ဆင့်ကဲဖြစ်စဥ် စတင်ရန် လိုအပ်သော စနစ်အမှတ် ပမာဏ ပြည့်မီခြင်း
Vol. 8 Ch. 104
မျောက်သူတော် မျောက်များသည် လမ်းတစ်လျှောက်တွင် ကျယ်လောင်စွာ အော်ဟစ်၍ ချင်ပန်ဇီမျောက်ဝံတွေအသံ မကြားရသော ဘက်သို့ ဦးတည်ကာ အရူးအမူး ထွက်ပြေးခဲ့ကြသည်။
ချင်ပန်ဇီဝံတွေက ၎င်းတို့နောက်က လိုက်နေခဲ့သည်။ ချင်ပန်ဇီမျောက်ဝံအချို့က သစ်ပင်များပေါ်မှ လိုက်ဖမ်းကြပြီး အချို့က ၎င်းတို့ကို မြေပြင်ပေါ်ကနေ လိုက်ဖမ်းကြ၏။
၎င်းတို့၏ ပါးစပ်လည်းမှ တကွီးကွီးတကွကွအသံများ အဆက်မပြတ် အော်ဟစ်နေကာ မျောက်သူတော် မျောက်များကို စိတ်ပိုင်းဆိုင်ရာကို ချေမှုန်းဖို့ ကြိုးစားနေကြလေသည်။
ဖန့်ရန်သည် ယင်းတို့ကို ကြည့်ပြီး ဆုံးဖြတ်ချက်ချကာ နောက်မှ လိုက်သွားခဲ့သည်။
သုံးမိုင်၊ လေးမိုင်ခန့် အရှေ့မှ ကြိုသွားပြီးနောက်၊ ဖန့်ရန်သည် မျောက်သူတော် မျောက်များ၏ လမ်းကို ပိတ်ဆို့ထားသော ချင်ပန်ဇီမျောက်ဝံများစွာကို ရုတ်တရက် တွေ့ရှိခဲ့သည်။
ထိုချင်ပန်ဇီမျောက်ဝံများသည် ဤနေရာသို့ လွတ်မြောက်လာသော မျောက်သူတော် မျောက်များ စောင့်ဆိုင်း နေခဲ့ကြသည်။
အသေချာပင်။ မျောက်သူတော် မျောက်အတော်များများက အဖမ်းခံလိုက်ရပြီး မလွတ်မြောက်နိုင်ခဲ့ချေ။
ကြောက်လန့်တကြား အော်သံများ နေရာတစ်ခုလုံးကို ပြည့်နှက်နေခဲ့သည်။
ချင်ပန်ဇီမျောက်ဝံတစ်ကောင်သည် မျောက်သူတော် မျောက်တစ်ကောင်အား ဖမ်းမိသွားကာ ၎င်း၏ ထူထဲ သန်မာသော လက်ဖြင့် ၎င်းဖမ်းမိလိုက်သော မျောက်သူတော် မျောက်၏ လည်ပင်းကို အလွယ်တကူ လိမ်ချိုးသွားကြောင်း ဖန့်ရန် သတိပြုမိသည်။
“အီး! အိုး!”
