ပရိသတ်ကို ထိတ်လန့်စေခြင်း
Vol. 7 Ch. 96
စတူဒီယိုထဲ၌ ... အချိန်တွေ ရပ်တန့်နေပုံပေါ်သည်။
ဂျော်နီနှင့် ပါမောက္ခဘဲလ်တို့သည် ကျောက်ရုပ်တုနှစ်ခုကဲ့သို့ သူတို့ရှေ့က ဖန်သားပြင်ကို ကြောင်အစွာ စိုက်ကြည့်နေကြသည်။
ဆည်ပိုင်လုံးခန့် အထူရှိသော စပါးအုံးမြွေကြီး၏ ပါးစပ်ထဲတွင် ခြင်္သေ့တစ်ကောင် ရှိနေသည်။
ခွန်အားနှင့် တန်ခိုးကို ကိုယ်စားပြုသော ခြင်္သေ့သည် သူ့ရှေ့တွင် ကလေးငယ်ကဲ့သို့ အားနည်းလွန်း၏။ ဘယ်လောက်ပင် ရုန်းကန်နေရပါစေ ထိုဧရာမမြွေကြီး၏ ပါးစပ်မှ မလွတ်မြောက်နိုင်ချေ။
“ဂလု”
အချိန်အတော်ကြာပြီးနောက် ဂျွန်နီက သတိဝင်လာကာ တံတွေးမျိုချလိုက်သည်။
"ဘဲ.. ဘလ်... ပါမောက္ခဘဲလ်"
နှစ်ကြိမ် စကားထစ်ပြီးမှသာ ဂျွန်နီက စကားပြောနိုင်ခဲ့သည်။
"ဒါက ရှေးခေတ်က (ညံ့) ဆိုတာများလား"
သူ့စကားကြားတော့ ဘဲလ်လည်း သတိဝင်လာကာ အသက်ပြင်းပြင်းရှူရင်း ရှိုက်ကြီးတငင်ပြုံး၍ တည်ငြိမ်စွာ ပြောလိုက်သည်။
"(ညံ့) က ဒီလောက် ကြီးမှာ မဟုတ်ဘူး"
သူ၏ တည်ငြိမ်သော အသွင်အပြင်နှင့် မတူဘဲ သူ့နှလုံးသားသည် တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ဇီဝဗေဒပညာရှင်တစ်ဦးအနေဖြင့် သူသည် ထူးဆန်းသောသတ္တဝါများစွာကို တွေ့ဖူးသော်လည်း ဤမျှကြီးမားသော တုန်လှုပ်ချောက်ချားမှုကို မည်သည့်သတ္တဝါမှ မပေးခဲ့ဖူးပေ။
၎င်းသည် ဤကမ္ဘာမြေပေါ်တွင် လုံးဝမရှိသင့်သော သတ္တဝါတစ်ကောင် ဖြစ်သည်။
သူသည် ထိုဧရာမမြွေကြီးကို လူကိုယ်တိုင်မမြင်ရသောကြောင့် ၎င်း၏ အရွယ်အစားကို တိကျစွာ မဆုံးဖြတ်နိုင်သော်လည်း ခြင်္သေ့ကို ကိုးကား၍ တစ်စုံတစ်ခုကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
ထိုဧရာမြွေကြီး၏ အချင်းသည် (၁) မီတာနီးပါးရှိရပေမည်။
ဤသဘောတရားကား အဘယ်နည်း။
ယင်းအရွယ်အစားဖြင့် ကုန်းနေသတ္တဝါအများစုကို မျိုချနိုင်လေသည်။
ဒီလို ကြီးမားတဲ့ သတ္တဝါကြီးက ဒီဘက်ခေတ်မှာ ဘယ်လိုလုပ် ပေါ်လာတာလဲ..?
ဤအရာသည် မည်မျှပင် မယုံနိုင်စရာကောင်းသည် ဖြစ်စေ၊ ဖြစ်ရပ်မှန်က သူ့ရှေ့တွင် ရှိနေသောကြောင့် သူသည် ယုံကြည်ရန်သာ တတ်နိုင်သည်။
"မိကျောင်းဘုရင်ကို ဒီမြွေကြီးက ဖမ်းဆီးခဲ့တာလား..?"
