သူက သတ်လို့ မရနိုင်တဲ့သူ
Vol. 5 Ch. 424
ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်ပြီးသည်နှင့် ရွှေရောင်လီ မီးတောက်မျက်လုံးကို ချန်းဖန် ပြန်လည် ရရှိခဲ့သည်။ သို့သော်လည်း ထိုအချိန်မှ စ၍ တစ်ကြိမ် တစ်ခါမျှပင် အသုံးမပြုရသေးချေ။ ထိုနည်းစနစ်ကို စွမ်းအား အကြီးဆုံး ရန်သူနှင့် ရင်ဆိုင်ရန် အတွက် ချန်းဖန် သိမ်းထားခဲ့ခြင်း ဖြစ်သည်။ တာကီမီယာဟီရို၊ ဂျပန် စစ်တပ်တို့နှင့် တိုက်ခိုက်ချိန်တွင်ပင် ရွှေရောင်လီ မီးတောက်မျက်လုံးကို ချန်းဖန် ထုတ်မသုံးခဲ့ချေ။
"ဟူး… လား… လား…"
ရွှေရောင်လီ မီးတောက်မျက်လုံး နှစ်ခုက ကောင်းကင်သို့ ပျံတက်ကာ ရွှေရောင် အလင်းများကို ထုတ်လွှတ်သည်။ တစ်တောင်တစ်ခပ်မျှ အချိန်အတွင်းမှာပင် ရွှေရောင် အလင်းများမှာ တဖြည်းဖြည်း ဆက်စပ်သွားပြီး တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းသည်။ ရုတ်တရက်ပင် ရွှေရောင် မီးလုံးမှ အလင်းလှိုင်းများ ပေါ်ထွက်လာပြီး လေအေးများထံ တိုးဝင် သွားတော့သည်။
"ဘာကြီးလဲ…" ဧဒင်နှင့် အခြားလူများကား ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အ ကုန်ကြတော့သည်။
ပထမ၌ လေအေးများ အောက်၌ ချန်းပေ့ရွှမ်း ရှုံးနိမ့်တော့မည်ဟု မှတ်ယူကာ သူတို့ စိတ်ဓာတ်များပင် ကျနေခဲ့သေးသည်။ သို့သော်လည်း မမျှောလင့်စွာပင် ချန်းပေ့ရွှမ်း၏ မျက်လုံးမှ ရွှေရောင် မီးလုံးများ ထွက်ပေါ်လာကာ လေအေးများအား တားဆီးသွားခဲ့သည်။
"ဒါက ချန်းပေ့ရွှမ်းရဲ့ တကယ့် စွမ်းအားလား… ငါတို့နဲ့ တိုက်ခိုက်တုန်းက သူ တကယ် သက်ညှာခဲ့တာပဲ…"
ဧဒင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်း လိုက်မိသည်။ သူတို့ကား ချန်းပေ့ရွှမ်းနှင့် မနှိုင်းယှဉ်နိုင်လောက်အောင်ပင် အားနည်း လွန်းပေသည်။
ရွှေရောင်မီးတောက်ကား လေထုကိုပင် လောင်ကျွမ်းစေသည် အထိ ပူပြင်း တောက်လောင် နေခဲ့၏။ မီတာရာပေါင်းများစွာ အကွာအဝေးတွင် ရှိသော လူများပင်လျှင် ထိုအပူရှိန် ရိုက်ခတ်မှုကြောင့် မျက်နှာများ နီရဲနေခဲ့ပြီ ဖြစ်သည်။
"ဟူး… လား… လား…"
ရွှေရောင်မီးတောက်နှင့် လေအေးများ ထိပ်တိုက် တွေ့သွားကြ၏။ ထိုစွမ်းအား နှစ်ခုအနက် တစ်ခုမှာ သတ္တုများကိုပင် အရည်ဖျော် ပစ်နိုင်သည်အထိ ပူပြင်းကာ အခြားတစ်ခုမှာမူ ရေထုကိုပင် အေးခဲစေနိုင်သော ဂုဏ်သတ္တိရှိသည်။
"ဟူး...လား...လား…"
