တန်ခိုးရှင် တစ်ယောက်ကို သတ်ဖြတ်ခြင်း
Vol. 5 Ch. 425
"အချိန် ကုန်လွန်ခြင်း…"
ထိုအရာကား ချန်းဖန် ပိုင်ဆိုင်ထားသည့် တတိယမြောက် နတ်ဘုရား စွမ်းအား ဖြစ်သည်။
ထိုစွမ်းအားမှာ အဇူရာ သက်ရှည် ခန္ဓာကိုယ်အား ရရှိခါစ၌ နိုးထလာခဲ့ခြင်း ဖြစ်သည်။
အဇူရာ သက်ရှည် ခန္ဓာကိုယ်ကား လူသားမျိုးနွယ် တန်ခိုးရှင် ဂိုဏ်းများအနက် အစွမ်းအထက်ဆုံး ဖြစ်သည့် ဓာတ်စင်ငါးမျိုး တန်ခိုးရှင်ဂိုဏ်း၏ လျှို့ဝှက် ကျင့်စဉ်ခန္ဓာ တစ်ခု ဖြစ်သည်။
ထိုကျင့်စဉ်ကို ကျင့်ကြံသည်ပ ကျင့်ကြံသူ တစ်ယောက်မှာ အခြေခံ အဆင့်ကို အောင်မြင်သည်နှင့် သုံးဘဝ ပြန်လည်ဝင်စားခြင်း၊ အစိမ်းရောင် ဓမ္မမျက်လုံး… စသည့် နတ်ဘုရား စွမ်းအားများ နိုးထလာမည် ဖြစ်သည်။
"အချိန် ကုန်လွန်ခြင်း" သို့မဟုတ် "အချိန် သိမ်းဆည်းခြင်း" နတ်ဘုရား စွမ်းအားကား အချိန်၏ စီးဆင်းမှုကို ချိုးဖျက်နိုင်စွမ်း ရှိသည်။ ထိုစွမ်းအားဖြင့် အချိန်၏ အဆုံး၊ အစကို ပြောင်းလဲနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် အချိန် ကုန်လွန်ခြင်းအား အဇူရာ သက်ရှည် ခန္ဓာ၏ ထိပ်ဆုံး သုံးခုဝင် မဟာ နတ်ဘုရားစွမ်းအား အဖြစ်သတ်ထားခြင်း ဖြစ်သည်။
အဇူရာသက်ရှည်၏ ပုံရိပ်လွှာ ပေါ်ပေါက်လာသည်နှင့် ရေခဲဝံပုလွေ ချိုင့်ဝှမ်း အတွင်းရှိ လူများစွာကား မသိစိတ်၏ တိုက်တွန်းမှုဖြင့် ဒူးထောက်လိုက်ကြသည်။ သူတို့အားလုံးမှာ ရှေးဟောင်းနတ်ဘုရားအား ကြည့်ရဲသော သတ္တိ မရှိသောကြောင့် ခေါင်းများကိုသာ တွင်တွင် ငုံ့ထားကြ၏။ သမန်း ဝံပုလွေများပင်လျှင် ခေါင်းများအား ငုံ့ထားလိုက်ကြပြီ ဖြစ်သည်။ ဧဒင်တစ်ယောက်သာ သူ၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
အခြားတစ်ဖက်၌ နှင်းဝံပုလွေ ဘုရင်ကမူ ဒေါသ အကြီးအကျယ် ထွက်နေခဲ့ပြီ ဖြစ်သည်။
"အာ… ဝူး… ဝူး…"
သူက ဆွဲဆွဲငင်ငင် အူလိုက်ရင်း သွေးမျိုးဆက် စွမ်းအားများကို နှိုးဆွလိုက်သည်။ မျက်စိ တစ်မှိတ် အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ ငါးမီတာခန့် အထိ ကြီးထွားလာခဲ့၏။
"ဘုန်း…"
နှင်းဝံပုလွေဘုရင်က မြေပြင်အား ဒေါသတကြီး ဆောင့်နင်းလိုက်၏။ နှင်းဝံပုလွေဘုရင် ခြေသည်းစွယ်များ၏ ထက်ရှမှု အောက်၌ မြေပြင်ကား နှစ်မီတာခန့် ကျယ်သော ကျင်းကြီးတစ်ခု အဖြစ် ပြောင်းလဲ သွားတော့၏။
"အာ… ဝူး…"
