← Chapters

နှင်းဝံပုလွေ ဘုရင် …

Vol. 5 Ch. 420

နှင်းဝံပုလွေ ဘုရင် …

Vol. 5 Ch. 420

ရှေးကျပြီး လွှမ်းမိုးနိုင်စွမ်း ရှိသော ထိုအသံ ပေါ်ထွက်လာသည်နှင့် သမန် ဝံပုလွေများမှာ ရန်မူနေရာမှ ငြိမ်ကျ သွားတော့သည်။

ထို့နောက် သမန်းဝံပုလွေ အုပ်စုမှာ နှစ်ပိုင်းခွဲလိုက်ပြီး အလယ်၌  လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။ မကြာခင်မှာပင် ထိုလမ်းကြောင်းမှ ဆံပင်ဖြူ အဘိုးအို တစ်ဦး ထွက်ပေါ် လာသည်။ ထိုအဘိုးအို၏ အိုမင်းရင့်ရော်နေသော မျက်နှာတွင်မူ အဝါရောင် အကွက်များ ဖြစ်ပေါ်နေကာ သစ်ခေါက်များ ကွာနေသလို ထင်ရသည်။ သူက ခြေလှမ်း တစ်လှမ်းချင်းစီ တိုင်းကို ခက်ခက်ခဲခဲ လျှောက်လှမ်းနေရသည်။

ရိုင်းစိုင်းသော သမန်းဝံပုလွေများကား ထိုအဘိုးအို၏ ရှေ့မှောက်၌ ဦးခေါင်းများကို ငုံ့ရင်း ရပ်နေကြသည်။ သူတို့မှာ အဘိုးအိုအား အလွန်တရာ လေးစားပုံ ရသည်။

"အဘိုးကြီးရဲ့ စကားကို သမန်းဝံပုလွေတွေ အားလုံး နားထောင်တာလား…" လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့် လာကြသည်။

အဘိုးအိုက သမန်းဝံပုလွေအုပ်စု အလယ်မှ ဖြတ်သန်းရင်း ချန်းဖန်ထံ လျှောက်လာခဲ့သည်။

"ဂုဏ်သရေရှိ လူကြီးမင်း ခင်ဗျာ… ကျုပ်ရဲ့ ကလေးတွေကို ခွင့်လွှတ်ပေးပါ… လူကြီးမင်းက ဂန္ဓဝင်ပုဂ္ဂိုလ် ဆိုတာ သူတို့ နားမလည်ကြလို့ပါ…"

အဘိုးအိုက ဆိုက်ဘေးရီးယန်း အသံရောနှောသော ရုရှား ဘာသာစကားဖြင့် ပြောလိုက်သည်။ သို့သော်လည်း သူ၏ စကားလုံး အများစုကို လူတိုင်း နားလည်လိုက်ကြသည်။

"သမန်းဝံပုလွေတွေက ခင်ဗျားရဲ့ ကလေးတွေလား…"

ချန်းဖန်က အဘိုးအိုအား စိတ်ဝင်တစား ကြည့်လိုက်သည်။ အဘိုးအို၏ အသွင်အပြင်မှာ အိုမင်းရင့်ရော်ဟန် ပေါက်နေသော်လည်း သူ၏ ခန္ဓာကိုယ် အတွင်းမှ မီးတောင်ရှင် တစ်လုံးကဲ့သို့ တောက်လောင် နေသည့် စွမ်းအားများကိုမူ ချန်းဖန် အာရုံခံနေမိသည်။

တာကီမီယာ ဟီရို၏ ကိုယ်အတွင်းမှ စွမ်းအားများပင်လျှင် ထိုအဘိုးအိုကို မမှီချေ။

"ဟုတ်ပါတယ်… သူတို့က ကျုပ်ရဲ့ မြေးမြစ်တွေပါပဲ… နောက်ပြီး ကျုပ်က သူတို့ရဲ့ ခေါင်းဆောင်ပါ… ကျုပ်ကိုတော့ နှင်းဝံပုလွေဘုရင်လို့ ခေါ်နိုင်ပါတယ်…" အဘိုးအိုက အသက်ကို ပြင်းစွာရှူရင်း ပြောလိုက်၏။

"သူတို့က မြေးမြစ်တွေ… ဒါဆို ခင်ဗျားက အသက် ဘယ်လောက် ရှိပြီလဲ…" တစ်ယောက်က မေးလိုက်၏။

