နှင်းမုန်တိုင်း ရောက်လာခြင်း
Vol. 5 Ch. 418
ရုရှား နိုင်ငံ၊ မြောက်ပိုင်း ဆိုက်ဘေးရီးယား၊ ရေခဲ ဝံပုလွေ ချိုင့်ဝှမ်း…
မြောက်လေကြမ်းများပင်လျှင် ချိုင့်ဝှမ်းအတွင်း ရပ်တန့် သွားခဲ့ချေပြီ ဖြစ်သည်။ ထိုနေရာ၌ ဝိညာဉ်စမ်းငယ်ရေ စီးဆင်းမှုက လွဲလျှင် အလုံးစုံ တိတ်ဆိတ် ငြိမ်သက်သွား၏။ ဤနေရာ ဤအချိန်၌ မည်သူမျှပင် အသက်အား ပြင်းပြင်း မရှူရဲပေ။
များစွာသော ပညာရှင်များကား ဖြူရော်သော မျက်နှာများနှင့် မတ်တတ်ရပ်ရင်း ချန်းပေ့ရွှမ်းအား ငေးကြည့်၍သာ နေခဲ့မိကြသည်။ သူတို့၏ စိတ်များကိုမူ မယုံကြည်နိုင်မှုက စိုးမိုး သိမ်းပိုက်ထားသည်။
အရာရာက မျက်စိ တစ်မှိတ် အတွင်းမှာပင် ပြောင်းလဲ သွားခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်မိနစ်၊ မိနစ် နှစ်ဆယ်ခန့်က သူတို့တွင် ချန်းပေ့ရွှမ်းအား အနိုင်ယူရန် ယုံကြည်ချက် အပြည့်အဝ ရှိခဲ့ကြသည်။ သူတို့အထဲမှ ဆင်မိစ္ဆာ၊ ကားလ်၊ အမှောင်တိုက်တမ်၊ တိုက်ဆင် … စသဖြင့် လူများစွာမှာ ကိုယ်ပိုင် နယ်ပယ် ဒေသတစ်ခုတွင် ပြိုင်ဘက် ကင်းမဲ့သူများ ဖြစ်သည်။
ထို့အပြင် အမှောင်ကမ္ဘာ၏ သခင်ကြီး သုံးဦးဖြစ်သော ဧဒင်၊ အရူးနှင့် ဇူးရပ်တို့သည်လည်း သူတို့ဘက်၌ ရှိနေသေးသည်။ ထို့ကြောင့်ပင် ချန်းပေ့ရွှမ်း၏ စည်းကျော်သူ သေရမည် ဆိုသော စကားကို ဟာသ သဘောလောက်သာ သူတို့ မှတ်ယူခဲ့ကြသည်။
ယခုတွင်မူ မိုးကြိုးသခင် ဇူးရပ်၊ ဆင်မိစ္ဆာတို့ အပါအဝင် ပညာရှင် ဆယ့်နှစ်ယောက်ခန့် ကျဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ယခုကဲ့သို့သော အနေမျိုး၌ မည်သူကမျှ တည်ငြိမ်စွာ နေနိုင်လိမ့်မည် မဟုတ်ပေ။
"ဘုန်း…"
ချန်းဖန်က မြေပြင်သို့ ပြန်လည် ဆင်းသက်ရင်း ဧဒင်၏ အတောင်များကို လွှင့်ပစ်လိုက်သည်။ ထိုအတောင်များကား ဧဒင်၏ စွမ်းအားများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအတောင်များကို ရရှိရန် အတွက် ဧဒင်မှာ ဆယ်စုနှစ်ပေါင်းများစွာ သန့်စင်ခဲ့ရသည်။
အကယ်၍ ဧဒင်သာ တန်ခိုးရှင် အဆင့်သို့ တက်လှမ်းခဲ့လျှင် ထိုအတောင်များမှာလည်း ပြီးပြည့်စုံသည် အထိ သန့်စင်သွားမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ဧဒင်သည် ချန်းဖန်အတွက် ထိုက်တန်သော ပြိုင်ဘက် တစ်ယောက် ဖြစ်လာနိုင်သည်။
