← Chapters

အိပ်မက်ထဲ၌ ပျော်ရွှင်ရမှု

Vol. 130 Ch. 1796

အိပ်မက်ထဲ၌ ပျော်ရွှင်ရမှု

Vol. 130 Ch. 1796

 “နှစ်တစ်နှစ်ရဲ့ ဒီနေ့ဟာ ထပ်ရောက်လာခဲ့ပြန်ပြီ…”  ဝမ်လင်းသည် ခါးသီးစွာ ခေါင်းယမ်း၍ ထိုင်ချလိုက်သည်။

သည်အခိုက်တွင် မဟာအင်ပါယာရွှမ်လောက တောင်ထိပ်ပေါ်တွင် ထိုင်ကာ ဝမ်လင်းကို တိတ်တဆိတ် ကြည့်နေသည်။

ထိုင်ချလိုက်ပြီးနောက် ဝမ်လ်ငးက အသက်ဝဝရှုထုတ်ကာ သူ့ညာလက်ကို ဆန့်ထုတ်လိုက်၏။ တစ္ဆေရွက်ဖျင် ပေါ်လာပြီး သူ့ကို ခြုံလွှမ်းသည်။

သူက သူ့ကို အပြင်လူများ မမြင်စေချင်သည့်အလား။ သူသည် သည်တစ်နေ့လုံး တစ်ကိုယ်တည်း ငြိမ်သက်စာ ကုန်ဆုံးချင်မိ၏။

ကောင်းကင်ဘုံနယ်မြေ၏ ကောင်းကင်သည် ကြည်လင်ကာ နေအလင်း ဖြာနေ၏။ ထိုနေအလင်းက ပူပြင်းခြင်းမရှိလေဘဲ နွေးထွေးမှုကို ပေးသည်။

ဝမ်လင်း ထိုင်နေသော တောင်မှာ ဆိတ်ငြိမ်လှသည်။ သူက တစ္ဆေရွက်ဖျက်အတွင်း၌ ထိုင်၍ ကောင်းကင်ထက်သို့ အချိန်အကြာကြီး မော့ကြည့်နေသည်။

“ဝမ်အာ…မကြာခင် ငါဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို သွားရတော့မယ။ အဲ့ ကျရင် ငါ နင် နိုးလာစေဖို့ နည်းလမ်းတစ်ခု ရှာမယ်။ ငါ့ကို ယုံပါ။ ငါ့ကို ယုံပါ။ အတိတ်တုန်းက ငါ နင့်ကို ကတိပေးထားသလိုပဲ ကောင်းကင်ဘုံက နင့်ကို သေစေချင်ရင်တောင် ငါ နင့်ကို ပြန်ယူဆောင်မယ်…”

ပတ်ဝန်းကျင်သည် ငြိမ်သက်တိတ်ဆိတ်နေသည့်အတွက် ဝမ်လင်း၏စိတ်နှလုံးမှာ တည်ငြိမ်ကာ အတိတ်ကို အောက်မေ့မှုတို့ လွမ်းရိပ်တို့ သန်းနေသည်။

ဝမ်လင်းသည် ဒီလှိုဏ်ဂူလောက၌ အချိန်များစွာ မနေရလောက်တော့ဟု ဝိုးတဝါး ခံစားမိသည်။ သိပ်မကြာခင်တွင် သူက သည်နေရာကနေ ထွက်ခွာကာ တစိမ်းတပြင်ဖြစ်သည့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထံသို့ ဦးတည်ရတော့မည်။

ဝမ်လင်းသည် သူ့ဘဝ၌ အစိမ်းသပ်သပ်နေရာများစွာကို သွားရောက်ခဲ့ဖူး၏။ သူ့ခရီးစဉ္များ တလျှောက် အထီကျန်မှုသာ သူနှင့် အဖော်ပြုခဲ့သည်။ သူသည် အထီးကျန်သော်လည်း လီမူဝမ်က သူနှင့်အတူ အဖော်ပြုပေးခဲ့ပြီး သူ့အထီးကျန်ခြင်းကို အတန်ငယ် လျော့ပါးစေကာ ခုသာခံသာ ဖြစ်စေသည်။