ဆန့်ကျင်ဘက် ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားသည့် စွမ်းအားနှစ်ခုမှာ ထိပ်တိုက်တွေ့သည်နှင့် ပြင်းထန်စွာ တိုက်ခိုက်တော့သည်။ မျက်တောင်တစ်ခပ်မျှ အချိန်အတွင်းမှာပင် လေအေးများကား ရွှေရောင်လီ မီးတောက် လောင်ကျွမ်းမှု အောက်၌ အလုံးစုံ ဝါးမျိုခံလိုက်ရတော့သည်။
ရွှေရောင်လီ မီးတောက်မျက်လုံးမှာ နတ်ဘုရာစွမ်းအားများတွင်ပင် ထိပ်တန်းအဆင့် ရှိရာ နှင်းဝံပုလွေဘုရင်၏ မွေးရာပါ နတ်ဘုရား စွမ်းအားထက် အဆများစွာ ပိုမို အစွမ်းထက်သည်။ ထို့အပြင် ချန်းဖန်၏ အကြိမ်ကြိမ် သန့်စင်မှုအောက်၌ ရွှေရောင်လီ မီးတောက်မျက်လုံးမှာ ယခင်ကထက် ပိုမို အစွမ်းထက်နေပြီ ဖြစ်သည်။
"မင်းသာ သန့်စင်တဲ့ အမှောင်ဝံပုလွေ တစ်ကောင် ဖြစ်မယ် ဆိုရင် … မင်းရဲ့ မွေးရာပါ နတ်ဘုရား စွမ်းအားကို ငါ လန့်ချင် လန့်မိလောက်တယ်… ဒါပေမဲ့ မင်းက သွေးရောလေးပါပဲ…"
ချန်းဖန်၏ အသံက မထီလေးစားခြင်းများအား သယ်ဆောင်ကာ ချိုင့်ဝှမ်း တစ်ခုလုံးသို့ ပျံ့နှံ့ လာခဲ့၏။ ထိုအခိုက်၌ ရွှေရောင်မီးတောက်များမှာ တိုး၍ တိုး၍ တောက်ပလာကာ နှစ်ပိုင်းအဖြစ် ပြန်လည် ပြောင်းလဲသွားသည်။
ထို့နောက် မီးတောက်နှစ်ခုက တစ်ခုနှင့် တစ်ခု ချိတ်ယူ သွယ်ဆက်ရင်း နှင်းဝံပုလွေ ဘုရင်ထံ တိုးဝင်သွားတော့၏။ နှင်းဝံပုလွေ ဘုရင်ကား အဝေးမှပင် ထိုမီးတောက်များ၏ သေဆုံးခြင်းအား ယူဆောင်နိုင်သည့် စွမ်းအားကို အာရုံခံမိနေခဲ့သည်။
"အာ… ဝူး…"
နှင်းဝံပုလွေ ဘုရင်က ချောက်ချားဖွယ် အူရင်း လေအေးများကို မှုတ်ထုတ်လိုက်၏။ လေအေးများကား နှင်းဝံပုလွေဘုရင်၏ အဆက်မပြတ် မှုတ်ထုတ်မှု အောက်၌ ထုထည် ပမာဏ ကြီးမားလာကာ အေးခဲသွားသည်။ တစ်ခဏမျှသော အချိန်အတွင်းမှာပင် လေအေးများကား ခရိုင်စတယ် ရေခဲနံရံ တစ်ခုအသွင် ပြောင်းလဲသွားသည်။
"ဘုန်း…"
ရွှေရောင်လီ မီးတောက်များက ရေခဲနံရံကို ဝင်တိုက်ကာ ဝါးမြိုရန် ကြိုးစားသည်။ မီးတောက်များ အောက်၌ ရေခဲနံရံမှာ အနည်းငယ် အရည်ပျော် နေသည့်တိုင် ဆက်လက် ခုခံထားနိုင်သေးသည်။
ရေခဲနံရံ၏ အင်အားကြီးမှုက ချန်းဖန်၏ အံ့ဩမှုကို မယူဆောင်နိုင်ချေ။ မည်သို့ပင် ဆိုစေ ရွှေရောင်လီ မီးတောက် မျက်လုံးမှာ သာမန် နတ်ဘုရား စွမ်းအားတစ်ခုသာ ဖြစ်သည်။ အိုင်းမဟာ ဘုရားကျောင်း၏ နတ်ဆိုးသခင်ပင်လျှင် ခရမ်း၏ ကိုယ်အတွင်း၌ ချန်းဖန် စိုက်ပျိုးထားခဲ့သော လီမီးတောက် အစီအရင်ကို ဖယ်ရှားနိုင်သေးရာ နှင်းဝံပုလွေ ဘုရင်က ရွှေရောင်လီ မီးတောက်မျက်လုံးကို ခုခံနိုင်ခြင်းက မထူးဆန်းချေ။
"ဟမ့်… မင်းရဲ့ ရေခဲတွေက ငါ့ကို တားနိုင်မယ် ထင်နေလား…"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း လက်သင်္ကေတ တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် သူက လေထုအား ခြေဖြင့် နင်းကန်ကာ အော်ဟစ်လိုက်သည်။
