အော်သံ
Vol. 8 Ch. 114
“ဒါ၊ ဒါ……”
အိုင်ဇင်သည် သူ့ရှေ့ရှိ ဧရာမသတ္တဝါကြီးကို ထိတ်လန့်စွာ စိုက်ကြည့်နေမိသည်။ အသက်ပြင်းပြင်းရှူ ပြီးမှသာ သူအနည်းငယ် စိတ်တည်ငြိမ်သွား၏။
"ဒီလောက ကုမ္ပဏီက တကယ်ကောင်းတဲ့ အဆင့်တစ်ခုမှာ ရှိတာပဲ"
အိုင်ဇင်သည် စိတ်ထဲတွင် မှတ်ချက်တစ်ခု ချလိုက်မိသည်။ သူသည် သူ့ကိုယ်သူ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ဤဧရာမ မကောင်းဆိုးဝါး၏ အသွင်အပြင်ကို မြင်ပြီးနောက်တွင်ပင် အနည်းငယ် ကြောက်ရွံ့မိနေသေးသည်။
သူမြင်ခဲ့သော အရိပ်ကြီး ပိုင်ရှင်မှာ ဧရာမစပါးအုံးမြွေကြီး ဖြစ်ပေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်သည် ရေကန်ကြမ်းပြင်မှာ လဲလျောင်းနေပြီး ကျန်တစ်ဝက်ကတော့ မတ်မတ်ရပ်နေပေ၏။ ၎င်းက သူ့ရှေ့တည့်တည့်က အိုင်ဇင်ကို ကြည့်နေသလိုပင်။
အိုင်ဇင်သည် (၅) ထပ် အမြင့်ရှိသည့် အဆောက်အဦးကို ကြည့်နေရသလို ခံစားနေရသည်။
အမြင့် (၁၅) မီတာခန့်ရှိသော အပေါ်ပိုင်း ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းကို ကြည့်ခြင်းအားဖြင့် ၎င်း၏ အလျားသည် မီတာ (၃ဝ) မျှရှိကြောင်း သိနိုင်ပေသည်။
ထိုမြွေကြီး၏ ကိုယ်လုံးကိုယ်ထည်က (၁) မီတာခန့် ရှိပေသည်။ ၎င်း၏ ပတ်ပတ်လည်တွင် လွင့်မျောနေသော ဖုန်မှုန့်အချို့ရှိ၏။ ရေညှိကဲ့သို့ အစိမ်းရောင်အရာများသည် ၎င်း၏ ကိုယ်ပေါ်တွင် ဖုံးလွှမ်းနေ၏။
လွင့်မျောနေသော ဖုန်မှုန့်များနှင့် ရေညှိအချို့ကြောင့် ၎င်း၏ ခန္ဓာကိုယ်ကို လုံးလုံးမြင်ရရန် ခက်ခဲသော်လည်း ၎င်းသည် ထိုအရာ၏ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းခြင်းကို မလျော့ပါးစေဘဲ ထိုအစား လျှို့ဝှက်ဆန်းကြယ်သည့် အမြင်အာရုံကိုပင် ပေးစွမ်းနေပေသည်။
အနည်းငယ် ငြိမ်သက်သွားပြီးနောက် အိုင်ဇင်သည် သူ၏ လည်ပင်းပေါ်ရှိ ရေအောက်သုံး ကင်မရာကို အသုံးပြု၍ ထိုဧရာမစပါးအုံးမြွေကြီးကို ဓာတ်ပုံရိုက်တော့သည်။
“...”
၎င်း၏ ဓာတ်ပုံကို ရိုက်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဧရာမစပါးအုံးမြွေကြီးသည် ရေကန်ကြမ်းပြင်တွင် မတ်မတ်ရပ်နေခဲ့သည်။ ၎င်းသည် အမြင့် (၅) ထပ်ခန့်ရှိကာ အထူ (၁) မီတာမျှ ရှိပေသည်။
အဝေးမှ ကြည့်မည်ဆိုလျှင် တိုင်လုံးကြီးတစ်ခုကို စိုက်ထူထားသလိုပင်။
"အရမ်း တုန်လှုပ်စရာ ကောင်းတယ်!"
