← Chapters

ပြိုင်ဘက်ကင်း

Vol. 5 Ch. 417

ပြိုင်ဘက်ကင်း

Vol. 5 Ch. 417

"သူက… သူက အရမ်း အစွမ်းထက်လွန်းတယ်…"

များစွာသော ပညာရှင်များကား မထိန်းချုပ်နိုင်အောင် တုန်လှုပ်နေခဲ့ကြသည်။

အမှောင်ကမ္ဘာ သခင်ကြီး သုံးယောက်၏ ခေါင်းဆောင်မှု အောက်တွင် ချန်းပေ့ရွှမ်းအား အနိုင်ယူ နိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်ခဲ့ကြသော်လည်း သူတို့သာ အကျအဆုံး များခဲ့ရသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းမှာမူ ဒဏ်ရာပင် ကြီးကြီးမားမား မရသေးချေ။ အရူး၏ ကျိန်စာကြောင့် မီးခိုးရောင် ပြောင်းသွားသော ဆံပင်များနှင့် ဧဒင်၏ အလင်းကြောင့် ဖြစ်ပေါ်လာသည့် ကျောပြင်ရှိ အနီစက်ငယ် နှစ်ခုသာ ရှိသည်။

အမှောင်ကမ္ဘာမှ ပညာရှင်များ၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ ကျောပြင်မှ အနီစက်ငယ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသလို မီးခိုးရောင် ဆံပင်များမှာလည်း ပြန်လည် နက်မှောင်လာသည်။ များစွာသော လူများကား ထိုမြင်ကွင်းအား ကြည့်ရင်း ပိုမို တုန်လှုပ် လာကြတော့၏။

"အား…" ဧဒင်က ကျယ်လောင်စွာ အော်ဟစ်ရင်း အတောင်များကို ဖြန့်ကြက်ကာ ကောင်းကင်၌ စက်ဝိုင်း သဏ္ဌာန် လှည့်ပတ်လိုက်သည်။ ခဏအတွင်းမှာပင် သူ၏ ရွှေဝါရောင် ဆံပင်များမှာ မီးတောက်များ အသွင် ဖြစ်တည်လာပြီး မျက်လုံးများ၊ နှာခေါင်း၊ ပါးစပ်နှင့် နားများ အတွင်းမှ အဖြူရောင် စွမ်းအားများ ပေါ်ထွက်လာသည်။

သူ၏ လက်ဝါး နှစ်ဖက်တွင်လည်း မီတာ ဒါဇင်ချီ ရှည်လျားသော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာကာ ဓားအသွင်သို့ ပြောင်းလဲသည်။

ဧဒင်က ထိုအလင်းဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ချန်းဖန်အား ခုတ်ပိုင်းလိုက်သည်။ ဓားက ကမ္ဘာ့ အလင်းလက်ဆုံးသော အလင်းစွမ်းအားကို သယ်ဆောင်ကာ လေဟာနယ်ကိုပင် ဖြတ်ပိုင်း၍ ကျဆင်းလာတော့သည်။

"ကောင်းကင်ရဲ့ လက်စားချေမှု… တော်ဝင် ဖြတ်သန်းခြင်း…"

ထိုကျင့်စဉ်ကား ဧဒင် ငယ်စဉ်က နေခဲ့သည့် ခရစ်ယာန် ဘုရားကျောင်းမှ လျှို့ဝှက် ကျင့်စဉ် တစ်ခုဖြစ်သည်။ ထိုကျင့်စဉ်အား ဘုရားကျောင်းချုပ်၏ ခေါင်းဆောင်နှင့် ဆက်ခံသူတို့သာ သင်ကြားခွင့် ရှိသည်။

"ဟူး…"

ဓားအလင်း ကျဆင်းလာသည်နှင့် ချန်းဖန်၏ မျက်နှာက လေးနက်သွားသည်။ သူက လက်ချောင်းများကို ဆန့်ထုတ်ကာ ရှေ့ဟောင်း သင်္ကေတ တစ်ခုကို ဖော်ထုတ် လိုက်သည်။ ထိုသင်္ကေတက ရှင်သန်ခြင်း အလုံးစုံ၏ စမှတ်ကို ကိုယ်စားပြုသလို အဆုံးသတ်ခြင်းများကိုပါ စတင်စေသည်။

"အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်… ဆယ်ခုမြောက်… ကမ္ဘာ ချိတ်ပိတ်ခြင်း…"

