← Chapters

အမှောင်မျိုးနွယ်

Vol. 5 Ch. 419

အမှောင်မျိုးနွယ်

Vol. 5 Ch. 419

"သူတို့က တိုက်ဆင် ဒမွန် အယောက် တစ်ရာ သုံးဆယ့် ခုနစ်ယောက်နဲ့ ညီတာလား…"

ရန်ချင်ဟူက ဖျော့တော့စွာ ရေရွတ်လိုက်သည်။

တိုက်ဆင် ဒမွန်နှင့် စိန်နက်တို့မှာ သွေးမျိုးဆက် နိုးထပြီးသော အရှင်သခင်များ ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များနှာ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းသည့် အထွတ်အထိပ် များထက်ပင် ပိုမို အစွမ်းထက်သည်။ ရန်ချင်ဟူ အနေဖြင့် ဆိုလျှင် ဒမွန် တစ်ရာ သုံးဆယ့်ခြောက်ယောက် မဆိုထားနှင့်။ တစ်ယောက်ကိုပင် ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

ထိုခန္ဓာကိုယ်များမှာ အလွန် မာကြောရာ သာမန် ကျည်ဆန်များ အနေဖြင့် တိုးပေါက်နိုင်မည် မဟုတ်ပေ။ အမြောက်ဆန်များသာ သူတို့၏ ခံစစ်ကို ဖြိုခွင်းနိုင်ရန် ဖြစ်နိုင်ချေ ရှိသည်။

ထိုသို့ အစွမ်းထက်သော ခန္ဓာကိုယ်ဖြင့် ဆိုပါက နတ်ဘုရား ဖွဲ့စည်းပုံ ပိုင်ဆိုင် မထားလျှင်ပင် ကမ္ဘာကြီးအား လွှမ်းမိုးနိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ ထိုသတ္တဝါ တစ်ရာ သုံးဆယ့်ခြောက်ယောက်သာ ဒမွန်ကဲ့သို့ အစွမ်းထက်ပါက တင့်ကားများ၊ သံချပ်ကာကားများ ပါဝင်သော တပ်ရင်းကြီး တစ်ခုလုံးကိုပင် ဖျက်ဆီး ပစ်နိုင်လောက်သည်။

အကယ်၍ ကမ္ဘာပေါ်၌ ထိုမျှ များပြားသော အထွတ်အထိပ် ပညာရှင်များ ရှိကြောင်း သိလျှင် လူတိုင်း အံ့အားသင့် သွားလောက်သည်။ ယခု ဤရေခဲတောင်ကြားသို့ အမှောင်ကမ္ဘာ၏ အထွတ်အထိပ် ပညာရှင် ထက်ဝက်ခန့် စုဝေးလာကြသည့်တိုင် အရေအတွက်အားဖြင့် ဆိုပါက နှစ်ဆယ်ခန့်သာ ရှိသည် မဟုတ်ပါလား။

သတ္တဝါဆန်းကြီးများကား လျှင်မြန်စွာ နီးကပ်လာနေပြီ ဖြစ်သည်။ ထိုသတ္တဝါများမှာ နှစ်မီတာခန့် မြင့်မားပြီး ခန္ဓာကိုယ်ကို အနက်ရောင် အရည်ပြားများဖြင့် ဖုံးအုပ်ထားသည်။ သူတို့၏ မျက်လုံးများက နီညိုရောင် သန်းနေကာ သွေးများဖြင့် ပြည့်နှက် နေသယောင် ထင်ရသည်။  သတ္တဝါများ၏ ဦးခေါင်းများမှာ ခွေးများနှင့် တူသော်လည်း သူတို့၏ အမူအရာက လူသားနှင့်လည်း တူနေပြန်သည်။ သတ္တဝါဆန်းများမှာ လူသားများကဲ့သို့ နောက်ခြေထောက်များနှင့် လမ်းလျှောက်ကြသော်လည်း ရှည်လျားသော ခြေသည်း၊ လက်သည်းများကို ပိုင်ဆိုင်ထားသည်။ သူတို့၏ အသွင်သဏ္ဌာန်ကား ဝံပုလွေနှင့် လူသား သွေးနှစ်ခု ရောနှော နေသလိုပင်။

"အဲဒါတွေက … သမန်းဝံပုလွေတွေလား…"