အိုင်ဇင်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီးနောက် ဧရာမစပါးအုံးမြွေကြီးကို အနီးကပ်ကြည့်ရန် ကြံစည်၍ ချဉ်းကပ်သွားသည်။
ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရင်း သူ့မျက်ခုံးတွေက အနည်းငယ် ရှုံ့တွသွားသည်။ သူ့စိတ်ထဲ ဒီမြွေကြီးက တကယ့်အစစ်အမှန်လို့ ခံစားနေရသည်။
ရေညှိများ မဖုံးလွှမ်းထားသော ၎င်း၏ နေရာတွင် အကြေးခွံများက တစ်ခုနှင့် တစ်ခု ထပ်လျက်ရှိသည်ကို သူ သတိပြုမိသည်။
၎င်းတို့သည် လှပသော လက်ရာမှုပညာ တစ်ခုလိုပင် ကြည့်ရသည်မှာ အလွန်ပင် ဆွဲဆောင်မှုရှိ၏။
သူသည် ရှာဖွေရေးမီးကိုဖွင့်၍ အလင်းရောင်ကို လျှော့ချကာ သူ့ရှေ့ရှိ အရာကို ဂရုတစိုက် စစ်ဆေးခဲ့သည်။
နောက်ထပ်တွေ့ရှိချက်တစ်ခုက သူ့နှလုံးသားကို တုန်လှုပ်သွားစေခဲ့ပေသည်။
မီးရောင်အလင်းအောက်တွင် ၎င်းအကြေးခွံများသည် တကယ့်အကြေးခွံများကဲ့သို့ အနည်းငယ် အလင်းရောင် ပြန်ဟပ်နေခဲ့၏။
ဒီရှာဖွေတွေ့ရှိမှုက သူ့လက်တွေကို စတင်တုန်လှုပ်စေခဲ့ပါတယ်။
“ဂလု”
အိုင်ဇင်က တံတွေးကို တုံ့ဆိုင်းစွာဖြင့် မျိုချလိုက်ပြီး လက်ကိုဆန့်တန်ကာ ထိုမြွေကြီး၏ ကိုယ်ထည်ပေါ်ရှိ ရေညှိများနှင့် ဖုန်မှုန့်များကို သုတ်ပစ်လိုက်သည်။
ဧရာမစပါးအုံးမြွေကြီး ကိုယ်ပေါ်တွင် ကပ်ညှိနေသော ရေညှိများနှင့် အမှုန်အမွှားများအားလုံးသည် သူ့ထိလိုက်တိုင်း ပြုတ်ကျသွား၏။ ထိုနောက် သူ၏ လက်ဖြင့် မြွေကြီး၏ အကြေးခွံများကို ထိကိုင်လိုက်သည်။
ဤအကြေးခွံများကို ထိလိုက်သည်နှင့် ပို၍ပင် တုန်လှုပ်လာသည်။
ဤအကြေးခွံများသည် အလွန်လက်တွေ့ကျရုံသာမက အစစ်ကဲ့သို့ အလွန်ချောမွေ့ပြီး မာကျောပေသည်။
တကယ့်အစစ်နှင့် ပုံသဏ္ဍာန်တူသည့် စပါးအုံးမြွေတစ်ကောင်ကို ဖန်တီးဖို့ဆိုတာ တကယ်ဖြစ်နိုင်သော်လည်း တကယ့်အစစ်တွေနှင့် တူညီသည့် အထိအတွေ့ကိုတော့ ဖန်တီးဖို့က အလွန်ခက်ခဲ၏။
သူ့စိတ်ထဲမှာ အဓိပ္ပါယ်မဲ့သည့် အတွေးတစ်ခု ပေါ်လာသည်။
"ဘုရားသခင်၊ ဒီမြွေကြီးက တကယ့်သက်ရှိသတ္တဝါတော့ မဟုတ်ဘူး မှတ်လား!"
ထိုအတွေးပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်က ပျော့ခွေသွားသလို အိုင်ဇင် ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ့ပတ်ဝန်းကျင်ရှိ ရေများသည် လေးလံထိုင်းမှိုင်းလာသည်ဟု သူခံစားလိုက်ရသည်။
သူ့တွင် ယခင်က ပေါ့ပေါ့ပါးပါး ခံစားချက်တွေ ပျောက်ကွယ်နေ၏။ ထိတ်လန့် ကြောက်ရွံ့မှုတွေသာ သူ့နှလုံးသားထဲမှာ ရှိနေခဲ့သည်။
"ငါပြေးရမယ်!"
