ပန်းချီ
Vol. 15 Ch. 196
ကျွန်မရဲ့ မျိုးရိုးနာမည်က ထန်း နာမည်က ဝမ်ပါ။
ငယ်စဉ်တကည်းက ဖခင်က စက်မှုလုပ်ငန်း လုပ်ကိုင်ခဲ့ပြီး မိသားစုရဲ့ အခြေအနေကလည်း အတော်လေး ကောင်းခဲ့ပါတယ်။
ကျွန်မကိုယ်တိုင်ကတော့ အရည်အချင်း သိပ်မရှိသလို အရင်က တစ်ခါလက်ထပ်ခဲ့ဖူးပါတယ်။
သူ့ကို မကောင်းဘူးလို့လည်း မပြောနိုင်သလို တစ်ခုခု မှားခဲ့တယ်လို့လည်း မဆိုနိုင်ပါဘူး။
ဒါပါပဲ။
ဒီလိုလက်ထပ်မှုမျိုးကို နားလည်မလား မသိဘူး၊ ကုမ္ပဏီနှစ်ခု ပူးပေါင်းတာမျိုးပါ။
"လက်ထပ်တာကိုပြောနေတာလား?"
"ဟုတ်ပါတယ်၊ လက်ထပ်တာပါ။
ကျွန်မလက်ထပ်တော့မယ့်နှစ်မှာ အဖေ့ရဲ့ လုပ်ငန်းက တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့တယ်။
ကျွန်မရဲ့ အရင်ခင်ပွန်းရဲ့မိသားစုက ကျွန်မတို့မိသားစုကို ကူညီနိုင်တဲ့ အခြေအနေဖြစ်နေတော့ မိဘတွေရဲ့တိုက်တွန်းမှုကြောင့် လက်ထပ်လိုက်တာပါ။
တကယ်တော့ မိဘတွေက ကျွန်မကို အရမ်းချစ်ကြတယ်။
သူတို့မျှော်လင့်ထားတာတွေများပေမယ့် တကယ်တမ်းကျွန်မက စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားမှုမရှိသလို အရည်အချင်းလည်း မရှိခဲ့ဘူး။
အဲဒီအစား ကျွန်မက ပန်းချီဆွဲတာ ဒါမှမဟုတ် စာရေးတာမျိုးကို ပိုစိတ်ဝင်စားခဲ့တယ်။
နောက်ပိုင်းမှာ အရင်ခင်ပွန်းရဲ့မိသားစုက ကျွန်မတို့မိသားစုကို ဘယ်လိုမှ ကူညီမပေးတော့ဘူး။
ကျွန်မတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးကလည်း သီးသန့်နေထိုင်တာမျိုး ဖြစ်နေခဲ့တယ်။
ဒီလိုနဲ့ လက်ထပ်တာလည်း သဘာဝကျသလို၊ ကွာရှင်းတာကလည်း သဘာဝကျသွားခဲ့တယ်။
ဒါပေမယ့် မိသားစုနှစ်ခုရဲ့ စီးပွားရေးတွေ ပါဝင်နေမှုတွေကြောင့် ဒီနှစ်ရောက်မှသာ တကယ်အဆုံးသတ်သွားခဲ့တာ။
"ဘာလို့လဲဆိုတော့ ဒီနှစ်မှာ ကျွန်မရဲ့ မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့လို့ပါ။
ကျွန်မက သူတို့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်တယ်။ မိသားစု လုပ်ငန်းတွေကလည်း အခြားသူတွေက ဝယ်ယူသွားကြပြီဖြစ်တယ်။ ဒါကြောင့် ကျွန်မဘဝမှာ စားသောက်နေထိုင်ဖို့ အတွက် စိတ်ပူစရာမရှိတော့ဘူး “
