← Chapters

တန်ခိုးရှင် အဆင့်

Vol. 5 Ch. 422

တန်ခိုးရှင် အဆင့်

Vol. 5 Ch. 422

အခြား သမန်းဝံပုလွေများနှင့် မတူညီသည်က ဂေါ့ဒင်၏ အမွေးအမှင်များမှာ နှင်းများအလား ဆွတ်ဆွတ်ဖြူနေ၏။ နှင်းဝံပုလွေဘုရင် ဟူသော နာမည်နှင့် လိုက်ဖက်ပေသည်။ မူလ တုန်တုန်ရီရီ အဘိုးအိုနှင့် ဆင်တူသည့် အရာဟူ၍ မီးဝင်းဝင်းတောက် နေသော မျက်လုံးများသာ ရှိတော့၏။

"ကောင်စုတ်လေး… မင်းကို ငါက အခွင့်အရေး ပေးပေမဲ့ အလေးမထားဘူးပေါ့…"

ဂေါဒင်က နှုတ်ခမ်းများကို တွန့်ကာ ကျိန်ဆိုသည့် အလား ရေရွတ်လိုက်၏။ သူ ပါးစပ် လှုပ်လိုက်တိုင်း သန့်စင်သော ဝိညာဉ် စွမ်းအား တစ်ခု ဖြစ်ပေါ်လာကာ သူ၏ စကားလုံးများကို လူတိုင်း၏ နားစည်ထံသို့ ပို့လွှတ်ပေးသည်။

ထိုစွမ်းအားများကား ခေါင်းဆောင်လေးကောင် အပါအဝင် အခြား သမန်း ဝံပုလွေများထက် အဆများစွာ ပိုမို အစွမ်းထက်ပြီး တန်ခိုးရှင် အစောင့်အရှောက် ငါးယောက်ထက်ပင် သာလွန်နေ၏။

"တန်ခိုးရှင် အဆင့်…" ဧဒင်က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

"တန်ခိုးရှင် အဆင့် တစ်ယောက် ကမ္ဘာပေါ်မှာ ပြန်ပေါ် လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ…" အရူးကလည်း တုန်လှုပ်စွာ ပြောလိုက်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာမူ အထိန်းအကွပ်မဲ့စွာ တုန်လှုပ်နေပြီ ဖြစ်သည်။ တန်ခိုးရှင် အဆင့် ဆိုသည်မှာ သူ့ဘဝ၏ ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။ သို့သော်လည်း ထိုခရီး လမ်းကြောင်းမှာ ကွာဝေးသေးကြောင်း သူသဘော ပေါက်သည်။

ဂေါ့ဒင် သမန်းဝံပုလွေ အသွင်သို့ ပြောင်းလဲသွားသည်ကို မြင်သည်နှင့် များစွာသော ဝံပုလွေများက အားတက်သရော အူလိုက် ကြပြန်သည်။

"အာ… ဝူး… "

"အာ… ဝူး…"

"အာ… ဝူး…"

ရေခဲဝံပုလွေ ချိုင့်ဝှမ်း တစ်ခုလုံးကား ဝံပုလွေ အူသံများဖြင့် ချောက်ချားဖွယ် အတိ ရှိနေခဲ့ပြီ ဖြစ်သည်။ ဝံပုလွေအူသံများအား တောင်ကမ်းပါးယံများက ပဲ့တင့်နေစေကာ လူတိုင်းအား ကြက်သီးထဖွယ် ခံစားချက်များ ဖြစ်ပေါ်စေသည်။ ထိုအသံများကား ပျော်ရွှင် မြူးတူးခြင်းများဖြင့် ပြည့်နှက်နေကာ အဝေးမှ ပြန်လာသည့် အရှင်သခင်ကို ကြိုဆိုနေသလိုပင် ထင်ရသည်။

"ဘုန်း…"

နှင်းဝံပုလွေ ဘုရင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် မူလနေရာမှ ပျောက်ကွယ်သွားပြီး တန်ခိုးရှင် အစောင့်အရှောက် ကာရာစုတန်ဂူ၏ ရှေ့၌ ပြန်ပေါ်လာခဲ့၏။ တန်ခိုးရှင် အစောင့်အရှောက် ကာရာစုတန်ဂူကား ဓမ္မ ဖွဲ့စည်းပုံ ခန္ဓာသို့ ပြောင်းလဲထားခြင်း မရှိသဖြင့် သုံးမီတာခန့်သာ မြင့်မားနေရာ နှင်းဝံပုလွေဘုရင်နှင့် အတူတူလောက်ပင် ရှိသည်။

