← Chapters

ဝိုင်း၍တိုက်ခိုက်ကြခြင်း

Vol. 5 Ch. 415

ဝိုင်း၍တိုက်ခိုက်ကြခြင်း

Vol. 5 Ch. 415

ဘုရားသားတော် ဧဒင်… သူကား အသက် ရှစ်ဆယ်ခန့် ရှိနေပြီ ဖြစ်သော်လည်း ဆယ်ကျော်သက် လူငယ်လေးကဲ့သို့ နုပျိုနေ၏။

သူ့အား ဂျာမန် ရွာငယ်လေး တစ်ခုတွင် ၁၉၃၀ ခုနှစ်ခန့်၌ ဖွားမြင်ခဲ့သည်။ သူမွေးဖွား ပြီးပြီးချင်းတွင်ပင် အလင်းစွမ်းအား နိုးထလာခဲ့ပြီး ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်း ပြသခဲ့သည်။

ထိုထူးခြားသော ပါရမီကြောင့်ပင် ဥရောပ မြောက်ပိုင်းရှိ ဘုန်းကြီးကျောင်း တစ်ခုက သူ့အား မွေးစားခဲ့ပြီး လျှို့ဝှက်ကျင့်စဉ်များကို သင်ကြားပေးခဲ့သည်။ ဧဒင် အသက် ဆယ့်နှစ်နှစ် ပြည့်ပြီးနောက် ဘုရားကျောင်းချုပ်၏ ခေါင်းဆောင်လောင်း အဖြစ် လျာထားခြင်း ခံခဲ့ရသည်။

သို့သော်လည်း အသက်နှစ်ဆယ် ပြည့်သည်နှင့် ဧဒင်သည် ဝစီပိတ် မိစ္ဆာ ကျင့်စဉ်ကို ကျင့်ကာ ကျေးဇူးရှင် ဖာသာ အပါအဝင် ဘုရားကျောင်းရှိ လူအားလုံးအား သတ်ဖြတ် ပစ်ခဲ့သ၏။ နောက်ပိုင်းတွင်မူ အမှောင်ကမ္ဘာသို့ စတင်ခြေချကာ ထင်ရာစိုင်းခဲ့သည်။

အမှောင်ကမ္ဘာသို့ စတင် ဝင်ရောက်စဉ်ကပင် ဧဒင်၏ စွမ်းအားများကို လူတိုင်း အံ့အားသင့်ခဲ့ရ၏။ ရောက်ရောက်ချင်းပင် ဧဒင်သည် အိန္ဒိယ၏ အစွမ်းအထက်ဆုံး ပညာရှင် ဘမ်မာကို သတ်ပစ်ကာ အမှောင်ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။ ထို့နောက် အရှေ့အလယ်ပိုင်းသို့ သွားရောက်ကာ ကူဝိတ်မှ ကျေးစားဂိုဏ်း တစ်ခုကို ရှင်းလင်းပစ်ခဲ့သည်။

ဤသို့ဖြင့် အသက် လေးဆယ် မပြည့်ခင်မှာပင် ဧဒင်သည် အမှောင်ကမ္ဘာ တစ်ခုလုံးအား စိုးမိုးလာနိုင်ခဲ့၏။ လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ခန့် ကာလအတွင်း ဧဒင်အား စိန်ခေါ် တိုက်ခိုက်သူ များစွာ ရှိသော်လည်း အောင်မြင်သူ မရှိခဲ့ချေ။ ဂျပန်၏ ဓားသူတော်စင် တာကီမီယာ ဟီရိုပင်လျှင် ဧဒင်ထံ၌ ရှုံးနိမ့်ခဲ့ဖူးသည်။

ဧဒင်ကား ဘုရားသခင်၏ လက်ဆောင်ဟု ဆိုအပ်သော အလင်းစွမ်းအားဖြင့် မွေးဖွားလာသူ ဖြစ်သည်။ ထို့အပြင် ဘုန်းကြီးကျောင်းကလည်း သူ့အား နှစ်ပေါင်းများစွာ ပညာသင်ကြား ပေးခဲ့သည်။ ထို့ကြောင့်ပင် များစွာသော လူများက သူ့အား ဘုရားသားတော်ဟု သမုတ်ကြခြင်း ဖြစ်သည်။ အာဏာနောက်သို့ လိုက်တတ်သည့်  စရိုက်ကြောင့်သာ မဟုတ်လျှင် ဧဒင်သည် တန်ခိုးရှင် အဆင့် ဖြစ်နေလောက်ပြီ ဖြစ်သည်။

"ဟူး… ဟူး…"