"ရွှေရောင်လီ မီးတောက်မျက်လုံး… ပထမ အသွင်ပြောင်းခြင်း… အနီရောင် ကြာပန်း…"
"ဟူး… လား… လား…"
ချန်းဖန်က အသံအဆုံး၌ သူ၏ ဘယ်ဘက်မျက်လုံးတွင် ကြည်လင်သော ကြာပန်း တစ်ပွင့် ပွင့်ဝေလာကာ နှင်းဝံပုလွေ ဘုရင်၏ ရေခဲနံရံထံ တိုးဝင်သွားတော့၏။
ရေခဲနံရံမှာ ဆယ်မီတာခန့် ထူပြီး ရွှေရောင်မီးတောက်၏ လောင်ကျွမ်းမှုကိုပင် ခုခံနိုင်သည်။ သို့သော်လည်း ကြာပန်းမှာမူ ထိုရေခဲနံရံကို တိုက်ရိုက်ပင် ထိုးဖောက်ကာ နှင်းဝံပုလွေဘုရင်၏ ခန္ဓာကိုယ် ဆီသို့ တိုက်ရိုက် တိုးဝင်သွားသည်။
"အား…"
နှင်းဝံပုလွေဘုရင်က မျက်နှာကို လက်ဖြင့် အုပ်ရင်း နာကျင်စွာ အော်ဟစ်လိုက်သည်။ ထိုအခိုက်မှာပင် သူ၏ ရေခဲနံရံမှာလည်း ပြိုကျတော့မည့် အလား ပြင်းထန်စွာ တုန်ခါနေခဲ့သည်။
အနီရောင် ကြာပန်းအသွင် ပြောင်းလဲခြင်းမှာ ရွှေရောင်လီ မီးတောက်မျက်လုံး၏ အမျိုးအစားခွဲ တစ်ခုဖြစ်ကာ သက်ရှိများ၏ ဝိညာဉ်ကို တိုက်ရိုက်ပင် လောင်ကျွမ်းနိုင်သည်။ ထို့အပြင် ထိုအစီအရင်၏ အားသာချက်မှာ မိုင်ပေါင်းများစွာ ကွာဝေးသည့် နေရာမှပင် ထုတ်ဖော်နိုင်ခြင်း ဖြစ်၏။
"အား… အား…"
နှင်းဝံပုလွေ ဘုရင်၏ ပုံစံကား အသက်ရှူရန်ပင် ခက်ခဲနေပုံရသည်။ သူက ချန်းဖန်အား နားကျည်းစွာ လှမ်းကြည့်လိုက်၏။ ထိုကြာပန်းကား သူ၏ ဝိညာဉ်ကို စားသုံးနေကြောင်း သူ ခံစား၍ ရနေခဲ့၏။
"ကောင်စုတ်လေး… မင်းငါ့ရဲ့ ဝိညာဉ်ကို တိုက်ခိုက်ရဲတယ်ပေါ့… မင်းကို သတ်ပြီး မင်းရဲ့ အသွေးအသားတွေကို ငါစားပစ်မယ်ကွ…"
နှင်းဝံပုလွေဘုရင်၏ ဒေါသတကြီး အော်ဟစ်သံက ချိုင့်ဝှမ်း တစ်ခုလုံး၌ ကြက်သီးထဖွယ် ပေါ်ထွက်လာခဲ့၏။
"သူ့ရဲ့ ဝိညာဉ်စွမ်းအားက တော်တော်လေး အစွမ်းထက်သားပဲ… အထင်ကြီး လောက်တယ်…"
ချန်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ အနီရောင် အနီရောင် ကြာပန်း အသွင်ပြောင်းလဲခြင်းမှာ အလွန် အစွမ်းထက်သည့်တိုင် နှင်းဝံပုလွေဘုရင်၏ သေးငယ်သော ဝိညာဉ် အစိတ်အပိုင်းလေးကိုသာ လောင်ကျွမ်းနိုင်ပုံရသည်။
"ကြာပန်းတစ်ခုက မလုံလောက်ဘူး ဆိုတော့လည်း နှစ်ခုပေါ့…"
တစ်ချိန်တည်း၌ပင် ကြာပန်းနှစ်ခုမှာ ချန်းဖန်၏ မျက်လုံးမှ ပေါ်ထွက် လာပြန်၏။ ထိုကြာပန်းနှစ်ခုကား ချန်းဖန် ပထမ ထုတ်လွှတ်ခဲ့သည့် ကြာပန်းထက် နှစ်ဆခန့်ပင် ပိုမို ကြီးထွားသည်။
"ဘုန်း…"
ထိုအချိန်၌ ရေခံနံရံကား အလုံးစုံ ပျက်စီးသွားပြီ ဖြစ်သည်။
"ရွှီး… ရွှီး…"
