ခြေဆယ်လှမ်း လူတစ်ယောက်
Vol. 5 Ch. 416
လူတိုင်းက ချန်းဖန်အား ကြောင်တောင်တောင် ငေးကြည့်မိကြ၏။
ချန်းဖန်၏ မျက်လုံးများကား နတ်ဘုရား အလင်းရောင် တောက်ပနေပြီး ခန္ဓာကိုယ်မှာလည်း အဇူရာအလင်း ဖျော့ဖျော့ တောက်လောင်လျှက် ရှိသည်။ သူ၏ ဆံပင်များမှာမူ အင်္ကျီ ပခုံးထက်၌ ပြေလျော့ ကျနေကာ လေဝှေ့တိုင်း လွင့်မြော လူးလွင့်နေ၏။ ချန်းပေ့ရွှမ်း၏ ပုံသဏ္ဌာန်ကား မြင့်မြတ်သော နတ်ဘုရား တစ်ပါး အလားပင်။
"ဒါက ဂန္တဝင် စိတ်တိုကြီးချန်းရဲ့ ပုံစံ အစစ်အမှန်ပဲ…"
ရန်ချင်ဟူက ချန်းဖန်အား ကြည့်ရင်း အနောက်ရေကန်မှ တိုက်ပွဲကို ပြန်လည် အမှတ်ရ လာမိသည်။ ထိုတိုက်ပွဲ၌ ချန်းဖန်က လဲ့ချန်းကျွယ်ကို သတ်ဖြတ်ကာ တရုတ်၏ ထိပ်ဆုံးသို့ တက်လှမ်းခဲ့သည်။ ယခုတဖန်တွင်လည်း သူက ထိပ်သီး ပုဂ္ဂိုလ်ကြီးများအား သတ်ဖြတ်ကာ ကမ္ဘာကြီး၏ ထိပ်ဆုံးသို့ တက်လှမ်း ချေတော့မည်။
"ယား…"
ကားလ်က မာန်သွင်းရင်း အတောင်များကို ဖြန့်ကြက်လိုက်၏။ သူ၏ မျက်လုံးများကမူ ရဲရဲနီနေပြီး သွေးရေကန်ကြီးနှင့်ပင် တူနေတော့၏။
ကားလ်၏ အတောင်များမှာ မီးဓာတ်ဖြင့် ဖန်တီးထားခြင်း ဖြစ်ကာ မြင့်မားသော အပူချိန်ကြောင့် သွေးများစွန်းထင်းနေ သကဲ့သို့ နီရဲနေသည်။ ထိုအတောင်များမှာ ကားလ်၏ အလင်းအတောင်များလောက် အစွမ်းမထက်သည့်တိုင် မြင့်မားသော အပူချိန်ကို ထုတ်လွှတ်ကာ သတ္တုများကို အရည်ဖျော်ပစ် နိုင်သည်။
ကားလ်က မီးတောက် အတောင်များဖြင့် လေထုကို ရိုက်ခတ်ကာ ချန်းဖန်ထံသို့ နတ်ဘုရားတစ်ပါး အလား ပျံသန်း ဝင်ရောက် လာတော့၏။
ထိုအချိန်တွင်ပင် အမှောင်တိုက်တမ်က သူ၏ အစွမ်းအထက်ဆုံး လက်နက်ဖြစ်သည့် သင်္ဘော ကျောက်ဆူးကို ထုတ်ယူလိုက်၏။
အမှောင်တိုက်တမ်သည် နှစ်မီတာခွဲခန့် အရပ်ရှည်သော လူသန်ကြီး ဖြစ်၏။ ကြီးမား ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် ကြေးရောင်သန်းနေသော အသားအရေ ပေါင်းစပ်မှု အောက်တွင် အမှောင်တိုက်တမ်ကား ဂရိ သူရဲကောင်း ရုပ်တုကြီး အလားပင်။
အမှောင်တိုက်တမ်၏ သင်္ဘော ကျောက်ဆူးမှာမူ စတီးဖြင့် ပြုလုပ်ထားပြီး ကီလိုဂရမ် ထောင်ချီလေးသည်။ အမှောင်တိုက်တမ်သည် ထိုလက်နက်ကို ကြီးမားသော ရေနံတင် သင်္ဘောကြီး တစ်စင်းမှ ယူလာခဲ့ခြင်း ဖြစ်၏။