"လုပ်ငန်းတွေအားလုံးကို ရောင်းချပြီးတဲ့နောက် ကျွန်မက အဲဒီအသိုင်းအဝိုင်းကနေ လုံးဝ ထွက်ခွာခဲ့တယ်။
တကယ်လို့ ထူးထူးခြားခြား မရှိခဲ့ရင် ကျွန်မက ရင်းနှီးမြှုပ်နှံမှု တချို့လုပ်မယ်။
ဘာပဲဖြစ်ဖြစ် ကုန်ကျစရိတ်က သိပ်မများဘူးလေ၊ ကံကောင်းရင် အမြတ် တစ်ချို့တစ်လေလောက်တော့ ရမှာပေါ့။
ဒီလိုနဲ့ ကျွန်မက နေ့တိုင်းလိုလို အိမ်မှာပဲနေပြီး ပန်းချီဆွဲတယ်၊ စာရေးတယ်။
"မကြာခင်မှာပဲ ကျွန်မကိုယ်ပိုင် လုပ်ငန်းတစ်ခု ရှိသင့်တယ်လို့ သိလာတော့ ပန်းချီပြခန်းတစ်ခုဖွင့်လိုက်တယ်။
ပန်းချီကားတွေကို ဘောင်တပ်ပြီး ဆိုင်မှာရောင်းတယ်။
စျေးနှုန်းက ဝယ်သူကြိုက်တဲ့အတိုင်းပါ။
အဓိကက ကြိုက်နှစ်သက်ဖို့ပါပဲ။
တကယ်လို့ ကျွန်မရဲ့ပန်းချီကားတွေကို ကြိုက်နှစ်သက်ပေမယ့် ငွေကြေးအခက်အခဲ ရှိသူတွေနဲ့တွေ့ရင် သူတို့ကို အလကား ပေးလိုက်တာမျိုးလည်းရှိတယ်။
"ဒါပေမယ့် တစ်နေ့မှာ မိန်းကလေးတစ်ယောက် ကျွန်မရဲ့ဆိုင်ထဲဝင်လာတယ်။
သူက ဓာတ်ပုံတစ်ပုံထုတ်ပြပြီး 'အစ်မရေ၊ ဒီဓာတ်ပုံထဲမှာရှိတဲ့အရာတွေအားလုံးကို ပြန် ဆွဲပေးလို့ရမလား' လို့မေးတယ်။
ဓာတ်ပုံက အရမ်းဟောင်းနေပြီး ပျက်စီးနေခဲ့တယ်။
ကျွန်မက ဓာတ်ပုံကိုကြည့်ပြီး နည်းနည်းတော့ တွေဝေသွားပေမယ့် သူမရဲ့မျှော်လင့်နေတဲ့ မျက်လုံးတွေကိုကြည့်ပြီး သဘောတူလိုက်တယ်။
ကျွန်မက ဓာတ်ပုံထဲမှာပါတဲ့အိမ်က အထူးအဓိပ္ပာယ် တစ်ခုခု ရှိနေလားလို့မေးတော့
သူမက သူ့အိမ်က တောင်ပေါ်ဒေသက ကျေးရွာရဲ့ နောက်ဘက်မှာ ရှိတဲ့ အိမ်လို့ပြောတယ်။
အဲဒီမှာ ဝါးတောတွေအများကြီးရှိတယ်၊ ဓာတ်ပုံထဲမှာပါတဲ့အတိုင်းပဲ။
နောက်ပိုင်းမှာ လူတွေက တဖြည်းဖြည်း ပြောင်းရွှေ့သွားကြတော့ သူ့မိသားစုလည်း ပြောင်းရွှေ့ခဲ့ရတယ်။
ဒါပေမယ့် အဲဒါက သူမ ကြီးပြင်းခဲ့တဲ့ နေရာဖြစ်တော့ ဓာတ်ပုံကို ဆက်သိမ်းထားခဲ့တယ်။
သူမရဲ့အတွေ့အကြုံက ကျွန်မနဲ့ ဆင်တူတယ်၊ မိဘနှစ်ပါးလုံးဆုံးပါးသွားပြီ။