"အမ်… ခွင့်လွှတ်ပါ… ကျုပ်ရဲ့ အသက် ဘယ်လောက်ရှိပြီလဲ ဆိုတာ မမှတ်မိတော့ပါဘူး … မှတ်မိသလောက် ဆိုရင်တော့ ကျုပ်ငယ်ငယ်တုန်းက စစ်ပွဲကြီး မစသေးဘူး… ကျုပ်လူငယ် ဘဝတုန်းကတော့ ဝန်ရိုးစွန်းကနေ စွန့်ခွာပြီး ရုရှားဘက်ကနေ အော်တိုမန်တွေနဲ့ တိုက်ခိုက်ခဲ့တယ်… အဲဒီ စစ်ပွဲပြီးတဲ့နောက်မှာတော့ ဒီကိုပြန်လာပြီး နေခဲ့တာ ခုထိပါပဲ…" အဘိုးအိုက ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

သူ၏ စကားက လူတိုင်းအား အံ့အားသင့် သွားစေသည်။

ပထမ ကမ္ဘာစစ်မှာ ၁၉၁၄ တွင် စတင်ခဲ့ခြင်း ဖြစ်ရာ ထိုအဘိုးအို၏ အသက်မှာ မည်မျှအထိ ရှိနေခဲ့ပြီနည်း။ အနည်းဆုံး တစ်ရာကျော်မည်မှာ သေချာနေသည်။

"ကျုပ်ကမ္ဘာပတ်ခဲ့တုန်းက ဂေါ့ဒင်ဆိုတဲ့ နာမည်ကို သုံးခဲ့ပါတယ်… မင်းတို့ကတော့ အဲဒီ နာမည်ကို ကြားဖူးမယ် မထင်ဘူး… ကျုပ်ခရီးထွက်ခဲ့တုန်းက မင်းတို့လို ပညာရှင်တွေ အများကြီးနဲ့ ဆုံခဲ့ဖူးတယ်…"

ဂေါ့ဒင်က ပြောရင်း ဆံပင်ဖြူ ကောက်ရိတ်သမားအား ကြည့်လိုက်သည်။

"နတ်ဆိုးသတ်ဖြတ်သူရဲ့ အငွေ့အသက်တွေကို အဝေးကြီးကနေ ကျုပ်ခံစားမိနေတယ်… မင်းက သူတို့ထဲက တစ်ယောက်လား… ဘန်ဟယ်ဆင်းရော နေကောင်းရဲ့လား…"

အဘိုးအို၏ စကားကြောင့် ဆံပင်ဖြူ ကောက်ရိတ်သမားမှာ အနည်းငယ် ကြောင်အသွားသည်။ သူက ဦးအနည်းငယ် ညွှတ်လိုက်ရင်း အဘိုးအိုအား လေးစားစွာ ပြောလိုက်သည်။

"ဆရာကြီးခင်ဗျာ… ကျွန်တော်က နတ်ဆိုးသတ်ဖြတ်သူတွေရဲ့ နှစ်ဆယ့် ခုနစ်ခုမြောက် မျိုးဆက်ပါ… ဆရာကြီး ဘန်ဟယ်ဆင်းက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ပေါ်ထွန်းခဲ့တဲ့ နှစ်ဆယ်ခုနစ်မြောက် မျိုးဆက် ဖြစ်ပါတယ်…"

ဘန်ဟယ်ဆင်းမှာ ၁၉ ရာစု၏ အတော်ဆုံး နတ်ဆိုးသတ်ဖြတ်သူ တစ်ယောက် ဖြစ်သည်။ အကယ်၍ ဂေါ့ဒင်သာ ဘန်ဟယ်ဆင်းနှင့် သိသည်ဆိုပါက သူ၏ အသက်မှာ နှစ်ပေါင်းတစ်ရာ့ လေးဆယ်ခန့် ဖြစ်နေလောက်ပြီ ဖြစ်သည်။

"မင်းက နှစ်ဆယ့်ခုနှစ်ခုမြောက် မျိုးဆက်ကိုး… ဟင်း… ရာစုနှစ်ဝက် တစ်ခုက မျက်တောင် တစ်ခတ်စာ လောက်ပါပဲလား…"

ဂေါ့ဒင်က သက်ပြင်း ချလိုက်သည်။ ထို့နောက် သူက အရူးဘက်သို့ လှည့်ကာ မေးမြန်း လိုက်ပြန်သည်။

"အဆိပ်ကဝေဂိုဏ်း… စိတ်ဝင်စား စရာပဲ… မင်းက မဟာကဝေအသစ် ဖြစ်ရမယ်…"