အမှောင်တိုက်တမ်သည် ကျောက်ဆူးအား လွှဲယမ်းကာ ချန်းဖန်အား တိုက်ရိုက်ပင် ရိုက်ချလိုက်၏။ ကျောက်ဆူးက လေထုအား အရှိန်ပြင်းစွာ ဖြတ်သန်းရင်း ချန်းဖန်ထံ ပြေးဝင် သွားတော့သည်။
အခြား ပညာရှင်များစွာမှာလည်း တုံ့နှေး မနေတော့ပဲ အစွမ်းအထက်ဆုံး ဓမ္မ အစီအရင်များ၊ သိုင်းပညာများကို ထုတ်ဖော်ကာ ချန်းဖန်အား တိုက်ခိုက်လိုက်တော့၏။
ထိုပညာရှင် အားလုံးကား နယ်မြေ၊ ဒေသ တစ်ခုချင်းစီ၌ ပြိုင်ဘက်ကင်းကြသူများ ဖြစ်သည်။ သူတို့ထဲမှ အချို့ဆိုလျှင် လဲ့ချန်းကျွယ်၊ အဇူရာ နဂါးတို့ထက်ပင် ပိုမို အစွမ်းထက် ကြသည်။ ထို့ကြောင့်ပင် သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုက ချန်းဖန်ကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိ၏။
"ဘုန်း…"
ချန်းဖန်က ရိုးရှင်စွာပင် လက်သီးတစ်ချက် ထိုးလိုက်၏။ ထိုလက်သီးက တောင်ကြီး တစ်လုံး၏ အားအင်ကို သယ်ဆောင်ကာ တိုက်ခိုက်လာသော ကျောက်ဆူးအား ခုခံလိုက်သည်။
"ဘုန်း…"
နားစည် ကွဲလောက်သည့် ပေါက်ကွဲသံနှင့်အတူ ကီလိုဂရမ် ထောင်ချီလေးသော ကျောက်ဆူးမှာ ဦးတည်ချက် ပြောင်း၍ အမှောင်တိုက်တမ်ထံသို့ ပြန်လည် တိုးဝင်သွားတော့၏။ အမှောင်တိုက်တမ်က ကျောက်ဆူးအား ပြန်လည် ဖမ်းယူလိုက်သည်။ သို့သော်လည်း ကျောက်ဆူး၏ တန်ပြန် အရှိန်က ရင်ဘတ်အထိ တိုးဝင်ကာ အမှောင်တိုက်တမ်အား သွေးအန်စေသည်။
အမှောင်တိုက်တမ်က ပါးစပ်မှ သွေးများကို သုတ်ရင်း ကျောက်ဆူးအား ပွတ်သပ်လိုက်၏။ ရုတ်တရက် ကျောက်ဆူး၏ မျက်နှာပြင်တွင် သုံးလက်မခန့် နက်သော လက်သီးရာ တစ်ခု ချိုင့်ဝင်နေကြောင်း သူသတိထားမိလိုက်သည်။
"ချန်းပေ့ရွှမ်းက စတီးထက်တောင် ပိုမာတာလား…"
အမှောင်တိုက်တမ် စိတ်ထဲမှ သက်ပြင်းချမိလိုက်သည်။
ကျောက်ဆူးအား ရိုက်ထုတ် ပြီးသည်နှင့် ချန်းဖန်က ပျံသန်းဝင်ရောက်လာသော ကားလ်ကို တံတောင်ဖြင့် ဆောင့်ချလိုက်၏။ ထို့နောက် လေပေါ်သို့ အနည်းငယ် ပျံတက်ကာ ဆင်မိစ္ဆာအား လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့် ကက်သရင်း၏ လျှပ်စီးစွမ်းအားများကို စုပ်ယူချေဖျက်လိုက်၏။
"ဘန်း...ဘန်း… ဘန်း…"
တိုက်ပွဲက အလွန် ပြင်းထန်ကာ မြေကြီးများပင် တဟီးဟီး တုန်လှုပ် နေတော့သည်။ တိုက်ပွဲနေရာ တစ်ခုလုံးတွင်လည်း ပေါက်ကွဲမှု အပိုင်းအစများ၊ ဖုန်များဖြင့် ပြည့်နှက်ကာ မှုန်ဝါး နေတော့သည်။