ဧဒင်က အတောင်များအား ခတ်ရင်း ချန်းဖန်ထံ ဗုံးကြဲလေယာဉ် တစ်စင်းကဲ့သို့ ပျံသန်း ဝင်လာခဲ့သည်။

ချန်းဖန်က သူ့အား ဂရုမစိုက်ပဲ ဇူးရပ်ကိုသာ ကန်ထုတ် လိုက်သည်။ ထိုအချိန်မှာပင် အရူးက အဆိပ်ကျိန်စာဖြင့် ချန်းဖန်ထံ ပစ်လွှတ်လိုက်၏။ ထိုတိုက်ခိုက်မှုကို ချန်းဖန်က ခန္ဓာကိုယ် သက်သက်ဖြင့်ပင် ရင်ဆိုင် လိုက်သည်။

ထို့နောက် သူက မြေပြင်ကို ဖနှောင့်ဖြင့် ပေါက်ကာ ကောင်းကင်သို့ ပျံတက်ရင်း တိုးဝင်လာသော ဧဒင်အား လက်သီးဖြင့် ထိုးလိုက်သည်။

ထိုလက်သီးကို ဧဒင်က အတောင်ဖြင့် ကာသည်။ ထိုအရာ နှစ်ခု ထိတွေ့သည်နှင့် သတ္တုချင်း တိုက်ခတ်သံကဲ့သို့ အသံများ ပေါ်ထွက်လာ၏။ ထိုအသံများကား အလွန် ကျယ်လောင် စူးရှရာ လူများစွာမှာ နားများကိုပင် ပိတ်လိုက် မိကြတော့သည်။

"နောက်ထပ် ဝိညာဉ်ခန္ဓာ တစ်ခုပါလား…"

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ ဇူးရပ်၏ ဝိညာဉ်ခန္ဓာမှာ အချိန်အနည်းငယ်သာ လေ့ကျင့်ထားသည့် အခြေခံ အဆင့်၌သာ ရှိသေးသော်လည်း ဧဒင်၏ ဝိညာဥ်ခန္ဓာကိုယ်မှာမူ စိတ်စေတိုင်း အသုံးပြုနိုင်သည့် အဆင့်သို့ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။

ဧဒင် ပိုင်ဆိုင်ထားသည့် ဝိညာဉ်ခန္ဓာမှာ ကောင်းကင်အလင်း ဝိညာဉ်ခန္ဓာ ဖြစ်ပြီး အခြား ဝိညာဉ်ခန္ဓာ အများစုထက် ပိုမို အစွမ်းထက်သည်။

ဧဒင်၏ ခန္ဓာကိုယ်အား သူပိုင်ဆိုင်ထားသော အလင်းစွမ်းအင်က အချိန်တိုင်း သန့်စင်နေပုံရသည်။ အလင်းစွမ်းအင်မှာ သူ၏ အရိုး၊ အကြော၊ အသွေး၊ အသားထဲတွင် လှည့်ပတ် စီးဆင်းနေကာ မပျက်စီးနိုင်သော ခန္ဓာကိုယ်ကို ပုံဖော်နေသည်။ စက်သေနတ် ကျည်ဆန်ပင်လျှင် သူ၏ ခန္ဓာကိုယ်အား ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။

ထို့အပြင် ဧဒင် အသက်မှာ ရှစ်ဆယ်ခန့် ရှိနေပြီ ဖြစ်သည့်တိုင် လူငယ်လေး တစ်ယောက်ကဲ့သို့ နုပျိုနေဆဲပင်။ သူ တန်ခိုးရှင် အဆင့်သို့ မတက်လှမ်းနိုင်ခဲ့လျှင်ပင် ယခုပိုင်ဆိုင်ထားသည့် ခန္ဓာကိုယ်ဖြင့် အနည်းဆုံး နှစ်တစ်ရာ့ ငါးဆယ် အထိ နေနိုင်လိမ့်မည် ဖြစ်၏။

ဝိညာဉ်ခန္ဓာတစ်ခု ရရှိခြင်းမှာ ကျင့်ကြံခြင်း လမ်းကြောင်း၌ ပထမမှတ်တိုင်ကို ချိုးဖျက်လိုက်ခြင်းပင်။ ဝိညာဉ်ခန္ဓာမှာ ကျင့်ကြံသူ၏ သက်တမ်းကို ပိုမိုတိုးမြှင့် ပေးနိုင်သလို ခန္ဓာကိုယ်ကိုလည်း ပိုမို သန့်စင် ပေးနိုင်သည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ဝိညာဉ်ခန္ဓာ ကျင့်စဉ်တွင် ဆန်းကြယ်ခြင်း အဆင့်ထိ လေ့ကျင့်နိုင်ပါက အနည်းဆုံး နှစ်ငါးရာ အထိ ရှင်သန်နိုင်မည် ဖြစ်သလို တာဝေးပစ် ဒုံးကျည် ပေါက်ကွဲမှုကိုပင် ခံနိုင်ရည် ရှိလာမည် ဖြစ်သည်။

