← Chapters

ချင်ပန်ဇီများ တိုက်ခိုက်ခြင်း

Vol. 8 Ch. 103

ချင်ပန်ဇီများ တိုက်ခိုက်ခြင်း

Vol. 8 Ch. 103

ဖန့်ရန်သည် ထိုအရိပ်ဆီသို့ ညင်သာစွာ ကူးခတ်သွားသည်။ ၎င်းနှင့် အလွန်နီးကပ်လာစဥ်တွင် ရုတ်တရက် သူ့ရှေ့ရှိ ရေများ ပလုံစီထလာပြီး ထိုသတ္တဝါသည် သူ့ဆီသို့ လျင်မြန်စွာ ကူးခတ်လာသည်။

Buzz!

ကျယ်လောင်သော အသံနှင့်အတူ ဖန့်ရန် သည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်သွားသလို ခံစားလိုက်ရသည်။

ဤလျှပ်စစ်ရှော့သည် အတော် အားနည်းသော်လည်း သူ့ကို သက်ရောက်မှုတော့ ရှိနေဆဲပင်။

သူ ထိတ်လန့်သွားသည်နှင့်ပင် သူ့ကို ဓာတ်လိုက်အောင် လုပ်လိုက်သော သတ္တဝါသည် လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။

"အဲဒါ... လျှပ်စစ်..?"

ဖန့်ရန် ရုတ်တရက် သဘောပေါက်သွားသည်။

ဘယ်သတ္တဝါလဲဆိုတာ ခန့်မှန်းရမခက်ပေ။ အရှည် (၂) မီတာရှည်ကာ မြွေနှင့် တူသောခန္ဓာကိုယ်၊ လျှပ်စစ် ၎င်းသည် လျှပ်စစ်ငါးရှဥ့်သာ ဖြစ်နိုင်ပေမည်။

မထင်မှတ်ပဲ၊ သူသည် ထိုလျှပ်စစ်ငါးရှဉ့်၏ တိုက်ခိုက်မှုကို ခံစားခဲ့ရသည်။ ထိုလျှပ်စစ်ငါးရှဥ့်၏ တိုက်ခိုက်မှုကို သူ့ခန္ဓာကိုယ်က ခံနိုင်ရည် မရှိခဲ့ချေ။ ယင်းအားနည်းချက်ကို ပြင်ဖို့ရန် နည်းလမ်းရှာရပေမည်။

ပုံမှန်ပြန်ဖြစ်ပြီးနောက် ဖန့်ရန်သည် ရှေ့သို့ဆက်သွားခဲ့သည်။ သူ့ကို တိုက်ခိုက်ခဲ့သော လျှပ်စစ်ငါးရှဥ့်သည် ထွက်ပြေးနေပြီဖြစ်သောကြောင့် သူသည် အခြားသားကောင်များကိုသာ ရှာဖွေနိုင်ခဲ့သည်။

သိပ်မကြာခင်မှာပင် ဖန့်ရန်သည် သားကောင် တစ်ကောင်ကို ရှာတွေ့ခဲ့သည်။

ထိုငါးကြီးသည် (၃) မီတာ၊ ရှည်လျားသော ကိုယ်ထည်နဲ့ ပါးစပ်ပြန့်ကားပြီး အရုပ်ဆိုးလှသည်။

ဖန့်ရန်က ထိုငါးကို စိုက်ကြည့်နေသော အခိုက်အတန့်တွင် စနစ်၏ အချက်ပေးသံက သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။

[ပစ်မှတ် - အရိုးငါး၊ သွေးအေးသတ္တဝါ၊ စနစ်အမှတ် ၈၀၀ မှတ်ကို ရရှိနိုင်သည်]

စနစ်၏ အချက်ပေးသံကို ကြားပြီးနောက်... ဖန့်ရန်သည် စကားပင် မပြောနိုင် ဖြစ်နေသည်။

အရှည် (၃) မီတာကျော် ရှိသည့် ငါးတစ်ကောင်သည် စနစ်အမှတ် ၈၀၀ ကိုပဲ ပေးစွမ်းနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့ထံမှ စနစ်အမှတ် များများစားစား မရနိုင်ပေ။

သာမန်ငါးတွေသည် အစာကွင်းဆက်ရဲ့အောက်ခြေမှာ ရှိနေတဲ့အတွက် သဘာဝကျစွာ ၎င်းတို့ထံမှ စနစ်အမှတ် နည်းပါးစွာသာ ရရှိနိုင်သည်ကို လက်မခံချင်လည်း လက်ခံရပေမည်။

ဖန့်ရန်သည် ငါးဆီသို့ လျင်မြန်စွာ ကူးခတ်သွား၏။ ဤငါးသည် နည်းနည်းကြီးပြီး အရုပ်ဆိုးသည့် မျက်နှာရှိသော်လည်း စားလို့ရပေသည်။