နှင်းဝံပုလွေဘုရင်က ကျယ်လောင်စွာ အူရင်း အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ ချန်းဖန်ထံ တိုးဝင်သွားတော့သည်။ သို့သော်လည်း လမ်းလျှောက်၌ မြူနှင်းများ အထပ်ထပ် ပေါ်လာကာ သူ၏ မြင်ကွင်းအား တားဆီးနေခဲ့သည်။
"နောက်ကျသွားပြီ… ငါ့ရဲ့ နတ်ဘုရား စွမ်းအားက စနေပြီကွ…"
ချန်းဖန်က နှင်းဝံပုလွေ ဘုရင်အား တည်ငြိမ်စွာ ပြောလိုက်၏။
တစ်ခဏမျှ အချိန်အတွင်းမှာပင် နှင်းဝံပုလွေဘုရင်၏ မျက်နှာ၌ မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ အသံ၏ အမြန်နှုန်းကို ချိုးဖျက်ထားသည့်တိုင် ချန်းဖန်နှင့် နီးကပ်လာတိုင်း ပို၍ နှေးကွေးသွားသလို ထင်ရသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ရေထဲတွင် လမ်းလျှောက်ရ သကဲ့သို့ တဖြည်းဖြည်း လေးလံ ထိုင်းမှိုင်းလာခဲ့သည်။
နောက်ဆုံး၌ သူ၏ ခန္ဓာကိုယ်မှာ တစ်မိနစ်လျှင် တစ်စင်တီမီတာခန့်သာ ရွေ့လျား နိုင်တော့သည်။
"အချိန် ကုန်လွန်ခြင်းက … မဟာ နတ်ဘုရားစွမ်းအားပဲ… သူ့မှာ အချိန်ရဲ့ ဥပဒေသကို ပိတ်လှောင်စွမ်း ရှိတယ်… ငါက ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်မှာ ရှိသေးတာ ဝမ်းနည်း စရာပဲ... သူ့ရဲ့ စွမ်းအား အစစ်အမှန်ကို ထုတ်မသုံးနိုင်သေးဘူး… ဒါပေမဲ့ ဒီလောက်ကလည်း မင်းကို တိုက်ခိုက်ဖို့ လုံလောက်ပါတယ်…"
ချန်းဖန်က အေးဆေးစွာပင် ပြောလိုက်သည်။ သူ၏ မျက်လုံးများကမူ ကမ္ဘာပေါ်မှ သက်ရှိ အားလုံး၏ မတူ ကွဲပြားမှုများအား ထိန်းချုပ်နိုင်စွမ်း ရှိသည့် အဇူရာတွင်းကြီးများ အလား ကြီးကျယ် ခမ်းနားနေခဲ့၏။
သမန်းဝံပုလွေ၏ စိတ်တွင်မူ ချန်းဖန်နှင့် ကြီးမားသော ပုံရိပ်လွှားကြီးအား တစ်ခုတည်း အဖြစ်သာ ပေါင်းစည်း၍ မြင်နေရ၏။
"ငါ ဒီကနေ ထွက်မှ ဖြစ်မယ်…"
နှင်းဝံပုလွေဘုရင်က ချန်းဖန်ထံသို့ ပြေးနေရာမှ ရပ်လိုက်ကာ ချိုင့်ဝှမ်း ထွက်ပေါက်ဘက်သို့ ဦးတည်လိုက်၏။
"နှင်းဝံပုလွေဘုရင်က ထွက်ပြေးမလို့လား…"
လူများက သူ့အား ကြည့်ရင်း အံ့ဩသွားကြတော့၏။ သမန်း ဝံပုလွေများစွာမှာလည်း ထွက်ပြေးရန် ပြင်နေသည့် သူတို့ ခေါင်းဆောင်အား မယုံကြည်နိုင်စွာ ကြည့်လိုက်မိကြသည်။
"နောက်ကျသွားပြီလို့ ငါပြောပါတယ်…"
ချန်းဖန်က သက်ပြင်းတစ်ချက်ချရင်း ဘယ်ဘက်လက်ကို ဆန့်ထုတ် လိုက်ပြန်သည်။