"မင်းမှာ သာမန် ဝိညာဉ်ခန္ဓာလေးပဲ ရှိတာ နှမြောစရာပဲ…"

ချန်းဖန်က ကျယ်လောင်စွာ ရယ်မောရင်း ဧဒင်ထံသို့ လက်သီးတစ်လုံး ပစ်လွှတ် လိုက်သည်။ ထိုလက်သီးက အကာအကွယ် အလင်းများကို ချိုးဖျက်ကာ ဧဒင် ၏ ရင်ဘတ်ပေါ်သို့ ကျသည်။

"အား…"

နာကျင်သော အော်ဟစ်သံနှင့်အတူ ဧဒင်၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စဉ် သွားတော့သည်။ မီတာပေါင်းများစွာ အရောက်မှ  ဧဒင်မှာ ဟန်ချက်ညီအောင် ထိန်းနိုင်တော့သည်။

"သူ့ရဲ့ ခန္ဓာကိုယ်က ငါ့ထက် ပိုသန်မာတာပဲ…"

ဧဒင် ရေရွတ်ရင်း ချန်းဖန်အား မနာလိုစွာ ကြည့်လိုက်၏။

"သူ့မှာ အရမ်း အစွမ်းထက်တဲ့ နတ်ဘုရား ဖွဲ့စည်းပုံ ရှိတာ ဖြစ်ရမယ်။ နောက်ပြီး သူ့ရဲ့ ကျင့်စဉ်တွေကလည်း အရမ်း အစွမ်းထက်နေတယ်"

ဤကမ္ဘာ၌ ပညာရှင် အမျိုးအစား နှစ်မျိုး ရှိသည်။

ပထမ တစ်မျိုးမှာ ကြိုးစားအားထုတ်မှုနှင့် အပတ်တကုတ် ကျင့်ကြံခြင်းကြောင့် အစွမ်းရရှိ လာသူများ ဖြစ်ကြသည်။ ထိုအထဲတွင် သိုင်းပညာရှင်များ၊ တာအိုဆရာများ၊ အစီအရင် ပညာရှင်များ၊ အိုမိုင်ယိုချီများနှင့် ဖုန်းရွှေ ဆရာများ ပါဝင်သည်။ ထိုပညာရှင်များမှာ အသက် ငယ်ရွယ်စဉ်ကပင် လေ့ကျင့်ခဲ့ပြီး ဖြည်းဖြည်း မှန်မှန် တိုးတက်လာခဲ့ကြသူများ ဖြစ်ကြသည်။

ဒုတိယ တစ်မျိုးမှာမူ အရှင်သခင်များ ဖြစ်သည်။ သူတို့သည်လည်း ကျင့်ကြံရန် လိုအပ်သည့်တိုင် အဓိက စွမ်းအား အရင်းအမြစ်မှာ နိုးထလာသော မွေးရာပါ စွမ်းအားများသာ ဖြစ်ကြသည်။ အရှင်သခင်များမှာ သူတို့၏ စွမ်းအား အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားလျှင် နတ်ဘုရား ဖွဲ့စည်းပုံဟု ခေါ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာကြ၏။

ဇူးရပ်နှင့် ဧဒင် နှစ်ယောက်စလုံးကား နတ်ဘုရား ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။ သူတို့မှာ နတ်ဘုရား ဖွဲ့စည်းပုံကို အပြည့်အဝ မသန့်စင်နိုင်သေးသော်လည်း တန်ခိုးရှင် အဆင့်ကဲ့သို့ အစွမ်းထက် နေကြပြီ ဖြစ်သည်။

ဧဒင်၏ အမြင်တွင်မူ ချန်းဖန်မှာ နတ်ဘုရား ဖွဲ့စည်းပုံကို အပြည့်အဝ သန့်စင်ထားခြင်းကြောင့် ယခုကဲ့သို့ အစွမ်းထက်နေခြင်းဟု ယူဆနေသည်။ ထို့ကြောင့်ပင် သူ၏ မျက်ဝန်းများ၌ ချန်းဖန်ကို မနာလိုခြင်းများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

"ဘုန်း…"

ချန်းဖန် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်စဉ်မှာပင် ဇူးရပ်က နောက်တစ်ကြိမ် ပြေးဝင်လာပြန်၏။ အရူးကလည်း မြေကြီးအား ရွှံ့ရုပ်ကြီး တစ်ရုပ်အသွင် ပြောင်းလဲကာ ချန်းဖန်အား တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