ချင်ပန်ဇီမျောက်ဝံများသည် စိတ်လှုပ်ရှားမှုဖြင့် အဆက်မပြတ် အော်ဟစ်နေကြသည်။
ခြုံခိုတိုက်ခိုက်ခြင်း၏ အောင်မြင်မှုနှင့် အတူ အခြား ချင်ပန်ဇီမျောက်ဝံများသည်လည်း ၎င်းတို့၏ သားကောင်များကို ဖမ်းဆီးနိုင်ခဲ့သည်။ အနည်းဆုံး မျောက်သူတော် မျောက်ဆယ်ကောင် သေဆုံးခဲ့ပေသည်။
ထိုနောက် ချင်ပန်ဇီမျောက်ဝံများသည် သစ်ပင်ပေါ်မှ ဆင်းကာ မြေပြင်ပေါ်တွင် ထိုင်၍ ၎င်းတို့ ဖမ်းမိခဲ့သော မျောက်သူတော် မျောက်များကို သတ်ဖြတ် စားသောက်ကြတော့သည် စားနေစဥ်အတွင်းလည်း ပျော်ရွှင်စွာ အော်ဟစ်လျက်ရှိသည်။
အသက်ရှင်ကျန်ရစ်သော မျောက်သူတော် မျောက်များသည် အစာအဖြစ် အစားခံနေရသော ၎င်းတို့၏ အပေါင်းအဖော်များကို ကြည့်ရှုပြီးနောက် ဝမ်းနည်းစွာ အော်ဟစ်ထွက်ပြေးသွားခဲ့ကြ၏။
ချင်ပန်ဇီမျောက်ဝံများနှင့် မျောက်သူတော် မျောက်များသည် ဧရာမစပါးအုံးမြွေကြီးတစ်ကောင်က ချုံပုတ်ကြီးတစ်ခုအတွင်းမှ ၎င်းတို၏ “တိုက်ပွဲကို” ကြည့်နေခဲ့ကြောင်း မသ်ိခဲ့ကြချေ။
ဧရာမစပါးအုံးမြွေကြီးသည် ချင်ပန်ဇီမျောက်ဝံများ၏ ပျော်ရွှင်စွာ စားသောက်နေမှုအား စောင့်ကြည့်နေခဲ့သည်။
...
ဖန့်ရန်၏ မျက်လုံးများသည် ချင်ပန်ဇီအုပ်စုကို လှည့်ပတ် ကြည့်ရှူလျက်ရှိသည်။
သူ့တွင် တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုသာ ရှိ၏။ ၎င်းတိုက်ခိုက်မှုအတွင် သူဖမ်းယူနိုင်သည်မှာ အများဆုံး နှစ်ခုဖြစ်သည်။
ချင်ပန်ဇီမျောက်ဝံများသည် အလွန်လျင်မြန်ပြီး သွက်လက်သလို သစ်ပင်တွေအပေါ် အလွယ်တကူ တက်နိုင်စွမ်းရှိ၏။ သူ၏ သစ်ပင် တက်နိုင်စွမ်းသည် ၎င်းတို့လောက် မကောင်းမွန်ပေ။
ထို့ကြောင့် ဤအခွင့်အရေးကို အကောင်းဆုံး အသုံးချရန် စနစ်အမှတ် အများဆုံးရရှိနိုင်သည့် ချင်ပန်ဇီမျောက်ဝံကို ရွေးချယ်ရမည် ဖြစ်သည်။
ဖန့်ရန်သည် ၎င်းတို့ထဲမှ အကြီးဆုံး ချင်ပန်ဇီမျောက်ဝံကို ကြည့်လိုက်သည်။ ဤချင်ပန်ဇီမျောက်ဝံသည် အမြင့်ဆုံး အာဏာရှိပုံရသည်။
ဖန့်ရန်က ထိုချင်ပန်ဇီမျောက်ဝံကို သေချာ စိုက်ကြည့်လိုက်၏။ ထိုနောက် သူသည် စနစ်၏ အသိပေးချက်ဖြင့် ၎င်းသည် စနစ်မှတ် ပမာဏအမြင်ဆုံး ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
[ပစ်မှတ် - ချင်ပန်ဇီမျောက်ဝံ၊ သွေးအေးသတ္တဝါ၊ စနစ်အမှတ် ၄၅၀၀ မှတ်ကို ရရှိနိုင်သည်]
ထိုချင်ပန်ဇီမျောက်ဝံကို စားသုံးပြီးလျှင်ပင်။ ဆင့်ကဲဖြစ်စဥ် စတင်ရန် အတွက် စနစ်အမှတ် (၁ဝဝဝဝ) ခန့်ကို လိုအပ်နေပေသည်။
သူ့ကြွက်သားတွေ တဖြည်းဖြည်း တင်းမာလာခဲ့၏။
နောက်အခိုက်အတန့်၌ ပေါက်ကွဲသံ တစ်ခုထွက်လာသည်။
ဘုန်း!