ချန်းဖန်တို့ ငှားလာသော လမ်းပြများမှာမူ ထိတ်လန့် ကြောက်ရွံ့မှုကြောင့် ချိုင့်ဝှမ်း၏ ထွက်ပေါက်ရှိရာသို့ အလျင်စလို ပြေးထွက်နေကြပြီ ဖြစ်သည်။
လူတိုင်းကား တိုက်ပွဲတွင် စိတ်နစ်နေကြရာ သူတို့အား မတားအားကြပေ။
"ယား…"
အော်ဟစ်သံများနှင့် အတူ များစွာသော ပညာရှင်များမှာ ချန်းဖန်ထံသို့ ပြေးဝင် လာကြပြန်သည်။ သူတို့၏ လက်နက်များ၊ အစီအရင်များကား ချန်းဖန်၏ သွေးကို သောက်သုံးရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။
ဧဒင်ကလည်း ကောင်းကင်မှ နေ၍ ချန်းဖန်အား ခုန်အုပ်လိုက်သည်။
"ဝှစ်… ဝှစ်… ဝှစ်…"
များစွာသော တိုက်ခိုက်မှုများကား အရပ်မျက်နှာ ပေါင်းစုံမှ တိုးဝင်လာနေရာ ချန်းဖန်အတွက် ထိုးဖောက်ထွက်နိုင်ရန် လမ်းစ မရှိတော့ချေ။
သူ၏ တိုက်ခိုက်မှုက ရန်သူ တစ်ယောက်အား လွင့်ထွက်သွာစေလျှင်ပင် အခြား တစ်ယောက်က ချက်ချင်းပင် ထိုကွက်လပ်အား ဝင်ဖြည့်သည်။ ချန်းဖန်မှာ အဇူရာ ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားသည့်တိုင် အဆက်မပြတ် တိုက်ခိုက်မှုများ အောက်၌ အခက်တွေ့ နေတော့၏။
"သွားစမ်း…"
ချန်းဖန်၏ သွေးများကား ပွက်ပွက်ဆူနေပြီ ဖြစ်သည်။ သူက ဧဒင်၏ တိုက်ခိုက်မှုကို ပွတ်ကာသီကာ ရှောင်တိမ်းရင်း အသံထက်မြန်သော လှုပ်ရှားမှုကို ဖော်ထုတ်လိုက်သည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က မူလနေရာမှ ပျောက်ကွယ် သွားကာ ဆယ်မီတာခန့် ကွာဝေးသော ဆင်မိစ္ဆာ အနားတွင် ပြန်ပေါ်လာသည်။
"ဘုန်း…"
ချန်းဖန်၏ လက်သီးက နှစ်မီတာခန့် ရှည်သော လူသန်ကြီး၏ ရင်ဘတ် ကြွက်သားများကို ထိုးဖောက်ရင်း နှလုံးဆီသို့ တိုးဝင်သွားသည်။ မျက်တောင် တစ်ခပ် အတွင်းမှာပင် လက်သီးက ဆင်မိစ္ဆာ၏ နောက်ကြောပြင်အား ထိုးဖောက် သွားတော့၏။
ဆင်မိစ္ဆာ အသက်ထွက် သွားချိန်ရောက်မှသာ အသံ အမြန်နှုန်းကို ဖြတ်သန်းသော တုန်ခါမှုမှာ လူတိုင်း၏ နားစည်သို့ ရောက်ရှိသွားတော့သည်။
လူတိုင်းက အရိပ်သဖွယ် လှုပ်ရှားနေသော ချန်းဖန်အား လှည့်ကြည့်ရင်း တစ်ခုခုအား နားလည် လိုက်ကြသည်။ ထိုအရာကား ဆရာချန်း၏ နာမည်ကျော် အသံထက်မြန်သော လက်သီးချက်ပင် ဖြစ်ရမည်။
"အတူတူ တိုက်ကြရအောင်ဟေ့… သူ ဘယ်လောက်ပဲ အစွမ်းထက်ထက် အဲလို အချိန်တိုင်း လှုပ်ရှားနေနိုင်မှာ မဟုတ်ဘူး…"