အိုင်ဇင်၏ စိတ်ထဲမှာ ဒီအတွေးတွေနဲ့ ပြည့်နေပြီး ရေမျက်နှာပြင်ကို ချက်ချင်းကြီး အပြေးအလွှား သွားချင်နေ၏။
ရုတ်တရက် တစ်ခုခုမှားသွားသလို သူခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်က တစ်စုံတစ်ခုကြောင့် အေးစက်သွားသလို ခံစားလိုက်ရသည်။
သံချေးတက်နေတဲ့ စက်တစ်လုံးလို သူ့ခေါင်းကို လှည့်ဖို့ ရုန်းကန်လိုက်၏။
နောက်ဆုံးတွင် အိုင်ဇင်သည် ခေါင်းကို လှည့်ကာ မော့ကြည့်နိုင်ခဲ့သည်။
သူ့နှလုံး ရပ်တန့်သွားသလို ဖြစ်သွားသည်။ သံတူတစ်စုံနဲ့ သူ့ရင်ဘက်ကို ရိုက်နှက်လိုက်သလို ခံစားလိုက်ရပြီး အသက်ရှူတောင် မဝ ဖြစ်သွား၏။
တစ်ချိန်တည်းမှာပင် အအေးဓာတ်သည် ခေါင်းမှ ခြေဖျားအထိတိုင် အပြန်ပြန်အလှန်လှန် ပြန့်နှံ့ စီးဆင်းသွားကာ သူ မူးမေ့လဲလုနီးပါး ဖြစ်သွားပေသည်။
"အား...!!"
ကမ်းပေါ်မှာတော့......
နီကယ်ယန်က ထိတ်လန့်နေဟန် ဆောင်နေသည်။ သူသည် သတင်းထောက်တွေ၏ မေးခွန်းများအား ရှုပ်ထွေးနေသော အကြည့်နှင့် ပြန်ဖြေနေသည်။
ထိုကဲ့သို့ တင်းမာသောလေထုအောက်တွင် ကမ်းပေါ်ရှိ သတင်းထောက်များ၏ မေးခွန်က ပိုမို ခက်ခဲရှုပ်ထွေးလာခဲ့လေသည်။
ရေငုတ်သမား အိုင်ဇင် ရေအောက်မှာ ဘာတွေဖြစ်နေတာလဲ...?
လူစုလူဝေးအတွင် ပုန်းနေသော မိုက်ကယ်သည် လူတိုင်း၏ မျက်နှာပေါ်က တင်းမာသည့် အကြည့်များကို မြင်ပြီးနောက် သူသည် ကျယ်လောင်စွာရယ်မောလုနီးပါး ဖြစ်နေသည်။
သူ့မျက်လုံးများက နီကယ်ယန် ဘက်သို့ လှည့်ကာ ကြည့်လိုက်၏။
နီကယ်ယန်၏ မျက်နှာပေါ်မှ လေးနက်သောအကြည့်ကို မြင်လိုက်ရတော့ သူ့ကို မချီးမွမ်းဘဲမနေနိုင်တော့ပေ။
"နီကယ်ယန်ရဲ့ သရုပ်ဆောင်ချက်က အရမ်းကောင်းတာပဲ "
ဤတင်းမာသောလေထုထဲတွင်၊ နားကြပ်မှ ပို၍ပင်ကျယ်လောင်သော အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"အား...!!!"
ယခင်က ထိတ်လန့်တကြားအော်သံနှင့် မတူဘဲ၊ ဤတစ်ကြိမ် အော်သံတွင် သာမန်လူတို့ မြင်နိုင်သည့် မျက်စီတဆုံးက အထိတ်လန့်မှုများနှင့် ကြောက်ရွံ့မှုတို့ ပါဝင်ပေသည်။
ထိုအော်သံပိုင်ရှင်ဟာ မထင်ထားလောက်အောင် ကြောက်စရာကောင်းသည့် အရာတစ်ခုကို ကြုံတွေ့လိုက်ရသလိုပင်။
“မစ္စတာ နီကယ်ယန်"
သတင်းထောက်များက ထိတ်လန့်စပြုလာကာ...
“မစ္စတာ၊ အိုင်ဇင်က…”
“ကျွန်ုပ်…”
နီကယ်ယန်က ခေါင်းမော့ပြီး တစ်ခုခုပြောချင်ပေမယ့် မပြောတော့ဘဲ သူသည် မိုက်ခရိုဖုန်းက တဆင့် လှမ်းအော်သည်။
"အိုင်ဇင်!!၊ အိုင်ဇင်!!”