ရွှေရောင်လီ မီးတောက်များကား ရေခဲနံရံကို ဖြိုချပြီးသည်နှင့် နှင်းဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ထံ တိုးဝင် လောင်ကျွမ်းသည်။ နှင်းဝံပုလွေဘုရင်၏ ခန္ဓာကိုယ်မှာ ရွှေရောင် မီးတောက်များ အောက်၌ လောင်ကျွမ်းခြင်း ခံရသည့်တိုင် ခဏချင်းပင် ပြန်ကောင်းလာစမြဲ ဖြစ်သည်။ သူ၏ ပြန်လည် ကုသနိုင်သော စွမ်းအားကား အံ့မခန်းပင်။
"မင်းကို အပိုင်းပိုင်း စုတ်ပြစ်မယ်ကွ…"
နှင်းဝံပုလွေဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း စွမ်းအား အလုံးစုံကို သုံးစွဲကာ အသံ၏ အမြန်နှုန်းကို ထုတ်ဖော်လိုက်သည်။ ရွှေရောင် မီးတောက်များ တောက်လောင် နေသော သူ၏ ခန္ဓာကိုယ်ကား အဝေးမှ ကြည့်ပါက ရွှေရောင် အလင်းတန်း တစ်ခုဟုပင် ထင်မှတ်ရသည်။
"ဟုတ်ပြီ…"
လေထုအား ဆောင့်နင်းလိုက်သည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်၌ အဇူရာရောင် ဖျော့ဖျော့ တောက်လောင်လာ၏။ ထိုခဏတွင်ပင် ချန်းဖန်၏ ခန္ဓာကိုယ်မှာလည်း အသံ၏ အမြန်နှုန်းအား ချိုးဖျက်လိုက်ပြီ ဖြစ်သည်။
"ဘုန်း…"
ရွှေရောင် အလင်းတန်း တစ်ခုနှင့် အဇူရာ အလင်းတန်း တစ်ခုကား ကောင်းကင်၌ ထိပ်တိုက် တွေ့ဆုံသွားပြီ ဖြစ်၏။ ယခု တိုက်ခိုက်မှု၌ သူတို့ နှစ်ယောက်စလုံးကား မည်သည့် အစီအရင်များ၊ နည်းစနစ်များကိုမျှ အသုံးပြုထားခြင်း မရှိချေ။
"ဘုန်း…"
ချိုင့်ဝှမ်း တစ်ခုလုံးကား ပြင်းထန်သော စွမ်းအင်လှိုင်း ရိုက်ခတ်မှုများကြောင့် တသိမ့်သိမ့် တုန်နေခဲ့သည်။
"ဘုန်း…"
ထိပ်တိုက်တွေ့ဆုံမှု အပြီး၌ နှင်းဝံပုလွေဘုရင်၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စဉ်သွားပြီး ချောက်ကမ်းပါး နံရံ တစ်ခုနှင့် မိတ်ဆက်သွားတော့၏။ သူ၏ ခန္ဓာကိုယ်ကား သွေးအလိမ်းလိမ်း ဖြစ်နေပြီ ဖြစ်သလို ရင်ဘတ်မှာပင် နှလုံးပင် ပေါ်နေသည်အထိ ပေါက်ထွက်နေခဲ့ပြီ ဖြစ်သည်။
အခြားတစ်ဖက်၌ ချန်းဖန်မှာလည်း ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ သို့သော်လည်း သူကား ဒဏ်ရာရရှိနေပုံ မရပေ။
"လာစမ်းကွာ…"
ချန်းဖန်က မြေပြင်အား နင်းကန်ရင်း အသံ၏ အမြန်နှုန်းကို ချိုးဖျက် လိုက်ပြန်သည်။ သူ၏ ခန္ဓာကိုယ်က လေထဲသို့ အမြောက်ဆံ တစ်ခုနှယ် ထိုးတက်သွားပြီး နှင်းဝံပုလွေ ဘုရင်ထံ ပြင်းထန်စွာ တိုးဝင်သွားတော့၏။ နှင်းဝံပုလွေဘုရင်ကလည်း အံတင်းတင်း ကြိတ်ကာ သွေးမျိုးဆက် စွမ်းအားကို နှိုးထလိုက်သည်။
"ဘုန်း…"
ပထမ ပေါက်ကွဲသံထက် ပိုမို ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြန်၏။ ယခုတစ်ကြိမ်တွက်မူ နှင်းဝံပုလွေ၏ ခန္ဓာကိုယ်ကား ချန်းဖန်၏ လက်၌ နှစ်ပိုင်း ပြတ်သွားခဲ့ပြီ ဖြစ်သည်။