ဒါပေမယ့် သူမက ကျွန်မထက် အသက်ငယ်တယ်။
ဓာတ်ပုံထဲမှာပါတဲ့အိမ်က တကယ်တော့ ရွှံ့နဲ့လုပ်ထားတဲ့အိမ်၊ အရမ်း ဟောင်းနေပြီ။
ဓာတ်ပုံရိုက်တဲ့အချိန်က နေ့လည်ခင်း ဖြစ်ပြီး နေရောင်က အရမ်းထင်းနေတယ်။
ဓာတ်ပုံက ဟောင်းလွန်းမနေရင် အဲဒီဓာတ်ပုံက တကယ့်ကို အရမ်းကိုလှမှာ။
သူမရဲ့ ဇာတ်လမ်းကို နားထောင်ပြီးတဲ့နောက် ကျွန်မက ပန်းချီဆွဲပေးဖို့သဘောတူပြီး တစ်ပတ်နေရင် လာယူဖို့ပြောလိုက်တယ်။
ကျွန်မက ပန်းချီဆွဲတဲ့အခါ အသံ ဆူညံတာကို မနှစ်သက်ဘူး၊ ဒါကြောင့် နေ့ခင်းဘက်တွေမှာ ဆိုင်မှာ ပန်းချီကားတွေရောင်းပြီး ညနေမှ အိမ်ပြန်ကာ အလုပ်စလုပ်တယ်။
ပထမညမှာ ဝါးတောရဲ့ အပြင်ပန်းသဏ္ဍာန်ကိုပဲ စဆွဲခဲ့တယ်။
နောက်တော့ ဓာတ်ပုံထဲမှာ ပါတဲ့အရာတွေအားလုံးကို ကွန်ပျူတာနဲ့ ဖမ်းယူလို့ လို့ရမလားလို့စဉ်းစားမိတယ်။
ဒါနဲ့ပဲ အနည်းငယ်လုပ်ကြည့်လိုက်တယ်၊ ဒါပေမယ့် အဲဒီဓာတ်ပုံရဲ့မူရင်းအရသာနဲ့ ဝေးကွာနေတယ်လို့ခံစားရတယ်။
ကျွန်မရဲ့ မွေးရပ်အိမ်က အိုဟောင်းနေပြီ၊
အရမ်းပျက်စီးနေပြီး ရှုပ်ပွနေတယ်၊ ဒါပေမယ့် လူတိုင်းမှာ သူတို့ကြီးပြင်းခဲ့တဲ့ နေရာတစ်ခုရှိမယ်လို့ ထင်တယ်။
အဲဒီနေရာကို ကလေးဘဝအိမ်လို့ ခေါ်တယ်။
အဲဒီညီမလေးမှာလည်း သူမရဲ့ ကလေးဘဝအိမ်ရှိတယ်။
သူမရဲ့အိမ်က ဝါးတောထဲမှာရှိပြီး အဲဒီရွှံ့အိမ်ထဲမှာ သူမရဲ့မိဘတွေ (ဒါမှမဟုတ်) အဖိုးအဖွားတွေရှိတယ်။
နောက်ပိုင်းမှာ ကျွန်မက အဲဒီခံစားချက်ကို ရသွားပြီး ပန်းချီဆွဲတာပိုမြန်လာတယ်။
ဝါးတောကိုဆွဲပြီးတဲ့နောက် အိမ်ကိုအသေးစိတ်စတင်ဆွဲလိုက်တယ်။
အရင်ကပြောခဲ့သလိုပဲ အိမ်က ရွှံ့အိမ်၊ အုတ်ခုံနဲ့အုတ်မြစ်ရှိပြီး အမိုးက အုတ်ကြွပ်ပြားတွေနဲ့ဖုံးထားတယ်။
တံခါးအပြင်ကို အိမ်ရဲ့အရှေ့ဘက်မှာ ပြတင်းပေါက်တချို့ရှိတယ်။
ကျွန်မက တံခါးနဲ့ပြတင်းပေါက်တွေကိုပဲ အာရုံစိုက်ကြည့်နေမိတယ်။
ဘာကြောင့်ကြည့်နေမိလဲတော့ မသိဘူး၊ ရုတ်တရက်ပဲ အာရုံဝင်သွားခဲ့တယ်။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...
