အကန့်အသတ်
Vol. 8 Ch. 105
ဆယ်မိနစ်မျှကြာနောက် ... ဆင့်ကဲဖြစ်စဥ် ပြီးဆုံးသွားခဲ့၏။
ဖန့်ရန် ဘေး၌ အရေခွံ တစ်ခုရှိနေခဲ့သည်။
သူ၏ အရေပြားက အလွန်မာကျောလာကြောင်း သိနေခဲ့သည်။ မသိလျှင် ၎င်းက သာမာန်စပါးအုံးမြွေများ၏ အရေပြားကဲ့သို့ နူးညံသလို ထင်ရသည်။
အမှန်တော့ ... သူ၏ အရေပြားသည် အလွန်မာကျောလှ၏။ ၎င်းကို ကျည်ကာအင်္ကျီ နှင့်ပင် ယှဥ်နိုင်ပေသည်။
ခေါင်းငုံ့ကာ ထူးဆန်းသော အတွေးများကို ရပ်လိုက်သည်။
သူ့ခန္ဓာကိုယ်ကို သေချာကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်မျှ စစ်ဆေးကြည့်သော်လည်း သူ့ခန္ဓာကိုယ်က မည်မျှအထိ ကြီးထွားလာမှန်း သူ မသိချေ။
ဖန့်ရန် အနည်းငယ်တွေးပြီး စနစ်ဖန်သားပြင်ကို ခေါ်လိုက်၏။ အလင်းတန်းတစ်ခုက သူ့ စိတ်ထဲမှာ ချက်ချင်းပေါ်လာခဲ့သည်။
[လက်ခံသူ : ဖန့်ရန်
အဆင့် : ၁၈
စနစ်အမှတ် : ၁၈ဝ/၅ဝဝဝဝဝ
ကျွမ်းကျင်မှုရမှတ် : ၂ဝ
ကိုယ်ထည်အရှည် : ၂၅ မီတာ
အချင်း : ၈၈ စင်တီမီတာ
ခွန်အား : ၂၆ဝ
ခုခံနိုင်မှု : ၅၁၅
အမြန်နှုန်း : ၆၂
တက်ကြွမှု : ၆၅
စိတ်ဝိညာဉ် : ၆၇
ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၉၀
စွမ်းရည် : --------------------- ---------------------------- သံမဏိ ကိုယ်ထည် (၄/၅)၊ လျင်မြန်သော ကုသမှု (၂/၅)]
ဖန့်ရန်က သူ့ကိုယ်ပိုင် အရည်အချင်း ကော်လံကို ဖတ်ကြည့်လိုက်၏။ ကော်လံတစ်ခုစီရှိ တန်ဖိုးများကို ဖတ်ပြီးနောက်တွင်ပင် သူ အံ့အားသင့်သွားအောင် မည်သည့်အရာမှ မလုပ်နိုင်ခဲ့ပေ။
ဤဆင့်ကဲဖြစ်စဥ် အပြီးတွင် သူ၏ ခန္ဓာကိုယ် အလျားက (၂၄) မီတာသို့ ရောက်လိမ့်မည်ဟု သူခန့်မှန်းခဲ့ပေသည်။ သို့သော် (၂၅) မီတာကို တိုက်ရိုက်ရောက်ရှိရန်တော့ မမျှော်လင့်ထားခဲ့တာ အမှန်ပင်။
