← Chapters

တန်ခိုးရှင်များ၏ တိုက်ပွဲ

Vol. 5 Ch. 423

တန်ခိုးရှင်များ၏ တိုက်ပွဲ

Vol. 5 Ch. 423

"ဘုန်း…"

အဇူရာ အလင်းနှင့် နှင်းဝံပုလွေ ဘုရင်၏ လက်သည်းတို့ ထိပ်တိုက်တွေ့ရာ ချိုင့်ဝှမ်း တစ်ခုလုံး တုန်ခါသွားတော့၏။ ထိုတုန်ခါမှုကြောင့် ပတ်လည်ရှိ တောင်ထိပ်များ၌ နှင်းခဲများပင် ပြိုကျကုန်ပြီ ဖြစ်သည်။

ထိုအချိန်၌ တန်ခိုးရှင်များ၏ ပတ်လည်ရှိ မြေပြင်ကား ငလျင်အလား တုန်ဟီး နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ထက်ရှသော ချီအလင်းလှိုင်းများမှာလည်း မီတာရာပေါင်းများစွာ အထိ ကြမ်းတမ်းစွာ ရိုက်ခတ်နေခဲ့၏။

"သူက အရမ်းကြမ်းလွန်းတယ်…"

ဧဒင်နှင့် အခြားလူများကား ချန်းဖန်ကို ကြည့်ရင်း ဒဏ္ဍာရီများထဲမှ သူရဲကောင်း တစ်ဦးဟုပင် မှတ်ယူမိကြတော့၏။

"ဘုန်း…"

ချီအလင်းလှိုင်းများက ချိုင့်ဝှမ်းအား ဖြတ်သန်းပြီး သန္ဓေ အမြုတေ သစ်ပင်သို့ပင် ရိုက်ခတ်သည်။ သို့သော်လည်း ထိုသစ်ပင်အား ချန်းဖန်၏ အကာအကွယ် အစီအရင်က ကာကွယ်ထားရာ ထိခိုက်မှု မရှိသေးချေ။

"ဘုန်း…"

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ အရိပ်နှစ်ခုက နောက်သို့ ဆုတ်သွားကြ၏။ နှင်းဝံပုလွေဘုရင်မှာ နောက်သို့ လေး၊ ငါးလှမ်း ဆုတ်ကာ မြေပြင်အား နစ်ဝင်သည်အထိ အားပြုကာ အရှိန်သတ် လိုက်သည်။ ထို့အတူ ချန်းဖန်မှာလည်း လေထုအား ခြေထောက် တစ်ဖက်ဖြင့် ကန်ကျောက်ကာ ရပ်တန့် လိုက်သည်။

ပထမ အကြိမ် တိုက်ခိုက်မှု၌ အသာရခဲ့သည့်သူကို မည်သူမျှ ထင်ထင်ရှားရှား မမြင်တွေ့လိုက်ကြချေ။

ချန်းဖန်က မျက်လုံးများအား ကျဉ်းမြောင်းရင်း နှင်းဝံပုလွေ ဘုရင်ကို အကဲခတ် လိုက်သည်။

ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်ကား အဇူရာ သက်ရှည် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် သူ၏ ခန္ဓာကိုယ်နှင့်ပင် သိပ်မကွာလှချေ။ နှင်းဝံပုလွေဘုရင် နတ်ဘုရား ဖွဲ့စည်းပုံ ခန္ဓာမှာ အပြည့်အဝ နိုးထပြီး ဖြစ်ပုံရသည်။ ဧဒင်၏ ခန္ဓာကိုယ်ပင်လျှင် သူနှင့်ယှဉ်ပါက အလွန်တရာ အားနည်း လောက်သည်။

နှင်းဝံပုလွေ ဘုရင်မှာ ချန်းဖန်နှင့် ယှဉ်ပါက လျင်မြန်ခြင်း အရာ၌ အနည်းငယ် နိမ့်ကျသည့်တိုင် ဒဏ်ရာ ကုသနိုင်စွမ်းမှာမူ ပြိုင်ဘက် ကင်းသည်။

"လာချလေကွာ…"