“ဒီနေ့ဟာ နေ့ထူးပဲ။ ဝမ်အာ…နင် မှတ်မိရဲ့လား…”  ဝမ်လင်းသည် သူ၏အသက်၊ သူ့မွေးနေ့တို့ကို မမှတ်မိတော့ပေ။ သို့ပေမည့် သူသည် လွန်ခဲ့သောနှစ်ပေါင်းထောင်ချီက ဒီနေ့ကိုမူ မှတ်မိသည်။

သူ မမေ့နိုင်သော ရက်စွဲတစ်ခုပင်။ နှစ်စဉ်နှစ်တိုင်း သည်နေ့တွင် သူသည် တကိုယ်တည်း ကုန်ဆုံးလေ့ ရှိ၏။ သူက သူ့ကိုယ်သူ မေ့နေဖို့ သတ်ဖြတ်နေ၍လည်းကောင်း၊ သူ့စိတ်နှလုံးသားတွင်း၌ ဒီနေ့ကို မြှုပ်နှံ့ကာ ထွက်ပြေး၍ တဖုံ၊ သို့မဟုတ် တနေရာရာတွင် တံခါးပိတ်ကျင့်ကြံနေခြင်းဖြင့် ကုန်ဆုံးတတ်သည်။

သို့ပေမည့် အချိန်အများစုကိုမူ သူ တစ်ကိုယ်တည်း အရက်သောက်၍ ကုန်ဆုံးခဲ့သည်သာ။ ပူပြင်းပြင်းအရက်က သူ့လည်ချောင်းတွင်း စီးဆင်းလိမ့်မည်။ သို့ပေမည့် သူသည် ထိုအရက်၏အရသာကို မခံစားမိနိုင်။ အကြောင်းမှာ သူ့စိတ်သဏ္ဍာန်၌ လွမ်းရိပ်ပိုကဲ၊ ဆုံးရှုံးမှုတို့ ပြည့်နေသောကြောင့်ပင်။ ထိုအရက်က မည်မျှ ပြင်းပါစေ သည်ခံစားချက်များကို ရှင်းလင်းမပေးနိုင်ပါ။

“ဝမ်အာ…ငါ လီချန်မေကို လက်ခံခဲ့တယ်။ ငါ တောင်းပန်ပါတယ်…”  ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက တစ္ဆေရွက်ဖျင်အတွင်း၌ အရက်အိုးတစ်လုံးကို ထုတ်ကာ မော့သည်။

“ဒီလိုကြင်နာမှုမျိုးဟာ ငါ ပြန်ပေးဆပ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူးလေ။ ဝမ်အာ…ငါ ဒီဘဝမှာ ထပ်မချစ်ချင်တော့ဘူး။ နင် ခွဲခွာသွားခဲ့တာဟာ ငါ့ကို အချစ်ရဲ့ တန်ဖိုးကို သိစေခဲ့တာကြောင့်ပါ…”

လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က သည်နေ့တွင် အကူအညီတောင်းခံသံတစ်ခုမှာ ဝမ်လင်း၏နှလုံးသားထဲသို့ ဝင်ရောက်ခဲ့ဖူးသည်။ ထိုအသံမှာ အလွန်ညင်သာပြီး အကူအညီမဲ့လှသည်။ ကြားရသူတိုင်း စိတ်မကောင်းဖြစ်စေလိမ့်မည်။

ထိုအသံက ဝမ်လင်းကို ရပ်တန့်စေကာ သူ့ကို နောက်လှည့်ကြည့်စေခဲ့ဖူးသည်။ ထိုအခါ သူက သူ မသိသော ပုံရိပ်တစ်ခုကို တွေ့မြင်ခဲ့ရပြီး ထိုပုံရိပ်ကို သူ့တဘဝလုံး အမှတ်ရနေရတော့မည်ကိုမူ သူ မသိခဲ့ပေ။

ထိုပုံရိပ်မှာ သူ့အမျိုးသမီး ဖြစ်လာခဲ့သည်။

ဝမ်လင်း၏စိတ်နှလုံးထဲ၌ နာကျင်စွာ ခံစားနေရ၏။ သူက အရက်တစ်အိုးလုံး မော့ချပစ်သည်။ သူက ၎င်းကို ဘေးသို့ လွှတ်ပစ်လိုက်ပြီး နောက်တစ်အိုး ထပ်ထုတ်သည်။