သို့သော် ယခုတွင်မူ ဧဒင်သည် အတောင်များ ဆုံးရှုံးသွားပြီ ဖြစ်ရာ ပြိုင်ဘက်ကင်း ဘုရားသားတော် အဖြစ် ဆက်လက် ရပ်တည်နိုင်တော့မည် မဟုတ်ပေ။
"အသက်ဓာတ် ကောင်းကင်ရေက ငါပိုင်တယ်… ဘယ်သူက ငါ့ကို တားဦးမလဲ…"
ချန်းဖန်က လက်နှစ်ဘက်အား နောက်သို့ပစ်ရင်း အခြားလူများဆီသို့ လျှောက်လာခဲ့သည်။
သူ၏ ရှည်လျာသော ဆံပင်များက ပခုံးအား ပွတ်တိုက်၊ လူးလွင့်နေသလို သူ၏ မျက်လုံးများကလည်း မင်ရည်အလား နက်နဲနေသည်။ သူ မူလ ဝတ်ထားသော အင်္ကျီများမှာ တိုက်ခိုက်ပွဲ၏ ရိုက်ခတ်မှု အောက်၌ စုတ်ပြဲကုန်ပြီ ဖြစ်သော်လည်း ထိုနေရာတွင် အနက်ရောင် ဝတ်ရုံရှည် တစ်ခုက အစားထိုး ဝင်ရောက်နေသည်။ ထိုဝတ်ရုံရှည်မှာ ဓမ္မ အစီအရင် တစ်ခုကို အသုံးပြုပြီး ဖန်တီးထားခြင်း ဖြစ်ရာ အသစ်အတိုင်းပင် ရှိနေသေး၏။
"ဆရာချန်းပေ့ရွှမ်း… ကျုပ်တို့ အားလုံး သဘောတူပါတယ် ခင်ဗျာ…"
အဖြူရောင် ဆံပင်၊ အသက်လတ် လူကြီး တစ်ယောက်က ရှေ့သို့ တိုးထွက်ရင်း ချန်းဖန်အား ဦးညွှတ်ကာ ပြောလိုက်သည်။ အခြား အမှောင်ကမ္ဘာ၏ ပညာရှင်များစွာမှာလည်း ကြောက်လန့်စွာ ခေါင်းညိတ် လိုက်ကြသည်။
ချန်းဖန်အား ပြောလိုက်သူမှာ ကျေးစားတစ်ဦး ဖြစ်သည့် ဆံပင်ဖြူ ကောက်ရိတ်သမား ဖြစ်သည်။
သူသည် မြေအောက်လောက၏ ကြေးစားလောကတွင် နံပါတ်တစ် ဖြစ်သည့်အပြင် အမှောင် သတ်မှတ်ချက်တွင်လည်း အဇူရာ နဂါး၏ နောက်၌ ရပ်တည်နေသည်။ ထို့ကြောင့် အမှောင်ကမ္ဘာ သခင်ကြီးများ ကျရှုံးပြီးနောက်၌ သူသည် ကျန်ရှိနေသော ပညာရှင်များစွာ၏ ခေါင်းဆောင် အလိုလို ဖြစ်လာခဲ့သည်။
"အဲဒါဆိုလည်း ထွက်သွားကြစမ်းကွာ… ဒီချိုင့်ဝှမ်းထဲကို ဘယ်တော့မှ ပြန်ဝင် မလာကြတော့နဲ့…"
ချန်းဖန်က ပြောရင်း အသက်ဓာတ် ကောင်းကင်ရေ ဘေးတွင်ရှိသည့် မူလ ထိုင်ခဲ့သော နေရာသို့ ပြန်သွားကာ ထိုင်ချလိုက်သည်။
ဆံပင်ဖြူ ကောက်ရိတ်သမားက အသက်ဓာတ် ကောင်းကင်ရေများအား နှမြော၊ တက်မက်မောစွာ လှမ်းကြည့်ရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ချန်းဖန်အား ရိုသေလေးစားစွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ…"