ဘယ်ဘက်လက်အား ဆန့်ထုတ်လိုက်သည်နှင့် မီတာသုံးဆယ်ခန့် ရှည်လျားသော အဇူရာ ပုံရိပ်လွှာကလည်း သူ၏ ဘယ်ဘက်လက်အား လိုက်ဆန့်ထုတ် လိုက်၏။ ချန်းဖန်နှင့် ရှေးဟောင်း နတ်ဘုရားကြီးကား တစ်ယောက်တည်းလိုပင် ထင်မှတ်ရ၏။
ချန်းဖန်က လက်အား မြှောက်ကာ လေထုအား ဆုပ်ကိုင်ဟန် ပြုလိုက်၏။ တစ်ချိန်တည်းမှာပင် ရှေးဟောင်း နတ်ဘုရားကြီးကပါ ဟာလာဟင်းလင်း လေထုကို ဆုပ်ကိုင် လိုက်၏။
"အချိန် ကုန်လွန်ခြင်း…"
ချန်းဖန်က လက်ချောင်းများအား ဖျစ်ညှစ်ရင်း အပေါ်သို့ ဆွဲမြှောက်လိုက်သည်။
"ကလန့်…"
ရှေးဟောင်း နတ်ဘုရားကြီးကလည်း ချန်းဖန်၏ လှုပ်ရှားမှုကို အတုခိုးကာ ထပ်တူညီအောင် လုပ်လိုက်သည်။ သို့သော်လည်း ထိုသို့ ပြုလုပ်လိုက်သည်နှင့် သူ၏ လက်တွင် သေးသွယ် ရှည်လျားသော ဓားတစ်ချောင်း ပေါ်ထွက်လာခဲ့၏။
"အချိန်၏ ဓား…"
ထိုဓားကား စကြဝဠာ၏ အထွတ်အထိပ်သို့ တက်လှမ်းရာ၌ အဇူရာ သက်ရှည် ခန္ဓာကို ကူညီပေးနိုင်သည့် နတ်ဘုရား လက်နက်ပင် ဖြစ်တော့သည်။
ဓားပေါ်ထွက်လာသည်နှင့် ကမ္ဘာလောက တစ်ခုလုံးကား အပြီးတိုင် ရပ်တန့် သွားတော့သည်။ ကြွေလွင့်နေသော သစ်ရွက်များ၊ ရေစီးဆင်းမှု၊ သမန်း ဝံပုလွေနှင့် လူသားများ၏ အမျိုးမျိုးသော အမူအရာများ စသည် အရာအားလုံးကား အချိန်၏ အခိုက်အတန့် တစ်ခုတွင် လှုပ်ရှားခြင်း ကင်းမဲ့သွားတော့၏။
ချိုင့်ဝှမ်း ထွက်ပေါက်သို့ ထွက်ပြေးရန် ဟန်ပြင်နေသော နှင်းဝံပုလွေ ဘုရင်ပင်လျှင် ရပ်တန့်နေခဲ့ပြီ ဖြစ်သည်။ ထိုအချိန်၌ ချန်းဖန်ကား ဆံပင် မီးခိုးရောင်သို့ ပြောင်းကုန်သည် အထိ စွမ်းအားများကို ထိန်းချုပ်နေခဲ့ရသည်။
"သတ်…"
ချန်းဖန်က ရှေ့သို့ တစ်လှမ်းတိုးကာ လက်အား ခုတ်ပိုင်းလိုက်၏။
"သတ်…"
ရှေးဟောင်း နတ်ဘုရားကလည်း လိုက်လံ ရေရွတ်ကာ လက်ထဲမှ "အချိန်၏ ဓား" ဖြင့် နှင်းဝံပုလွေ ဘုရင်ကို ခုတ်ပိုင်းလိုက်သည်။
"ဟူး… လား… လား…"
ဓားအလင်းက အချိန်ဓား၏ ထက်မြက်မှုကို သယ်ဆောင်ကာ ချိုင့်ဝှမ်း တစ်ခုလုံးအား ဖြတ်သန်းရင်း နှင်းဝံပုလွေ ဘုရင်၏ ခန္ဓာကိုယ်ကို ထက်ဝက် ပိုင်းဖြတ်လိုက်သည်။
"ချပ်…"
ဓားချက် ထိသည်နှင့် နှင်းဝံပုလွေ ဘုရင်၏ ခန္ဓာကိုယ်၌ အက်ကွဲကြောင်း တစ်ခု ပေါ်လာခဲ့၏။ ထိုအက်ကွဲကြောင်းက တဖြည်းဖြည်းနှင့် နှင်းဝံပုလွေ ဘုရင်၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ပါ ပျံနှံ့သွား၏။ ထို့နောက် မရေမတွက်နိုင်သော အမှုန်အမွှားလေးများ အဖြစ် ပြောင်းလဲပြီး နှင်းဝံပုလွေ၏ ခန္ဓာကိုယ် အတွင်း တိုးဝင် ပျောက်ကွယ် သွားတော့သည်။