နှင်းဝံပုလွေဘုရင် ပေါ်လာသည်နှင့် ကာရာစုတန်ဂူက အတောင်များအား ဖြန့်ကြက်ရင်း သူ၏ ရွှေရုပ်တု လက်နက်ဖြင့် ရိုက်ချလိုက်သည်။ ထိုရိုက်ချက်ကား ကမ္ဘာမြေကြီးကိုပင် ပြောင်းပြန်လှန်နိုင်သော စွမ်းအားများကို သယ်ဆောင်ကာ နှင်းဝံပုလွေဘုရင်ထံ တိုးဝင် သွားတော့၏။

"ဘုန်း…"

ရွှေရုပ်တုက နှင်းဝံပုလွေဘုရင်၏ ပခုံးထက်သို့ တည့်တည့်ကျသည်။ ထိုတိုက်မှုက တင့်ကား တစ်စီးကိုပင် ညက်ညက် ကျေစေနိုင်သော်လည်း နှင်းဝံပုလွေအား နောက်သို့ အနည်းငယ်ကာ ယိမ်းထိုးသွားစေသည်။ နှင်းဝံပုလွေ ဘုရင်က ခဏချင်းပင် ခန္ဓာကိုယ်အား ပြန်လည် ထိန်းမတ်ကာ သုံးဆယ် စင်ဆီမီတာခန့် ရှည်သော လက်သည်းများဖြင့် ပြန်လည် တိုက်ခိုက်လိုက်၏။

"ရွှပ်…" နှင်းဝံပုလွေ ဘုရင်၏ လက်သည်းများက ကာရာစုတန်ဂူအား ထက်ဝက် ပိုင်းဖြတ် သွားတော့၏။ တန်ခိုးရှင် အစောင့်အရှောက် ကာရာစုတန်ဂူ၏ ခန္ဓာကိုယ်မှာ သေနတ်ကျည်ဆန်များ၊ အမြောက်ဆန်များကိုပင် ခံနိုင်ရည် ရှိသည် အထိ သန်မာသည်။ သို့သော်လည်း ထိုခန္ဓာကိုယ်ကယး နှင်းဝံပုလွေဘုရင်၏ ရိုးရှင်းသော လက်သည်းအောက်တွင်မူ စက္ကူတစ်ချပ် အလား ဖြဲဆုတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

"အာ… ဝူး…"

"အာ… ဝူး…"

"အာ… ဝူး…"

သမန်းဝံပုလွေများစွာက ရင်ဘတ်များကို ထုရိုက်ရင်း အောင်ပွဲ ခံလိုက်ကြ၏။

သူတို့နှင့် ဆန့်ကျင်စွာပင် လူသား ပညာရှင်များစွာမှာမူ ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ရီနေခဲ့ပြီ ဖြစ်သည်။

"တန်ခိုးရှင် အစောင့်အရှောက်တွေက တန်ခိုးရှင် တစ်ပိုင်း အဆင့်တွေပဲ… သူတို့က အထွတ်အထိပ် ထိပ်ဆုံး အဆင့်တွေထက်တောင် ပိုပြီး အစွမ်းထက်တယ်… ဒါပေမဲ့ နှင်းဝံပုလွေ ဘုရင်က တန်ခိုးရှင် အဆင့် တစ်ယောက်ကို လွယ်လွယ်လေး သတ်လိုက်နိုင်ပါလား… သူက ဘယ်လောက်တောက် အစွမ်းထက်နေတာလဲ…"

ဧဒင်က နဖူးပေါ်မှ စီးကျလာသော ချွေးများကို သုတ်ရင်း ရေရွတ် လိုက်မိသည်။

"တန်ခိုးရှင် အဆင့်က အရမ်း ကြောက်ဖို့ ကောင်းလွန်းတယ်…"

ရန်ချင်ဟူကလည်း တုန်ရီစွာ ရေရွတ်လိုက်၏။ မီတာရာချီသော အကာအဝေးကပင်လျှင် နှင်းဝံပုလွေ၏ စွမ်းအား အရှိန်အဝါမှာ မည်မျှ ပြင်းထန်နေကြောင်း သူခန့်မှန်းမိနေပြီ ဖြစ်သည်။

ထိုအချိန်မှာပင် နှင်းဝံပုလွေဘုရင်မှာ တန်ခိုးရှင် အစောင့်အရှောက် စုဆမ်နိုထံသို့  ဦးတည် ရွေ့လျားသွားခဲ့ပြီ ဖြစ်သည်။ သူက စုဆမ်နိုအား ဒုတိယ ပစ်မှတ်အဖြစ် သတ်မှတ် လိုက်ပုံရသည်။