"ဟုတ်ပါတယ်… ဆရာကြီး ခင်ဗျာ…" အရူးက ဦးညွှတ်ရင်း ပြောလိုက်သည်။

ဂေါ့ဒင်က ခေါင်းညိတ်ရင်း အခြားလူများအား အကဲခတ်လိုက်သည်။ သူကား တစ်ယောက်ချင်းစီ၏ နောက်ခံများ၊ ဂိုဏ်းများ အားလုံးကို မချွင်းမချန် သိနေသည်။ သူက ရန်ချင်ဟူ၏ ဂိုဏ်းကိုပင် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။

သူ၏ အကြည့်များမှာ ဧဒင်ထံသို့ ရောက်သည့် အချိန်တွင်မူ တဖြည်းဖြည်း တောက်ပလာသည်။

"ဘုရားကျောင်းစုတ်… မင်းက စီရင်သူတွေထဲက တစ်ယောက်လား…"

"ဆရာကြီးခင်ဗျာ… ကျွန်တော် ဘုရားကျောင်းက ထွက်လာတာ ကြာပါပြီ…" ဧဒင်က ဦးခေါင်းအား ညွတ်ရင်း ယဉ်ကျေးသိမ်မွေ့စွာ ဖြေလိုက်သည်။

ဂိုဒင်က ခေါင်းညိတ်၍ ချန်းဖန်အား ကြည့်လိုက်သည်။ မကြာခင်မှာပင် သူ၏ မျက်လုံး၌ သံသယများ၊ မေးခွန်းများ ပေါ်လာခဲ့၏။

"လူကြီးမင်းကို မြင်ရတာ ကျုပ်တရုတ်မှာ ဆုံဖူးခဲ့တဲ့ မိတ်ဆွေ တစ်ယောက်ကို အမှတ်ရစေတယ်… သူ့ရဲ့ ဓားက အရမ်းကို အစွမ်းထက်ပြီး စီးဆင်းနေတဲ့ ရေအလျင်ကိုတောင် ရပ်တန့်စေနိုင်တယ်…" ဂေါ့ဒင်က ဖြည်းညင်းစွာ ပြောလိုက်၏။

"ခင်ဗျားပြောတာ လင်းမိသားစုက တစ်ယောက်လား…" ချန်းဖန်က ပြန်မေးလိုက်သည်။

"ဟုတ်ပါတယ်… ချိုင့်ဝှမ်း အပြင်ကနေ လူကြီးမင်းရဲ့ စွမ်းအားကို ခံစားမိတုန်းက လင်းမိသားစုဝင် တစ်ယောက်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ခုတော့ လူကြီးမင်းရဲ့ စွမ်းအားနဲ့ ကျုပ်မှတ်မိတဲ့ စွမ်းအားက မတူညီဘူးဆိုတာ သတိထားမိပါပြီ…" ဂေါ့ဒင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

"ဒီလို စွမ်းအားမျိုးကို ကျုပ် ဘယ်တုန်းကမှ မခံစားခံ့ဖူးဘူး… အဲဒါက ရှေးကျတယ်… ခမ်းနားတယ်… ကြီးကျယ်တယ်… အဆုံးသတ် ကင်းမဲ့တယ်… မြင့်မြတ်တယ်… ရေခဲဝင်ရိုးစွန်းတွေ မပေါ်ထွက်ခင်၊ သဲပူတွေ မဖြစ်ပေါ်ခင်က ဖြစ်တည်ခဲ့သလိုပဲ ခံစားရတယ်…"

အဘိုးအိုက သူ၏ သစ်သားတောင်ဝှေးကို ထောက်ရင်း ချန်းဖန်အား စိတ်ဝင်တစား ကြည့်လိုက်၏။

"ဒါပေမဲ့ လူကြီးမင်းက ကျုပ်ရဲ့ နှင်းဝံပုလွေ ပိုင်နက်ထဲကို ရောက်နေပါတယ်… လူကြီးမင်းရဲ့ စွမ်းအားကို လေးစားတဲ့ အနေနဲ့ ဒီချိုင့်ဝှမ်းထဲက ဘေးမသီ၊ ရန်မခ ထွက်ခွာခွင့် ပေးပါ့မယ်… ဒီနေ့ ဖြစ်ရပ်ကိုတော့ လျှို့ဝှက်ထားပေးပါ…"