သင်္ကေက ဖွဲ့စည်းပြီးသည်နှင့် မမြင်နိုင်သော စွမ်းအား တစ်ခုက ကမ္ဘာမြေကြီးမှ ပေါ်ထွက်လာ၍  ရှေးဟောင်း လက်သင်္ကေတကို ဖွဲ့စည်းသည်။ မျက်တောင် တစ်ခပ် အတွင်းမှာပင် သင်္ကေတက မီတာများစွာ ကြီးထွားလာကာ ဗုဒ္ဓ၏မုဒြာ လက်ဝါး ဖြစ်တည်လာသည်။

ချန်းဖန်က လက်နှစ်ဖက်အား အပေါ်သို့ ဆန့်ထုတ်လိုက်သည်နှင့် ဗုဒ္ဓ၏ မုဒြာလက်ဝါးကပါ လိုက်လံ လှုပ်ရှားသည်။ ချန်းဖန်၏ ထိန်းချုပ်မှုအောက်၌ ဗုဒ္ဓ မုဒြာလက်ဝါးက ကောင်းကင်သို့ ပျံတက်ကာ ဧဒင်၏ တိုက်ခိုက်မှုကို ခုခံလိုက်၏။

ဓားအလင်းက ကောင်းကင်မှ အရှိန်ပြင်းစွာ ဆင်းသက်လာပြီး ညှာတာခြင်း ကင်းမဲ့ကာ ဗုဒ္ဓ မုဒြာလက်ဝါးကို ခုတ်ပိုင်းလိုက်သည်။ ထိုနှစ်ခုမှာ ပြင်းထန်စွာ ထိပ်တိုက် တွေ့ကြသည့်တိုင် ပေါက်ကွဲသံ တစ်ခု တစ်လေမှ ထွက်ပေါ် မလာချေ။

အားလုံး၏ အကြည့်များ အောက်တွင်ပင် ဗုဒ္ဓ၏ မုဒြာလက်ဝါးက ဓားအလင်းအား အုပ်မိုးရင်း အလင်းစွမ်းအားများကို  အသာအယာ စုပ်ယူသည်။ ဧဒင်မှာ ဓားအလင်းကို ပြန်လည် ဆွဲယူရန် ကြိုးစားနေသည့်တိုင် အသုံးမဝင်ချေ။ အဆုံး၌ ဓားအလင်းကား ဗုဒ္ဓ မုဒြာလက်ဝါး၏ စုပ်ယူ ချေဖျက်ခြင်းကိုသာ ခံလိုက်ရတော့၏။

"ဘယ်လို ဖြစ်ရတာလဲ…"

လူတိုင်းကား ထိုမြင်ကွင်းအား ကြည့်ရင်း မယုံကြည်နိုင်အောင် ဖြစ်နေကြတော့၏။ ဧဒင်၏ တိုက်ခိုက်မှုက မည်မျှအထိ ပြင်းထန်ကြောင်း မြင်ရုံနှင့်ပင် သူတို့ နားလည်သည်။ ထိုဓားအလင်းမှာ လေဟာနယ်ကိုပင် ပိုင်းဖြတ်နိုင်ရာ အင်အားနှင့် ထက်မြက်မှုက အံ့မခန်းပင်။

သို့သော်လည်း ချန်းပေ့ရွှမ်း၏ ရိုးရှင်းသော လက်သင်္ကေတ တစ်ခုအောက်တွင် ထိုဓားအလင်းမှာ ခွန်အား ကင်းမဲ့ရသည်။ ချန်းပေ့ရွှမ်း၏ နတ်ဘုရား စွမ်းအားကား ပုံမဖော်နိုင်လောက်အောင် ရိုင်းစိုင်း ပြင်းထန်လွန်းပေသည်။

"ငါ့အလှည့်ပေါ့ကွာ… ဒါကို ခုခံကြည့်စမ်း…"

ချန်းဖန်က ကြုံးဝါးရင်း ကောင်းကင်သို့ နင်းတက်လိုက်၏။ တစ်ချိန်တည်းမှာပင် အဇူရာ စွမ်းအင်များ ထွက်ပေါ်လာကာ ဓားအသွင်သို့ ဖွဲ့တည်လာတော့၏။ ထိုဓားက ရုပ်လုံးပေါ်သည်နှင့် ဧဒင်ထံသို့ တိုးဝင်ကာ သွားတော့၏။