ဧရာမသတ္တဝါကြီး ချဉ်းကပ်လာနေသည်ကို ရိပ်မိပြီးနောက်၊ အရုပ်ဆိုးသည့် ငါးသည် လျင်မြန်စွာ ပြေးထွက်သွားသော်လည်း ၎င်း၏ လိပ်ကဲ့သို့ အရှိန်ဖြင့် လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

တစ်မိနစ်မပြည့်ခင်မှာပင် ဖန့်ရန်သည် ၎င်းကို ဖမ်းမိပြီး မျိုချလိုက်တော့သည်။

အရိုးငါး ကိုစားပြီးနောက်၊ ဖန့်ရန်သည် ရှေ့သို့ ဆက်သွားခဲ့သည်။

...

နောက်ထပ်ငါးရက်အကြာတွင်..။

ဖန့်ရန်သည် လိုအပ်သော (၃၅ဝဝဝဝ) တွင် (၃၄ဝဝဝဝ) ထိ စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဆင့်ကဲဖြစ်စဥ် စတင်ရန်အတွက် စနစ်အမှတ် (၁ဝဝဝဝ) သာ လိုအပ်တော့သည်။

ဤငါးရက်အတွင်း သူသည် အနည်းဆုံး ကီလိုမီတာ (၅၀၀) ကျော်ကို ဖြတ်သန်းလာခဲ့သည်။ ထို့အပြင် ယမန်နေ့က သူ၏ ဂုဏ်သတင်းရမှတ်ကို စစ်ဆေးကြည့်ရာ ၎င်းသည် အံ့အားသင့်ဖွယ် ကောင်းစွာနှင့် သန်း (၂၀၀) သို့ ရောက်နေကြောင်း တွေ့ရှိခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် သူ၏ ဂုဏ်သတင်းရမှတ်ကို မစစ်ဆေးခဲ့ချေ။ ဤအဆင့်သို့ မြန်မြန်ရောက်ရန် သူ မမျှော်လင့်ထားခဲ့ပေ။

ယင်းသည် အလွန်စိတ်ကျေနပ်စရာ ကောင်းသော်လည်း၊ အချိန်တစ်ခုထိတော့ မည်သည့် အကျိုးကျေးဇူးမှ မရရှိနိုင်ပေ။

ထို့ထက် ပိုအရေးကြီးသည်မှာ သူ၏ ဂုဏ်သတင်းရမှတ် တိုးတက်မှု အရှိန်အဟုန်သည် တဖြည်းဖြည်း နှေးကွေးလာ၏။

လူများစွာသည် သူ့အရင်နေထိုင်ရာသို့ သွားခဲ့ကြသော်လည်း ဘာမှရှာမတွေ့ခဲ့ပေ။

ထို့ကြောင့်ပင် သူနှင့်ပတ်သက်သည့် သတင်းများ ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ဘဲ ဂုဏ်သတင်းရမှတ် တိုးပွားမှု အရှိန်အဟုန်သည် လျော့ကျလာခြင်း ဖြစ်ပေသည်။

ဖန့်ရန်ကတော့ ဒါကို သိပ်ဂရုမစိုက်ခဲ့ချေ။ ဂုဏ်သတင်းရမှတ်များနှင့် နှိုင်းယှဉ်ပါက သူ၏ လုံခြုံရေးသည် ပို၍ အရေးကြီးသည်မှာ အသေချာပင်။

ပွက်

ဖန့်ရန်သည် သူ့ခေါင်းကို ရေပြင်ထက် ထုတ်လိုက်ပြီး ပတ်ဝန်းကျင် မြေပြင်ကို စူးစမ်းလိုက်သည်။

ဒီရက်ပိုင်းအတွင်း ငါးတွေကို သူငြီးငွေ့နေသည်။ အပြောင်းအလဲအတွက် ကုန်းနေသတ္တဝါအချို့ကို သူ စားချင်၏။

“အိုး! အိုး!”