အချင်းသည်လည်း (၈၈) စင်တီမီတာသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့၏။ (၁၄) စင်တီမီတာ တိုးလာသည်ဟု ဆိုနိုင်သည်။ နောက်ဆင့်ကဲဖြစ်စဉ်တွင် သူသည် (၁) မီတာသို့ပင် တိုက်ရိုက် ရောက်ရှိသွားနိုင်၏။
ယင်းက အတော်လေး ထိတ်လန့်စရာကောင်းသော နံပါတ်တစ်ခု ဖြစ်သည်။ သူသည် ဆင်ကိုပင် တိုက်ရိုက်မျိုနိုင်လောက်၏။
ဆင်၏ အရေပြားသည် အလွန်မာကျောသော်လည်း သူ၏ သွားများရှေ့တွင်တော့ စက္ကူ ကဲ့သို့ပင်။
သံမဏိ ကိုယ်ထည် စွမ်းရည်သည် သူ၏ ကိုက်အားကိုလည်း အားကောင်းစေပေသည်။ ထိုကြောင့် လက်ရှိတွင် ဆင်များကို မျိုချနိုင်ဖို့က ပြဿနာ မဟုတ်တော့ပေ။
ဖန့်ရန်သည် သူ၏ ပြောင်းလဲမှုအားလုံးကို စစ်ဆေးပြီးနောက် စိမ့်ကန်အတွင်းမှ ထွက်ခွာရန် အဆင်သင့်ဖြစ်နေ၏။ သို့သော် တစ်စုံတစ်ခုကို စဥ်းစားရင်း ရုတ်တရက် သူ ရပ်တန့်လိုက်သည်။
အချက်အလက်များကို စစ်ဆေးနေစဥ် သူသည် ၎င်းကို သေချာဖတ်ကြည့်ခဲ့၏။ ယခု ပြန်တွေးကြည့်တော့ သူ့အခြေအနေဖော်ပြချက်၌ အရွယ်ရောက်ပြီးသူ မှ ပြီးပြည့်စုံသည်သို့ ပြောင်းလဲသွားပေသည်။
ယင်းကို တွေးမိလိုက်သော ဖန့်ရန်သည် စနစ်ဖန်သားပြင်ကို ပြန်ခေါ်လိုက်ပြီး စစ်ဆေးလိုက်သည်။
အခြေအနေဖော်ပြချက်ရှိ အရွယ်ရောက်ပြီးသူမှ ပြီးပြည့်စုံသည် အဖြစ် ပြောင်းလဲသွားသော ၎င်း၏ နောက်၌ စာကြောင်းတစ်ခု ရှိနေပေသည်။
[လက်ခံသူသည် ဆက်လက် တိုးတက်စေရန် အတွက် ပိုမိုမြင့်မားသော သွေးလိုင်းသို့ အဆင့်မြှင့်တင်ရမည် ဖြစ်သည်]
ကြည့်ရသည်မှာ သူသည် သူ့မျိုးစိတ်၏ အကန့်အသတ်သို့ ရောက်ရှိသွားပုံရ၏။ ဆက်ပြီး တိုးတက်ချင်လျှင် သူ့သွေးလိုင်းကို ပြောင်းလဲရမည့်ပုံပင်။
အကယ်၍ သွေးလိုင်းသာ မပြောင်းလဲခဲ့ပါက သူ့တွင် စနစ်အမှတ် လုံလုံလောက်လောက် ရှိရင်တောင်မှ ဆင့်ကဲဖြစ်စဥ် စတင်နိုင်မည် မဟုတ်...။
"ဒဏ္ဍာရီလာ ဧရာမမြွေ သွေးလိုင်းကို သုံးဖို့ နေရာတစ်ခု အမြန်ရှာရမယ့် ပုံပဲ.."