ပညာရှင်များစွာကား တုန်လှုပ်နေခဲ့ချေပြီ ဖြစ်၏။ သမန်း ဝံပုလွေများ၊ သွေးစုပ် ဖုတ်ကောင်များနှင့် ပတ်သက်ကြည့် ဒဏ္ဍာရီများစွာမှာ ဥရောပ တစ်ခွင်၌ ရှေးခေတ်ဟောင်း များကပင် တစိမ့်စိမ့် ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုသို့သော သတ္တဝါများ ပျောက်ဆုံးနေသည်မှာ နှစ်ရာချီ ကြာခဲ့ပြီ ဖြစ်သည်။

ယခုတွင်မူ သမန်း ဝံပုလွေများကား သူတို့၏ မျက်မှောက်ရှေ့၌ ရောက်နေခဲ့ပြီ ဖြစ်သည်။

"မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး…"

အရူးက ခေါင်းကို ဘယ်ညာ ခါယမ်းလိုက်သည်။

"ရှေးဟောင်း ပုရပိုက် မှတ်တမ်းတွေ အရဆို ခရစ်ယာန် ဘုန်းကြီးကျောင်းက သွေးစုပ် ဖုတ်ကောင်တွေနဲ့ သမန်းဝံပုလွေကို ကမ္ဘာပေါ်ကနေ ရှင်းထုတ်လိုက်ပြီ မလား… နောက်ဆုံး သမန်းဝံပုလွေတွေကို ရှင်းထုတ်နိုင်ခဲ့တဲ့ အတွက် သူတော်စင် စိန့်ဩဂတ်စတင်းက နောက်ဆုံး သူတော်စင် ဘွဲ့ကို ရခဲ့တယ်မလား…"

"အင်း…" ဧဒင်က ခေါင်းညိတ် လိုက်သည်။

မြောက်ဥရောပ ခရစ်ယာန် ဘုရားကျောင်းတွင် ဧဒင် နေခဲ့စဉ်က ရှေးဟောင်း မှတ်တမ်းပေါင်း များစွာကို ဟေဗြဲဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ဖူးသည်။ ထို့ကြောင့်ပင် ခရစ်ယာန် ဘုရားကျောင်း သမိုင်းနှင့် ပတ်သက်သော သမိုင်းကြောင်းများကို သူ ကောင်းစွာ သိရှိထားသည်။ ခရစ်ယာန် ဘုန်းတော်ကြီး ကျောင်းများ၏ ဩဇာအာဏာ ကျဆင်းလာရသည့် အကြောင်းရင်းမှာလည်း ကွဲပြားသော မျိုးနွယ်စုများကို နှိမ်နင်းရာ၌ အာရုံစိုက်ခဲ့ မိသောကြောင့် ဖြစ်သည်။

ဩဇာအာဏာ တဖြည်းဖြည်း ကျဆင်းလာသည်နှင့် ခရစ်ယာန် ဘုရားကျောင်းမှာ အစွန်အဖျား နေရာများတွက် ဆက်လက် ရှင်သန်နေသည့် မျိုးနွယ်ခြား အသေးလေးများကို လိုက်လံ နှိမ်နင်းနိုင်စွမ်း မရှိတော့ချေ။

"သူတို့က သမန်းဝံပုလွေတွေက လွဲလို့ ဘာဖြစ်ရဦးမှာလဲ…" ဆံပင်ဖြူ ကောက်ရိတ်သမားက တီးတိုး ရေရွတ်လိုက်၏။

"သူတို့က အမှောင်မျိုးနွယ်ကနေ ဆင်းသက်လာကြတဲ့ သူတွေပဲ…" အသံ တစ်ခုက လူတိုင်း၏ နားအတွင်း ဝင်ရောက်လာခဲ့သည်။

လူများစွာက ချန်းဖန် ပြောလိုက်ကြောင်း သတိထားမိသည်နှင့် တိတ်ဆိတ်စွာသာ ချန်းဖန်အား ကြည့်လိုက်ကြ၏။ ချန်းဖန်၏ အမူအရာကမူ  လက်နှစ်ဖက်အား နောက်ပစ်ရင်း သမန်း ဝံပုလွေများ အကြောင်းအား ရှင်းပြတော့မည့်ပုံ ရှိသည်။

"ဆရာ… ဆရာပြောတာ ဘာအဓိပ္ပာယ်လဲ ခင်ဗျ…" ဆံပင်ဖြူ ကောက်ရိတ်သမားက ရိုသေစွာ မေးလိုက်၏။