ဂျော်နီ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။
ပထမတော့ သူအရမ်းတုန်လှုပ်သွားပြီး အသိစိတ် လွတ်သွားခဲ့သည်။ ယခုမူကား ငြိမ်သက်သွားသော သူ့ နှလုံးသားသည် ရင်ခုန်သံများဖြင့် ပြည့်နှက်နေသည်။
တိရိစ္ဆာန်ပြိုင်ပွဲ အစီအစဉ်တစ်ခု ပြုလုပ်ရန် ဤယူကန်ဒါ မြက်ခင်းပြင်ဒေသသို့ ရောက်လာစဥ်က... ဤကဲ့သို့ မြင်ကွင်းမျိုး မြင်တွေ့ဖို့ သူ မမျှော်လင့်ထားခဲ့ပေ။
အလွန်ကြောက်စရာကောင်းသည့် ဧရာမမြွေကြီး..။
ယနေ့ခေတ်တွင် ရှာဖွေတွေ့ရှိခဲ့သော စပါးအုံးမြွေများပင် မဆိုနှင့် ရှေးခေတ် ဧရာမစပါးအုံးမြွေများ၏ ကျောက်ဖြစ် ရုပ်ကြွင်းများကို ပြန်ကြည့်လျှင်ပင် ၎င်းသည် အကြီးဆုံး ဖြစ်နေသေးသည်။
သူတို့သည် ဤကဲ့သို့ ဧရာမမြွေကြီးကို ပထမဆုံး တွေ့မြင်ဖူးသည့် သူများပင် ဖြစ်နိုင်သည်။
...
မြစ်ကမ်းစပ်၌ ...
ဖန့်ရန်သည် သူ၏ မေးရိုးအပေါ်ပိုင်းနှင့် အောက်မေးရိုးများ တဖြည်းဖြည်း တင်းကြပ်နေသည်။ သူ၏ ချွန်ထက်သော သွားများသည် ယင်းခြင်္သေ့၏ အသားထဲသို့ နက်နက်နဲနဲ ဝင်ရောက်နေသည်။
“ဝေါင်း ... !!!”
ထိုခြင်္သေ့၏ ပါးစပ်မှ အလွန်ကျယ်လောင်သော နာကျင်စွာဟိန်းဟောင်သံတစ်ခု ထွက်ပေါ်လာပြီး ဖန့်ရန်၏ ပါးစပ်မှ လွတ်မြောက်ရန် အစွမ်းကုန်ကြိုးစားခဲ့လေသည်။
သို့ပေမယ့် အဆုံးသတ်မှာတော့ ဘာမှ အကျိုးမရှိခဲ့ပေ။
ဘန်း!
ဖန့်ရန်သည် ပါးစပ်အတွင်းမှ ခြင်္သေ့ကို ရုတ်တရက် လွှတ်ချလိုက်ရာ ၎င်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကျယ်လောင်သော အသံတစ်ခု ထွက်လာခဲ့သည်။
နောက်ဆုံးတွင် ခြင်္သေ့သည် ဖန့်ရန်၏ အစွယ်များကြားမှ လွတ်မြောက်ခဲ့သည်။ သို့သော် ၎င်းတွင် အသက်မရှိတော့ပေ။
ထိုခြင်္သေ့၏ နောက်ကျော၌ သွေးထွက်သံယို ဒဏ်ရာကြီးတစ်ခု ရှိနေပြီး သွေးများ အဆက်မပြတ် စီးကျနေခဲ့သည်။
ဖန့်ရန်၏ ပါးစပ်အတွင်၌ ရေဆေးကန်အရွယ် အသားတစ်ပိုင်း ရှိနေသည်။
“သံမဏိ ကိုယ်ထည်” ကို နှစ်ကြိမ် အဆင့်မြှင့်တင်ပြီးနောက်၊ ကျော်ကြားသော ဒိုင်နိုဆောများ၏ သွားများနှင့် ဆင်တူကာ ချွန်ထက်သော သွားများကို သူပိုင်ဆိုင်လာခဲ့သည်။
ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာခဲ့သော်လည်း ၎င်းသည် စက္ကန့်အနည်းငယ်သာ ကြာခဲ့၏။
မြစ်ကမ်းအနီးရှိ အခြားသတ္တဝါတို့သည် သတိဝင်လာကြကာ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။