ချန်းဖန်က ခေါင်းမော့ရင်း အော်ဟစ် ရယ်မောလိုက်သည်။ ထို့နောက် လေထုအား နင်းကန်ရင်း ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ နှင်းဝံပုလွေနှင့် တိုက်ပွဲစသည့် အချိန်ကပင် သူကား မြေပြင်သို့ ချေမချရသေးပေ။

ချန်းဖန်မှာ လေထုကိုသာ နင်းရင်း နှင်းဝံပုလွေ ဘုရင်ထံသို့ ပြေးဝင်သွားပြန်၏။ သူ၏ ခန္ဓာကိုယ်တွင်မူ အဇူရာအလင်းများက ဖန်သားကဲ့သို့ ဖြစ်ပေါ်နေကာ ခန္ဓာကိုယ် တစ်ခုလုံးအား ဖုံးအုပ် ကာကွယ် ထားသည်။ သူ၏ အရေပြားမှာလည်း ကျောက်စိမ်း အလား ပိုမို ကြည်လင်လာရာ အတွင်းပိုင်းသို့ပင် ထိုးဖောက် မြင်နိုင်နေပြီ ဖြစ်သည်။

နှင်းဝံပုလွေဘုရင်ကလည်း အကျည်းတန်စွာ ပြုံးရင်း ခန္ဓာကိုယ်အား တစ်ချက် လှည့်လိုက်၏။ ရုတ်တရက် သူ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် နှင်းနှင့် ရေခဲများ ရောနှောနေသော နှင်းမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာကာ အရှိန်ပြင်းစွာ လည်ပတ်သည်။ နှင်းမုန်တိုင်းနှင့် အတူ နှင်းဝံပုလွေ ဘုရင်၏ ခန္ဓာကိုယ်က လေထဲသို့ ပျံတက်ကာ တိုက်ခိုက်လာသော ချန်းဖန်အား ဆီးကြို လိုက်တော့သည်။

"ဘုန်း… ဘုန်း… ဘုန်း…"

တန်ခိုးရှင် အဆင့် နှစ်ယောက်ကား နောက်တစ်ကြိမ် ထိပ်တိုင် ရင်ဆိုင် လိုက်ကြပြန်ပြီ ဖြစ်သည်။

အဝေးမှ ကြည့်ပါက ထိုမြင်ကွင်းမှာ အဇူရာ အလင်းရောင် တစ်ခုနှင့် မီးခိုးရောင် ဆိုင်ကလုန်းတစ်ခု ထိပ်တိုက် ရင်ဆိုင်နေသည့် အလားသာ တွေ့မြင်ရသည်။

"ဘုန်း…"

နှင်းဝံပုလွေဘုရင်၏ လက်သည်းက ချန်းဖန်၏ ပခုံးပေါ်သို့ ကျရောက်သွား၏။ ထိုလက်သည်းက ချန်းဖန်၏ အနက်ရောင် ဝတ်စုံကို ချိုးဖဲ့ပစ်ကာ အရေပြားကိုပင် စုတ်ပြဲ သွားစေတော့သည်။ ထိုတိုက်ခိုက်မှုက ချန်းဖန်၏ ပခုံးထက်၌ လက်သည်း ဒဏ်ရာကြီး လေးခုကို ထင်ကျန်စေသည်။

တစ်ချိန်တည်းမှာပင် ချန်းဖန်၏ လက်သီးကလည်း နှင်းဝံပုလွေဘုရင်၏ ဝမ်းဗိုက်ကို တိုက်ရိုက်ထိသည်။ ထိုလက်သီးက နှင်းဝံပုလွေဘုရင်၏ ဝမ်းဗိုက်အား ပွင့်ထွက် သွားစေရာ နံရိုးဖြူများပင် ထွက်ပေါ်လာတော့သည်။

ထိုပြင်းထန်သော တိုက်ခိုက်မှုများ အပြီး၌ သူတို့ နှစ်ယောက် နောက်သို့ ပြိုင်တူ ဆုတ်လိုက်ပြန်သည်။