တောနက်ထဲမှ ထူးဆန်းတဲ့ အော်ဟစ်သံတစ်ခု ထွက်လာခဲ့သည်။ ဖန့်ရန်ကတော့ ၎င်းကို သိပ်ဂရုမစိုက်ချေ။

ထိုအသံများကို နေ့တိုင်း ကြားနေရသောကြောင့် သူသည် ရိုးလို့ပင် နေလေပြီ။

အချိန်အတော်ကြာ ရေထဲမှသွားပြီးသည်တောင် ဖန့်ရန်သည် ကမ်းစပ်တွင် သူအမဲလိုက်နိုင်မည့် မှန်ကန်သော တိရစ္ဆာန်ကို ရှာမတွေ့ခဲ့ပေ။

ဖန့်ရန်သည် ခဏလောက် စဉ်းစားပြီးနောက် ကမ်းပေါ်တက်သွားသည်။

ကြီးမားသော ကိုယ်ထည်သည် မြေပြင်ပေါ်တွင် တွန့်လိန်သွားနေစဉ် ကျယ်လောင်သော ပွတ်တိုက်သံများ ထွက်ပေါ်လျက်ရှိသည်။

သူ၏ နောက်တွင်မှု လမ်းကြောင်းငယ် တစ်ခုက ကျန်ရစ်ခဲ့သည်။ သူ့အလေးချိန်ကို တန်ချိန်နဲ့ပင် တိုင်းတာလို့ရလေသည်။

"ကိုး! ကိုး!"

ငှက်တစ်ကောင်ရဲ့အော်သံက သူ့ခေါင်းထက်ကနေ ထွက်ပေါ်လာခဲ့သည်။ ဖန့်ရန်က ခေါင်းမော့ကြည့်လိုက်တော့ သူ့ခေါင်းထက်က သစ်ကိုင်းတစ်ခုပေါ်မှာ ထိုင်နေတဲ့ ငှက်ကြီးတစ်ကောင်ကို တွေ့သွားသည်။

သူကြည့်လိုက်တာနဲ့ ငှက်က မြန်မြန်ဆန်ဆန်ပင် ထပျံသွားသည်။

ဖန့်ရန်သည် ၎င်းကို စိတ်၀င်စားမှု မရှိဘဲ ခရီးဆက်ခဲ့သည်။

“ကွီးး၊ ကွေီးး”

(၇) ကီလိုမီတာ၊ (၈) ကီလိုမီတာခန့် သွားပြီးနောက်၊ ဖန့်ရန်သည် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် မျောက်အုပ်စု တစ်စုကို တွေ့လိုက်လေသည်။

ဤမျောက်များသည် အမြင့်မီတာဝက်ခန့်သာ ရှိပြီး ၎င်းတို့၏ မျက်နှာတစ်ဝိုက်တွင် အဖြူရောင် သို့မဟုတ် အဝါရောင်အမွေးများရှိပေသည်။

ဖန့်ရန် ထိုမျောက်အုပ်စုကို သေချာအာရုံစိုက် လိုက်သောအခါ စနစ်၏ အချက်ပေးသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

စနစ်၏ အသိပေးချက်အရ ဤမျောက်တွေဟာ မျောက်သူတော်လို့ ခေါ်သည့် မျိုးစိတ်တစ်ခုဖြစ်ကြောင်း ဖန့်ရန် သိရှိလိုက်လေသည်။

ထိုမျောက်အုပ်စုကို ကြည့်ပြီးနောက် ဖန့်ရန်က ထွက်ခွာရန် စီစဉ်သည်။

သူသည် သားကောင်ကို ရှာဖွေနေတာ မှန်သော်လည်း ဤမျောက်များကို ဖမ်းရန်အတွက် သူ၏ အင်အားနှင့် အချိန်ကို သုံးစွဲရန် ဆန္ဒမရှိပေ။

အရွယ်အစား သေးငယ်သည့် ဤမျောက်များမှ ရနိုင်သော စနစ်အမှတ်ပမာဏက အင်အားစိုက်ထုတ်ရန် မတန်ချေ။

ထွက်သွားခါနီးမှာ ဖန့်ရန် ရုတ်တရက် ရပ်လိုက်သည်။

သူသည် မျောက်များဆီသို့ လျှောက်သွားနေသော အခြားတိရိစ္ဆာန်တစ်ကောင်ကို ရှိဖွေတွေ့ရှိခဲ့သည်။

မတုံ့ဆိုင်းဘဲ ဖန့်ရန်သည် အရောင်ပြောင်း ဖုံးကွယ်ခြင်းကို ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်၏ အရောင်နှင့် ချက်ချင်း ပေါင်းစပ်လိုက်၏။ သူ့ကို ရှာတွေ့ရန်က မဖြစ်နိုင်သလောက် ဖြစ်သွားသည်။

ရုတ်တရက် သူ့အနီးနားက ချုံပုတ်တစ်ခုမှ တိရစ္ဆာန်တစ်ကောင် ထွက်လာခဲ့သည်။

၎င်းသည် ချင်ပန်ဇီမျောက်ဝံ တစ်ကောင် ဖြစ်၏။

ယင်းချင်ပန်ဇီမျောက်ဝံသည် သစ်ပင်ကြီးများ၏ ထိပ်၌ ဆော့ကစားနေကြသော မျောက်သူတော် မျောက်တွေကို စိုက်ကြည့်နေခဲ့သည်။