အထူးသဖြင့် ဟိုင်းအီးနား အုပ်စုသည် ၎င်းနေရာနှင့် ဝေးကွာနေပြီ ဖြစ်သော်လည်း ယခုအခိုက်အတန့်တွင် ၎င်းတို့သည် လုံးဝကို ထွက်ပြေး သွားကြသည်။
ယခင်က အလွန်ပြင်းထန်စွာ လှုပ်ရှား တိုက်ခိုက်ခဲ့သော ခြင်္သေ့နှစ်ကောင်သည် အရှိန်အဟုန်ဖြင့် အမြန်ထွက်ပြေးသည်။
သို့သော် ဖန့်ရန်သည် ဤစနစ်အမှတ်များကို လက်မလွှတ်နိုင်ပေ။
ယင်းခြင်္သေ့နှစ်ကောင်သည် စနစ်အမှတ် (၁၀၀၀၀) ဖြစ်သည်။
သူ့ ရှေ့မှာ ၎င်းတို့ ပေါ်လာပြီးကတည်းက သူ၏ သားကောင်အဖြစ် ၎င်းတို့ကို မှတ်ယူထားခဲ့သည်။
ဖန့်ရန်က ယင်းခြင်္သေ့တွေထက် အများကြီး ပိုမြန်လေသည်။ စက္ကန့်သုံးဆယ်အကြာတွင် သူသည် ပထမတစ်ကောင်ကို လှမ်းကိုက် လိုက်ပြီး ဘေးသို့ ဆောင့်မချမီ ၎င်း၏ ဖင်ကို ကိုက်ဖြတ်လိုက်သည်။
ထိုခြင်္သေ့က နာကျင်စွာအော်သည်။
...
စတူဒီယို အတွင်းရှိ ပါမောက္ခဘဲလ်နှင့် ဂျော်နီတို့သည် ထိုကြောက်စရာကောင်းပြီး ရက်စက်သည့် မြင်ကွင်းကို မြင်လိုက်ရသဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်သို့ ပုရွက်ဆိတ်တွေ တက်ပြေးနေသလို ယားယံ ကြယ်သီးထနေခဲ့သည်။
သူတို့ကိုယ်သူတို့ စိတ်တည်ငြိမ်အောင် တွန်းအားပေးနေချိန်တွင် ဖန့်ရန်က ဒုတိယခြင်္သေ့ကို လိုက်ဖမ်းနေခဲ့သည်။
နှစ်မိနစ်အကြာတွင် ထွက်ပြေးနေခဲ့သည့် ယင်းခြင်္သေ့ကြီးလည်း သေဆုံးသွားခဲ့သည်။
ထိုနောက် ဧရာမမြွေကြီးသည် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ထဲကို မြိုချလိုက်သည်။ ၎င်းသည် သူ၏ ဝမ်ဗိုက်ကို အနည်းငယ်သာ ဖောင်းစေခဲ့သည်။
ပါမောက္ခဘဲလ်နှင့် ဂျော်နီတို့သည် ဤမြင်ကွင်းကိုမြင်ပြီးနောက် အမှန်ပင် ဘာပြောရမှန်း မသိခဲ့ကြပေ။
မြက်ခင်းပြင်ရဲ့ ဘုရင်အဖြစ် စွမ်းဆောင်နိုင်သည့် ခြင်္သေ့ကို ဤဧရာမ စပါးအုံးမြွေက အလွယ်တကူ မြိုချခဲ့သည်။
"အရမ်း တုန်လှုပ်စရာ ကောင်းတယ်!"
ဂျွန်နီ အသက်ပြင်းပြင်းရှူပြီး တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေသည့် ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။
“ဘယ်သူက မြက်ခင်းပြင်ရဲ့ ဘုရင် ဖြစ်မယ်၊ မဖြစ်ဘူး ငြင်းခုံမနေကြဘဲ၊ ငါတို့တွေ 'မြက်ခင်းပြင်ရဲ့ ထာဝရ ဘုရင်' ဆိုပြီး အဲ့ဒီ ဘွဲ့ကို ဒီဧရာမ စပါးအုံးမြွေကြီးကို တိုက်ရိုက်ချီးမြှင့်သင့်တယ်လို့ ထင်မိတယ်... မင်းတို့ကော “
"ဒီစပါးအုံးမြွေထက် ပိုသန်မာတဲ့ သူ ဒီမြက်ခင်းပြင်ဒေသမှာ ရှိနေမယ်လို့ ငါတော့ မယုံဘူး!"