"ကျုပ်တို့ကရော…" တစ်ယောက်က မေးလိုက်သည်။

"မင်းတို့လား…" အဘိုးအိုက လျှို့ဝှက်စွာ ပြုံးလိုက်သည်။ "မင်းတို့က မိုက်မဲတဲ့ အပြစ်ကို ကျူးလွန်ခဲ့တဲ့ အတွက် မင်းတို့ အသက်တွေနဲ့ ပေးဆပ်ရမယ်… စွမ်းအားတွေ စီးဆင်းနေတဲ့ မင်းတို့ရဲ့ အသွေးအသားတွေက ငါ့ကလေးတွေရဲ့ စွမ်းအားကို ပိုပြီး တိုးလာစေလိမ့်မယ်…"

"အာ… ဝူး…"

အဘိုးအို၏ စကားကို နားလည်သည့်ဟန် သမန်းဝံပုလွေများစွာက တစ်ပြိုင်နက်တည်း အူလိုက်ကြပြန်၏။

ရန်ချင်ဟူကား ရင်ဘတ်တစ်ခုလုံး တဆတ်ဆတ် တုန်အောင် ကြောက်လန့် လာခဲ့၏။ ဤနေရာသို့ သူ ခေါ်လာခဲ့သည့် လမ်းပြများ၏ ကံကြမ္မာကို ရိပ်မိနေပြီ ဖြစ်သည်။

ဆံပင်ဖြူ ကောက်ရိတ်သမားနှင့် အခြား ပညာရှင်များစွာမှာလည်း အဘိုးအို၏ စကားကြောင့် မျက်နှာများ ဖြူရော်နေကြပြီ ဖြစ်သည်။ သူတို့က ချန်းဖန်အား မျှော်လင့်တကြီး လှမ်းကြည့် လိုက်ကြသည်။ သူတို့အား ကယ်တင်နိုင်သူ ဆို၍ ချန်းပေ့ရွှမ်း တစ်ယောက်သာ ရှိတော့သည် မဟုတ်ပါလား...။

"ကောင်းပြီလေ… ငါထွက်သွားပေးမယ်… ဒါပေမဲ့ ဝိညာဉ်ရေတွေနဲ့ သစ်သီးကိုတော့ ယူသွားမယ်…"  ချန်းဖန်က ပြုံးရင်း ပြန်ပြောလိုက်၏။

အဘိုးအိုမှ ဝိညာဉ်ရေ ယူသွားမည် ဆိုသော စကားကို ဂရုစိုက်ပုံ မရသော်လည်း သန္ဓေ အမြုတေ သစ်သီးကို ချန်းဖန် လက်ညှိုးထိုးပြသည့် အချိန်တွင်မူ ဒေါသ အကြီးအကျယ် ထွက်သွားပုံ ရသည်။

"အာ… ဝူး…"

သမန်း ဝံပုလွေများစွာကလည်း အဘိုးအို၏ ဒေါသကို ခံစားမိသည့်နှယ် ဒေါသတကြီး အူလိုက်ကြသည်။

"အဓိပ္ပာယ် မရှိတာ… ဝါသစ်သီးက ဝံပုလွေ နတ်ဘုရားက ငါ့ကလေးတွေကို သနား ကြင်နာလို့ ပေးသွားခဲ့တာပဲ… ဝါသစ်သီးကို လက်ဖျားနဲ့ ထိဝံ့တဲ့သူက ငါတို့ နှင်းဝံပုလွေကလန်ရဲ့ ရန်သူပဲ… မင်း ဘယ်ကပဲ လာလာ… မင်းကို ရအောင် သတ်ပြီး… အသွေးအသားတွေကို စားပစ်မယ်ကွ…"

"ဟမ့်… အဲဒါက ဝါသစ်သီး မဟုတ်ဘူး… သန္ဓေ အမြုတေ သစ်သီးကွ… မင်းလို တိရစ္ဆာန်က သန္ဓေ အမြုတေ သစ်သီးကို ဘယ်နားလည် မလဲ…" ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။

ချန်းဖန်၏ ခန့်မှန်းချက် အရဆိုလျှင် နှင်းဝံပုလွေ ကလန်မှာ ထိုသန္ဓေ အမြုတေ သစ်သီးကို သွေးမျိုးဆက် သန့်စင်ရာ၌ အသုံးပြုမည့်ပုံ ရသည်။ သို့သော်လည်း သန္ဓေ အမြုတေ သစ်သီး၏ အာနိသင်မှာ ကျင့်ကြံသူ တစ်ယောက်၏ ချီအမြုတေကို သန့်စင်ပေးနိုင်ခြင်းသာ ဖြစ်သည်။