"ဟမ့်…" ဧဒင်က နှာခေါင်းရှုံ့လိုက်သည်။

အစွမ်းထက်သော တိုက်ခိုက်မှုကို ထုတ်ဖော်ပြီးချိန်၌ သူ့အနေဖြင့် ခဏမျှ အနားယူရန် လိုအပ်သည်။ သူ၏ အတောင်များပင်လျှင် အနည်းငယ် မှေးမှိန်နေပြီ ဖြစ်၏။ ခဏမျှ အသက်ပြင်းပြင်း ရှူပြီးနောက် ဧဒင်၏ စိတ်များ ပြန်လည် လန်းဆန်းလာကာ ရွှေရောင် ဓားအလင်းကို ထုတ်ဖော် လိုက်ပြန်သည်။

"ဘုန်း… ဘုန်း… ဘုန်း…"

သူတို့ နှစ်ယောက်မှာ လျှပ်စီး အလင်းများ အလား တိုးဝင် တိုက်ခိုက် လိုက်ကြပြန်၏။ များစွာသော လူများကား သူတို့၏ လှုပ်ရှားမှုကို မြင်နိုင်စွမ်းပင် မရှိကြချေ။ သူတို့ မြင်နိုင်သည့် အရာကား အဇူရာ အလင်းတစ်ခုနှင့် ရွှေရောင် အလင်းတို့ အလွန်လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားနေကြခြင်းသာ...။

ချန်းဖန်က အဇူရာ ဓားအလင်းကို လက်ချောင်းများဖြင့် ထိန်းချုပ်နေရာမှ လက်ဖြင့် ပြောင်းကိုင်ရင်း ဧဒင်အား အပေါ်စီးမှ ပိုင်းချလိုက်၏။ ဓားက တော်ဝင် ဖြတ်သန်းခြင်း ဓားအလင်းကို ထက်ဝက် ပိုင်းဖြတ်ကာ ဧဒင်၏ ပခုံးထက်သို့ တိုက်ရိုက်ကျသည်။

"အား…"

ဧဒင်ကား ကောင်းကင်၌ ဆက်လက် ရပ်တည်နိုင်ခြင်း မရှိတော့ပဲ မြေပြင်သို့ ခွေးကျ ကျသွားတော့၏။

ချန်းဖန်၏ တိုက်ခိုက်မှုအောက်၌ သူ၏ ပခုံးများမှာ ကွဲအက်သွားပြီး အရိုးဖြူများပင် ပေါ်နေပြီ ဖြစ်သည်။ သွေးများကလည်း ထိုဒဏ်ရာမှ အတိုင်းအဆ မရှိ စီးကျနေကာ ဧဒင်၏ တစ်ကိုယ်လုံးအား နီရဲစေသည်။ သို့သော် လူတိုင်း အံ့အားသင့်ရသည့် အချက်ကား ဧဒင်၏ သွေးများ၌ ငွေရောင် အရည်များ ရောနေခြင်းပင်။

တိုက်ပွဲစပြီး ဆယ်မိနစ် အကြာ…  အမှောင်ကမ္ဘာ၏ သခင်ကြီး တစ်ယောက်ကား ဒဏ်ရာ ရသွားခဲ့ပြီ ဖြစ်၏။

"သေစမ်းကွာ… ဝိုင်းချကြစမ်း…"

ခန္ဓာကိုယ်ပေါ်မှ မိုးကြိုး အလင်းရောင်များ ပျောက်ကွယ်စ ပြုနေပြီ ဖြစ်သော မိုးကြိုးသခင် ဇူးရပ်က အော်ဟစ်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးရင်း ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများကို အတင်းအကျပ် နှိုးဆော် လိုက်၏။ ခဏအတွင်းမှာပင် မိုးကြိုးစွမ်းအားများ ပြန်လည် နိုးထလာကာ ခန္ဓာကိုယ် တစ်ခုလုံးအား ဖြတ်သန်း စီးဆင်း လာတော့သည်။

ခြေနှစ်လှမ်း…

ခြေသုံးလှမ်း…

ခြေလေးလှမ်း…

ခြေတစ်လှမ်းချင်းစီတိုင်း၌ ဇူးရပ်၏ ခန္ဓာကိုယ်မှာ ပိုမို တောက်ပ လာနေခဲ့၏။ ခြေခုနစ်လှမ်းမြောက် အရောက်တွင်မူ သူ၏ ခန္ဓာကိုယ်မှာ အလုံးစုံသော စွမ်းအားများဖြင့် ပြန်လည် ပြည့်နှက် လာတော့သည်။