ထင်ရှားသည်မှာ ဤချင်ပန်ဇီမျောက်ဝံသည် ယင်းမျောက်များကို အမဲလိုက်ရန် စီစဉ်နေခြင်းဖြစ်သည်။

ထိုမြင်ကွင်းကို မြင်နေရသော ဖန့်ရန်သည် ရုတ်တရက် သဘောပေါက်သွား၏။ သူ၏ ယခင်ဘဝတွင်၊ သူသည် "တိရစ္ဆာန်ကမ္ဘာ" အစီစဥ်ရိူးကို မကြာခဏကြည့်ရှုခဲ့ပေသည်။

တစ်ခါက ယင်းတွင် ချင်ပန်ဇီမျောက်ဝံတွေ အကြောင်း တင်ဆက်ခဲ့ဖူး၏။

ချင်ပန်ဇီမျောက်ဝံများသည် အုပ်စုလိုက်နေထိုင်ကြပြီး သစ်သီး၊ အရွက်၊ အမြစ်များနှင့် အသားများအပါအဝင် အရာများစွာကို စားသုံးကြသည်ဟု ဆိုသည်။

၎င်းတို့၏ အစာမီနူးတွင် မျောက်များပင် ပါဝင်ပေသည်။

ချင်ပန်ဇီမျောက်ဝံများသည် အထီးကျန်တိရစ္ဆာန်များ မဟုတ်သောကြောင့် မဝေးလှသောနေရာတွင် ၎င်း၏ အုပ်စုဝင်များ ရှိသင့်ပေသည်။

ဤအကောင်က မျောက်သူတော် မျောက်တွေကို ခြောက်လှန့်ဖို့ရာ တာဝန်ယူထားပြီ အခြားချင်ပန်ဇီမျောက်တွေကမှု ချောင်းမြောင်းနေခြင်း ဖြစ်လိမ့်မည်ဟု ဖန့်ရန် စိတ်ထဲတွင် သံသယရှိနေလေသည်။

သူသည် ဤကဲ့သို့ အမဲလိုက်ခြင်းများကို တိုက်ဆိုင်စွာ ကြုံတွေ့ခဲ့ရဖူးပေသည်။

ချင်ပန်ဇီမျောက်ဝံအုပ်စုသည်... မျောက်သူတော် မျောက်အုပ်စုကို အမဲလိုက်ရန် အသင့်ဖြစ်နေနိုင်လောက်၏။

ဖန့်ရန်က အခြေအနေကို ခွဲခြမ်းစိတ်ဖြာနေချိန်တွင် မဝေးလှသော နေရာမှ ချင်ပန်ဇီမျောက်ဝံသည် ရုတ်တရက် မတ်တပ်ထရပ်ကာ သူ့ ရင်ဘတ်ကို တဘုန်းဘုန်း ရိုက်တော့သည်။

ဘုန်း! ဘုန်း!

ရင်ဘတ်ကို ရိုက်နှက်နေစဉ် အကြိမ်အနည်းငယ် အတွင်း ၎င်းချင်ပန်ဇီမျောက်ဝံက ဟိန်းဟောက်ဖို့ရာ မမေ့ခဲ့ပေ။

ထိုသို့ လုပ်ပြီးနောက် ချင်ပန်ဇီမျောက်ဝံသည် မျောက်သူတော်စင် မျောက်များရှိရာ သစ်ပင်ဆီသို့ အလျင်အမြန်ပြေးတက် သွားခဲ့သည်။

သစ်ပင်ပေါ်ကို မြန်မြန်တက်ပြီး မကြာခင်မှာပဲ မျောက်တစ်ကောင် ထိုင်နေတဲ့ သစ်ကိုင်းကို ရောက်လာပြီး အဲဒီဘက်ကို ပြေးသွားသည်။

ထိုချင်ပန်ဇီမျောက်ဝံကို ကြောက်လန့်သောကြောင့် မျောက်သူတော်စင် မျောက်တွေက ကြောက်လန့်တကြားအော်ဟစ်ပြီး ဂနာမငြိမ် စတင် ထွက်ပြေးကြတော့သည်။

ရုတ်တရက်၊ မရေမတွက်နိုင်သော ချင်ပန်ဇီမျောက်ဝံများ၏ အော်ဟစ်သံများသည် မတူညီသော လမ်းကြောင်းသုံးခုမှ အသံထွက်ပေါ်လာခဲ့သည်။

ဒါကြောင့် မျောက်သူတော်စင် မျောက်အုပ်စုဟာ ချင်ပန်ဇီမျောက်ဝံတွေ၏ ဟိန်းဟောက်သံတွေကို မကြားရသည့် ဘက်သို့ ဦးတည်ရာ ထွက်ပြေးကြသည်။

.....

All Chapters