သိပ်မဝေးသောနေရာရှိ ထိုင်နေသော မဟာအင်ပါယာရွှမ်လောက ဝမ်လင်း၏ နောက်ကျောကို ကြည့်နေ၏။ ဝမ်လင်း၏ ဝမ်းနည်းမှုနှင့်အထီးကျန်ခြင်းက သူ့ကိုပင် လှုပ်ရှားမိစေသည်။

“ဝမ်အာ…ငါ့ကို စောင့်ပေးပါ။ စောင့်နေပေးပါ။  ငါ နင့်ကို ပြန်အသက်ရှင်အောင် လုပ်နိုင်ဖို့ သိပ်ကြာတော့မှာ မဟုတ်ပါဘူး…”  ဝမ်လင်းက အရက်တကျိုက် မော့ချပြန်၏။ အရက်များက သူ့ပါးစပ်ထောင့်မှ စီးကျသည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ကောင်းကင်ဖယ်ကြဉ်ခြင်းခေါင်းတလားသည် သူ၏ရှေ့တွင် ပေါ်လာတော့သည်။

ခေါင်းတလားအတွင်းရှိ အိပ်ပျော်နေသော လီမူဝမ်ကို ကြည့်ကာ ဝမ်လင်းက နူးညံ့စွာ ပြုံးမိသည်။ သို့ပေမည့် သူ့စိတ်နှလုံးအတွင်း အပ်တစ်ချောင်းဖြင့် ထိုးစိုက်သလိုလည်း သူ ခံစားမိနေသည်။

ဝမ်လင်းသည် လီမူဝမ်ကို အချိန်အကြာကြီး ငေးကြည့်နေ၏။ ထို့နောက် သူက ခေါင်းတလားအဖုံးကို ငြင်ငြင်သာသာ ဖွင့်လိုက်သည်။ သူ့ဘယ်လက်မှာ တုန်ယင်လျက် သူက ခေါင်းတလားထံ လက်လှမ်းကာ လီမူဝမ်၏မျက်နှာကို ထိတွေ့ကြည့်သည်။

သူက လီမူဝမ်၏မျက်နှာကို ညင်သာစွာ ထိကိုင်ကြည့်၏။ ဝမ်လင်း၏နှလုံးသားထဲရှိ နာကျင်မှုက ဝမ်းနည်းမှုလှိုင်းအဖြစ် ပြောင်းကာ သူ့အား ပြိုလဲကျမတတ်ပင်။

“ဝမ်အာ…” ဝမ်လင်းသည် မျက်ရည်များ စီးကျလာသည်။ သူ့မျက်ရည်များက လီမူဝမ်ပေါ်သို့ ကျရောက်သွားပြီး သူမ၏အဝတ်အစားကို စိုစွတ်စေသည်။

“ဝမ်အာ…နင့်ရဲ့ စိတ်ဝိညာဉ်အမျှင်တန်းဟာ ပျောက်နေတယ်။ နတ်ဘုရားပြစ်ဒဏ်ဟာ ဆက်မရှိတော့ဘူး။ ဒါပေမဲ့ နင့်စိတ်ဝိညာဉ်အမျှင်တန်းဟာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်သူ့ရှိမှာပဲ ဖြစ်ဖြစ် ငါ ပြန်ယူမယ်…”

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်ရင်း အရက်အိုးကို ကောက်ယူကာ တစ်ကျိုက်မော့ချလိုက်၏။ သူ၏မျက်ရည်များက အရက်နှင့်ရောကာ ပို၍ ခါးသက်လာသည်။ သို့သော် သူက သောက်ချလိုက်သည်သာ။

ဝမ်လင်းက အရက်အိုးကို လွှင့်ပစ်လိုက်ပြီး သူ့ညာလက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။ သူ့ဘယ်လက်ဖြင့်လည်း လီမူဝမ်၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။ သူက မျက်လုံးမှိတ်လိုက်သည်။