ရုတ်တရက် ထွက်ပေါ်လာသည့် ကျယ်လောင်သော ဆူညံသံသည်၊ ချင်ပန်ဇီမျောက်ဝံအုပ်စု၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
အသံအရင်းအမြစ်ကို လှည့်ကြည့်လိုက်ချိန်တွင် ဧရာမစပါးအုံးမြွေကြီး တစ်ကောင်က ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ၎င်းတို့အနီး ရောက်ရှိလာမှန်း တွေ့လိုက်ရသဖြင့် ချင်ပန်ဇီမျောက်ဝံများသည် ကြောက်ရွံ့ထိတ်လန့်ကာ အော်ဟစ် ထွက်ပြေးကြသည်။
ဖန့်ရန်က အခြားချင်ပန်ဇီမျောက်ဝံများကို ဂရုမစိုက်ဘဲ ချင်ပန်ဇီအုပ်စု ခေါင်းဆောင် ထံသို့ တည့်တည့် ပြေးသွားခဲ့သည်။
စက္ကန့်အနည်းငယ် အကြာမှာတော့ ချင်ပန်ဇီမျောက်ဝံ ခေါင်းဆောင်က သူ့ပါးစပ်ထဲ ရောက်နေခဲ့ပြီ ဖြစ်သည်။
ဖန့်ရန်က သူ့ပါးစပ်ကို ပိတ်ချလိုက်ပြီး သူနှင့် အနီးဆုံး ချင်ပန်ဇီမျောက်ဝံကို လှည့်ကြည့်လိုက်သည်။
သို့သော် ဖန့်ရန်နှင့် အနီးစပ်ဆုံး ချင်ပန်ဇီမျောက်ဝံသည် သေးငယ်ပေသည်။ ၎င်းသည် အရွယ်ရောက်ပြီးသူ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သနားစရာ ကောင်းသည်မှာ စနစ်၏ အသိပေးချက်အရ၊ စနစ်အမှတ် (၂ဝဝဝ) သာ ရရှိနိုင်ပေသည်။
"မဆိုးပါဘူး၊ စနစ်အမှတ် ခြောက်ထောင့်ငါးရာ.."
ချင်ပန်ဇီမျောက်ဝံ ခေါင်းဆောင်ကို ကိုက်ထားစဉ်အတွင် သူသည် ၎င်းကို အလျင်အမြန် ရစ်ပတ်ကာ တင်းတင်းကျပ်ကျပ် ညှစ်ထားလိုက်သည်။
ဤအဆင့်၌ သူ့ရဲ့ ကြံ့ခိုင်မှုဟာ မယုံနိုင်စရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။ သူသည် ကားတစ်စီးကို ရစ်ပတ်၍ တင်းတင်း ကျပ်ကျပ် ညစ်ထားလိုက်မည် ဆိုလျှင် ၎င်းကားမှာ သတ္တုအပိုင်းအစများ အဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။
ဤချင်ပန်ဇီမျောက်ဝံကိုတော့ အင်အားအလွန်အကျွံ သုံးမိလျှင် အပိုင်းပိုင်းအစစ ဖြစ်သွားမည် ဆို၍ သူ့ခွန်အားကို နည်းနည်း ထိန်းထားရသည်။
ယခုအချိန်တွင် အခြား ချင်ပန်ဇီမျောက်ဝံများသည် သစ်ပင်ပေါ်သို့ ထွက်ပြေးလွတ်မြောက်သွားကြပြီ ဖြစ်၏။
၎င်းတို့ တက်နိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်တို့ ခေါင်းဆောင်နှင့် အဖော်အား ဝါးမျိုနေသော ဖန့်ရန်အား ဝမ်းနည်းစွာ စိုက်ကြည့်နေရန်ပင်။
လွန်ခဲ့သော မိနစ်အနည်းငယ်က မျောက်သူတော် မျောက်များသည် ၎င်းတို့အား ဝမ်းနည်းစွာ စိုက်ကြည့်ရင်း အော်ဟစ်နေစဥ် ဤချင်ပန်ဇီမျောက်ဝံများသည် ပျော်ရွှင်စွာ အောင်ပွဲခံရင်း ၎င်းတို့ ဖမ်းမိခဲ့သော မျောက်သူတော် မျောက်များအား စားသောက်နေခဲ့ကြသည်။
ယခုတော့ ဖန့်ရန်က မျောက်သူတော် မျောက်များ အပေါ် ၎င်းတို့ လုပ်ခဲ့သလို စားပွဲကို ပြောင်းပြန်လှန်လိုက်လေပြီ။
ချင်ပန်ဇီမျောက်ဝံ ခေါင်းဆောင်ကို မျိုချပြီးနောက် ဖန့်ရန်သည် အခြားတစ်ကောင်အား ဆက်တိုက် မျိုချလိုက်သည်။
...