ချန်းဖန်က ပခုံးထက်၌ ဖြစ်ပေါ်နေသော ဒဏ်ရာကို အေးစက်စွာ ငုံ့ကြည့် လိုက်မိသည်။ ယခု တစ်ကြိမ်ကား အဇူရာ သက်ရှည် ခန္ဓာကိုယ် ပိုင်ဆိုင်ပြီးနောက်၌ ပထမဆုံး အကြိမ် ဒဏ်ရာရရှိခြင်း ဖြစ်သည်။ ထိုနှင်းဝံပုလွေ ဘုရင်ကား အမှန်တကယ်ပင် အစွမ်းထက် လွန်းပေသည်။

အခြားတစ်ဖက်၌ နှင်းဝံပုလွေဘုရင်မှာမူ ချန်းဖန်ထက်ပင် အခြေအနေ ဆိုးနေသေးသည်။ သို့သော်လည်း သူ၏ ပြိုင်ဘက်ကင်း ဒဏ်ရာ ကုသနိုင်စွမ်းကြောင့် ခဏအတွင်းမှာပင် ပြန်လည် ကောင်းလာခဲ့သည်။

"ငါက ပြိုင်ဘက်ကင်းကွ… ကောင်စုတ်လေး… မင်း ငါ့ကို သတ်လို့ မရပါဘူး…"

နှင်းဝုံလွေဘုရင်က လျင်မြန်စွာ ပြန်ကောင်းသွားသော ဒဏ်ရာများကို ကြည့်ရင်း ပြောလိုက်၏။

"အရူးထ မနေစမ်းနဲ့… မင်းလို သွေးနှော သမန်းဝံပုလွေ မပြောနဲ့… ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်တောင်မှ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ မပြောရဲဘူး…"

ချန်းဖန်က အော်ဟစ်ရယ်မောရင်း လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ချိုင့်ဝှမ်း တစ်ခုလုံးတွင် ရှိသော သစ်ပင်များစွာမှ အစိမ်းရောင် မြူခိုးများ ထွက်ပေါ်လာကာ ချန်းဖန်ထံသို့ ပျံသန်းလာသည်။ အစိမ်းရောင် မြူခိုးများအား စုပ်ယူပြီးသည်နှင့် ချန်းဖန်၏ ပခုံးတွင် ရှိသော ဒဏ်ရာများကား တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားတော့သည်။

ထိုမြင်ကွင်းက နှင်းဝံပုလွေဘုရင်၏ မျက်လုံးများအား ကျည်းမြောင်း သွားစေသည်။ သူက ပတ်ဝန်းကျင်ရှိ လေများအား မငမ်းမရ စုပ်ယူလိုက်ပြီးနောက် ပြန်လည် မှုတ်ထုတ်လိုက်သည်။ လေများမှာ သူ၏ ပါးစပ်မှ လွတ်မြောက်သည်နှင့် အေးစိမ့်သော အဖြူရောင် ချီစွမ်းအင်များ အဖြစ် ပြောင်းလဲကာ ချန်းဖန်ထံသို့ တိုးဝင်သွားတော့သည်။

ထိုအဖြူရောင် ချီစွမ်းအင်မှာ လေဟာနယ်ကို ပိုင်းဖြတ်ပြီး လမ်းတစ်လျှောက်ရှိ လေထုကိုပင် အေးခဲသွားစေ၏။ ထိုစွမ်းအင်ကား ဝင်ရိုးစွန်း၌ တိုက်ခတ် တတ်သည့် အာတိတ်လေထက်ပင် ပိုမို အေးစက်ပုံ ရသည်။

"မွေးရာပါ နတ်ဘုရားစွမ်းအား…"

ထိုမြင်ကွင်းကြောင့် ချန်းဖန်ပင် အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ ထိုမွေးရာပါ စွမ်းအားများမှာ ကျင့်ကြံခြင်းမှ ရရှိလာသည့် နတ်ဘုရား စွမ်းအားများနှင့် မယှဉ်နိုင်သည့်တိုင် အလွန်အမင်း အစွမ်းထက်နေဆဲ ဖြစ်သည်။  ချန်းဖန်ပင်လျှင် ထိုလေအလျင်၏ အေးစိမ့်ပြီး ကြောက်မက်ဖွယ် စွမ်းအားကို ခံစားနေမိခဲ့သည်။ ချန်းဖန်မှာ မိမိကိုယ်ကို ယုံကြည်သည့်တိုင် ထိုတိုက်ခိုက်မှုအား အထင်မသေးရဲပေ။