“တစ္ဆေမျက်နှာပုံရိပ်ယောင်…အိပ်မက်…”  ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်စဉ် သူ့ပတ်လည်ရှိ တစ္ဆေရွက်ဖျင်သည် တွန့်ခေါက်ပုံပျက်လာသည်။ ရွက်ဖျင်ပေါ်ရှိ တစ္ဆေမျက်နှာက ဟိန်းသံပေးကာ ပျံသန်းထွက်လာပြီးနောက် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား၌ ပျောက်ကွယ်သွားသည်။ ဝမ်လင်းပတ်လည်ရှိ မြူများ သိပ်သည်းလာကာ အတွင်းရှိ အရာအားလုံးကို မြင်ရဖို့ မဖြစ်နိုင်တော့ပေ။

ရွှမ်လောက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ၏အမူအရာမှာ ရှုပ်ထွေးနေဟန်ပင်။ သူက တချို့စိတ်ကူးများ ရှိနေ၏။ သက်ပြင်းချကာ သူသည် ဝမ်လင်းပတ်လည်ရှိမြူထံသို့ လက်ညွှန်လိုက်၏။ သူ့နတ်ဘုရားအာရုံက မြူအတွင်းသို့ ဝင်ရောက်သွားတော့သည်။

“ဝမ်လင်း…ဒီအဘိုးအိုက မင်းကို နှောက်ယှက်ချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ မင်းနဲ့ ပတ်သတ်လို့ အကုန်လုံး နားလည်ထားဖို့ လိုတယ်။ ငါဟာ တပည့်တစ်ယောက် ရွေးဖို့တင် မဟုတ်ဘဲ ငါ့ပြန်လည်မွေးဖွားခြင်းနဲ့ ငါ့ရှေးတောက်ကလန်ကို ကာကွယ်ပေးမဲ့ တစ်စုံတစ်ယောက် လိုအပ်နေတာ၊ ငါ့အတွက် အလွန်အရေးကြီးတဲ့လူတစ်ယောက် လိုအပ်နေတာ…”  ရွှမ်လောကလည်း မျက်လုံးမှိတ်လိုက်၏။

သူ မျက်လုံးမှိတ်လိုက်သည့်အခိုက်တွင် သူ့စိတ်က ဝမ်လင်းရှိနေသော အိပ်မက်လောကသို့ ဝင်ရောက်သွားသည်။ သူက ထိုလောကထံမှ ထွက်ပေါ်နေသော ဝမ်းနည်းမှုကို ခံစားမိသည်။

ကောင်းကင်မှာ နက်မှောင်နေ၍ အကွာအဝေးတစ်ခု၌ ကြောက်မက်ဖွယ်မီးတောက်များ ရှိနေပြီး ကောင်းကင်ယံကို လင်းထင်းစေသည်။ သတ်ဖြတ်ခြင်းအသံဗလံများ၊ မန္တာန်များ ထိပ်တိုက်တွေ့နေခြင်းကို အဝေးကနေပင် ကြားနိုင်သည်။

ဝမ်လင်းသည် နေရာတွင် ရပ်နေပြီး သူ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက တဖြည်းဖြည်း ကွယ်ပျောက်လာ၏။ သူက နတ်ဆိုးပင်လယ်ရှိရာသို့ လှမ်းကြည့်ပြီး ခပ်ဖြည်းဖြည်း စောင့်ဆိုင်းနေ၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်း၏မျက်လုံးရှေ့တွင် အလင်းတန်းနှစ်ခု ပျံသန်းလာကြသည်။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ပင်။ ရှေ့ရှိ အမျိုးသမီးဖြစ်သူမှာ ဖြူရောကာ ထိတ်လန့်နေ၏။ သူမ၏ခန္ဓာကိုယ်မှာလည်း တုန်ရီနေသည်။ သည်အမျိုးသမီးက ကြာပန်းနတ်သမီးအလား ညင်သာကျော့ရှင်းလှသည်။ သူမက လီမူဝမ်ပင်။

သူမနောက်သို့ လိုက်လံနေသူကတော့ ရမ္မက်လွှမ်းနေသော မျက်နှာနှင့် အမျိုးသားတစ်ယောက်ပင်။

“ကောင်မလေး…မင်းတို့ ဆယ့်သုံးယောက်အဖွဲ့ကို ငါ သတ်ပြီးပြီး။ မင်း ဘယ်ကို ပြေးနိုင်မှာလဲ…”  ထိုသို့ဆိုရင်း သူက ညာလက်ကို ဝေ့ယမ်းလိုက်၏။ လီမူဝမ်၏ အဝတ်အစား တော်တော်များများ ဆုတ်ပြဲကာ သူမ၏အရေပြား လှစ်ဟပေါ်လာသည်။

