ကောင်းကင်ရဲ့ လျှို့ဝှက်ချက်
Vol. 15 Ch. 201
“မင်းတို့ ညအိပ်စခန်းချခဲ့တဲ့ နေရာကို အတိအကျ မှတ်မိသေးလား?”
“ကျွန်မတို့က ပန်းတွေရှိတဲ့ ချိုင့်ဝှမ်းမှာ စခန်းချခဲ့တာ၊ ဒါပေမယ့် အသံတွေက တောင်တန်းတွေကနေ လာတာ။ အဲဒီမှာ တောင်တွေ အများကြီးရှိတယ်၊ တောင်တွေက အရမ်းမြင့်တယ်။ ညနက်ချိန်မှာ တောင်ပေါ်ကနေ တစ်စုံတစ်ယောက်ရဲ့ အော်သံတွေ ကြားရတယ်။”
“ဒါဆို အဲဒီအသံတွေက ဘာတွေပြောနေတယ်ဆိုတာ မှတ်မိလား?”
ကျန်းရီက မေးလိုက်တော့ ဝင်လာတဲ့ မိန်းကလေးက အာရုံစိုက်စဉ်းစားပြီး ပြောလိုက်တယ် “သူတို့အသံတွေက အရမ်းမပီပြင်ဘူး ပြေး..လို့ အော်နေတာကိုပဲ ဝေဝါးစွာ ကြားလိုက်ရတာ ပြီးတော့ ဘာလို့ ပြေးရတာလဲ ဆိုတာက်ုလည်း ပြောတယ်။ တောင်ပြိုတော့မယ်လို့ ပြောနေသလိုပဲ... ဟုတ်တယ် တောင်ပြိုတော့မယ်လို့ ဆိုလိုချင်တာ!”
“တောင်ပြိုတော့မယ်လား?”
ကျန်းရီက မိန်းကလေးကို မေးနေသလို ဖြစ်နေပေမယ့်၊ ဒီအချိန်မှာပဲ ကျန်းရီက ထန်ဝမ်ကို ပြောလိုက်တယ် “အစ်မထန် ပုံဆွဲနေစရာ မလိုတော့ဘူး၊ ရဲတွေ ဒီမှာ ရှိလား?”
“မစ္စတာကျန်း၊ ဘာများအကြံပြုမလို့လဲ?”
“ဆင်ခြေဖုံးနား နဲ့ တောင်ပေါ်က ကျေးရွာတွေကို အမြန်ဆုံး ရွှေ့ပြောင်းပေးပါ!”
“ဟုတ်ကဲ့ အခုပဲ အသိပေးလိုက်ပါမယ်။ မစ္စတာကျန်း စိတ်မပူပါနဲ့၊ ခင်ဗျားပေးတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး အရေးပေါ်ကာကွယ်မှုတွေ ချမှတ်ပါ့မယ်၊ ဒါပေမယ့် အကြောင်းရင်းအတိအကျကို ပြောပြနိုင်မလား?”
“အခု မိုးတွေက သည်းသည်းထန်ထန်ကို ရွာနေတယ်၊ သူတို့က တောင်ပြိုတော့မယ်လို့ ပြောနေတယ်၊ နားမလည်သေးဘူးလား?!”
ဒီအချိန်မှာပဲ ကြည့်နေကြတဲ့ ပရိသတ်တွေလည်း ရုတ်တရက် နားလည်သလိုဖြစ်သွားတယ်။
ကြည့်ရှု့သူ A- “တောင်ပြိုမယ် ဒါက သဘာဝဘေးပဲ! စတွင်မာ... စတွင်မာက တကယ်ပဲ ကြိုတင်သိနေတာလား? ဒါက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်ပဲ!”
ကြည့်ရှု့သူ B- “အချိန် မကုန် စေနဲ့တော့ အပြင်မှာ မိုးက သည်းထန်နေတဲ့အချိန်၊ တောင်မြေသားတွေ ပျော့သွားရင် အရမ်းကြောက်စရာကောင်းတဲ့ အရာတွေ ဖြစ်လာမှာ၊ အထူးသဖြင့် မြို့အရှေ့ပိုင်းမှာ မိုးက အရမ်းရွာနေတယ်ဆိုတာ စစ်ကြည့်လိုက်တော့ သိလိုက်ရတယ်!”
ကြည့်ရှု့သူ C-“ အချိန်မဆွဲ ကြနဲ့တော့ လူတွေကို အမြန်ဆုံး ရွှေ့ပြောင်းပေးဖို့ လုပ်ကြတော့ !”