"အမှောင်မျိုးနွယ်ရဲ့ သွေးမျိုးဆက်တွေ ကမ္ဘာမှာ ခြေချ နေမယ်လို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး…" ချန်းဖန်က ခေါင်းကို ခါယမ်းလိုက်သည်။ "ငါ့ဘဝ တစ်လျှောက်လုံးမှာ သမန်းဝံပုလွေတွေ၊ သွေးစုပ်ဖုတ်ကောင်တွေကိုတော့ တစ်ခါမှ မမြင်ခဲ့ဖူးဘူး... ဒါပေမဲ့ ခုလာနေတဲ့ သတ္တဝါဆန်းတွေက ဘာကောင်တွေလဲ ဆိုတာတော့ သိတယ်… သူတို့က အမှောင်ဝံပုလွေတွေရဲ့ မျိုးဆက်တွေ… ဒါပေမဲ့ သူတို့ရဲ့ သွေးတွေက ရောနှောနေတာကြောင့် သန့်စင်တဲ့ အမှောင် ဝံပုလွေတွေလောက်တော့ အစွမ်း မထက်ဘူးပေါ့…"

"ဘယ်လို…" လူတိုင်းမှာ ချန်းဖန်၏ စကားများကြောင့် လူတိုင်းမှာ အတွေးနက်သွားကြ၏။

ပညာရှင်များစွာမှာ ထိုသတ္တဝါများနှင့် တိုက်ခိုက်ခဲ့ကြဖူးရာ သူတို့၏ စွမ်းအားကို ခံစားမိကြသည်။ သမန်း ဝံပုလွေများမှာ အထွတ်အထိပ် သိုင်းပညာရှင်များကဲ့သို့ အစွမ်းထက်သည့် အပြင် သူတို့၏ ခြေသည်း၊ လက်သည်းများ၊ သွားများမှာလည်း စတီးပြားများကိုပင် ကိုက်ဖြတ်နိုင်အောင် သန်မာကြသည်။ သို့သော်လည်း ချန်းပေ့ရွှမ်း၏ စကားအရ ဆိုလျှင် ထိုသတ္တဝါများမှာ သန့်စင်သည့် အမှောင်ဝံပုလွေများနှင့် မယှဉ်နိုင်သေး၏ ဆိုသည်။

"ဒါဆို သန့်စင်တဲ့ကောင်တွေက ဘယ်လောက်တောင် အစွမ်းထက်တာလဲ…" တစ်ယောက်က စိတ်ဝင်စားစွာ မေးလိုက်သည်။

"သူတို့တွေက လေယာဉ်တင် သင်္ဘောတွေကိုတောင် ဖျက်ဆီးနိုင်တဲ့ အပြင် နျူကလီးယား ပေါက်ကွဲမှုကိုပါ ခံနိုင်ရည် ရှိတယ်…" ချန်းဖန်က ပြန်ဖြေလိုက်သည်။

အမှောင်ဝံပုလွေများမှာ စကြဝဠာအတွင်းရှိ မျိုးနွယ်စုများစွာ အနက် တစ်ခု ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ် သန်မာမှုက ပျမ်းမျှအားဖြင့် ဆိုလျှင် အခြား မျိုးနွယ်များထက် သာသည်။ အရွယ်ရောက်ပြီးသော အမှောင်ဝံပုလွေများ ဆိုလျှင် အာကာသကိုပင် ဖြတ်၍ သွားလာနိုင်စွမ်း ရှိသည်။

သို့သော်လည်း သူတို့ မည်မျှပင် အစွမ်းထက် စေကာမူ မြောက်ပိုင်းကောင်းကင် အရှင်သခင်ကို မည်သို့ ယှဉ်ရန် မဖြစ်နိုင်ပေ။ အတိတ်ဘဝက ဆိုလျှင် ချန်းပေ့ရွှမ်းမှာ ထိုသတ္တဝါများစွာအား ဂြိုဟ်ပေါင်းများစွာမှ ရှင်းလင်း သုတ်သင် ပစ်ခဲ့ဖူးသည်။

"သူတို့က လေယာဉ်တင် သင်္ဘောတွေကို ဖျက်ဆီးနိုင်ပြီး နျူကလီးယားဗုံး ပေါက်ကွဲတာကို ခံနိုင်တယ် ဟုတ်လား…"

လူများစွာမှာ ချန်းဖန်၏ စကားများအား နားထောင်ရင်း ဆွံ့အ နေခဲ့ကြသည်။ တန်ခိုးရှင် အဆင့် တစ်ယောက်ပင် နျူကလီးယားဗုံး ပေါက်ကွဲမှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

