း အတွင်းမှ  ပေါ်ထွက်လာသည်။ ဧဒင်၊ အရူးနှင့် ဇူးရပ်တို့ တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်ကြ၏။

"ဘာတွေဖြစ် နေတာလဲ ...”

***

ချိုင့်ဝှမ်းအတွင်း၊ စမ်းအိုင် အနီးတွင်မူ …

အသစ် ရောက်လာသော အဖွဲ့ထဲမှ တစ်ယောက်က ရန်ချင်ဟူအား ကြိမ်းမောင်းကာ တိုက်ခိုက်ရန် ပြေးဝင် လာတော့၏။ ရန်ချင်ဟူကလည်း  တင်းမာသော မျက်နှာဖြင့် အသင့်စောင့်ကာ ပြန်လည် တိုက်ခိုက်သည်။

ကောင်းကင် စာအုပ်ဝင် ပုဂ္ဂိုလ် တစ်ယောက် အနေဖြင့် ရန်ချင်ဟူသည် အထွတ်အထိပ် အစောပိုင်း အဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ ထို့အပြင် အသက်ဓာတ် ကောင်းကင်ရေကို သောက်သုံးပြီး ဆယ်ရက်ခန့် ကျင့်ကြံထားရာ သူ၏ အစွမ်းအစမှာ ခန့်မှန်း၍ မရအောင် အစွမ်းထက်နေပြီ ဖြစ်သည်။

သူ၏ လက်သီးချက်တိုင်းက ချီစွမ်းအင်များဖြင့် ပြည့်နှက်နေကာ ဆာလောင်နေသော ကျားတစ်ကောင် အလား အန္တရာယ်များသည်။

ရန်ချင်ဟူအား တိုက်ခိုက်လိုက်သည့် ပုဂ္ဂိုလ်မှာ တိုက်ဆင် ဒမွန်ပင် ဖြစ်သည်။ သူကား အရပ် နှစ်မီတာခန့် မြင့်မားပြီး တင့်ကားတစ်စီး အလား သန်မာသူ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် ကြွက်သားများက အမြှောင်းမြှောင်း ထကာ ကျောက်စိုင်၊ ကျောက်တုံးများ အလား မာကျောသည်။ သူ၏ ခန္ဓာကိုယ် သန့်စင်၊ ကြံ့ခိုင်မှုမှာ စိန်နက်အောက် လျော့နည်းခြင်း မရှိချေ။

ရန်ချင်ဟူ တန်ပြန် တိုက်ခိုက်သည်ကို မြင်သည်နှင့် တိုက်ဆင် ဒမွန်က မဲ့ပြုံးပြုံး လိုက်၏။ သူက ထိုတိုက်ခိုက်မှု များအား ရှောင်တိမ်းရန် မကြိုးစားပဲ ရင်ဘတ်ဖြင့် ခံပေးလိုက်သည်။ ထို့နောက် သူ၏ လက်များကို ဆန့်ထုတ်၍ ရန်ချင်ဟူအား ဖမ်းဆုပ်ရန် ကြိုးစားသည်။

ရန်ချင်ဟူသည် အနည်းငယ် မျက်နှာပျက် သွားပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်၏။ သူ၏ လက်သီးမှာ သစ်ပင်ကြီး တစ်ပင်ကိုပင် အပိုင်းပိုင်း ပြတ်သွားစေသည် အထိ စွမ်းအား ကြီးသော်လည်း တိုက်ဆင် ဒမွန်၏ ခန္ဓာကိုယ်ကိုမူ အနည်းငယ် ပေါက်ပြဲအောင်ပင် မလုပ်နိုင်ချေ။

ရန်ချင်ဟူက နည်းစနစ်ကို အနည်းငယ် ပြောင်းကာ တိုက်ဆင် ဒမွန်အား လှည့်ပတ် တိုက်ခိုက်ရန် ပြင်လိုက်သည်။ သူက လေထဲသို့ အနည်းငယ် ခုန်တက်ကာ တိုက်ဆင် ဒမွန်၏ ခေါင်းအား ကန်လိုက်သည်။ သို့သော်လည်း အသုံးမဝင်ချေ။

"ဒီကောင်ကြီးက ဘယ်ကြောင့် လက်သီးချက်တွေကို ခံနိုင်နေတာလဲ"

ရန်ချင်ဟူ အဖြေရှာ နေစဉ်မှာပင် တိုက်ဆင် ဒမွန်က သူ့ထံသို့ ဆင်ကြီး တစ်ကောင်အလား တိုးဝင်လာသည်။ သူ၏ ခြေလှမ်းတိုင်းက အလွန် လေးလံနေရာ မြေပြင်ပင် တုန်ခါနေတော့၏။