တန်ခိုးရှင် အစောင့်အရှောက် စုဆန်နိုမှာ ချန်းဖန် ပထမဆုံး ဖန်တီးထားသည့် တန်ခိုးရှင် အစောင့်အရှောက် ဖြစ်ရာ အခြားလူများထက် ပိုမို အစွမ်းထက်သည်။ သူ၏ ခန္ဓာကိုယ် ငါးမီတာခန့် အထိ ရှည်လျားကာ လက်ထဲတွင်လည်း ငါးမီတာခန့် ရှိသည့် လှံတံကို ကိုင်ဆွဲထားသည်။

လှံတံကား ရွှေရောင် အလင်းများ တောက်ပနေကာ လေဟာနယ်ကိုပင် ဖြတ်ပိုင်းနိုင်ပုံ ရသည်။ စုဆမ်နိုက လှံတံကို လွှဲကာ သူ့အား တိုက်ခိုက်လာသည့် နှင်းဝံပုလွေ ဘုရင်ကို ပိုင်းချ လိုက်သည်။

"ကလန့်…" ရွှေရောင်လှံတံနှင့် လက်သည်းတို့ ထိပ်တိုက်တွေ့ရာ သတ္တု ရိုက်ခတ်သံကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့၏။

နှင်းဝံပုလွေဘုရင်မှာ လှံတံ တိုက်ခိုက်မှုကို ခံရသည့်တိုင် မူလနေရာတွင်ပင် ရှိနေသေးသည်။ သို့သော်လည်း စုဆမ်နိုမှာမူ နောက်သို့ တစ်မီတာခန့် အထိ လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။

နှင်းဝံပုလွေ ဘုရင်မှာ တည်ငြိမ်နေသေးဟန် ရသော်လည်း သူ၏ လက်သည်းမျာမှာမူ သွေးများပင် စီးကျနေပြီ ဖြစ်သည်။ စုဆန်နို ကိုင်ထားသော လှံတံမှာ ယုံကြည်မှု စွမ်းအားများကို အသုံးပြုပြီး ချန်းဖန် ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် နှင်းဝံပုလွေဘုရင်၏ လက်သည်းများမှ လှံတံနှင့် ယှဉ်ပါက သိသိသာသာပင် အားနည်းသည်။

သို့သော်လည်း ပြတ်သွားသော လက်သည်းများကား တစ်တောင်တစ်ခတ်စာ အတွင်းမှာပင် ပြန်လည် ပေါ်ထွက်လာသည်။ နှင်းဝံပုလွေ ကလန်၏ ဝံပုလွေများ၏ ခန္ဓာကိုယ်ကား အလွန်တရာ မာကျောသည့် အပြင် အံ့မခန်း ကုသနိုင်စွမ်းကိုပါ ပိုင်ဆိုင်ထားသေး၏။

"ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မယ်လို့ မျှော်လင့် မထားခဲ့ဘူး…"

နှင်းဝံပုလွေဘုရင်၏ မျက်လုံးများကား အနီရောင် မီးတောက် မီးလျှံများဖြင့် ပြည့်နှက် နေချေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှလည်း ပူပြင်း တောက်လောင်သော စွမ်းအားများ ဖြာထွက်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးအား အညှာအတာ ကင်းမဲ့စွာ ရိုက်ခတ်လာ၏။

တန်ခိုးရှင် အစောင့်အရှောက် စုဆမ်နိုက ထိုအရာများကို ဂရုမစိုက်သည့် အလား လှံတံရှည်ကို နောက်တစ်ကြိမ် ဆွဲကိုင်သည်။ ထို့နောက် သူက လှံတံကို လက်နှစ်ဖက်ဖြင့် ကိုင်၍ ဦးခေါင်းထက်သို့ ပင့်တင် အားယူကာ လွှဲခုတ်လိုက်ပြန်၏။

ထိုအချိန်မှာပင် အခြား တန်ခိုးရှင် အစောင့်အရှောက် သုံးဦးမှာလည်း နှင်းဝံပုလွေ ဘုရင်ထံသို့ ပြေးဝင်လာကာ အစွမ်းကုန် တိုက်ခိုက်လိုက်ကြ၏။