အခြားသော ပညာရှင်များစွာကလည်း ခေါင်းညိတ် လိုက်ကြသည်။ အသက်ဓာတ် ကောင်းကင်ရေကို မရကြသည့်တိုင် ချန်းပေ့ရွမ်း၏ လက်အောက်၌ အသက် ချမ်းသာခွင့် ရခြင်းက ကံကောင်းလွန်းသည်။
ဧဒင်မှာလည်း မြေပေါ်တွင် လဲကျနေရာမှ လူလဲထကာ ချန်းဖန်အား တစ်ချက် လှမ်းကြည့်ပြီးနောက် ထွက်ခွာသွားတော့သည်။ ချန်းပေ့ရွှမ်းအား လက်စားချေရန်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း သူ နားလည် သဘောပေါက်ထားသည်။
"ဆရာကြီးချန်း… ဆရာကြီးရဲ့ စွမ်းအားတွေက အံ့မခန်းပါပဲ… ခုတိုက်ပွဲ အပြီးမှာ ဆရာကြီးရဲ့ ဂုဏ်သတင်းက ကမ္ဘာ တစ်ခုလုံး အထိ ပျံ့နှံ့သွားတော့မှာမယ် ထင်တယ်… ခုကစပြီး ဆရာကြီးက ကမ္ဘာ့ အစွမ်းအထက်ဆုံးပဲ…"
အမှောင်ကမ္ဘာမှ အခြား ပညာရှင်များ ထွက်ခွာသွားသည်နှင့် ရန်ချင်ဟူက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
အကယ်၌ ယခု တိုက်ပွဲ သတင်းသာ ပျံ့နှံ့သွားလျှင် ကမ္ဘာ တစ်ခုလုံး တုန်လှုပ်သွားမည်မှာ သေချာသည်။ ထို့အပြင် နိုင်ငံများ၊ အစွမ်းထက် မြေအောက် အဖွဲ့အစည်းများ အားလုံးသည်လည်း ချန်းပေ့ရွှမ်းအား တော်ရုံ ထိရဲတော့မည် မဟုတ်ချေ။
"သူတို့က အစွမ်းထက်ပါတယ်… ဒါပေမဲ့ ကမ္ဘာ့ အနောက်ခြမ်းရဲ့ အဓိက အင်အားစုက သူတို့ မဟုတ်ဘူး… ဥရောပကို တန်ခိုးရှင် အဆင့်တွေက ထိန်းချုပ်မထားဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ…"
ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြန်လည် ပြောလိုက်သည်။ 'တန်ခိုးရှင် အဆင့်' ဟူသော စကားလုံးက သူ့အပေါ်တွင် ဖိအား တစ်စုံတစ်ရာ ရှိစေပုံ မပေါ်ချေ။
အကယ်၍ ကမ္ဘာပေါ်၌ တန်ခိုးရှင်များစွာ ရှိနေလျှင်ပင် သူ ကြောက်ရွံ့မိလိမ့်မည် မဟုတ်ပေ။
ထို့အပြင် သန္ဓေ အမြုတေ သစ်သီးနှင့် အသက်ဓာတ် ကောင်းကင်ရေတို့ကို အသုံးပြု ပြီးလျှင်လည်း သူ၏ အဆင့်က တိုးလာဦးမည် ဖြစ်သည်။ ဝိညာဉ်ပင်လယ် အဆင့် သို့မဟုတ် ဉာဏ်အလင်း စုဆောင်းခြင်း ထိပ်ဆုံး အဆင့် တစ်ခုခုသို့ ဝင်ရောက်ပြီးပါက တန်ခိုးရှင် အဆင့်များမှာ သူ့အတွက် ကလေးငယ်များနှင့် ခြားနားတော့မည် မဟုတ်ချေ။