"မကြောက်ကြနဲ့… ငါ့အထင် အမှောင်ဝံပုလွေတွေ ဒီကမ္ဘာပေါ်မှာ ရှိမှာ မဟုတ်ဘူး… အရင်က ရှိခဲ့ရင်တောင်မှပဲ သေသွားရင်သွား… မသေရင် ဒီကမ္ဘာကနေ ထွက်သွားလောက်ပြီ…" ချန်းဖန်က ပြောလိုက်သည်။ "အဲဒီ မင်းတို့ခေါ်တဲ့ သမန်းဝံပုလွေတွေက အမှောင်ဝံပုလွေတွေရဲ့ မျိုးဆက်တွေပဲ… သူတို့က သန့်စင်တဲ့ အမှောင်ဝံပုလွေတွေနဲ့ မျိုးဆက် နှစ်ခုလောက် ဝေးတယ်… ဒါကြောင့် ဘာမှ ပြဿနာ သိပ်မရှိဘူး…"

ချန်းဖန်က ပြောရင်း အဝေးရှိ သမန်း ဝံပုလွေ အုပ်စုကို လှမ်းမျှော်ကြည့် လိုက်သည်။ ထိုသမန်းဝံပုလွေများတွင် အမှောင်ဝံပုလွေ၏ သွေးများ စီးဆင်းနေသည့်တိုင် တကယ့် စွမ်းအားကမူ နိမ့်ကျနေသေးသည်။ သူတို့၏ အဆင့်မှာ ခန္ဓာကိုယ် သန့်စင်သည့် အထွတ်အထိပ် အဆင့်၏ ထိပ်ဆုံးလောက်သာ အစွမ်းထက်သည်။

အကယ်၍ ထိုသမန်းဝံပုလွေများသာ အမှောင် ဝံပုလွေ၏ ထက်ဝက်ခန့် အစွမ်းထက်ပါက သူတို့အား ဖမ်းဆီး၍ အမှောင်ဝံပုလွေ၏ သန့်စင်သော သွေးများကို ထုတ်ယူကာ သစ္စာခံ စစ်တပ်တစ်ခု ဖန်တီး နိုင်လောက်သည်။ သို့သော်လည်း သမန်းဝံပုလွေ၏ အစစ်အမှန်သွေးက အလွန်နည်းပါးနေရာ ချန်းဖန်အတွက် အသုံးမဝင်ချေ။

"အာဝူး…" ရုတ်တရက် နှင်းမုန်တိုင်း အတွင်းမှ ဝံပုလွေ အူသံတစ်ခုက ကြက်သီးထဖွယ် ပေါ်ထွက်လာခဲ့၏။ ထိုအသံနှင့်အတူ ရာပေါင်းများစွာသော ဝံပုလွေ အူသံများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပဲ့တင်သံ ရိုက်ခတ်သွား၏။ ထိုအသံများကြောင့် အနီးအနားရှိ တောင်ထိပ်များ ပေါ်မှ နှင်းများပင် ပြိုကျလာတော့၏။

ထိုအသံများအား နားထောင်ရင်း များစွာသော ပညာရှင်များ၏ မျက်နှာများကား သွေးဆုတ် ဖြူရော် ကုန်ကြတော့သည်။ မည်မျှပင် သွေးမျိုးဆက် ကွာဝေးသည် ဖြစ်စေ ထိုသမန်း ဝံပုလွေများမှာ အထွတ်အထိပ် ပညာရှင်များ ကဲ့သို့ အစွမ်းထက်သေးသည် မဟုတ်ပါလား။

"သူတို့ အားလုံးကတော့ အစွမ်း မထက်လောက်ဘူး မလား…" တစ်ယောက်က တုန်ရီစွာ မေးလိုက်၏။

"သူတို့ကြားမှာ နည်းနည်းတော့ ကွာခြားမှု ရှိတာပေါ့… ဒါပေမဲ့ မပြောပြလောက်ပါဘူး… ငါ အစွမ်းကုန် ချတာတောင် တစ်ကောင်ပဲ သတ်နိုင်လိုက်တယ်…" ဧဒင်က ရှင်းပြလိုက်သည်။

ဧဒင်၏ စကားက များစွာသော လူများအား ပိုမို တွန့်ဆုတ် သွားစေသည်။ သူတို့က ချန်းဖန်ကိုသာ မျှော်လင့်တကြီး လှမ်းကြည့်မိလိုက်ကြတော့သည်။