မည်းမှောင်နေသော ရေထဲတွင် လှည့်ပတ်ကြည့်လိုက်၏။ ဤစိမ့်ကန် ရေအောက်၌ သူပင် အဝေးကြီး မမြင်နိုင်ချေ။ ရံဖန်ရံခါမှသာ ငါးသေးသေးလေးတွေကို မြင်နိုင်၏။
ဤနေရာ၌ တိရိစ္ဆာန်များ အလွန်နည်းပါးသော်လည်း ဧရာမမြွေ သွေးလိုင်းကို အသုံးပြုရန် ဖန့်ရန် ချီတုံချတုံ ဖြစ်နေသည်။
ဤစိမ့်ရေကန်သည် အလွန်ကြီးမားပြီး စတုရန်း ကီလိုမီတာ ဒါဇင်အနည်းငယ် ရှိသော်လည်း အနက်သည် အနည်းငယ်တိမ်ပေသည်။ အနက်ဆုံးနေရာတွင်းပင် (၁ဝ) မီတာရှိကာ သာမန်အနက်ပိုင်းတွင်မှု (၄) မှ (၅) မီတာခန့် ရှိပေသည်။
၎င်းသည် သာမန်တိရိစ္ဆာန်များ အတွက် အလွန် နက်ရှိုင်းသော်လည်း၊ ဖန့်ရန် အတွက်တော့ ကုန်းပေါ်မှာနှင့် မခြားပေ။
"ငါလူး ... ဒီနေရာက မလုံခြုံနိုင်လောက်ဘူး...ပိုလုံခြုံပြီးတော့ စိတ်ချရတဲ့ နေရာရှာရမယ်.."
ဖန့်ရန်က အနည်းငယ် စိတ်တိုသွားခဲ့သည်။
သူသည် တုံ့ဆိုင်းမနေဘဲ ရေထဲမှ ခေါင်းထုတ်ကာ ကမ်းစပ်သို့ အလျင်အမြန် ကူးခတ်သွားသည်။
သို့ပေမယ့် ကမ်းစပ်နားကို သူ နီးကပ်သွားချိန်မှာတော့ ကျားသစ်နဲ့ ဆင်တူတဲ့ တိရိစ္ဆာန်တစ်ကောင် ရေလာသောက်နေတာကို တွေ့လိုက်ရလေသည်။
ယင်းတိရစ္ဆာန်သည် နှစ်မီတာခန့်ရှည်ပြီး ပခုံးအမြင့်မှာ တစ်မီတာကျော်ရှိ၏။
ဦးခေါင်းသည် လုံးဝန်းပြီး မျက်နှာသည် ကျားသစ်နှင့် တူသော်လည်း၊ ၎င်း၏ ကြံ့ခိုင်သော ခန္ဓာကိုယ်တွင် သိသာထင်ရှားသော ကွဲပြားမှုများ ရှိနေလေသည်။
ထိုတိရိစ္ဆာန် မြင်လိုက်ရသော ဖန့်ရန်သည် ၎င်းကို အာရုံစိုက်လိုက်သည်နှင့် စနစ်၏ အချက်ပေးသံက သူ့စိတ်ထဲမှာ ပေါ်လာသည်။
[ပစ်မှတ် - ဂျိုက်ဂွားကျားသစ်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၃ဝဝဝ မှတ်ကို ရရှိနိုင်သည်]
စနစ်၏ အချက်ပေးသံကို ကြားပြီးနောက်... ဖန့်ရန်သည် သူ့အတိတ်ဘဝတွင် အလွန်ကျော်ကြားသော ၎င်းတို့၏ ခွန်အားနှင့် အရှိန်ကို ဖျတ်ခနဲ သတိရလိုက်၏။
၎င်းတို့၏ မျိုးစိတ်များသည် ခြင်္သေ့နှင့် ကျားများပြီးလျှင် ကြောင်မျိုးစိတ်၏ တတိယအဆင့်တွင် ရှိပေသည်။