"ဘုန်း…"
ချန်းဖန်က ခန္ဓာကိုယ် ဟန်ချက်အား ထိန်းရင်း နှင်းဝံပုလွေ၏ ခန္ဓာကိုယ်အား မြေပြင်ပေါ်သို့ လွှတ်ချ လိုက်သည်။ လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်း ချလိုက်ကြသည်။ သူတို့၏ ရန်သူ နှင်းဝံပုလွေဘုရင်မှာ အသက် ထွက်သွားခဲ့ပြီ မဟုတ်ပါလား။
သို့သော်လည်း စက္ကန့် အနည်းငယ် အကြာမှာပင် နှင်းဝံပုလွေ၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ပြန်လည် ဖွဲ့စည်းသွားပြန်သည်။
"ငါပြောသားပဲ ကောင်စုတ်လေး… မင်း ငါ့ကို မသတ်နိုင်ဘူးလို့…"
နှင်းဝံပုလွေက ပြန်လည် မတ်တတ်ရပ်ကာ ချန်းဖန်အား ပြောလိုက်သည်။ သူ၏ မျက်နှာတွင်မူ လှောင်ပြုံးတစ်ခုက တွဲခိုနေခဲ့၏။
"ဘုန်း… ဘုန်း… ဘုန်း…"
ချန်းဖန်က ဒေါသတကြီး ကိုးချက် တိတိ တိုက်ခိုက်လိုက်သည်။
အသံထက်မြန်သော လှုပ်ရှားမှုဖြင့် ပုံဖော်ထားသည့် လက်သီးချက်များကား နှင်းဝံပုလွေ ဘုရင်၏ အသည်း၊ အရိုးများ အပါအဝင် အစိတ်အပိုင်းများစွာက ညက်ညက်ကြေ သွားစေတော့သည်။ သို့သော်လည်း အံ့အားသင့်စွာပင် နှင်းဝံပုလွေ၏ ခန္ဓာကိုယ်မှာ ပြန်လည် ဖွဲ့စည်းနေဆဲပင်။
"ငါပြောသားပဲ… မင်း ငါ့ကို မသတ်နိုင်ဘူးလို့…"
နှင်းဝံပုလွေဘုရင်က ပါးစပ်မှ စီးကျနေသော သွေးများအား သုတ်ရင်း တဟားဟား ရယ်မောလိုက်သည်။
ချန်းဖန်က တိုက်ခိုက်မှုများအား ရပ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက အမှောင်ဝံပုလွေရဲ့ မျိုးဆက် ပီသပါပေတယ်… ဒါပေမဲ့ ငါက မရေမတွက်နိုင်တဲ့ အမှောင် ဝံပုလွေတွေကိုတောင် သတ်ခဲ့ဖူးတယ်…"
ထို့နောက် ချန်းဖန်က သက်ပြင်းချကာ ညာဘက်လက်အား ဖြန့်ရင်း ကြည့်လိုက်၏။
"ဒီနတ်ဘုရား စွမ်းအားကို ငါမသုံးချင်ခဲ့ဘူး… ဒါပေမဲ့…"
ရုတ်တရက် ချိုင့်ဝှမ်း တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားကာ တသွင်သွင် တိုက်ခိုက်နေသော လေထုပင် ရပ်တန့်သွားပြီ ဖြစ်သည်။
ထို့နောက် ချန်းဖန်၏ နောက်ကျောဘက်၌ အဇူရာရောင် ရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။ ထို ရုပ်သွင်က တရုတ်ရိုးရာ စာသင်သား ဝတ်စုံကို ဆင်မြန်းထားသော်လည်း မျက်နှာကမူ ထင်ထင်ရှားရှား မရှိလှချေ။ သူ၏ ပုံသဏ္ဌာန်ကား တရုတ် ရှေးဟောင်း ရိုးရာ ဒဏ္ဍာရီများထဲမှ နတ်ဘုရား တစ်ပါးနှင့်ပင် တူညီနေခဲ့သည်။
ထိုရုပ်သွင်ကို ကြည့်ရင်း နှင်းဝံပုလွေဘုရင်၏ မျက်နှာမှာ ဖြူရော် လာခဲ့တော့၏။
"အဲဒါက ဘာကြီးလဲ…"
သူက မေးလိုက်၏။
"တတိယ နတ်ဘုရားစွမ်းအား… အချိန်ကုန်လွန်ခြင်း…"
***