ဇူးရပ်မှာ ရပ်တန့်သွားမည့်ပုံ မရှိချေ။ ခြေရှစ်လှမ်းမြောက်၌ စွမ်းအားများကို ပိုမို တိုးတက်လာကာ မျက်နှာ တစ်ခုလုံးပင် နီရဲ လာတော့သည်။

"ဘုန်း…"

ရုတ်တရက် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ ဇူးရပ်၏ ပတ်ဝန်းကျင်တွင် ရှိသော မြက်များအားလုံး ခြောက်ကပ် သွားတော့သည်။ ဇူးရပ်၏ မျက်လုံးများက သွေးများကဲ့သို့ ရဲရဲနီနေကာ သွေးကြောကြီးများမှာလည်း လည်ပင်းများ၊ နဖူးများတွင် ထောင်ထ နေတော့သည်။

သို့တိုင်အောင် ဇူးရပ်မှာ ရပ်တန့်ခြင်း မရှိသေးချေ။ ခြေကိုးလှမ်းမြောက်ကို လှမ်းကာ စွမ်းအားများအား ထပ်မံ မြှင့်တင်လိုက်ပြန်၏။

"ဘုန်း…"

သူ၏ လျှပ်စီးစွမ်းအင်များမှာ အဖြူရောင်မှ ရွှေရောင်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။

ရွှေရောင် လျှပ်စီး အလင်းရောင်များ၏ ဝန်းရံမှု အောက်၌ ဇူးရပ်ကား မိုးကြိုးနတ်ဘုရား သောရ် (Thor) အတိုင်းပင်။ ဇူးရပ်၏ ကိုယ်မှ လတ်တလော ထွက်ပေါ်နေသော စွမ်းအားများကား ဧဒင်ထက်ပင် ပိုမို အစွမ်းထက်နေပုံ ရသည်။

"သွေးဂီတ လျှို့ဝှက် နည်းစနစ်… ဇူးရပ်ကတော့ အရာအားလုံးကို ပုံပြီး တိုက်ခိုက်တော့မယ့် ပုံပဲ…"

များစွာသော ပညာရှင်များကား ထိုမြင်ကွင်းအား ကြည့်ရင်း မျက်စိ မျက်နှာ ပျက်နေကြပြီ ဖြစ်တော့သည်။

အရှင်သခင်များ၏ အဓိက စွမ်းများ ရင်းမြစ်မှာ သူတို့၏ သွေးများထဲတွင် ရှိသည်။ သွေးကို လောင်ကျွမ်းစေလျှင် စွမ်းအားများမှာ အကန့်အသတ်ထက် ကျော်လွန်ပြီး ထွက်ပေါ်လာမည် ဖြစ်သည်။ သို့သော်လည်း ထိုသို့သော နည်းစနစ်က အသုံးပြုသူ၏ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက် စေနိုင်သည်။

ဇူးရပ်မှာလည်း ထိုဆိုးကျိုးများကို မသိပဲ နေမည် မဟုတ်ပေ။ သို့သော်လည်း သူက မြေပြင်အား ပြင်းထန်စွာ နင်းရင်း နည်းစနစ်ကို နှစ်ဆ တိုးမြှင့်လိုက်ပြန်၏။ ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က ရွှေရောင် အလင်းအသွင် ပြောင်းကာ အသံ၏ အမြန်နှုန်းအား ချိုးဖျက်သွားတော့၏။

"သားကြီး… မင်း အဲ့လောက်ထိ လုပ်စရာ မလိုပါဘူးကွာ…"

အရူးက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် အိတ်ထဲမှ အစိမ်းရောင် မြွေငယ်လေးကို ထုတ်ယူကာ နှမြောတသ ကြည့်ရင်း ကောင်းကင်သို့ ပစ်လွှတ်လိုက်၏။ ထိုမြွေငယ်က ကောင်းကင်သို့ ရောက်သည်နှင့် ပေါက်ကွဲကာ အစိမ်းရောင် မြူနှင်းများ အသွင် ပြောင်းလဲ သွားတော့သည်။

မြူနှင်းများ၏ အတွင်းတွင်မူ အရိပ်အယောင် တစ်ခုကို မြင်နေရသည်။ ထိုအရာကား သွေးရောင်မြွေ တစ်ကောင်ပင်။

"မြွေတစ်သောင်း ကျိန်စာ…"