ကြည့်နေတဲ့ ပရိသတ်တွေအားလုံး အရမ်း စိတ်ပူနေခဲ့ကြပြီ၊ ကျန်းရီက ပြောစရာရှိတာ အားလုံးကို ပြောပြီးသွားပြီ၊ ဒါပေမယ့် အချိန် မှီမလားဆိုတာ မသေချာဘူး။
ဒီအချိန်မှာ သူက ထန်ဝမ်ကို ကြည့်ပြီးတော့ “အစ်မထန် အဲဒီမိန်းကလေးရဲ့ ပုံဆွဲပေးပါ၊ အစ်မကို ပုံလာ ဆွဲခိုင်းတဲ့ မျက်စိတစ်ဖက် လင်းနေတဲ့သူ”
“ကောင်းပါပြီ”
ကျန်းရီရဲ့ မျက်လုံးတွေက ဦးလေးမာကို ပြန်လှည့်ကြည့်လိုက်တယ် “ဦးလေးမာ အခု ငြိမ်ငြိမ်ထိုင်နေပါ မလှုပ်နဲ့၊ မင်းလည်း အတူတူပဲ မျက်စိမဖွင့်နဲ့၊ ပါးစပ်မဖွင့်နဲ့၊ နားနဲ့နှာခေါင်းကို ပိတ်ထားနိုင်ရင် ပိတ်ထားပါ။”
ဦးလေးမာနဲ့ မိန်းကလေးက အံ့အားသင့်သွားပြီး ကျန်းရီကို ကြည့်ကာ ပြောလိုက်တယ် “ဒါဆို အသက်ရှူဖို့ ဘယ်လိုလုပ်ကြမလဲ?”
“အနားယူဖို့ အချိန်က တိုတောင်းတယ်၊ ငါဘာမှ မပြောမချင်း အနားမယူကြနဲ့၊ ရှင်းပြီလား? အစ်မထန်ဝမ်ထက် မင်းတို့ရဲ့ ဖြစ်ရပ်က အခြေအနေ ပိုပြီးဆိုးတယ်”
ကျန်းရီပြောလိုက်တော့ မိန်းကလေးနဲ့ ဦးလေးမာက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရှက်သလိုလို ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် သူတို့က ငြင်းဆိုဖို့ ဒါမှမဟုတ် သံသယဝင်ဖို့ မဝံ့ရဲကြဘူး၊ ကျန်းရီပြောတဲ့အတိုင်း လိုက်လုပ်ကြတယ်။
သူတို့ အဆင်သင့်ဖြစ်သွားတဲ့အခါ ကျန်းရီက တံခါးအပြင်ဘက်ကို ကြည့်လိုက်တယ်၊ မိုးထဲမှာ လူနှစ်ယောက်ရဲ့ အရိပ်တွေ သူ့ဆီကို လာနေတယ်၊ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ ပရိသတ်တွေက မမြင်ရဘူး၊ ဒါပေမယ့် မိန်းကလေး ရှောင်ယိုက ရှုပ်ထွေးနေခဲ့ပြီး ကျန်းရီကို နားမလည်စွာနဲ့ ကြည့်နေတယ်။
အရိပ်နှစ်ခုက ဦးလေးမာနဲ့ မိန်းကလေးရဲ့ နဖူးကနေ ဝင်သွားခဲ့တယ်၊ သုံးစက္ကန့်လောက် အကြာမှာ ကျန်းရီက ပြောလိုက်တယ်၊ “အိုကေ၊ အားလုံးပဲ ရပြီ”
ဦးလေးမာနဲ့ မိန်းကလေးက မျက်စိဖွင့်လိုက်ပြီး အသက်ပြင်းပြင်း ရှူထုတ်လိုက်တယ်၊ ပြီးတော့ မေးလိုက်တယ် “မစ္စတာကျန်း၊ ဒါက ဘာကိုဆိုလိုတာလဲ?”