လူတိုင်း၏ တုံ့ဆိုင်းသွားသော ပုံစံများအား ကြည့်ရင်း ဧဒင်က နှိုးဆော်လိုက်သည်။
ချန်းဖန်ကမူ ဧဒင်၏ စကားများအား ကြားဟန် မရပဲ ဆက်လက် လှုပ်ရှားနေခဲ့သည်။ ခဏအတွင်းမှာ ပညာရှင် ငါးယောက်ကား ချန်းဖန်၏ လက်၌ ကျဆုံး သွားပြန်သည်။
"ခရက်…"
ချန်းဖန်က ရပ်တန့်မည့်ပုံ မရပဲ တိုက်ခိုက်လာသည့် မိုးကြိုးသခင် ဇူးရပ်ထံကို ပခုံးဖြင့် တိုက်ထုတ် လိုက်သည်။ သူက တစ်ဆက်တည်းပင် လက်နှစ်ချောင်းအား ဝှေ့ယမ်းကာ ရွှေရောင် ဓားအလင်းကို ဆင့်ခေါ်လိုက်သည်။
"အစစ်အမှန် သိုင်းပညာ… ဓမ္မဓား…"
ချန်းဖန်က ဓမ္မဓားကို ညာလက်ဖြင့် ဆုပ်ကိုင်ရင်း ရုတ်တရက် လှုပ်ရှား လိုက်ပြန်သည်။ ခဏချင်းပင် ဓားအလင်းက ကက်သရင်း၏ သေးသွယ်သော ခါးကို ပိုင်းဖြတ်သွားသည်။
"မလုပ်နဲ့…"
ကက်သရင်း၏ ဘေးတွင်ရှိသော လေသခင် ဟူကျောင်းရှို့က သွေးရူးသွေးတန်း အော်ဟစ်ရင်း ချန်းဖန်ထံ အပယ်ခံ တစ်ယောက် အလား ပစ်ဝင်လိုက်၏။ သူ၏ လက်ထဲမှ လေဓားနှစ်ချောင်းကလည်း လျှပ်တစ်ပြက်ပင် ဆယ့်ခုနစ်ချက် တိတိ ခုတ်ပိုင်းသည်။
ချန်းဖန်က ထိုခုတ်ချက် ဆယ့်ခုနစ်ချက်ထံသို့ လက်သီးဖြင့် တိုက်ရိုက် ခုခံလိုက်သည်။ လက်သီးက တန်ခိုးရှင် လောက၏ စစ်မှန်သော စွမ်းအားကို သယ်ဆောင်ကာ နှစ်ရာ ဆယ့်ခုနစ်ခု ခွဲ၍ ဓားချက်များအား ချေဖျက်လိုက်သည်။
လက်သီးချက် ထုတ်ဖော်ပြီးသည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်က အဇူရာ အလင်း အသွင်ပြောင်းလဲကာ ကောင်းကင်သို့ ထိုးတက်သွားသည်။
"စတုတ္ထမြောက် သိုင်းကွက်… နာဂအသွင် ပြောင်းလဲခြင်း …."
အစစ်အမှန် သိုင်းသုံးဆယ့် ခြောက်ကွက် အနက် နာဂအသွင် ပြောင်းလဲခြင်းမှာ ခန့်မှန်းမရနိုင်သော စွမ်းအားဖြင့် ကျော်ကြားသည်။ ထိုသိုင်းကွက်ကို ဘိုးဘေးတစ်ဦးက နာဂတစ်ကောင် အစစ်အမှန် နဂါးအသွင် ပြောင်းလဲနေသည်ကို ကြည့်ပြီး တီထွင်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာမှာ သာမန် သိုင်းပညာ ကျင့်စဉ် တစ်ခုဖြစ်သည့်တိုင် ကောင်းကင်ကျင့်စဉ်များ နီးပါး အစွမ်းထက်သည်။
"ဘုန်း…"
ရုတ်တရက် ကောင်းကင်၌ အဇူရာလက်သီး သဏ္ဌာန် အလင်းတစ်ခု ပေါ်ထွက်လာကာ ဟူကျောင်းရှို့၏ နဖူးဆီသို့ တိုးဝင်သွားသည်။ ထိုအလင်း ဖြတ်သန်းပြီးသည်နှင့် လေသခင်၏ ဦးခေါင်းမှာ အပိုင်းပိုင်း အစစ ပေါက်ကွဲသွားရတော့သည်။