သူက လက်နှစ်ဖက်အား ဆန့်ထုတ်ရင်း လက်သင်္ကေ တစ်ခုကို ပုံဖော်လိုက်သည်။ လက်သင်္ကေတမှ တစ်ဆင့် တာအိုစကားလုံး များစွာ ဖြစ်ပေါ်လာပြီး စုစည်းကာ နံရံ တစ်ခုအား တည်ဆောက်သည်။ ထိုနံရံက ချန်းဖန်၏ ရှေ့တွင် မားမားမတ်မတ် ရပ်ကာ လေအလျင်အား ခုခံရန် ပြင်ဆင်သည်။

"မဟာစိန်အသွင် ကျိန်စာ…"

ချန်းဖန်ကား ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ မရောက်မချင်း အလယ်ဆင့် ကျိန်စာများကို ထုတ်ဖော် အသုံးပြုနိုင်ခြင်း မရှိခဲ့ချေ။ ယခု ဖော်ထုတ်လိုက်သော မဟာစိန်အသွင် ကျိန်စာမှာ သာမန်စိန်အသွင် ကျိန်စာအား အဆင့်မြှင့်ထားသည့် ကျိန်စယ တစ်ခုဖြစ်ကာ အမြောက်ဆန်များကိုပင် တားနိုင်စွမ်း ရှိသည်။

"ကလန်ခေါင်းဆောင်က သူ့ရဲ့ မွေးရာပါ နတ်ဘုရား စွမ်းအားကို သုံးနေပြီ…"

များစွာသော သမန်းဝံပုလွေများကား သူတို့၏ ခေါင်းဆောင်ထံသို့ မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။ သူတို့ကား လူသား အသိဉာဏ်ကို ပိုင်ဆိုင်ထားရာ နှင်းဝံပုလွေဘုရင်၏ မွေးရာပါ စွမ်းအား မည်မျှ အင်အားကြီးကြောင်း သိရှိထားကြသည်။

တိုက်ပွဲမြေပြင်နှင့် မီတာရာပေါင်းများစွာ အဝေး၌ ရပ်နေသော ပညာရှင်များမှာ လေအလျင်၏ အေးစက်မှု အရှိန်များကြောင့် အရိုးများ ခိုက်ခိုက်တုန်သည် အထိ ချမ်းနေကြတော့သည်။

"သူတို့က တန်ခိုးရှင် အဆင့်တွေ ဆိုတော့ … သူ့တို့ရဲ့ လှုပ်ရှားမှုတွေက သာမန် သိုင်းပညာရပ်တွေ မဟုတ်ဘူး… အဲဒါတွေက နတ်ဘုရား စွမ်းအားဆိုတဲ့ ဟာတွေ ဖြစ်ရမယ်…"

ရန်ချင်ဟူမှာ တန်ခိုးရှင် အဆင့်များ အကြောင်း ရေးထားသည့် ရှေးဟောင်း မှတ်တမ်းများကို ပြန်လည် အမှတ်ရလာခဲ့သည်။

ထိုအချိန်၌ လေအေးစွမ်းအားများကား ချန်းဖန်၏ ရွှေရောင် နံရံပေါ်သို့ ကျဆင်းနေပြီ ဖြစ်သည်။ သိပ်မကြာခင်မှာပင် ရွှေရောင် နံရံတစ်ခုလုံးမှာ တဖြည်းဖြည်း အေးခဲလာတော့သည်။

"ဘယ်လို ဖြစ်တာလဲ… လေအေးက အစီအရင်ကိုတောင် ခဲအောင် လုပ်နိုင်တာလား…"

အရူးက ထိုမြင်ကွင်းအား ကြည့်ရင်း တအံ့တဩ ရေရွတ်လိုက်သည်။

"ခရပ်…"