ချန်းပေ့ရွှမ်းမှာ သူတို့၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။ ချန်းပေ့ရွှမ်းမှာ ဧဒင်ကိုပင် အပြတ်အသတ် အနိုင်ယူခဲ့ရာ သမန်းဝံပုလွေများကိုလည်း တိုက်ထုတ်နိုင်လောက်သည်။

ထိုအချိန်၌ ချန်းဖန်ကမူ မတုန်မလှုပ်ပင် ရှိနေသေးသည်။

"ချိုင့်ဝှမ်းထဲက ထွက်သွားစမ်း… မသွားရင် သေရမယ်…"

ချန်းဖန်က ထူးမခြားနားစွာ ပြောရင်း နတ်ဘုရား စိတ်အာရုံကို ချိုင့်ဝှမ်းတစ်ခုလုံးသို့ ဖြန့်ကြက် လိုက်၏။ နတ်ဘုရား စိတ်အာရုံက သူ၏ စကားကို သယ်ဆောင်ကာ သမန်းဝံပုလွေများ၏ နားစည်သို့ ပို့ဆောင်လိုက်သည်။

ရုတ်တရက် သမန်း ဝံပုလွေများမှာ အူနေရာမှ ရပ်တန့်ပြီး ချန်းဖန်အား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ သူတို့ အနေဖြင့် လူသား ဘာသာစကားကို နားမလည်သော်လည်း ဝိညာဉ် စွမ်းအင်ကို အသုံးပြုကာ ဆက်သွယ်နိုင်ကြသည်။

"ဘုန်း…"

အခြားကောင်များထက် ပိုမို ကြီးမားသော သမန်းဝံပုလွေကြီး တစ်ကောင်က ရှေ့သို့ တစ်လှမ်းတိုးကာ ချန်းဖန်အား မထီလေးစားနိုင်သော သွေးရောင် မျက်လုံးများဖြင့် လှမ်းကြည့် လိုက်သည်။ ထို သမန်း ဝံပုလွေကြီး၏ အပြုအမူမှာ လူသား ဉာဏ်ရည်ကို ပိုင်ဆိုင်ထားပုံ ရသည်။

ချန်းဖန်က သမန်းဝံပုလွေ၏ မောက်မာမှုကို လက်တစ်ချက် ဝှေ့ယမ်းရင်း တုံ့ပြန်လိုက်သည်။

ရုတ်တရက်ပင် လက်ဝါးပုံစံ အဇူရာ အလင်း တစ်ခု ထွက်ပေါ်လာကာ သမန်းဝံပုလွေထံ တိုးဝင်သွားသည်။ ချန်းဖန်အား စိန်ခေါ်ခဲ့သည့် သမန်းဝံပုလွေက လက်တစ်ဖက်ကို မြှောက်ရင်း ထိုတိုက်ခိုက်မှုကို ခုခံသည်။

သို့သော်လည်း ချင်နလက်ဝါး၏ အောက်၌ ထိုဝံပုလွေမှာ အားနည်းလွန်းသည်။ အဇူရာအလင်း ပျောက်ကွယ် သွားသည်နှင့် မြေပြင်ထက်၌ သွေးပုံတစ်ပုံသာ ကျန်ရစ်ခဲ့တော့သည်။

"အာ… ဝူး…"

တစ်ကောင် ကျဆုံးသွားသည်ကို မြင်သည်နှင့် အခြား သမန်း ဝံပုလွေများစွာမှာ ကောင်းကင်သို့ မော်ကြည့်ရင်း အူလိုက်ကြပြန်သည်။ ထို့နောက် သူတို့က ချွန်ထက်သော သွားများကို ဖြဲကာ ချန်းဖန်အား ကြည့်လိုက်ကြသည်။ သူတို့၏ ပုံစံကား ချန်းဖန်၏ လတ်ဆတ်သော သွေးများကို စုပ်ယူရန် အဆင်သင့် ဖြစ်နေပုံ ရသည်။

အခြေအနေကား အလွန် တင်းမာနေပြီ ဖြစ်သည်။ ချန်းဖန်နှင့် ဝံပုလွေများကြားမှ တိုက်ပွဲကား အချိန်မရွေး ပေါက်ကွဲလာနိုင်သည့် ဗုံးတစ်လုံးလိုပင်။

ရုတ်တရက်ပင် … ရေခဲကဲ့သို့ အေးစက်နေသည့် အသံတစ်ခုက ရေခဲဝံပုလွေ ချိုင့်ဝှမ်း၌ ပေါ်ထွက် လာခဲ့သည်။

"ရပ်ကြစမ်း…"

***

All Chapters