ဖန့်ရန်သည် ရေထဲ၌ အမဲလိုက်ခြင်းထက် ကုန်းပေါ်တွင် အမဲလိုက်ခြင်းက ပိုကောင်းလိမ့်မည်ဟု ခံစားနေမိခဲ့သည်။
အကယ်၍ သူသာ ကံကောင်းမည် ဆိုလျှင် သားကောင်ကြီး တစ်ကောင်ကို ရှာတွေ့ပြီး လိုအပ်သည့် စနစ်အမှတ် ပမာဏကို တခဏအတွင်း စုဆောင်းနိုင်မည် ဖြစ်သည်။
ဗိုက်ထဲက ချင်ပန်ဇီမျောက်ဝံများအား ကြေညက်အောင် စောင့်ပြီးမှ သူခရီးဆက်ခဲ့သည်။
သူ့ကံက အလွန်ကောင်းမွန်နေပုံရ၏။ လမ်းတစ်လျှောက်တွင် ဆိတ်ပေါင်းများစွာကို တွေ့ဆုံခဲ့ပြီး စနစ်အမှတ် ပမာဏကို (၈၄ဝဝ) တိုးမြှင့်နိုင်ခဲ့သည်။
ကံဆိုးသည်လား မသိ ညမိုးချုပ်ချိန် အထိတိုင် နောက်ထက် အမဲလိုက်ရန် သင့်တော်သော တိရစ္ဆာန်တစ်ကောင်မျှ ထက်မတွေ့တော့ပေ။
ညခင်း မှောင်စပျိုးချိန်၌ သူ့အရှေ့တွင် ရေကန်တစ်ခုပေါ်လာခဲ့၏။
ဤနေရာသည် အစိမ်းရောင် စိမ့်ရေကန်တစ်ခု ဖြစ်သည်။
ထိုရေကန်ကို မြင်ပြီးနောက် ဖန့်ရန်သည် အလွန် ဝမ်းသာသွား၏။
အဘယ်ကြောင့်ဆိုသော် စိမ့်ကန်အများစုတွင် မိကျောင်းများရှိပေသည်။
'ငါ့ရဲ့ ချစ်စရာကောင်းပြီး မိုက်မဲတဲ့ အကောင်လေးတွေ...'
ဖန့်ရန်သည် စိမ့်ကန်ထဲသို့ တိုက်ရိုက်ပြေးဝင်ကာ မိကျောင်းများကို စတင်ရှာဖွေခဲ့သည်။
အချိန်အနည်းငယ်မျှ ရှာပြီးသော်လည်း ဤနေရာ၌ မိကျောင်းမရှိ၊ ငါးငယ်များနှင့် ဖားများသာ ရှိသောကြောင့် သူစိတ်ပျက်သွားသည်။
ဖန့်ရန်သည် အလွန်စိတ်ပျက်သွားသော်လည်း ရုတ်တရက်ဆိုသလို မူမမှန်မှုအနည်းငယ်ကို တွေ့ရှိခဲ့သည်။
မြောက်ဘက်အရပ်မှ ရေများသည် တုန်ခါလာကာ စက္ကန့်အနည်းငယ်အကြာတွင် သူ့ရှေ့တွင် ဧရာမသတ္တဝါကြီး ပေါ်လာခဲ့သည်။
၎င်းသည် အန်နာကွန်ဒါမြွေ ဖြစ်၏။
အန်နာကွန်ဒါမြွေကိုသာ မမြင်ဖူးသည့် လူသားတစ်ဦးသာ ဤအခြေအနေမျိုးတွင် ရှိနေပါက ၎င်းသည် သေသည်အထိ ကြောက်လန့်သွားမည် ဖြစ်သည်။
ဤအန်နာကွန်ဒါမြွေသည် ကိုးမီတာထက် ပိုရှည်ကာ၊ ကိုယ်ထည်က ကြီးမားပေသည်။ ၎င်းသည် အမြင်အာရုံကို တုန်လှုပ်သွားစေနိုင်သော မြင်ကွင်းတစ်ခု ဖြစ်၏။