သို့သော်လည်း နှင်းဝံပုလွေဘုရင်ကား အလွန် အစွမ်းထက်သော တန်ခိုးရှင် အဆင့်ဖြစ်သည်။ သူ၏ တိုက်ခိုက်မှု စွမ်းအားများကား တန်ခိုးရှင် အစောင့်အရှောက် များထက် အပြတ်အသတ် သာလွန်သည်။

တိုက်ပွဲစ၍ သုံးစက္ကန့်မျှ အချိန်အတွင်းမှာပင် နှင်းဝံပုလွေဘုရင်က ခန္ဓာကိုယ်ကို နောက်ပြန်လှည့်ကာ လက်ခြောက်ဖက် နတ်ဆိုးအား လက်သည်းဖြင့် ခုတ်ထစ်လိုက်သည်။ ထိုလက်သည်းချက်၏ အောက်၌ လက်ခြောက်ဖက် နတ်ဆိုးကား အပိုင်းပိုင်း အစစ ဖြစ်သွားတော့သည်။

နောက်ငါးစက္ကန့် အကြာတွင်မူ... နှင်းဝံပုလွေဘုရင်မှာ ကူရိုမီ၏ နတ်ဘုရားအလင်း တိုက်ခိုက်မှုကို တိုက်ရိုက်ထိမှန်ခံကာ ကူရိုမီ၏ လည်ပင်းအား ချိုးဖဲ့ပစ်လိုက်သည်။

ဆယ်စက္ကန့် အကြာတွင်မူ… နှင်းဝံပုလွေ ဘုရင်က အရိပ်တစ်ခု အသွင် ပြောင်းလဲရင်း သစ်ပင်ကြီး အသွင် တန်ခိုးရှင် အစောင့်အရှောက် ယာမမီဇူကီကို လှည့်ပတ် တိုက်ခိုက်လိုက်သည်။ ခဏအတွင်းမှာပင် ယာမမီဇူကီ၏ ခန္ဓာကိုယ်ကား အပိုင်းပိုင်း ပြတ်ထွက် သွားတော့၏။

"ဘုန်း…"

တစ်မိနစ်မျှ မကြာသေးသော အချိန်အတွင်း၌ တန်ခိုးရှင် အစောင့်အရှောက် သုံးယောက်ကား နှင်းဝံပုလွေ၏ လက်အောက်၌ ကျရှုံးသွားခဲ့ရပြီ ဖြစ်လေသည်။

ချန်းဖန်က နှင်းပုလွေဘုရင်အား အကဲခတ်ရင်း မျက်မှောင်ကြုတ် နေမိသည်။ ထိုသတ္တဝါကြီးကား တန်ခိုးရှင်အဆင့်သို့ ဝင်ရောက်ပြီးသည့် တာကီမီယာဟီရိုထက်ပင် ပိုမို အစွမ်းထက် နေသည်။ နှင်းဝံပုလွေ ဘုရင်ကား ဤဂြိုလ်ကမ္ဘာ၏ ထိပ်ဆုံးဟု ဆိုနိုင်သည့် တန်ခိုးရှင် အဆင့်သို့ အပြည့်အဝ ရောက်ရှိနေချေပြီ ဖြစ်သည်။

"ကောင်စုတ်လေး… မင်းရဲ့ အရုပ်တွေက အသုံးမဝင်ပါလား…"

နှင်းဝံပုလွေ ဘုရင်က ချန်းဖန်ဘက်သို့ လှည့်ရင်း နှာခေါင်း ရှုံ့လိုက်သည်။

"ဟုတ်လား…"

ချန်းဖန်က တည်ငြိမ်စွာပင် လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်၏။

ခဏအတွင်းမှာပင် တန်ခိုးရှင် အစောင့်အရှောက် သုံးယောက်၏ အပိုင်းပိုင်းပြတ် ခန္ဓာကိုယ်များကား လျှင်မြန်စွာပင် ပြန်လည် ပေါင်းစပ်ကာ အပြည့်အဝ ပြန်လည် ဖြစ်တည် လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် တန်ခိုးရှင် အစောင့်အရှောက် လေးယောက် ပြန်လည် စုံညီသွားပြီ ဖြစ်၏။

"မင်းတစ်ယောက်တည်းမှာပဲ ပြန်လည် ကုစားနိုင်တဲ့ စွမ်းအားရှိတာလို့ ထင်နေတာလား…" ချန်းဖန်က အနည်းငယ် ရယ်ပြုံးရင်း ဆက်ပြောလိုက်သည်။ "တန်ခိုးရှင် အစောင့်အရှောက်တွေက နတ်ဆိုးသခင်တွေ ကနေ လုပ်ထားတာ… သူတို့က ဘယ်တော့မှ သေမှာ မဟုတ်ဘူး… မင်း ဘယ်နှကြိမ် တိုက်ခိုက်နိုင်မလဲ ကြည့်ရသေးတာပေါ့…"