ချန်းဖန်မှာမူ ချီစွမ်းအင် အလွန်အကျွံ သုံးစွဲမှုကြောင့် နှုတ်ခမ်းမှပင် သွေးများ စီးကျခဲ့၏။ ထို့နောက် လေထဲ၌ ရပ်တန့်နေသော ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွား၏။
"မဟာနတ်ဘုရား စွမ်းအားက ငါ့အတွက် တော်တော်လေး ပြင်းသေးတာပဲ…"
ချန်းဖန်က ဖြူရော်စွာ ပြုံးလိုက်သည်။
"အချိန် ကုန်လွန်ခြင်း နတ်ဘုရား စွမ်းအား" ကို ဟောင်ကောင်တွင် တစ်ခါ အသုံးခဲ့ပြီး ကျန်းအန့်ချီ၏ အသက်မှ နှစ်ပေါင်းငါးဆယ်ကို နှုတ်ယူခဲ့ဖူးသည်။
သို့သော်လည်း ကျန်းအန့်ချီမှာ သာမန် လူသားတစ်ယောက်သာ ဖြစ်သည်။ သူမနှင့် မတူညီစွာပင် နှင်းဝံပုလွေ ဘုရင်မှာမူ တန်ခိုးရှင် အဆင့် တစ်ယောက် ဖြစ်သည်။ အဇူရာ သက်ရှည် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကြောင့်သာ မဟုတ်လျှင် ထိုစွမ်းအား ထုတ်ဖော် အသုံးပြုရခြင်းကြောင့် သူသေဆုံး သွားလောက်ပြီ ဖြစ်သည်။
"ဒါပေမဲ့ ထိုက်တန်ပါတယ်ကွာ..."
ချန်းဖန်က တစ်ချက်ပြုံးရင်း လွင့်ပါး ပျောက်ကွယ်နေသည့်
နှင်းဝံပုလွေဘုရင်၏ အပိုင်းအစများအား ကြည့်လိုက်သည်။
"ဘာလဲ... ဘာဖြစ်သွားတာလဲ... ချန်းပေ့ရွှမ်းက ဘာလုပ်လိုက်တာလဲ..."
ထိုအခိုက်မှာပင် အချိန် ဥပဒေသကား ပုံမှန် အတိုင်း ပြန်လည် စီးဆင်းသွားပြီ ဖြစ်သည်။ လူတိုင်းက ပတ်ဝန်းကျင်သို့ ယောင်ဝါးဝါး ကြည့်လိုက်မိကြရာ ဒဏ်ရာရနေပုံ ရသော ချန်းပေ့ရွှမ်းနှင့် ကောင်းကင်၌ ရပ်နေသည့် နှင်းဝံပုလွေ ဘုရင်အား တွေ့လိုက်ကြရသည်။
"ချန်းပေ့ရွှမ်းက အချိန်ကို ရပ်တန့်ပြီး နှင်းဝံပုလွေ ဘုရင်ကို တိုက်ခိုက်ခဲ့တာလား… နောက်ပြီးတော့ သူက နတ်ဘုရားလို ပုံရိပ်တစ်ခုကို ဆင့်ခေါ်ခဲ့သေးတယ်…"
ဧဒင်က နားမလည်စွာ ရေရွတ်လိုက်၏။
ချန်းဖန် အသုံးပြုခဲ့သည့် ထိုနည်းစနစ်မျိုး အကြောင်းအား သူငယ်စဉ် ခရစ်ယာန် ဘုရားကျောင်း ရှိစဉ်က ရှေးဟောင်း ကျမ်းစာလိပ်များ၌ ဖတ်ခဲ့ဖူးသည်။ သူမှတ်မိသလောက် ဆိုလျှင် ထိုကဲ့သို့သော နည်းစနစ်မျိုးကို အစွမ်းအထက်ဆုံး ကောင်းကင် တမန်များသာ အသုံးပြု နိုင်ကြသည်ဟု ဆိုသည်။
"အာ… ဝူး…"
သမန်းဝံပုလွေများစွာက ကောင်းကင်မှ သူတို့၏ အရှင်သခင်အား ကြည့်ရင်း ဆွေးမြည့်စွာ အူလိုက်ကြ၏။