သို့သော် ဖန့်ရန်အတွက်တော့ ၎င်းသည် အကောင်ငယ်လေး တစ်ကောင်မျှသာ ဖြစ်သည်။
[ပစ်မှတ် - အန်နာကွန်ဒါမြွေ၊ တွားသွားသတ္တဝါ၊ စနစ်အမှတ် ၄ဝဝဝ မှတ်ကို ရရှိနိုင်သည်]
အမှန်တော့ ဤအန်နာကွန်ဒါမြွေသည်... အရှည် (၉) မီတာကျော်သော ၎င်း၏ ခန္ဓာကိုယ်နှင့်ဆို ကမ္ဘာ့အကြီးဆုံး သက်ရှိမြွေကိုပင် ယှဉ်ပြိုင်နိုင်လောက်၏။
ဤအနီရောင် မိုးသစ်တောတွင်၊ ယင်းအန်နာကွန်ဒါမြွေ၏ ရန်သူမှာ မရှိနိုင်သလောက်ပင်။
ကျိုက်ဂွားကျားသစ် ကဲ့သို့ ကြီးမားပြီး သွက်လက်သော ကြောင်များကသာ ၎င်းတို့၏ သွက်လက်ဖျတ်လတ်မှုကို အသုံးပြုပြီး ကုန်းပေါ်တွင် လွတ်မြောက်နိုင်မည် ဖြစ်သည်။
အကယ်၍ သူတို့သည်သာ ဤရေကန်ထဲ ဝင်ရောက်ခဲ့မည်ဆိုလျှင် ထိုအန်နာကွန်ဒါမြွေ၏ သားကောင် ဖြစ်သွားနိုင်ပေသည်။
ယင်းကို တွေးရင်း ဖန့်ရန်၏ မြှားတစ်စင်းလို အရှိန်က ပေါက်ကွဲထွက်လာပြီး ၎င်းအန်နာကွန်ဒါမြွေ၏ ခေါင်းကို အရှိန်အဟုန်းပြင်းစွာကိုက်လိုက်သည်။
ထိုနောက် သူသည် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ အဆိပ်များ ထိုးသွင်းလိုက်သည်။
သူ့ရှေ့မှောက်တွင် ၎င်းအန်နာကွန်ဒါက ပြန်လည်း တိုက်ခိုက်နိုင်စွမ်းတောင် မရှိခဲ့ပေ။
သူ၏ ခွန်အားသည် ဒဏ္ဍာရီလား မြွေနဂါးများကဲ့သို့ မပြင်းထန်သော်လည်း ၎င်းက ဤအန်နာကွန်ဒါမြွေအနေနှင့် သူ့ကို ယှဥ်နိုင်မည်ဟု မဆိုလိုချေ။
ထိုအန်နာကွန်ဒါမြွေကို သတ်ဖို့ရန် အချိန်သိပ်မကြာလိုက်ပေ။
ဖန့်ရန်က ချက်ချင်း မျိုချလိုက်သည်။
သိပ်မကြာခင်မှာပင်။ စနစ်က သူ့အား စနစ်အမှတ် (၄ဝဝဝ) ရရှိကြောင်းနှင့် ဆင့်ကဲဖြစ်စဥ် စတင်ရန် လိုအပ်သော စနစ်အမှတ် ပမာဏပြည့်မှီကြောင်း အသိပေးလာခဲ့သည်။
"နောက်ဆုံးတော့... ငါထက်ပြီး တိုးတက်လာနိုင်တော့မယ်"
ဖန့်ရန်က ဆင့်ကဲဖြစ်စဥ် စတင်လိုကြောင်း အတည်ပြုပြီးနောက် ... တဖြည်းဖြည်းနှင့် နွေးထွေးသော အပူစီးကြောင်းတစ်ခု သူ့ခန္ဓာကိုယ်ထဲတွင် ပေါ်လာခဲ့၏။
.....