နီကယ်ယန်၏ လှုပ်ရှားမှုကို မြင်ပြီးနောက် သတင်းထောက်များ အလွန်ဆူညံသွားသည်။
မဝေးလှသော နေရာမှ ခရီးသွားများ အတွက်လည်း အလားတူပင် ဖြစ်သည်။ အားလုံးက တင်းမာသောမျက်နှာဖြင့် အချင်းချင်း ဆွေးနွေးနေကြသည်။
သူတို့ကြားရသော အော်သံတွေအရ ရေငုတ်သမား အိုင်ဇင်သည် မတော်တဆမှုတစ်ခု သေချာပေါက် ဖြစ်နေရပေမည်။
၎င်းတို့အထဲတွင် မိုက်ကယ် သာလျှင် လုံးလုံးလျားလျား တည်တည်ငြိမ်ငြိမ် ရှိနေသေးသည်။ နီကယ်ယန်ကမူ သတင်းထောက်များနှင့် ခရီးသွားများရှေ့တွင် သူ၏ သရုပ်ဆောင် စွမ်းရည်ကို အသုံးပြုနေပေသည်။
"အိုင်ဇင်ရဲ့ သရုပ်ဆောင် စွမ်းရည်က အတော်ကောင်းတာပဲ "
အိုင်ဇင်နှင့် နီကယ်ယန်တို့က သရုပ်ဆောင် ကောင်းလွန်း၍ အကယ်ဒမီပင် ပေးသင့်သည်ဟု မိုက်ကယ် ထင်နေခဲ့ပေသည်။ သူတို့၏ လက်ရှိအလုပ်က နှုတ်ထွက်ပြီး ဟောလီးဝုဒ်မှာ သရုပ်ဆောင်သွားလျှောက်လျှင် ချက်ချင်းပင် အလုပ်တန်းရလောက်ပေသည်။
အကယ်၍ အိုင်ဇင်သာ ယခုအချိန်တွင် မိုက်ကယ် တွေးနေပုံကို သိပါက၊ သူသည် သေချာပေါက် ဆဲနေပေတော့မည်။
ဤအခိုက်အတန့်တွင် အိုင်ဇင်၏ မျက်လုံးများသည် ထိတ်လန့်တကြားနှင့် ပြူးထွက်နေချေသည်။ သူ အသက်ရှုဖို့ မနည်း ရုန်းကန်နေ၏။ တစ်စုံတစ်ယောက် က သူ့ကို ညှစ်နေသလိုပင်။
သူရုပ်ထုဟု ထင်မှတ်ခဲ့သည့် စပါးအုံးမြွေကြီးက သူ့ကို ခေါင်းငုံ့ကြည့်နေပေသည်။
ဖုန်မှုန့်များ ရေညှိများသည် ၎င်း၏ ခေါင်းပေါ်မှ ကျဆင်းလာသည်။ ရှာဖွေရေးမီး၏ အလင်းတွင် ၎င်း၏ ဒေါင်လိုက် တပည့်တစ်စုံက တောက်ပနေသလိုလို..။
လေထုသည် ချက်ချင်းအေးခဲသွားသည်၊ အိုင်ဇင်သည် သူ့အတွင်းစိတ်ထဲတွင် အော်ဟစ်နေ၏။
"သေတာပဲ! ဒါက မြွေကြီးရုပ်တုကြီး မဟုတ်ဘူး! ဒါက တကယ့် မြွေကြီးအစစ်ပဲ...!”
"သေရော! ဒီလောက်ကြီးမားတဲ့ သတ္တဝါကြီးက ဒီနေရာမှာ ရုတ်တရက် ပေါ်လာရတာလဲ!!”
အိုင်ဇင်၏ နှလုံးသားသည် ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့၏။ သူ့နှလုံးသားထဲတွင် အကန့်အသတ် မရှိသော ကြောက်ရွံ့မှုတွေက တိုးလာနေသည်။
"အိုင်ဇင်!၊ အိုင်ဇင်!!"
စိုးရိမ်တကြီးခေါ်သံက သူ့နားကြပ်မှ ထွက်ပေါ်လာသည်။
၎င်းသည် နီကယ်ယန်၏ အသံဖြစ်သည်ကို သူသိသော်လည်း ယခုအချိန်တွင် ပြန်ပြောခြင်း မပြောနှင့်၊ အသက်ပင် ကောင်းကောင်း မရှူနိုင်ဖြစ်နေသည်။
"အိုင်ဇင်! ကျေးဇူးပြုပြီး ငါ့ကို ပြန်ဖြေပါ"
နားကြပ် တစ်ဖက်မှ နီကယ်ယန်၏ အသံသည် ပို၍ စိုးရိမ်လာသလိုပင်။ အိုင်ဇင်သည် လူတချို့၏ ဆွေးနွေးမှုတစ်ခုကို ယောင်ဝါးဝါး ကြားလိုက်ရသော်လည်း သူသည် ထိုအရာများကို သတိမထားမိခဲ့ပေ။
သူသည် ဧရာမစပါးအုံးမြွေကြီးကို ကြောက်လန့်တကြား စိုက်ကြည့်ရင်း သူ့ခန္ဓာကိုယ်က ကျောက်ရုပ်ထု တစ်ခုလို အေးခဲတောင့်တင်း နေခဲ့သည်။
ခဏအကြာတွင် သူသည် ကြီးမားသောဖိအားကို မခံနိုင်တော့ပေ။ အလွန်ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ရေမျက်နှာပြင်ဆီသို့ အရူးအမူး ကူးခတ်သွားသည်။
"ကယ်ကြပါ!!"
.....