"ဟမ့်…"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း ဇူးရပ်အား ကန်ထုတ် လိုက်သည်။ တစ်ဆက်တည်း လိုလိုပင် ရွှံ့ရုပ်ကြီးအား လက်သီးဖြင့် ထိုးခွဲကာ အရူးထံ တိုးဝင်သွားသည်။ ထိုစိတ်ပျက်စရာ အစီအရင်သမားကို ဦးစွာ ရှင်းထုတ်ပစ်ရပေမည်။

"သတိထား…"

ဇူးရပ်က အရူးအား အော်ဟစ် သတိပေးလိုက်၏။ ဧဒင်ကလည်း ကောင်းကင်၌ လှည့်ပတ်ရင်း အတောင်ကို ခါထုတ်ကာ အမွေးအတောင်များဖြင့် ပစ်ခတ်လိုက်သည်။ ထိုအမွေးအတောင်များမှာ ကျည်ဆန်များအလား ချန်းဖန်ထံ အပေါ်စီးမှ တိုးဝင် သွားတော့သည်။

ချန်းဖန်က အဇူရာ အလင်းကို ဖော်ထုတ်ကာ ထိုအမွေးများအား ခုခံလိုက်သည်။ ဧဒင်၏ တိုက်လိုက်မှုကို ခုခံနေစဉ်တွင်ပင် အရူးက အစီအရင် တစ်ခုကို ရေးဆွဲလိုက်သည်။ ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က လေထဲတွင် မှေးမှိန် ပျောက်ကွယ် သွားသည်။

"ဒီလို ဟာသကျင့်စဉ်နဲ့ ငါ့ကို အရူးလုပ်ချင်တာလား…"

ချန်းဖန်က ကြိမ်းမောင်းရင်း နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။

ထိုအချိန်မှာပင် ဧဒင်က ချန်းဖန်ထံသို့ ပျံသန်းကာ တိုးဝင်လာပြန်၏။ သူ့အနေဖြင့် ချန်းဖန်ကို အသာရရန် မဖြစ်နိုင်ကြောင်း သိသည်။ ထို့ကြောင့်ပင် ဤတိုက်ခိုက်မှုက ချန်းဖန်အား နှောင့်နှေးစေရန်သာ ရည်ရွယ် ထားသည်။

ထိုအချိန်မှာပင် မိုးကြိုးသခင် ဇူးရပ်က ချန်းဖန်ဆီသို့ ပြေးဝင်လာကာ အပြင်းအထန် တိုက်ခိုက် လိုက်ပြန်သည်။ သူ၏ မိုးကြိုးနတ်ဘုရား ဖွဲ့စည်းပုံမှာ ဧဒင်၏ နတ်ဘုရား ဖွဲ့စည်းပုံလောက် အစွမ်း မထက်သော်လည်း ချန်းဖန်၏ လက်သီးများအား ခံနိုင်ရည် ရှိနေဆဲ ဖြစ်သည်။ ထိုအချိန်တွင်ပင် အရူးမှာလည်း ချန်းဖန်၏ ဘေးနား တစ်နေရာတွင် ပြန်ပေါ်လာကကာ တိုက်ခိုက်ရန် ကြိုးစားလိုက်ပြန်သည်။

မျက်စိ တစ်မှိတ် အတွင်းတွင်ပင် အမှောင် ကမ္ဘာ၏ သခင်ကြီး သုံးယောက်မှာ ချန်းဖန်အား နေရာမျိုးစုံမှ အပြင်းအထန် တိုက်ခိုက်နေခဲ့ပြီ ဖြစ်၏။

"သူက တကယ့်ကို ဂန္ဓဝင် ပုဂ္ဂိုလ်ကြီးပဲ…"

များစွာသော ပညာရှင်များမှာ ထိုမြင်ကွင်းအား ကြည့်ရင်း အသက်ပင် မရှူနိုင်အောင် ဖြစ်နေကြတော့၏။

ချန်းဖန်မှာ တစ်ဦးတည်းဖြင့် သခင်ကြီး သုံးယောက်စလုံးကို ရင်ဆိုင် တိုက်ခိုက်နိုင်လိမ့်မည်ဟု မည်သူကမျှ မျှော်လင့် မထားခဲ့ကြချေ။ ဧဒင်၏ တော်ဝင် ဖြတ်သန်းခြင်း အလင်းဓားများ ပင်လျှင် ချန်းဖန်အား ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိချေ။