"အချိန်ဖြုန်း မနေနဲ့… ချိုင့်ဝှမ်းထဲက ထွက်သွားစမ်း… မဟုတ်ရင် ငါမင်းတို့ အားလုံးကို သတ်ပစ်မယ်…" ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း အေးစက်စွာ ပြောလိုက်သည်။

"အာ… ဝူး… "

ချန်းဖန်၏ စကားကြောင့် ဝံပုလွေများစွာမှာ ဒေါသတကြီး အူလိုက်ကြ၏။

"သတ်… သတ်… သူတို့ အားလုံးကို သတ်…"

ဂေါ့ဒင်က တောင်ဝှေးဖြင့် ချန်းဖန်ထံ ညွှန်ပြရင်း ပြောလိုက်သည်။

သူ၏ အမိန့်ပေးသံအား ကြားသည်နှင့် ရာချီသော သမန်း ဝံပုလွေများစွာမှာ ချန်းဖန်တို့ထံသို့ ဒေါသတကြီး ပြေးဝင် လာကြတော့၏။ သူတို့၏ မျက်လုံးများမှာ ရဲရဲနီနေကာ ဆာလောင်မှုကို ဖော်ကျူးနေသည်။ သမန်းဝံပုလွေများ၏ အမြင်တွင် ချန်းဖန်နှင့် အခြားလူများကား လက်ဆတ်သည့် စွားဖွယ်များပင် ဖြစ်တော့သည်။

"တိုက်ကြရအောင်…" ဧဒင်က ဖြူရော်စွာ ပြုံးရင်း ရွှေရောင်ဓားကို ထုတ်ဖော်လိုက်၏။

"သေနတ်တွေ … လာစမ်း… "

ဆံပင်ဖြူ ကောက်ရိတ်သမားကလည်း လက်ကိုင် အမြောက် နှစ်ခုကို ထုတ်ယူလိုကိသည်။

ချန်းဖန်က အေးဆေးစွာပင် ပြေးဝင်လာသော ဝံပုလွေများအား အဇူရာ လက်သီးဖြင့် ဆီးကြို လိုက်သည်။ များစွာသော သမန်းဝံပုလွေများကား ချန်းဖန်၏ ရိုးရှင်းသော တိုက်ကွက်အောက်တွင် လွင့်စဉ် သွားကြတော့သည်။

သို့သော်လည်း သူတို့၏ ကြံခိုင်သော ခန္ဓာကိုယ်ကြောင့် ကြီးကြီးမားမား ဒဏ်ရာရခြင်း မရှိချေ။ သူတို့က လွင့်စဉ် သွားရာမှ ပြန်လည် ထလာကာ ချန်းဖန်အား ခုန်အုပ်လိုက်ကြပြန်သည်။

အခြားသော သမန်း ဝံပုလွေများမှာလည်း အမှောင်ကမ္ဘာမှ ပညာရှင်များထံ တိုးဝင် သွားကြပြန်သည်။ ခဏအတွင်းမှာပင် အားနည်းနေသော ပညာရှင်များစွာကား သမန်း ဝံပုလွေများထံ၌ အလူးအလဲ ခံနေရတော့၏။ သိုင်းပညာရှင် တစ်ယောက် ပင်လျှင် ဝံပုလွေများ၏ လက်သည်းချက်များ အောက်၌ လည်ပင်း ပြတ်သွားခဲ့ရပြီ ဖြစ်သည်။

"ငါတို့ သေရတော့မှာလား…"

များစွာသော ပညာရှင်များကား ထိန်လန့် တုန်လှုပ်နေကြပြီ ဖြစ်သည်။

ရန်ချင်ဟူမှာ အသက်ဘေးမှ သီသီလေး လွတ်နေသည့်တိုင် အခြေအနေ မဟန်တော့ချေ။

ထို့အတူ ဧဒင်မှာလည်း တစ်ဒါဇင်ခန့် ရှိသော ဝံပုလွေများ၏ ဝန်းရံတိုက်ခိုက်မှု အောက်၌ တဖြည်းဖြည်း လက်ရည်ကျလာပြီ ဖြစ်သည်။

လူတိုင်းက သူတို့၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သော ချန်းဖန်ထံသို့ ကြည့်လိုက် မိကြသည်။

"ဘုန်း…"

ရုတ်တရက် ချန်းဖန်မှာ မူလနေရာမှ မှုန်ဝါး ပျောက်ကွယ်သွား၏။ သူကား နောက်ဆုံး၌ အသံထက် မြန်သော လှုပ်ရှားမှုကို ဖော်ထုတ်နေချေပြီ ဖြစ်တော့သည်။

***

All Chapters