...
မိုင်ထောင်ချီဝေးသော အိပ်ဆောင်ထဲ၌...။
ရှိန်းနဲ့ သူ့အခန်းဖော်တွေကသည် သူတို့ရှေ့မှာ ကွန်ပြူတာဖန်သားပြင်ကို စိုက်ကြည့်နေခဲ့သည်။
ဧရာမ စပါးအုံးမြွေကြီးတစ်ကောင်သည် ခြင်္သေ့တစ်ကောင်ကို မျိုချနေ၏။
မကြာသေးမီက သူတို့သည် ခြင်္သေ့ဘုရင် ကွယ်လွန်ချိန်တွင် စိတ်မသက်မသာ ဖြစ်ခဲ့ရသော်လည်း ယခုတွင် ထိုမသက်မသာမှုသည် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။
ထိုဧရာမ စပါးအုံးမြွေကြီးကို တွေ့လိုက်ရ၍ သူတို့ စိတ်လှုပ်ရှား တုန်လှုပ်နေကြသည်။
"အို... ဘုရားရေ……"
၎င်းတို့ လေးယောက်၏ ပါးစပ်ထဲမှ ကယောင်ကတမ်း စကားများ ထွက်နေခဲ့သည်။
ရှိန်း နှင့် သူ၏ အပေါင်းအဖော်များသည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားကြယုံမက ထိုရှိုးကို ကြည့်ရှုနေကြသည့် အခြားသော သူများလည်း ထိတ်လန့်သွားကြသည်။
လူအချို့သည် သတိဝင်လာ ပြီးနောက် ၎င်းတို့၏ သူငယ်ချင်းများနှင့် ဆွေမျိုးများထံ ချက်ချင်း စာတိုများ ပေးပို့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဤရှိုးကို ကြည့်ရှုသူဦးရေ အဆက်မပြတ် တိုးလာသည်။
တစ်ချိန်တည်းမှာပင် အမျိုးမျိုးသော သတင်းများသည် မီဒီယာပလက်ဖောင်းများပေါ်တွင် ပေါ်လာသည်။
ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်စရာ ကောင်းသော သတ္တဝါကြီး ပေါ်လာခြင်းကြောင့် မည်သူမျှ ငြိမ်သက်မနေနိုင်တာက သဘာဝလို ဖြစ်နေသည်။
အချိန်တိုအတွင်း ၎င်းသည် လူမှုကွန်ရက်အနှံ့ ပျံ့နှံ့သွားကာ ထိုစပါးအုံးမြွေကြီး၏ ပုံ ဒါမှမဟုတ် ဗီဒီယိုတွေကို မြင်သူတိုင်း တုန်လှုပ် သွားကြရပေသည်။
...
"ဟွမ် အစ်ကို! ဟွမ် အစ်ကို!"
တရုတ်နိုင်ငံရှိ ပြည်နယ်တစ်ခု၏ အိပ်ခန်းတစ်ခုက ကွန်ပျူတာတစ်လုံးရှေ့တွင် ထိုင်နေသည့် ကျောင်းသားတစ်ဦးရှိသည်။
ယင်းသည် နတ်ဘုရားများကို မြည်းတမ်းရင်း.. ဟွမ် အစ်ကို၊ ဒီကို မြန်မြန်လာ!! ဟု
အော်ခေါ်နေခဲ့သည်။
ကုတင်ပေါ်တွင်... လူငယ်တစ်ယောက်သည် သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ပြင်ဆင်နေခဲ့သည်။
ထိုလူငယ်၏ အော်ခေါ်သံကို ကြားပြီးနောက် ၎င်းသည် ကွန်ပြူတာဆီသို့ လျှောက်လာခဲ့သည်။
"လီဇီ မင်း ဘာဖြစ်နေတာလဲ၊ အော်နေတာ ရပ်လိုက်!”
လွိုင်ဟွမ်သည် ၎င်းလူငယ်ဆီ လျှောက်သွားရင်း ကွန်ပြူတာ ဖန်သားပြင်မှ မြင်ကွင်းကြောင့် အလွန်အံ့သြသွားခဲ့သည်။
.....