ထိုမြင်ကွင်းအား ကြည့်ရင်း ရန်ချင်ဟူ၏ မျက်နှာမှာ သွေးဆုတ် ဖြူရော် သွားတော့သည်။

ဒဏ္ဍာရီများ အရ  မှော်ဆရာများမှာ အစွမ်းအထက်ဆုံးသော ကျိန်စာကို ထုတ်ဖော်ရန် အတွက်  မွေတွင်းအား ပြုစားပြီး နောက်ဆုံး တစ်ကောင်သာ ကျန်စေသည် အထိ တိုက်ခိုက်စေသည် ဟု ဆိုသည်။ ထို့နောက် နောက်ဆုံး ကျန်ခဲ့သော မြွေကို မြွေးမြူကာ ဝိညာဉ် စွမ်းအင်များအား စုပ်ယူ ကြီးထွားစေသည်။

မြွေတစ်ကောင်အား ထိုသို့ ပျိုးထောင်ရန်မှာ အနည်းဆုံး ဆယ်စုနှစ် တစ်ခုခန့် ကြာသည့် အပြင် အရူးကဲ့သို့သော အလွန် အစွမ်းထက်သည့် ပြုလုပ်နိုင်သည်။ အရူးတွင်ပင်လျှင် ဘဝ တစ်ခုလုံး၌ ထိုကဲ့သို့ မြွေမျိုး တစ်ကောင်သာ ပိုင်ဆိုင်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ထိုရတနာမြွေကို သေခြင်း၊ ရှင်ခြင်း အခိုက်အတန့်တွင်သာ သုံးရန် သူ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

"သေ…"

အရူးက ချန်းဖန်က ညွှန်ပြရင်း သွေးရောင်မြွေအား အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် ဧဒင်မှာလည်း မြေပြင်မှ လူးလဲထကာ အတောင်များအား ခတ်ရင်း ရွှေရောင် ဓားအလင်းကို ဖော်ထုတ် လိုက်ပြန်သည်။

တစ်ပြိုင်နက်တည်း လိုလိုပင် မြေအောက်ကမ္ဘာ၏ သခင်ကြီး သုံးယောက်ကား သူတို့၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုများကို ဖော်ထုတ် လိုက်ကြပြီ ဖြစ်တော့၏။

ချန်းဖန်က ထိုတိုက်ခိုက်မှုများအား ဂရုပြုမိပုံ မရချေ။ သူက တည်ငြိမ်စွာပင် မြေပြင်အား ခြေထောက် တစ်ဖက်ဖြင့် ဆောင့်နင်းလိုက်၏။

ရေခဲဝံပုလွေ ချိုင့်ဝှမ်း တစ်ခုလုံးကား မြူများဖြင့် မှိုင်းအုံ့ညို့ လာတော့၏။ ရုတ်တရက်ပင် ချန်းဖန်၏ ခန္ဓာကိုယ်မှာလည်း အသံ၏ အမြန်နှုန်းကို ချိုးဖျက်ရင်း ဇူးရပ်ထံသို့ တိုးဝင် သွားတော့သည်။

"ဘုန်း…"

လူတိုင်း၏ အကြည့်များ အောက်တွင်ပင် အဇူရာ အလင်းနှင့် ရွှေရောင် အလင်းတို့ ထိပ်တိုက်တွေ့သည်။

လူနှစ်ယောက်ကား ထွေထွေထူးသော လက်နက်များအား အသုံးပြုထားခြင်း မရှိချေ။ သူတို့၏ ခန္ဓာကိုယ်များကသာ သူတို့၏ လက်နက် ဖြစ်သည်။ ထိုတိုက်ခိုက်မှု၌ ဓမ္မ အစီအရင် မပါဝင်ပေ။ ဓမ္မ ရတနာလည်း မပါဝင်ပေ။ နတ်ဘုရား စွမ်းအားများလည်း မပါဝင်ပေ။

ထိုအရာကား ခန္ဓာကိုယ် နှစ်ခု၏ အားပြိုင်မှု သက်သက်သာ ဖြစ်သည်။

ထိုအရာကား အဇူရာ သက်ရှည် ခန္ဓာကိုယ်နှင့် မိုးကြိုးဝိညာဉ် ခန္ဓာကိုယ်ကြားမှ တိုက်ပွဲသာ ဖြစ်သည်။

သို့သော်… စကြဝဠာ၏ အစွမ်းအထက်ဆုံး အဇူရာ သက်ရှည် ခန္ဓာကိုယ်အား မည်သည့် အရာက ယှဉ်နိုင်ပါမည်နည်း။