သို့သော် ဤတောတွင်းသည် သူ၏ ယခင်ကမ္ဘာရှိ အာဖရိက မိုးသစ်တောများနှင့် ကိုက်ညီသင့်ပေသည်။ ထို့ကြောင့် ဤနေရာတွင် အမေရိကန်တိုက်တွင်သာ ရှိသင့်သော ဂျိုက်ဂွားကျားသစ် ရှိနေခြင်းက ထူဆန်းနေသည်။
သို့သော် ဖန့်ရန်က သိပ်ပြီး မစဉ်းစားတော့ဘဲ ထိုဂျိုက်ဂွားကျားသစ်ကို သားကောင်အဖြစ် သတ်မှတ်လိုက်သည်။ နောက်ဆုံးတော့ ၎င်းသည် စနစ်အမှတ် (၃ဝဝဝ) ဖြစ်၏။
ဤအနီရောင် မိုးသစ်တောတွင် ထိုမျှ စနစ်အမှတ် ပေးနိုင်သော တိရိစ္ဆာန် ရှားပါးသည်။
ဖန့်ရန်သည် ရေအောက်သို့ ညင်သာစွာ ငုံ့လျို့လိုက်ပြီး ဂျိုက်ဂွားကျားသစ် ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်။
အနီးနားရှိ ဧရာမစပါးအုံးမြွေကြီးကို ၎င်းသည် မတွေ့ခဲ့ဘဲ ရေပြင်ကိုသာ တစ်ချက်တစ်ချက် ဂရုတစိုက် အကဲခတ်နေခဲ့သည်။
သို့သော် ၎င်းတွင် ရေအောက်သို့ မြင်နိုင်သော အမြင်အာရုံ မရှိခြင်းကြောင့် ချည်းကပ်လာသော ဧရာမစပါးအုံးမြွေကြီးကို မမြင်နိုင်ခဲ့ပေ။
ရွှံ့နွံထဲက ရေသည် အလွန်နောက်ကျိသည့်အပြင် ပတ်ဝန်းကျင်ရှုခင်းများက ကန်ရေ မျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေသောကြောင့် ရေအောက်ကို မြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ချေ။
ကမ်းစပ်မှ မီတာ (၂၀) ခန့်အကွာတွင် ဖန့်ရန်သည် ရပ်တန့်လိုက်ပြီး သူ့ကြွက်သားများကို တင်းမာစေလိုက်၏။ တိုက်ခိုက်ရန် သူအသင့် ဖြစ်နေခဲ့သည်။
သူသည် အနီးနားသို့ ပိုကပ်သွားလိုသော်လည်း ကမ်းစပ်နဲ့ နီးလေ ရေက ပိုတိမ်လေမို့ သတိထားနေရသည်။
အကယ်၍ သူသာ နီးကပ်သွားလွန်းလျှင် ဖော်ထုတ်ခံရနိုင်၏။
“ဘန်း!”
ဖန့်ရန်က အမြောက်ကျည်တစ်ခုမှ ပစ်လွှတ်လိုက်သော ကျဉ်ဆံ တစ်ခုကဲ့သို့ ရေမျက်နှာပြင်ကို တိုက်ရိုက်ခွဲထွက်လိုက်၏။
ပေါက်ကွဲသံတစ်ခုနှင့် အတူ နက်မှောင်သော အရိပ်ကြီးတစ်ခု ရေထဲမှ ခုန်ထွက်လာသည်။
“ဝေါင်းး!”