တိုက်ဆင် ဒမွန်၏ ခန္ဓာကိုယ်သည် အလွန်ပင် သန်မာသော်လည်း အမြန်နှုန်းမှာမူ ရန်ချင်ဟူထက် နှေးကွေးသည်။ ထို့ကြောင့် ရန်ချင်ဟူက တိုက်ဆင် ဒမွန်၏ တိုက်ခိုက်မှုကို ထိပ်တိုက် မတွေ့ပဲ ရှောင်ပြေးရန် ကြိုးစားလိုက်၏။

သို့သော်လည်း အမှောင်ကမ္ဘာမှ တစ်ဒါဇင်ခန့် ရှိသော ပညာရှင်များမှာ ရန်ချင်ဟူ၏ ထွက်ပေါက် မှန်သမျှကို ပိတ်ဆို့ ထားကြသည်။ ထိုမြင်ကွင်းအား ကြည့်ရင်း ရန်ချင်ဟူမှာ ရင်ခုန်နှုန်း မြန်လာခဲ့တော့၏။

တိုက်ဆင် ဒမွန်၏ တစ်ခုတည်းသော အစွမ်းမှာ သူ၏ ခွန်အားသာ ဖြစ်ပြီး အဆင့်တူများ ကြား၌ အားအနည်းဆုံး ဟုပင် ဆိုနိုင်သည်။ သူ၏ အစွမ်းက ကားလ်ကိုပင် ယှဉ်နိုင်စွမ်း မရှိချေ။ ထို့ကြောင့်ပင် ရန်ချင်ဟူ အနေဖြင့် ရင်ဆိုင် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထပ်တိုးလာသော ပြိုင်ဘက်များမှာမူ တိုက်ဆင် ဒမွန်ထက်ပင် သာသော လူများ ဖြစ်ကြသည်။ ရန်ချင်ဟူ မည်သို့မျှ ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

"ဒီပညာရှင်တွေက ဘယ်က လာကြတာလဲ ... သူတို့ အားလုံးက ငါ့ထက် ပိုပြီး အစွမ်းထက်လွန်း နေတယ်"

ချန်ချင်ဟူက စိတ်မသက်မသာဖြင့် ချန်းဖန်ထံသို့ လှမ်းကြည့်လိုက်သည်။ ချန်းပေ့ရွှမ်းကား အမှောင်ကမ္ဘာ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ချန်းပေ့ရွှမ်းမှာ သူ့အား ကယ်တင်ပေး နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။

သို့သော်လည်း ထိုလူများ အားလုံးကို ချန်းပေ့ရွှမ်း အနိုင်ယူနိုင် လိမ့်မည်ဟု ရန်ချင်ဟူ မမျှော်လင့်ရဲချေ။ ဤနေရာ၌ အထွတ်အထိပ် အဆင့် နှစ်ဆယ်ခန့် ရှိနေသည့် အပြင် အမှောင် သတ်မှတ်ချက်ဝင် ထိပ်သီး ပုဂ္ဂိုလ်ကြီးများပင် ပါဝင်နေသည်။

ထိုစဉ်မှာပင် နူးညံ့သိမ်မွေ့ပြီး ပျော့ပျောင်းပုံ ရသည့် လူမည်း အမျိုးသမီး တစ်ယောက်က ရှေ့သို့ ထွက်လာကာ ချန်းဖန်အား ကြည့်လိုက်သည်။ ထို့နောက် သူမက နှစ်ခွဖြစ်နေသော လျှာဖြင့် ပါးစပ်အား သပ်ရင်း ပြောလိုက်သည်။

"ဒီမှာ တရုတ်လေး တစ်ယောက်ပါလား ... ငါသူ့ကို ယူလိုက်မယ်"

"အနက်ရောင် စုန်းမ ... သူ့ အရူးတွေကို ချိုးမပစ်နဲ့ ဦးနော် ...”

အခြားလူများက ပြောင်လှောင်ရင်း ဟားတိုက် ရယ်မောလိုက်သည်။ ယခု အချိန်၌ ရန်ချင်ဟူမှာ တိုက်ဆင် ဒမွန်၏ အောက် အသည်းအသန် ရုန်းကန် နေရသည်။ ရန်ချင်ဟူ၏ အကူအညီ မရှိလျှင် ထိုကောင်လေးမှာ အနက်ရောင် စုန်းမ၏ လက်အတွင်း အလွယ်တကူ သက်ဆင်း ရပေလိမ့်မည်။ ထိုခေါင်းစွပ် ဆွယ်တာ ဝတ်ဆင်ထားသည့် ကောင်လေး၏ ဘဝကား မတွေးရဲ စရာပင်။

ထိုအချိန်မှာပင် ချန်းဖန် လက်တစ်ဖက်အား ဖြည်းညင်းစွာ မြောက်ရင်း စတင် လှုပ်ရှား လိုက်တော့၏။

***

All Chapters