"ဆရာကြီးချန်း…"
ရန်ချင်ဟူက ချန်းဖန်အား ထပ်မံမေးရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း ရုတ်တရက် ချန်းဖန်၏ မျက်နှာက မည်းမှောင်လာကြောင်း သူ သတိပြုလိုက်သောကြောင့် ရပ်တန့်လိုက်သည်
"ဘာများလဲ…"
ရန်ချင်ဟူက အသက်ပြင်းပြင်းရှူရင်း မေးလိုက်၏။ ထိုစဉ်မှာပင် ရုတ်တရက် ချိုင့်ဝှမ်း အပြင်ဘက်မှ ဆူညံသံများစွာကို သူကြားလိုက်ရသည်။
ရန်ချင်ဟူက ချန်းဖန်အား စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က သုန်မှုန်သော မျက်နှာဖြင့် ထိုင်ရာမှ ထလိုက်၏။
"ဆရာကြီးချန်းကိုတောင် မျက်နှာပျက်စေတယ် ဆိုတော့ ခုလာနေတာက ဘယ်သူများလဲ… ရုရှား စစ်တပ်များလား…"
ရန်ချင်ဟူမှာ ချန်းဖန်၏ အမူအရာများကို ကြည့်ရင်း ရင်များ တဒိတ်ဒိတ် ခုန်နေမိပြီ ဖြစ်သည်။ ချန်းပေ့ရွှမ်းကား ချိုင့်ဝှမ်း အတွင်းသို့ ဧဒင်တို့ တစ်သိုက် ရောက်လာတုန်းကပင် မျက်နှာတစ်ချက် ပျက်ခဲ့သူ မဟုတ်ချေ။
ရန်ချင်ဟူ ဦးနှောက်အား အလုပ်ပေးရင်း ချိုင့်ဝှမ်း ဝင်ပေါက်နေရာသို့ လှမ်းကြည့်လိုက်၏။ ထိုစဉ်မှာပင် လူတစ်အုပ် ချိုင့်ဝှမ်းအတွင်း ပြေးဝင်လာသည်ကို သူတွေ့လိုက်ရ၏။
ထိုလူများကား မကြာသေးခင်က ထွက်သွားခဲ့သော အမှောင်ကမ္ဘာမှ ပညာရှင်များပင် ဖြစ်၏။
သို့သော်လည်း သူတို့၏ ရင်ဘတ်များ၊ ပခုံးများတွင် လက်သည်း ခြစ်ရာများဖြင့် ပေါက်ပြဲ စုတ်ပြတ်နေကာ ဒဏ်ရာ အကြီးအကျယ် ရနေပုံ ပေါ်သည်။ ထိုလက်သည်းရာများမှာ အစင်းကြောင်း လေးခု သဏ္ဌာန် ရှိနေရာ တောရိုင်းသားရဲ တစ်ကောင်၏ လက်ချက် ဖြစ်ဟန်တူသည်။ သို့သော်လည်း ထိုပညာရှင်များစွာအား မည်ကဲ့သို့သော သားရိုင်းက ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ကြောင်း ရန်ချင်ဟူ မတွေးတောနိုင်ချေ။
"တစ်ခုခုတော့ ဖြစ်နေပြီ…"
ချန်းဖန်က မျက်လုံးများအား ကျည်းမြောင်းရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။ ချန်းဖန်အား ကြည့်ရင်း ဝမ်ပို့ကူ ပြောခဲ့သော စကားများအား ရန်ချင်ဟူ ပြန်လည် အမှတ် ရလာခဲ့သည်။