ထိုအချိန်တွင်ပင် ရွှေရောင် နံရံပေါ်၌ သေးငယ်သော အက်ကွဲရာ တစ်ခု ပေါ်လာခဲ့သည်။ မျက်စိ တစ်မှိတ် အတွင်းမှာပင် မရေမတွက်နိုင်သော အက်ကွဲရာများ ဆက်လက် ဖြစ်ပေါ်လာကာ အစိတ်စိတ် အမြွှာမြွှာ ပေါက်ကွဲ သွားတော့၏။ အပြန်အလှန်ပင် လေအေးများမှာလည်း တဖြည်းဖြည်း အားနည်းကာ ပျောက်ကွယ် သွားတော့သည်။

"ဟမ့်… မင်း အဲ့လို အစီအရင်ကို ဘယ်နှခါ ထုတ်သုံးနိုင်မလဲ ကြည့်ရသေးတာပေါ့…"

နှင်းဝံပုလွေ ဘုရင်က နှာခေါင်းရှုံ့လိုက်သည်။

"ဝန်းရိုးစွန်းမှာ ရှိနေသေးသမျှ အဲ့လို တိုက်ခိုက်မှုမျိုးကို အကြိမ် တစ်ထောင်မက ဖော်ထုတ်နိုင်တယ်ကွ…"

နှင်းဝံပုလွေဘုရင်က ပြောရင်း ပါးစပ်ဟကာ လေများကို နောက်တစ်ကြိမ် စုပ်ယူ လိုက်ပြန်သည်။ ခဏအတွင်းမှာပင် ဒုတိယ အကြိမ်အဖြစ် လေအေးများမှာ ချန်းဖန်ထံ အညှာအတာမရှိ တိုးဝင်လာခဲ့ပြန်ပြီ ဖြစ်သည်။

လူသား ပညာရှင်များက ချန်းဖန်ထံသို့ မျှော်လင့်တကြီး ကြည့်လိုက်ကြ၏။ ထိုလေအေးများအား ချန်းပေ့ရွှမ်းက မည်သို့ တန်ပြန်တိုက်ခိုက်မည်ကို သူတို့ စိတ်ဝင်စား နေကြသည်။

"ချန်းပေ့ရွှမ်းက တန်ခိုးရှင် အဆင့် ဆိုရင်တောင် ရောက်တာ မကြာသေးလောက်ဘူး… သူ့အနေနဲ့ နှင်းဝံပုလွေ ဘုရင်လို အဆင့်ကို ရောက်ဖို့ လိုသေးတယ် ထင်တယ်…"

ဧဒင်က တီးတိုးရေရွတ်ရင်း သက်ပြင်းချလိုက်သည်။

ချန်းပေ့ရွှမ်း၏ စွမ်းအားများမှာ သူ့ထက် အပြတ်အသတ် သာလွန်သည့်တိုင် အစစ်အမှန် တန်ခိုးရှင် အဆင့်နှင့် မယှဉ်နိုင်သေးကြောင်း ဧဒင် သဘောပေါက်ထားသည်။ ချန်းပေ့ရွှမ်းနှင့် အစစ်အမှန် တန်ခိုးရှင် အဆင့်တို့ကြားမှ ကွာဟမှုမီ မဖြစ်စလောက် လေးသာ ဖြစ်သော်လည်း သေခြင်း၊ ရှင်ခြင်း အခိုက်အတန့်မျိုး၌ အလွန် စကားပြောပေလိမ့်မည်။

သို့သော်လည်း အံအားသင့်စွာပင် ချန်းဖန်က လေအေးများကို ကြည့်ရင်း ပြုံးလိုက်သည်။

"မင်းတစ်ယောက်တည်းမှာပဲ နတ်ဘုရား စွမ်းအား ရှိတယ် ထင်နေတာလား…"

စကားဆုံးသည်နှင့် ချန်းဖန်၏ မျက်လုံးမှ ရွှေရောင်မီးလုံး နှစ်ခု ပေါ်ထွက် လာတော့သည်။ ထိုရွှေရောင်မီးလုံးများမှာ ပထမ၌ သေးငယ်သော်လည်း တဖြည်းဖြည်း မီးတောက်မီးလျှံများ တောက်ပလာကာ ပိုမို ကြီးထွား လာတော့သည်။

"နတ်ဘုရား စွမ်းအား… ရွှေရောင်လီ မီးတောက်မျက်လုံး…"

***

All Chapters