"ဘုန်း…"

ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ ချန်းဖန်၏ ခန္ဓာကိုယ်က ဇူးရပ်၏ နံရံများကို ချိုးချေကာ သွေးလွှမ်း သွားစေတော့သည်။

ထိုအချိန်တွင်ပင် အရူးနှင့် ဧဒင်တို့၏ တိုက်ခိုက်မှုများက ချန်းဖန် အပေါ်သို့ ကျရောက် လာသည်။ သို့သော်လည်း တလက်လက် တောက်ပနေသော အဇူရာ မျက်လုံးများမှ လွဲလျှင် ချန်းဖန်၏ မျက်နှာက အမူအရာ ကင်းမဲ့နေသည်။

သူက အဖြူရောင် ဓားအလင်း တစ်ခုကို ဖော်ထုတ်ရင်း သွေးရောင်မြွေကို ခုတ်ပိုင်း လိုက်သည်။ ဓားအလင်းက မြွေအား ထက်ဝက် ပိုင်းဖြတ်ကာ အရူးထံသို့ ထပ်မံ တိုးဝင်သည်။ ဓားက အရူး၏ ခန္ဓာကိုယ်ကို မထိခိုက်စေပဲ ဝိညာဉ်ကိုသာ ဖြတ်ပိုင်းလိုက်၏။

မကြာခင်မှာပင် အရူး၏ ခန္ဓာကိုယ် ကြွက်သားများကား တဖြည်းဖြည်း ပျော့ဖတ်လာကာ ခန္ဓာဝန်ကို မနိုင်တော့သည့် အလား တဖြည်းဖြည်း လဲကျသွားတော့၏။ သူ၏ ဝိညာဉ်ကား ကြီးကြီးမားမား ထိခိုက်နေပြီ ဖြစ်ရာ နောက်တစ်ကြိမ် အစီအရင် ခင်းကျင်းနိုင်တော့မည် မဟုတ်ချေ။

တစ်ဆက်တည်းပင် ချန်းဖန်က ဧဒင်ထံသို့ ရွေ့လျားသွားကာ အတောင်အား ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အတောင်များအား ချိုးဖဲ့ကာ ဧဒင်၏ နောက်ကျောမှ ဖြတ်ထုတ် ပစ်လိုက်၏။

"အား…"

ဧဒင်ကား ပလုံးပထွေး အော်ဟစ်ရင်း ကောင်းကင်မှ မြေပြင်သို့ အရှိန်ပြင်းစွာ ပြုတ်ကျ သွားတော့သည်။

ချန်းပေ့ရွှမ်းကား အမှောင်ကမ္ဘာ၏ သခင်ကြီး သုံးဦးကို မျက်တောင် တစ်ခတ်စာ အတွင်း အနိုင်ယူလိုက်ပြန်ပြီ ဖြစ်သည်။

သူက ဇူးရပ်ကို သတ်ဖြတ်ခဲ့ပြီး အရူးအား ကြီးကြီးမားမား ဒဏ်ရာရစေသည့် အပြင် ဧဒင်၏ အတောင်နှစ်ဖက်ကိုပါ ဆွဲဖဲ့ ဖျက်ဆီးပစ်ခဲ့သည်။

ရေခဲဝံပုလွေ ချိုင့်ဝှမ်းတစ်ခုလုံး၌ ရုတ်တရက် တိတ်ဆိတ်မှုက ကြီးစိုး သွားတော့သည်။ များစွာသော ပညာရှင်များကား မည်းမှောင်သော မျက်နှာများဖြင့်  နတ်ဘုရားတစ်ပါး ကဲ့သို့ ကောင်းကင်၌ ရပ်နေသော လူငယ်ကို ငေးကြည့်နေမိကြတော့သည်။

"သူက ပြိုင်ဘက်ရင်း ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ပဲ"

ရန်ချင်ဟူက ချန်းဖန်အား လေးစားစွာ ကြည့်ရင်း တီးတိုးရေရွတ်လိုက်မိတော့၏။

(စာစဉ်-၃၀ မှာ Siberia (ဆိုက်ဘေးရီးယား) နဲ့ Serbia (ဆားဘီးယား) အသံထွက်ချင်း လွဲမှားပြီး ရေးခဲ့မိတဲ့ အတွက် အနူးအညွှတ် တောင်းပန်ပါတယ် ခင်ဗျာ…)

***

All Chapters