ချန်းဖန်၏ စကားကြောင့် နှင်းဝံပုလွေ ဘုရင်မှာ အနည်းငယ် တုန်ရီ သွားသည်။ သမန်း ဝံပုလွေများစွာ၏ အူမြူးသော အော်သံများမှာလည်း တိတ်ဆိတ် သွားခဲ့ပြီ ဖြစ်သည်။

" … "

တန်ခိုးရှင် အစောင့်အရှောက် ကာရာစုတန်ဂူ၏ တတိယ အကြိမ်မြောက် ပြန်လည် ဖွဲ့စည်းလာသော ခန္ဓာအား ကြည့်ရင်း နှင်းဝံပုလွေ ဘုရင်၏ ဒေါသများမှာ မထိန်းချုပ်နိုင်အောင် ထွက်နေခဲ့ပြီ ဖြစ်သည်။ သူက မြေပြင်အား ဆောင့်နင်း အရှိန်ယူကာ ချန်းဖန်ထံသို့ အသံ၏ အမြန်နှုန်းနီးပါး တိုးဝင်သွားသည်။

"ငါမင်းကို သတ်လိုက်ရင် သူတို့တွေလည်း ပျောက်သွားမှာပဲ…"

သူ၏ လက်သည်းများက ဓားများအသွင်သို့ လျှင်မြန်စွာ ဖွဲ့တည်လာသည်။ ထိုဓားများက ချန်းဖန်၏ ဘေးပတ်လည်သို့ ဝန်းရံကာ ဘက်ပေါင်းစုံမှ တပြိုက်နက်တည်း တိုက်ခိုက် လိုက်သည်။

"မင်းက ငါ့ကို တိုက်ခိုက်ချင်တာလား…"

ချန်းဖန်က ရယ်မောရင်း တန်ပြန် တိုက်ခိုက်လိုက်သည်။ ရုတ်တရက်ပင် ကမ္ဘာမြေကြီးကား ငလျင် လှုပ်သကဲ့သို့ တုန်လှုပ်သွားတော့၏။ ချီအမြုတေများ လှိုင်းများမှာလည်း  တဝုန်းဝုန်းဖြင့် တိုက်ပွဲ မြေပြင် တစ်ခွင်မှ ထွက်ပေါ်လာတော့သည်။ ထိုလှိုင်းများ ဆယ်မီတာ ဝန်းကျင် အတွင်း၌ ရှိနေသော အထွတ်အထိပ် ပညာရှင်ကိုပင် သတ်ဖြတ်နိုင်လောက်၏။

ထိုတိုက်ပွဲကား အဇူရာ သက်ရှည် ခန္ဓာကိုယ်နှင့် နှင်းဝံပုလွေဘုရင်တို့ အကြားမှ တိုက်ရိုက် တိုက်ပွဲပင် ဖြစ်၏။ တစ်နည်းဆိုရလျှင် ကမ္ဘာမြေ၏ တန်ခိုးရှင် အဆင့်နှင့် ကျင့်ကြံခြင်း လောက၏ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့် တန်ခိုးရှင် အဆင့်တို့ကြားမှ တိုက်ပွဲပင် ဖြစ်၏။

ချန်းဖန်ကား ပြန်လည် မွေးဖွားပြီးချိန်မှ စ၍ ပထမဆုံး အကြိမ်အဖြစ် ထိုက်တန်သော ပြိုင်ဘက်နှင့် ရင်ဆိုင်နေခဲ့ရပြီ ဖြစ်သည်။သူ၏ သွေးများမှာ ဆူပွက်လာနေပြီ ဖြစ်ပြီး ဆံပင်များမှာလည်း တိုက်ပွဲ၏ အောက်၌ လူးလွင့်နေခဲ့ပြီ ဖြစ်တော့သည်။

"ဘုန်း…"

အဇူရာ ချီအလင်းများနှင့် နှင်းဝံပုလွေ၏ လက်သည်းများကား စတင် ရင်ဆိုင်လိုက်ကြပြီ ဖြစ်သည်။

အကြီးကျယ်ဆုံး တိုက်ပွဲ တစ်ခုကား ရေခဲဝံပုလွေ ချိုင့်ဝှမ်း၌ စတင်ခဲ့ပြီ ဖြစ်တော့သည်။

***

All Chapters