"သတ္တဝါဆန်းကြီးက နှင်းမုန်တိုင်းနဲ့ အတူ ရောက်လာခဲ့တယ်… နှင်းတွေက အရမ်း ထူထပ်နေတော့ သူ့ရဲ့ မျက်နှာကို ကျွန်တော်တို့ မမြင်နိုင်ဘူး… ဒါပေမဲ့ သူက အရမ်းမြန်ပြီးတော့ သွေးရောင် မျက်လုံးတွေ ရှိတယ် ဆိုတာတော့ ကျွန်တော် သိတယ်… နောက်ပြီး သူတို့တွေက ဝံပုလွေတွေလို လှုပ်ရှားတယ်…"
"ဒါ… ဒါက… သူတို့ပြောတဲ့ သတ္တဝါဆန်းကြီးများလား…"
ထိတ်လန့်သော အတွေးက ခေါင်းထဲသို့ ဝင်ရောက်လာသည်နှင့် ရန်ချင်ဟူ၏ ခြေလက်များမှာ တဆတ်ဆတ် တုန်လာခဲ့တော့သည်။
ထိုအမှောင်ကမ္ဘာမှ လူများမှာ ချန်းဖန်အား မယှဉ်နိုင်သည့်တိုင် သူ့နည်း သူ့ဟန်ဖြင့် အလွန် အစွမ်းထက်သူများ ဖြစ်ကြသည်။ ထိုအထဲ၌ အမှောင် သတ်မှတ်ချက်အတွင်း ဝင်သော လူများပင် ပါဝင်သည်။ သူတို့ ပေါင်းစပ် ထားသော အင်အားမှာ ရုရှား စစ်တပ် တစ်တပ်ကိုပင် ရင်ဆိုင်နိုင်သည်။
"အဲဒါတွေက သာမန် သားရိုင်းတွေ မဟုတ်ဘူး… စိတ်ဝင်စားစရာတော့ ကောင်းနေပြီ… သူတို့ ဒီကမ္ဘာမြေပေါ်မှာ အခြေချနေမယ် လို့ မထင်ထားခဲ့ဘူး…"
ချန်းဖန်က အသက်ပြင်းပြင်း ရှူရင်း ပြောလိုက်၏။ သို့သော်လည်း သူ၏ စကားလုံးများအား လေကြမ်းက အဝေးသို့ သယ်ဆောင်သွားရာ ရန်ချင်ဟူ မကြားလိုက်ရချေ။
ထိုအချိန်တွင် လူအုပ်စုမှာ ချန်းဖန်တို့ထံသို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။ သူတို့၏ ပုံစံကား နှလုံးသားထဲမှပင် တုန်လှုပ်နေဟန် ရသည်။
"အဲ့ကောင်တွေက ဘာတွေလဲ… အရမ်း အစွမ်းထက်သလို မြန်လည်း မြန်တယ်… သူတို့က အမှန်တရား လေးပါး အကာအကွယ် အလင်းကိုတောင် ချိုးဖျက်နိုင်စွမ်း ရှိကြတယ်…" ဘရာဇီး သိုင်းပညာရှင် တစ်ဦးက သွေးများ စီးကျနေသော ပခုံးကို လက်ဖြင့်အုပ်ရင်း ပြောလိုက်သည်။
"အဲ့ကောင်ကြီးတွေက ဘာသတ္တဝါတွေလဲ ဆိုတာ မပြောနိုင်ပေမဲ့ ဆင်တစ်ကောင်ကိုတောင် တစ်ချက်တည်း သတ်နိုင်ပုံ ရတယ်… နောက်ပြီး သူတို့ရဲ့ ခန္ဓာကိုယ် သန့်စင်မှုကလည်း တိုက်ဆင် အဆင့်လောက်ထိ ရောက်နေပြီ…" ဆံပင်ဖြူ ကောက်ရိတ်သမားက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ ဘယ်၊ ညာ လက်နှစ်ဖက်တွင်မူ အဖြူရောင်၊ အနက်ရောင် သေနတ် နှစ်ခု ရှိနေခဲ့သည်။
ထိုစဉ်မှာပင် ဧဒင်၏ တွဲပိုးမှုဖြင့် ခက်ခက်ခဲခဲ ရပ်နေသော အရူးက တစ်ခုခုကို သတိရသွားပုံရသည်။ သူ၏ မျက်နှာက ချက်ချင်း ဆိုသလို အရောင်ပြောင်းသွားကာ ဧဒင်အား ကြည့်လိုက်သည်။