လီမူဝမ်က အလန့်တကြား အော်ဟစ်လိုက်စဉ် ထိုလူ၏ မျက်လုံးထဲရှိ ရမ္မက်က ပိုပြင်းထန်လာသည်။

ထိုအခိုက်တွင် လီမူဝမ်က ဝမ်လင်းကို တွေ့၏။ ခုချိန်၌ အရှက်ခွဲခံရခြင်းနှင့် အန္တရာယ်ကို ရင်ဆိုင်နေရသည့်နောက် သူမ၏စိတ်နှလုံးမှာ အားလျော့နေပေပြီ။ သူမက ဝမ်လင်းကို သိသလို ဖြစ်နေ၏။

“စီနီယာအစ်ကို…ငါ့ကို ကယ်ပေးပါ…”  သူမ ထိုသို့ ပြောစဉ် သူမက ဦးတည်ဘက် ပြောင်းပြီး ဝမ်လင်း၏ဘေးနားသို့ ချက်ခြင်း ရောက်လာသည်။ သူမ၏မျက်နှာထက်၌ စိုးရိမ်ပူပန်မှုတို့ ပြည့်နေပြီး အံကြိတ်ကာ မြန်မြန်သွက်သွက် ပြောလာသည်။ ဒီလူဟာ ရွှမ်ဝူနိုင်ငံရဲ့ စုံတွဲကျင့်ကြံခြင်းကလန်က အကြီးအကဲတစ်ယောက်ပါ။ သူက ဂျူနီယာ့ရှိမှာ အလှမ်းကွာဝေးကောင်းကင်ဆေးလုံး ရှိနေတာကို သိသွားခဲ့ပါတယ်။ ဒါ့ကြောင့် သူက မတွေဝေဘဲ ခုလိုမျိုး လိုက်လံနေတာပါ…”

သူမက တော်ပေ၏။ ချက်ခြင်းပင် ဝမ်လင်း လှုပ်ရှားလာအောင် ဆေးလုံးအကြောင်း စကားဟသည်။

သို့ပေမည့် သူမ၏စကားမဆုံးခင်မှာပင် ဝမ်လင်းက သူမကို ညင်သာစွာပြုံး၍ ကြည့်သည်ကို တွေ့သည့်အခါ မင်သက်မိသွားသည်။ ထိုအကြည့်က တစ်ယောက်ယောက်ကို နှစ်ပေါင်းထောင်ချီ ချစ်မြတ်နိုးရာကနေ ဖြစ်ပေါ်သည့် အကြည့်မျိုးပင်။ သည်အကြည့်က လီမူဝမ်ကို တုန်ယင်သွားစေသည်။

“သင်…” လီမူဝမ်က စကားဆိုမည့်ဟန် ပြင်စဉ် အကွာအဝေးတစ်ခုရှိ အမျိုးသားက အေးစက်စက် ပြုံးလာ၏။ သူက ဝမ်လင်းကို မြင်သည်။ သို့ပေမည့် ဂရုမစိုက်ပေ။ သူက သူ့ညာလက်ကို ပင့်မြှောက်ရာ ဓားပျံရှစ်လက် သူ့ပတ်လည်တွင် ပေါ်လာပြီး ဝမ်လင်းထံ လေပွေအလား တိုးဝင်လာသည်။

ဝမ်လင်းက လီမူဝမ်ကို ကြည့်ကာ သူမကို ညာလက်ဖြင့် စီးဖမ်းလိုက်၏။ ဝမ်လင်းက ဓားရှစ်လက်နောက်ရှိ ရမ္မက်ကြီးသောလူထံ ကြည့်နေစဉ် လီမူဝမ်သည် ရှက်မိနေ၏။ ဝမ်လင်းက သူမကို ဖက်ထားသည်မဟုတ်လား။

အကြည့်တစ်ချက်ဖြင့်ပင် ဓားရှစ်လက်သည် ချက်ခြင်း ပျက်စီးသွား၏။ လူငယ်သည်လည်း ဝမ်လင်း၏အကြည့်နှင့် ဆုံသည့်အခါ သူ့စိတ်နှလုံး တုန်ဟည်းကာ သွေးအန်ရသည်။ သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှု ပေါ်လာရုံရှိသေး မမြင်ရသောအားတစ်ခုက သူ့အား ဆုတ်ဖြဲပစ်လိုက်တော့၏။

အရာရာသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ လီမူဝမ်က သည်အဖြစ်ကို မင်ငေးစွာ ကြည့်နေမိပြီး ဝမ်လင်းလက်ထဲကနေ ရုန်းဖို့ မေ့သွား၏။ သူမက ဝမ်လင်း၏ လက်ကို ကိုင်ထားလျက်သားပင်။ ဝမ်လင်း၏ လွမ်းဆွတ်တမ်းတသောအကြည့်က သူမပေါ်သို့ ကျရောက်နေသည်။

“စီနီယာ…စီနီယာအစ်ကို…သင်…”  အချိန်အတန်ကြာပြီးနောက် လီမူဝမ်က သတိပြန်ဝင်လာသည်။ သူမ၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားကာ သူမက ဝမ်လင်းကို ကြောက်ကြောက်လန့်လန့် ကြည့်မိ၏။

လီမူဝမ် ထိုသို့ ဖြစ်သွားသည်ကို မြင်သည့်အခါ ဝမ်လင်း စိတ်ထဲ၌ တင်းကြပ်စွာ ခံစားလိုက်ရပြီး သူ့လက်ကို ဖြေလျှော့ပေးလိုက်သည်။

“ငါ့ကို ဝမ်လင်းလို့ ခေါ်နိုင်ပါတယ်…” ထိုသို့ သူ ခပ်တိုးတိုး ပြောလိုက်သည့်နောက် လီမူဝမ်သည် ပေတစ်ထောင်ကျော်ထိ နောက်ဆုတ်သွား၏။ သူမက ခဏရပြီးနောက် ဝမ်လင်းကို သတိထားကာ ကြည့်သည်။ ထို့နောက် သူမက ဝမ်လင်းကို အရိုအသေပေးလိုက်ပြီး ခပ်မြန်မြန် ထွက်သွားတော့သည်။

လီမူဝမ်၏ ကြောက်နေသောပုံစံကို ကြည့်ကာ ဝမ်လင်းက ပြုံးမိ၏။ သို့ပေမည့် သည်အပြုံးတွင် ခါးသီးမှုနှင့်ဝမ်းနည်းမှုကို ကွယ်ဝှက်ထားသည်။

အကွာအဝေးတစ်ခုရှိ မဟာအင်ပါယာရွှမ်လောက သည်အဖြစ်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ သူ့စိတ်ထဲ၌ပင် တင်းကြပ်သလို ခံစားမိလိုက်၏။ သူက ဝမ်လင်းကို ကြည့်၏။ ဝမ်လင်းမျက်နှာပေါ်ရှိ အပြုံးကို ကြည့်ကာ စဉ်းစားနေသည်။

“ဘယ်လို အထီးကျန်မှုမျိုးနဲ့ ဝမ်းနည်းမှုတို့က လူတစ်ယောက်ကို အိပ်မက်ထဲမှာ ပျော်ရွှင်မှု ရှာရလောက်အောင် လုပ်နိုင်ရတာလဲ…”  အင်ပါယာရွှမ်လော သက်ပြင်းချမိသည်။

ဝမ်လင်းက နေရာတွင် ရပ်၍ လီမူဝမ်၏ပုံရိပ် ပျောက်ကွယ်သွားသည့်အထိ ကြည့်နေသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်ရာ သူ့ပတ်လည်ရှိ အရာအားလုံးမှာ ပျောက်ကွယ်သွားတော့သည်။ သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ သူသည် ကောင်းကင်ဘုံနယ်မြေ၊ တောင်ထိပ်ပေါ်၌ ခေါင်းတလားအတွင်း အိပ်ပျော်နေသော လီမူဝမ်ကို ကြည့်နေမိလျက် ရှိသည်။

ကောင်းကင်သည် အပြာရောင်မသမ်းတော့ပေ။ ညအချိန် ရောက်လာခဲ့ပေပြီ။ ထိုစဉ် ပုံရိပ်နှစ်ခုက အတူတကွ လျှောက်လှမ်းသွားသည်ဟု ထင်မှားရ၏။

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့၏ ပုံရိပ်။

All Chapters