ဤဂျိုက်ဂွားကျားသစ်သည် အမှန်တကယ်ပင် ထိပ်တန်းသားကောင် တစ်ကောင်ဟု ဆိုရမည်။ ၎င်းသည် ပေါက်ကွဲသံ ကြားပြီးနောက် အံ့အားသင့်ဖွယ်ကောင်းသော တုံ့ပြန်မှု အရှိန်ဖြင့် ချက်ချင်းဆိုသလို ခုန်လိုက်ပြီး..။ မြေပြင်ပေါ်သို့ လဲကျပြီးနောက် ချက်ချင်းလှည့်၍ တောအုပ်ထဲသို့ ပြေးဝင်လေသည်။
သို့သော် ဖန့်ရန်က သာမန် စပါးအုံးမြွေလေး မဟုတ်ပေ။ သူသည် ရေ၌ရော ကုန်းပေါ်မှာပါ အလွန်လျင်မြန်၏။ မဆိုင်းမတွပင် သူသည် ပြေးလွှားနေသော ဂျိုက်ဂွားကျားသစ်နောက် လိုက်သည်။
ဂျိုက်ဂွားကျားသစ်များသည် အလွန်လျင်မြန်ပြီး၊ ကြောင်မိသားစုတွင် အလျင်မြန်ဆုံး ဖြစ်သော်လည်း၊ ၎င်းတို့၏ ခံနိုင်ရည်က ချီတာကျားသစ်များထက် ဆိုးရွားသည်။
ဆင့်ကဲဖြစ်စဥ် များစွာပြီးဆုံးပြီနောက်..၊ သူ၏ အမြန်နှုန်းက တိုးပွားလာခဲ့၏။ ယခုဆို သူ၏ အမြန်နှုန်းသည် ကီလိုမီတာ (၁ဝဝ) ကိုပင် ကျော်ကာ (၁၂ဝ) ကီလိုမီတာ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ အမြန်နှုန်းသည် အလျင်မြန်ဆုံး ကျားသစ်များကိုပင် ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။
အံ့သြစရာကောင်းတာက သူသည် သူ၏ အမြင့်ဆုံး အမြန်နှုန်းကို နာရီပေါင်းများစွာ ထိန်းထားနိုင်လေသည်။
ဝှစ်!
သစ်ကိုင်း အကိုင်းအခက်များ၊ ချုံနွယ်ပေါင်းပင်မျာနှင့် တိုက်မိခြင်းကြောင့် စူးစူးဝါးဝါးအသံများ ထွက်ပေါ်လာသည်။
ဖန့်ရန်နေရာတွင် သာမာန်လူသာ ဆိုလျှင် ၎င်းတို့၏ ခန္ဓာကိုယ်တွင် သွေးထွက်သံယို ခြစ်ရာများနှင့် တစ်ကိုယ်လုံး ပြည့်နှက်ကာ သွေးထွက်လွန်ပြီး သေဆုံးသွားမည် ဖြစ်သည်။
သို့သော် ဖန့်ရန်ကတော့ ဘာမှမခံစားရသလို သူ၏ အရှိန်သည်လည်း အနည်းငယ်မျှ နှေးကွေးသွားခြင်းမရှိပေ။ သူ၏ အမြင်အာရုံမှ အစကတည်းက ဂျိုက်ဂွားကျားသစ် မလွတ်သွားခဲ့ပေ။
မိနစ်အနည်းငယ်ကြာ ပြီးနောက်၊ ဂျိုက်ဂွားကျားသစ်၏ အရှိန် ကျဆင်းလာသည်။
ဖန့်ရန်သည် ဤအခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး အရှိန်မြှင့်ကာ ၎င်း၏ လည်ပင်းကို ကိုက်လိုက်သည်။
တစ်ချက်တည်းပင်။
သူ၏ ကြီးမားသော အလေးချိန်ဖြင့် ဂျိုက်ဂွားကျားသစ်ကို ဖိနှိမ်ပြီး ရစ်ပတ်ကာ ၎င်း၏ အရိုးများကို ညစ်အားတိုး၍ အလွယ်တကူ ရိုက်ချိုးပစ်လိုက်သည်။
ဂျိုက်ဂွားကျားသစ်၏ ပါးစပ်မှ သွေးများလျှံကျလာသည်။ ယင်းသည် နာကျင်မှု အပြည့်ဖြင့် အော်သော်လည်း မကြာမီ ရပ်တန့်သွားခဲ့သည်။
ဂျိုက်ဂွားကျားသစ်ကို အမဲလိုက်ပြီးနောက် ဖန့်ရန်သည် ၎င်းကို ဖြည်းဖြည်းချင်း မျိုချလိုက်ပြီး..။ စနစ်အမှတ် (၃၀၀၀) ကို ရရှိခဲ့သည်။
.....