“စတွင်မာက မင်းတို့ရဲ့ ဝိညာဉ်ကို ခေါ်ပေးနေတာ!” ပရိသတ်တွေက ကျန်းရီထက် ပိုမြန်မြန် ဖြေလိုက်တယ်။
ကျန်းရီက သူတို့ကို အပြုံးနဲ့ ကြည့်လိုက်ပြီး ပြောလိုက်တယ် “လူတွေမှာ ဝိညာဉ် ခုနှစ်ပါးရှိတယ်၊ မင်းတို့ရဲ့ တစ်ချို့က ပျောက်နေတယ်၊ ငါက ပြန်ခေါ်ပေးတာ၊ နောက်တစ်ခါ အဲဒီလို ထူးဆန်းတဲ့အရာတွေ ကြုံရတော့မှာ မဟုတ်ဘူး။”
ဦးလေးမာနဲ့ မိန်းကလေးက အခုထိ သေသေချာချာ နားမလည်သေးဘူး၊ ဒါနဲ့ ကျန်းရီက သူတို့ရဲ့ ခန္ဓာကိုယ်ကို ညွှန်ပြပြီး ပြောလိုက်တယ် “မင်းတို့ ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်၊ ငါပြောတာကို နားလည်သွားလိမ့်မယ်။”
သူတို့နှစ်ယောက်က ကျန်းရီပြောတဲ့အတိုင်း လုပ်ကြည့်တယ်၊ နည်းနည်းလှုပ်ရှားပြီးတဲ့အခါ ခုနကတုန်းက ထန်ဝမ်လိုပဲ နားလည်သွားခဲ့တယ်။
“မစ္စတာကျန်းကို အရမ်း ကျေးဇူးတင်ပါတယ်၊ ကျွန်တော်... ကျွန်တော်က မိုးထဲမှာ ကားမောင်းနေခဲ့တာ!” ဦးလေးမာက ကြောက်ပြီး ပြောလိုက်တယ်။
မိန်းကလေးကတော့ ပိုပြီး ကြောက်နေခဲ့တယ် “ကျွန်မ စဉ်းစားကြည့်တော့ ကျွန်မခြေထောက်တွေ အရမ်းနာနေတာ အံ့သြစရာ မရှိဘူးပဲ တကယ်တော့ ကျွန်မ တတိယထပ်ကနေ ခုန်ချခဲ့တာ!”
“ဒါဆို နားလည်သွားပြီလား၊ မင်းတို့အားလုံးက အသက် မဆုံးရှုံးသင့်တဲ့သူတွေ၊ မဟုတ်ရင် ဒီနေ့ ဒီမှာထိုင်နေတာက လူမဟုတ်ဘဲ သရဲသုံးကောင် ဖြစ်နေလိမ့်မယ်။”
ကျန်းရီက ပြုံးစိစိနဲ့ ပြောလိုက်တော့ သူတို့သုံးယောက်က ကျန်းရီကို အရမ်း ကျေးဇူးတင်နေကြတယ်။
“မင်းတို့သုံးယောက်က အခု ဒီမှာ ငါနဲ့ အချိန် ဖြုန်းမနေနဲ့တော့ နေထွက်တာကို စောင့်နေစရာ မလိုတော့ဘူး၊ အဖြေကို သိနေပြီးသားပဲ”
ကျန်းရီပြောလိုက်တော့ ဦးလေးမာတို့ အရမ်းလေးလေးနက်နက် ခေါင်းညိတ်လိုက်တယ်၊ ထန်ဝမ်ကတော့ ပုံဆွဲနေတုန်းပဲ။
ဒါပေမယ့် အဲ့ဒီအချိန် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ လက်ဆောင်တွေ အများကြီး ပေါ်လာခဲ့တယ်။
“လောင်မာက စတွင်မာကို ငရဲဘုရင်ရဲ့ အမိန့် ၉၉ ခု ပေးခဲ့သည်!”
“လောင်မာက စတွင်မာကို မရဏ ဖယောင်းတိုင် ၉၉၉၉၉ ခု ပေးခဲ့သည်!”
“လောင်မာက စတွင်မာကို သေခြင်းရှင်ခြင်း ပုတီးစေ့ ၉၉၉၉ လုံး ပေးခဲ့သည်!”
ဦးလေးမာက ဆုလက်ဆောင်တွေ အများကြီးပေးလိုက်တယ်၊ ကျန်းရီက ဒါကိုမြင်တော့ နည်းနည်းအံ့ အားသင့်သွားတယ်။
ဦးလေးမာက ပြုံးစိစိနဲ့ ပြောလိုက်တယ်၊ “အရင်တုန်းက စတွင်မာေတွ အကြောင်း နားလည်ထားတာက လက်ဆောင်တွေ ပေးတာပဲ၊ ဒါပေမယ့် မစ္စတာကျန်း၊ မင်းကလည်း စတွင်မာတစ်ယောက်ပဲ ဒီလိုအရာတွေ ပေးရတာ ရိုင်းတယ်လို့ ခံစားရပေမယ့် မင်းက ကျွန်တော့်ကို အကူအညီ ပေးခဲ့တယ်၊ ဒါတွေပေးလို့ တစ်မျိုးတော့ မထင်ပါနဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောချင်တာပါ”
ကျန်းရီက သူ့မျက်နှာက ပိုက်ဆံကို စက္ကူလို ထင်နေတဲ့ မျက်နှာ ဖြစ်နေတာလားလို့ တွေးမိလိုက်တယ် ?
ဒါမှမဟုတ် သူ့ရဲ့ အသွင်အပြင်က စောက်ရမ်းတွေ အထာကျနေလို့လား?