"အဲဒါ သူတို့များလား… ဒါပေမဲ့ ရုရှားတွေရဲ့ အနုမြူဗုံးအောက်မှာ သူတို့တွေ သေသွားပြီ မဟုတ်ဘူးလား… ဘာလို့ ဆက်ပြီး အသက်ရှင် နေသေးတာလဲကွ…" ဧဒင်ကလည်း အရူးအား ပြန်ကြည့်ရင်း ရေရွတ်လိုက်သည်။
နျူကလီးယား လက်နက်များကား ကမ္ဘာပေါ်၌ အစွမ်း အထက်ဆုံးသော လက်နက်များ ဖြစ်ကြသည်။
တန်ခိုးရှင် အဆင့်ပင်လျှင် ထိုလက်နက်အား ယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း နူကလိယဗုံး တိုက်ရိုက် ကြဲချမှုအောက်၌ပင် ထိုသတ္တဝါများ ဆက်လက် အသက်ရှင်နေခြင်းက အံ့အားသင့်စရာပင်။
"ဟီးဟီး… အခြား တစ်ဖွဲ့ နေမှာပေါ့… ဆိုက်ဘေးရီးယားက အကျယ်ကြီးပဲဟာ… ရုရှားတွေ ရှာမတွေ့သေးတဲ့ အခြားရွာတွေ ရှိချင် ရှိနေမှာပဲ မလား…" အရူးက ရယ်မောလိုက်သည်။
ထိုအချိန်၌ နှင်းမုန်တိုင်းမှာ ချိုင့်ဝှမ်း ဝင်ပေါက်နေရာ အထိ ကျဆင်းနေခဲ့ပြီ ဖြစ်သည်။
ရေခဲနှင့် နှင်းများ ရောနှောနေသော ထိုမုန်တိုင်း အတွင်းတွင်မူ လူပုံစံ အနက်ရောက် အရိပ်များ ပေါ်ထွက်လာသည်။ သူတို့ကား မုန်တိုင်း အတွင်းတွင် ပုန်းကွယ်ကာ အကာအကွယ် ယူထားကြသည်။ သို့သော်လည်း အဖြူရောင် နောက်ခံ၌ သူတို့၏ နှစ်မီတာခန့် မြင့်သော ခန္ဓာကိုယ်နှင့် ကျောက်မီးသွေးကဲ့သို့ တောက်လောင်နေသော မျက်လုံးများကား ထင်ရှားစွာ ပေါ်လွင်နေခဲ့သည်။
"တစ်ကောင်…"
"နှစ်ကောင်…"
"သုံးကောင်…"
" ... "
"ဆယ့်ခြောက်ကောင်…"
"ဆယ့်ခုနှစ်ကောင်…"
" … "
"ခုနစ်ဆယ့်ကိုး…"
"ရှစ်ဆယ်…"
"ရှစ်ဆယ့်တစ်…"
တစ်စုံ တစ်ယောက်က အသံထွက်၍ ထိုသတ္တဝါများအား ရေတွက် လိုက်သည်။ အရေအတွက် ပိုမို များပြားလာသည်နှင့် သူ၏ အသံမှာလည်း ပိုမို တုန်ရီ လာခဲ့တော့သည်။
" … "
"တစ်ရာ သုံးဆယ့်ခုနစ်…"
သူ၏ ရေတွက်မှုက အဆုံးသတ်သွားပြီ ဖြစ်သည်။
"ငါတို့ ဆင်မိစ္ဆာလိုမျိုး သတ္တဝါကြီး တစ်ရာ ဆယ်ခုနစ်ဆယ့် နှစ်ကောင်ကို တိုက်ခိုက်ရတော့မှာလား… ကံဆိုးတာပဲကွာ…"
သူက တုန်ရီသော အသံဖြင့် ရေရွတ်လိုက်တော့၏။
ထိုအချိန်၌ ဧဒင်၏ မျက်နှာပင်လျှင် သရဲ တစ္ဆေကို တွေ့သည့် အလား ဖြူရော်နေပြီ ဖြစ်လေသည်။
***