ဘေးနားက နာရီကလက်တံကလည်း တရွှေ့ရွှေ့ နဲ့ လည်နေတယ်။
ဒါပေမယ့် ရုတ်တရက် ရွှံ့အိမ်ထဲက ဖွင့်ထားတဲ့တံခါးထဲက လူတစ်ယောက်ရဲ့ အရိပ်ကို မြင်လိုက်ရတယ်။
တကယ်ပါ၊ အရိပ်က အရမ်းကို မြန်မြန်ပေါ်လာခဲ့တယ်။
အိမ်ထဲကထွက်လာပြီး ခဏအတွင်းမှာပဲ ကျွန်မရဲ့ရှေ့မှာရှိနေသလိုခံစားလိုက်ရတယ်။
အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ထားပြီး တုတ်တစ်ချောင်းကို ကိုင်ထားတယ်။
အရမ်းမြန်လွန်းတော့ အမျိုးသားလား အမျိုးသမီးလားတောင် မခွဲခြားနိုင်ဘူး၊ ဆံပင်ရှည်ကိုပဲ မြင်လိုက်ရတယ်။
အဲဒီအချိန်မှာ ကျွန်မအရမ်းလန့်သွားတယ်။
အာရုံသိပ်စိုက်လွန်းလို့ မျက်စိ အမြင်တွေ ဝေဝါးသွားတာလားလို့တောင် တွေးမိတယ်။
ဒါပေမယ့် နောက်တစ်ခါ ပြန်ကြည့်တဲ့အခါ ကျွန်မက မျက်လုံးတွေကို ဖုံးလိုက်မိတယ်။
ဒါပေမယ့် ကျွန်မရဲ့မျက်လုံးတွေက တံခါးကိုပြန်စိုက်ကြည့်လိုက်တဲ့အခါ အရိပ်က နောက်တစ်ခါပေါ်လာခဲ့တယ်။
ဓာတ်ပုံတစ်ခုက ခြားနေတာဆိုပေမယ့် ကျွန်မနဲ့ မျက်နှာချင်းဆိုင်နေသလို ခံစားရတယ်။
သူ့မျက်လုံးတွေမှာ မျက်ဆန်မရှိဘူး၊ အဖြူတွေသာ မြင်ရတယ်။
ဒါပေမယ့် ပါးစပ်က ဖြီးနေပြီး ကျွန်မကို ပြုံးပြနေသလိုပဲ!
ကျွန်မမှားမြင်တာ မဟုတ်ဘူးဆိုတာ သေချာသွားတဲ့အခါ ကျွန်မက ချက်ချင်းပဲ စတူဒီယိုကနေထွက်ပြီး တံခါးကို သော့ခတ်လိုက်တယ်။
စတူဒီယိုအပြင်ဘက်ကိုရောက်တာနဲ့ အာဒီ ရောက်လာတယ်။
အိုး...စကားမစပ် အာဒီဆိုတာ ကျွန်မမွေးထားတဲ့ အိမ်မွေးခွေးပါ။
ကျွန်မနဲ့ အတူနေတဲ့သူဖြစ်တယ်။
ကျွန်မပန်းချီဆွဲတဲ့အခါတိုင်း အာဒီက အပြင်ဘက်မှာစောင့်နေလေ့ရှိတယ်။
အဲဒီနေ့ ကျွန်မစတူဒီယိုကထွက်လာတာနဲ့ အာဒီပြေးလာခဲ့တယ်။
အဲ့ဒီအချိန်မှာ အာဒီရဲ့အမွေးတွေအားလုံး ထောင်မတ်နေတယ်။
တကယ်ပါ... သူက ကျွန်မရဲ့စတူဒီယိုကို ဟောင်နေတာ အကြာကြီးပဲ။
ကျွန်မက ဆွဲလိုက်ပေမယ့် သူမရပ်ဘူး။
အဲဒီလိုဟောင်နေတဲ့အသံကို ကျွန်မ ဘယ်လိုမှ ဖော်ပြနိုင်မှာမဟုတ်ဘူး။
ခွေးတစ်ကောင်ရဲ့ အမွေးတွေ ထောင်မတ်နေတယ်ဆိုတာက သူဒေါသထွက်နေတာဖြစ်ပြီး သူလည်း ကြောက်နေတာပဲဖြစ်ရမယ်
နောက်ပိုင်း ကျွန်မ အာဒီကို ဘယ်လိုဆွဲဆွဲ မရတော့ဘူး။
ဒါနဲ့ ကျွန်မက ဖြည်းဖြည်းချင်း ပြတင်းပေါက်ဆီသွားပြီး စတူဒီယိုထဲမှာ တစ်ခုခုရှိနေလား ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ကျွန်မက ပြတင်းပေါက်နားမှာကပ်ပြီး အတွင်းဘက်ကိုကြည့်တဲ့အခါ အာဒီက ဆက်ဟောင်နေတုန်းပဲ။
စတူဒီယိုထဲမှာ တစ်ယောက်ယောက်က ပန်းချီပြားရှေ့မှာထိုင်ပြီး ပန်းချီဆွဲနေတယ်၊
ဒါပေမယ့်... အဲဒီလူက ကျွန်မကိုယ်တိုင် ဖြစ်နေတယ်?"