ထိုအခိုက်အတန့်မှာပင် ကောင်းကင်၌ ရပ်တန့်နေသည့် နှင်းဝံပုလွေဘုရင်၏ အမွေးများမှာ အဖြူရောင်မှ မီးခိုးရောင်သို့ ပြောင်းလာခဲ့သည်။ ငါးမီတာခန့် ရှည်လျားသော သူ၏ အရပ်မှာလည်း တဖြည်းဖြည်း ကြုံ့ဝင်လာကာ နှစ်မီတာခွဲမျှသာ ရှိတော့သည်။ သူ၏ ကြံ့ခိုင် သန်စွမ်းသော ကြွက်သားများမှာလည်း တဖြည်းဖြည်း တွဲလောင်းကျကာ ပိန်လှီ လာခဲ့တော့၏။ နှင်းဝံပုလွေ ဘုရင်ကား တစ်စက္ကန့်မျှ အချိန်အတွင်းမှာပင် နှစ်ပေါင်း တစ်ရာစာခန့် အိုမင်းသွားခဲ့ပြီ ဖြစ်သည်။
"မင်း…"
သူက ချန်းဖန်အား လက်ညိုးထိုးရင်း တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း "မင်း" ဆိုသော စကားလုံးကား သူနောက်ဆုံး ပြောနိုငိသော စကားပင် ဖြစ်တော့၏။
"ဘုန်း…"
နှင်းဝံပုလွေ ကလန်၏ ခေါင်းဆောင်၊ ဂေါ့ဒင်၏ ခန္ဓာကိုယ်ကား ကောင်းကင်မှ မြေကြီးသို့ ပြုတ်ကျကာ တစ်ခါတည်း အသက် ထွက်သွားခဲ့ပြီ ဖြစ်သည်။
သမန်းဝံပုလွေများ အပါအဝင်၊ လူများစွာမှာ ထိုမြင်ကွင်းအား ကြည့်ရင်း လုံးဝ မယုံကြည်နိုင်ကြချေ။ နှင်းဝံပုလွေ ဘုရင်မှာ သတ်၍ မရနိုင်သော တန်ခိုးရှင် အဆင့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သို့သော်လည်း တစ်စက္ကန့်မျှ အချိန်လေး အတွင်းမှာပင် ထိုပုဂ္ဂိုလ်ကြီးမှာ ချက်ချင်း အိုမင်းပြီး သေဆုံးသွားခဲ့ရ၏။ ထိုကဲ့သို့သော အဖြစ်အပျက်က ထူးဆန်းလွန်းလှသည်။
"အဟွတ်… အဟွတ်…"
ချန်းဖန်က လေထဲ၌ ရပ်တည်နေဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်ကမူ အလွန်အမင်း အားနည်းနေပုံ ရသည်။ သူ၏ ဆံပင်များပင်လျှင် မီးခိုရောင် ပိုမိုသန်းနေခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် သူက ခါးကို ဆန့်တန်းထားကာ မေးစေ့အား မော့ထားခဲ့၏။
များစွာသော ပညာရှင်များကား ချန်းဖန် အားနည်းနေကြောင်း သတိပြုမိသည့်တိုင် မည်သူမျှ မလှုပ်ရှား ဝံ့ကြချေ။ သူက ခေါင်းကိုသာ တွင်တွင်ငုံ့ရင်း ချန်းဖန်၏ အကြည့်များအား ရှောင်လွှဲရန် ကြိုးစားနေခဲ့ကြသည်။ ဧဒင်ကဲ့သို့သော လူပင်လျှင် ကြောက်ရွံမှုကြောင့် အနည်းငယ် တုန်ရီ နေခဲ့သည်။
သူတို့ နည်းတူစွာပင် သမန်းဝံပုလွေများမှာလည်း ကြောက်ရွံမှုကြောင့် တုတ်တုတ်ပင် မလှုပ်ဝံ့ကြချေ။ သူတို့၏ သခင် နှင်းဝံပုလွေဘုရင် ကဲ့သို့သော တန်ခိုးရှင် အဆင့် တစ်ယောက်ပင်လျှင် လူငယ်လေး၏ လက်၌ သေဆုံးခဲ့ရရာ သူတို့၏ တိုက်ခိုက်မှုက မည်ကဲ့သို့ အကျိုး ရှိပါမည်နည်း။
***