နားမလည်ခဲ့ဘူး၊ တကယ်နားမလည်ဘူး၊ ဒီလို ဆုလာဘ်တွေ အများကြီး ပေးတဲ့သူတွေက ဘာလို့ ပေးတိုင်းမှာ ရှက်ကြောက်နေရတာလဲ?
“ဒါဆို ကျေးဇူးတင်ပါတယ်၊ ဦးလေးမာ”
“မဟုတ်ပါဘူး၊ ကျေးဇူးမတင်ပါနဲ့၊ အသက်ကယ်တာကိုပဲ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိဘူး!”
ဘေးနားက မိန်းကလေးက အရမ်းစိတ်မရှည်တော့ပါဘူး “ကျွန်မလည်း လက်ဆောင်ပေးချင်တယ်၊ ဒါပေမယ့် အခု ပေးရင် နောက်ကျတယ်လို့ ထင်မှာလား?”
မိန်းကလေး စိတ်ရှုပ်နေတာကို မြင်တော့ ကျန်းရီက ပြုံးပြီး ပြောလိုက်တယ် “မင်းရဲ့ကျေးဇူးတင်စကားကို လက်ခံတယ်၊ နောက်ကျတာ မနောက်ကျတာက အရေးမကြီးဘူး၊ ပြီးတော့ မင်းက အခုမှ ကျောင်းသူတစ်ယောက်ပဲ ရှိသေးတယ်၊ ကိုယ်ပိုင်ဝင်ငွေမရှိသေးဘူး မင်းရဲ့ ကျေးဇူးတင်စကားကို လက်ခံတယ်”
“ဒါဆို ကျွန်မအဖေကို ဖုန်းခေါ်လိုက်မယ်...”
မိန်းကလေးက ကျန်းရီကို ဘာမှ ပြောခွင့်မပေးဘဲ တန်းပြေးသွားတယ်။
အဲ့ဒီအချိန်မှာ ထန်ဝမ်က ပုံဆွဲပြီးသွားပြီ ပုံကို ကျန်းရီဆီ ပေးလိုက်တယ်။
ကျန်းရီက ပုံကို ကြည့်လိုက်ပြီး ရှောင်ယိုကို ကြည့်လိုက်တယ်၊ ရှောင်ယိုက ပြောလိုက်တယ်၊ “အံ့သြစရာပဲ သူ ထွက်ပြေးသွားတာလား?”
“ထွက်ပြေးသွားနိုင်တယ်။”
“ဒါဆို အစ်ကို၊ သူ့ကို ကူညီမှာလား?”
“ကြည့်လိုက်၊ သူ့ရည်ရွယ်ချက်က ကောင်းတဲ့ ရည်ရွယ်ချက်ပဲ”
ရှောင်ယိုက တိတ်တိတ်လေး ခေါင်းညိတ်ပြီး ဘာမှမပြောတော့ဘူး။ မကြာခင်မှာ ကျန်းရီရဲ့ ဖုန်းမြည်လာခဲ့တယ်။
ဖုန်းခေါ်ဆိုမှုက ဟီဒုံက ဖြစ်သည်။
ကျန်းရီက ဖုန်းကို ကောက်ကိုင်လိုက်ပြီး “မစ္စတာကျန်း၊ ကျေးဇူးတင်ပါတယ်...
ဒဝူကျေးရွာ၊ ဝမ်ဂျီကျေးရွာ၊ လီဂျီကျေးရွာနဲ့ ဆင်ခြေဖုံးကျေးရွာတွေက လူတွေကို ကိုယ်စားပြုပြီး ကျေးဇူးတင်ပါတယ်။
ဟီဒုံမြို့က မင်းရဲ့သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
မင်းမရှိရင် ဒီညမှာ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားလို့မရဘူး!”
ဖုန်းရဲ့ အခြားဘက်က အသံကို ကြားတော့ ကျန်းရီက ပြုံးလိုက်တယ် “အားလုံးကို ကယ်တင်လိုက်ပြီလား?”
“ဟုတ်ပါတယ်၊ အားလုံးကို ကယ်တင်လိုက်နိုင်ခဲ့တယ်! တစ်ယောက်မှ မကျန်ဘူး၊ ဒါပေမယ့် ဝမ်းနည်းစရာက... အိမ်တွေအားလုံး ရေနဲ့ပါသွားတယ်။”
“ကျန်တာတွေက မင်းတို့အလုပ်ပဲ၊ ငါနဲ့မဆိုင်တော့ဘူး၊ အားလုံးကို ကယ်တင်လိုက်နိုင်ပြီဆိုရင် ဒါပါပဲ၊ နုတ်ဆက်ပါတယ်...”
ကျန်းရီက ဖုန်းကို ချလိုက်တယ်။