"သူက ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ… သူ့ရဲ့ ခန္ဓာကိုယ်က နတ်ဘုရား ဖွဲ့စည်းပုံထက်တောင် ပိုသန်မာနေတာလား…" ကက်သရင်းက ချန်းဖန်အား ကြည့်ရင်း ရေရွတ်နေမိသည်။

"သူက တကယ် တန်ခိုးရှင် အဆင့်ပဲ… သူ့ရဲ့ ဓမ္မ အစီအရင်၊ သိုင်းပညာ၊ ခန္ဓာကိုယ် သန့်စင်ခြင်း သုံးခု စလုံးက... ငါတို့ မမျှော်မှန်းနိုင်တဲ့ အဆင့်ကို ရောက်နေပြီ…" ကားလ်ကလည်း သုန်မှုန်သော မျက်နှာဖြင့် ရေရွတ် လိုက်သည်။

"သူတို့ သုံးယောက် ချန်းပေ့ရွှမ်းကို အနိုင်ယူနိုင်ပါ့ မလား…" လူများစွာမှာ တိတ်တခိုး သက်ပြင်းချ နေမိကြတော့၏။

"သူတို့ သုံးယောက်သာ ချန်းပေ့ရွှမ်းကို မနိုင်ရင် ငါတို့လည်း နိုင်မှာ မဟုတ်တော့ဘူး… အသက်ဓာတ် ကောင်းကင်ရေကို မရတဲ့ အပြင် ငါတို့ရဲ့ အသက်တွေကိုပါ ပေးလိုက်ရတော့မှာလား…"အမှောင်တိုက်တမ်က အံကို တင်းတင်းကြိတ်ရင်း ချန်းဖန်အား ကြည့်လိုက်၏။

ထို့နောက် သူက မြေပြင်အား ဆောင့်နင်းရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"အားလုံး ဝိုင်းချကြရအောင် ဟေ့…"

သူ၏ စကားကို လူများစွာက ခေါင်းညိတ်ရင်း တိုက်ခိုက်ရန် ဟန်ပြင် လိုက်ကြတော့သည်။

အကယ်၍ ခေါင်းဆောင်ကြီး သုံးဦးသာ သေဆုံးသွားလျှင် သူတို့လည်း လွတ်မြောက်ရန် အခွင့်အလမ်း ရှိမည် မဟုတ်တော့ချေ။ ချန်းပေ့ရွှမ်းမှာ အလွန်ပင် အစွမ်းထက် လွန်းသည်။ သူတို့ အားလုံးပေါင်း တိုက်ခိုက်မှုကသာ ချန်းပေ့ရွှမ်းအား အနိုင်ရန် အခွင့်အရေး ရှိသည်။

"ဘာလဲဟ… မင်းတို့က လမ်းသရဲတွေ မဟုတ်ဘူးလေ… ဘာလို့ တစ်ယောက်တည်းကို အုပ်စုလိုက် ဝိုင်းချနေတာလဲ…" ရန်ချင်ဟူက အသည်းအသန် အော်ဟစ်လိုက်သည်။

ဤနေရာတွင် ရောက်နေသူများ အားလုံးမှာ အမှောင်ကမ္ဘာ၏ ထိပ်သီး ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်ကြီးများမှာ ချန်းဖန်အား ဝိုင်းဝန်း တိုက်ခိုက်ရန် ကြံစည်နေသည်။ ထိုအပြုအမူက လမ်းသရဲများနှင့် မခြားနားပေ။

သို့သော်လည်း ချန်းဖန်အတွက် သူ လုပ်ပေးနိုင်သော အရာ မရှိချေ။ အံကို တင်းတင်းကြိတ်ရင်း ချန်းဖန်ဆီသို့ ဘက်ပေါင်းစုံမှ ပြေးဝင်သွားသည့် အရိပ်များအား ထိုင်ကြည့်ရန်သာ တတ်နိုင်တော့သည်။

ပညာရှင်များစွာကား သူတို့ တတ်ထားသည့် ပညာရပ်၊ အစီအရင်၊ သိုင်းပညာမှန်သမျှကို အိတ်သွန် ဖာမှောက် သုံးရင်း ချန်းဖန်အား အဘက်ဘက်မှ ဝန်းရံ လိုက်ကြပြီ ဖြစ်သည်။ "ဟုတ်ပြီ…"

ချန်းဖန်က ကျယ်လောင်စွာ ရယ်မောရင်း ကောလိပ်ကျောင်းသား ချန်းဖန် သဏ္ဌာန်မှ ချန်းပေ့ရွှမ်း သဏ္ဌာန်သို့ ပြောင်းလဲလိုက်သည်။

***

All Chapters