နဂဘက်သီး လက်အောက်၌ လေသခင် ဟူကျောင်းရှို့ကား သေဆုံးသွားခဲ့ရပြီ ဖြစ်၏။
"သတ်ကြစမ်း…"
ဧဒင်က အလင်းတန်းတစ်ခုအား ဆုပ်ကိုင်ရင်း ချန်းဖန်ထံ တိုးဝင်သွားသည်။ သူ၏ လက်ထဲမှ အလင်းတန်းမှာ ကောင်းကင်အလား လင်းလက် တောက်ပနေကာ လေထုကိုပင် ဖောက်ထွင်းနိုင်ပုံ ရသည်။
ဧဒင်၏ လှုပ်ရှားမှုကို ကြည့်ရင်း အခြား ပညာရှင်များမှာလည်း အားတက်လာကာ ချန်းဖန်ထံ သွေးရူးသွေးတန်း တိုးဝင်သွားပြန်တော့သည်။ ယခုကဲ့သို့ သေရေး၊ ရှင်ရေး အခြေအနေမျိုး၌ တုံ့နှေးနေ၍ မရပေ။ ဤတိုက်ပွဲကား သူတို့ သို့မဟုတ် ချန်းပေ့ရွှမ်း သေမှ အဆုံးသတ်မည့် တိုက်ပွဲ ဖြစ်သည်။
ခဏအတွင်းမှာပင် မရေမတွက်နိုင်သော ဓမ္မ အစီအရင်များ၊ လက်နက်များအား ချန်းဖန်ထံသို့ ဘက်ပေါင်းစုံမှ တိုးဝင်လာပြန်ပြီ ဖြစ်သည်။
ထိုအထဲတွင် ဧဒင်၏ ကောင်းကင်အလင်း၊ ဇူးရပ်၏ မိုးကြိုးများ၊ အမှောင်တိုက်တမ်၏ ကျောက်ဆူး၊ ကားလ်၏ အတောင်များ… စသဖြင့် အလွန် အစွမ်းထက်သော တိုက်ခိုက်မှု များစွာ ပါဝင်သည်။
ချန်ဖန်သည်လည်း သူသိထားသမျှ၊ အသုံးပြုနိုင်သမျှသော ဓမ္မ အစီအရင်များ၊ သိုင်းကျင့်စဉ်များကို မချွင်းမချန် ထုတ်ကာ ဒေါသတကြီး ပြန်လည် တိုက်ခိုက်သည်။
"ဘုန်း…"
ခုနစ် စက္ကန့်မျှ အကြာ၌ ချန်းဖန်က ဧဒင်၏ အလင်းကို ကျောပြင်ဖြင့် ခံယူကာ ရောဂ အထွတ်အထိပ် ပညာရှင် တစ်ယောက်အား သတ်ဖြတ်လိုက်သည်။
နှစ်ဆယ့်သုံးစက္ကန့် အကြာ၌ ချန်းဖန်က အသံထက်မြန်အောင် လှုပ်ရှားကာ အမှောင်တိုက်တမ်အား သတ်ဖြတ်လိုက်ပြန်သည်။
လေးဆယ့်နှစ်စက္ကန့် အကြာ၌ အရူး၏ ကျိန်စာ တစ်ခုက ချန်းဖန်၏ ဆံပင်များကို မီးခိုးရောင်သို့ ပြောင်းလဲ သွားစေသည်။ ချန်းဖန်မှာ အနည်းငယ် တုန်လှုပ် သွားသော်လည်း ချက်ချင်းပင် ဟန်ချက်ညီအောင် ထိန်းကာ သွေးခေါင်း ခေါင်းဆောင် မက်ကို အဇူရာဓားဖြင့် ခုတ်ပိုင်း လိုက်သည်။
နှစ်မိနစ်နှင့် သုံးဆယ့်ခြောက် စက္ကန့် အကြာ၌ ချန်းဖန်က လေထဲသို့ ပျံတက်ကာ ကားလ်၏ အတောင်များအား ဖမ်းဆုပ်လိုက်သည်။ အတောင်တွင် တောက်လောင်နေသော မီးများက အရေပြားများကို လောင်ကျွမ်းနေသည့်တိုင် ချန်းဖန်က ဂရုမစိုက်ပေ။ သူက လက်ချည်း သက်သက်ဖြင့် ကားလ်၏ အတောင်များကို ဆွဲဖဲ့ပစ်လိုက်သည်။
အမှောင်ကမ္ဘာမှ ပညာရှင်များကား တဖြည်းဖြည်း ချောက်ချား လာခဲ့ပြီ ဖြစ်တော့၏။
***