မင်းရဲ့ နောက်ကျောမှာ…
Vol. 5 Ch. 426
"ဟူး… ဟူး… ဟူး…"
မြောက်ဝန်ရိုးစွန်း လေကြမ်းက ခက်ထန်စွာ တိုက်ခတ်နေခဲ့၏။
မီတာရာပေါင်းများစွာ ကျယ်သော တောင်ကြား တစ်ခုလုံးကား ချန်းဖန်နှင့် နှင်းဝံပုလွေ ဘုရင်တို့၏ တိုက်ပွဲကြား၌ အလုံးစုံ ကျိုးပဲ့ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ကံကောင်းစွာဖြင့်ပင် အကာအကွယ် အစီအရင်ဖြင့် ချန်းဖန် ကာကွယ်ထားခဲ့သော သန္ဓေ အမြုတေ သစ်ပင်လေးကမူ အကောင်းအတိုင်းသာ ရှိနေခဲ့သေးသည်။
"အဟွတ်… ပြီးသွားပြီပဲ…"
ချန်းဖန်က ချောင်းဆိုးရင်း တီးတိုး ရေရွတ် လိုက်မိသည်။ ထိုအခိုက်မှာပင် သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်က ကုန်ဆုံးသွားသော စွမ်းအားများကို ပြန်လည် စုပ်ယူနေခဲ့၏။ ခဏအတွင်းမှာပင် ချန်းဖန်၏ ခန္ဓာကိုယ် တစ်ဝိုက်၌ ရေခဲများ၊ သစ်ပင်များမှ လာသည့် အစိမ်းရောင် အရည်စပ်များ၊ ချီအမြုတေများဖြင့် လင်းလက်တောက်ပ လာတော့၏။
ချန်းဖန်က ထိုစွမ်းအားများကို မျက်လုံးမှိတ်ရင်း စုပ်ယူလိုက်သည်။ ချီစွမ်းအားများကို စုပ်ယူလိုက်သည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်မှာ ရေပူစမ်း တစ်ခုအတွင်း၌ စိမ်နေရသည့် အလား နွေးထွေးလာခဲ့၏။ ထိုအခိုက်အတန့်မှာပင် သူ၏ ခွန်အားများမှာလည်း အလွန် လျင်မြန်စွာ ပြန်လည် ရရှိလာခဲ့တော့၏။
"အချိန် ကုန်လွန်ခြင်း မဟာ နတ်ဘုရား စွမ်းအားကို သုံးရတာ တော်တော်လေး ပင်ပန်းတာပဲ… ငါ ဂျပန်စစ်တပ်နဲ့ တိုက်ခိုက်ပြီးတဲ့နောက် စုဆောင်းထားခဲ့တဲ့ အကြွင်းအကျန် ဆန်းကြယ် စွမ်းအင်လေးကိုတောင် စုပ်ယူ သွားခဲ့သေးတယ်… သန္ဓေ အမြုတေ သစ်သီးရှိနေတာ ကံကောင်းတယ်… မဟုတ်ရင် အနည်းဆုံး နှစ်ဝက်လောက် ပြန်ကျင့်ရမှာ…" ချန်းဖန်က တွေးနေမိသည်။
ထိုအချိန်၌ အခြား လူသားများနှင့် သမန်းဝံပုလွေများမှာမူ ချန်းဖန်အား မော်၍ပင် မကြည့်ဝံ့ကြချေ။ သို့သော်လည်း ထိုအထဲ၌ ချန်းဖန်၏ ဘက်တော်သား ရန်ချင်ဟူ မပါဝင်ချေ။
"ဆရာကြီးချန်း… ခင်ဗျားက အရမ်း အစွမ်းထက်တာပဲ…"
ရန်ချင်ဟူက ချန်းဖန်ထံသို့ ပြေးလာရင်း ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ ချန်းဖန်က သူ့အား ပြန်လည် ပြုံးပြ လိုက်သည်။
"ပန်းတိုင်ကတော့ ရောက်ပြီ ပြောရမယ်… သိပ်မကြာခင်မှာ သန္ဓေ အမြုတေ သစ်သီးကလည်း ရင့်မှည့်တော့မယ်…"
ချန်းဖန်က ပြောရင်း သန္ဓေ အမြုတေ သစ်ပင်ကို ကာကွယ်ထားသည့် ဒြပ်စင်ငါးမျိုး ကောင်းကင် အစီအရင်ကို လှမ်းကြည့်လိုက်သည်။
ထိုအစီအရင်မှာ အရည်အသွေးမြင့် ကျောက်စိမ်း အဆောင် ဆယ့်ခုနစ်ခုဖြင့် ပြုလုပ်ထားခြင်း ဖြစ်ရာ အလွန်ပင် အစွမ်းထက်သည်။ ထိုအစီအရင်၏ ကာကွယ်မှု အောက်တွင် ရှိပါက တန်ခိုးရှင် ထိပ်ဆုံးအဆင့် ပညာရှင်၏ တိုက်ခိုက်မှုကိုပင် ကာကွယ်နိုင်လိမ့်မည် ဖြစ်သည်။
ချန်းဖန်က မြေပြင်သို့ ပြန်လည် ဆင်းသက်ကာ အပင်ငယ် ရှိရာသို့ သွားရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း ရုတ်တရက်ပင် သူ၏ မျက်နှာက မည်းမှောင်သွားကာ အရှေ့ဘက် ကောင်းကင်သို့ မျှော်ကြည့်လိုက်၏။
"ဘာဖြစ်လို့လဲ…"
ရန်ချင်ဟူက ချန်းဖန်၏ အမူအရာအား အကဲခတ်ရင်း အရှေ့ဘက် ကောင်းကင်သို့ လှမ်းလှည့်လိုက်သည်။ ရုတ်တရက်ပင် တစ်ခုခု လွဲချော်နေကြောင်း သူသတိ ထားမိလိုက်၏။
အရှေ့အရပ် ကောင်းကင်တွင်မူ အနက်ရောင် အစက်အပြောက်ငယ် တစ်ခုက မယုံကြည်နိုင်သည့် အမြန်နှုန်းကို ဖြတ်သန်းရင်း ရေခဲဝံပုလွေ ချိုင့်ဝှမ်းရှိရာ နေရာသို့ လာနေခဲ့၏။ မျက်တောင် တစ်ခပ် အချိန်အတွင်းမှာပင် ထိုအစက်အပြောက်မှာ ကိုလိုမီတာ ဒါဇင်ပေါင်းများစွာကို ဖြတ်သန်းရင်း တဖြည်းဖြည်း ကြီးမား လာခဲ့တော့၏။
"အသံထက်မြန်တဲ့ ဒုံးကျည်တွေ…"
ထိုအရာများကို လူတိုင်း ထင်ထင်ရှားရှားပင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
"လာစမ်း…"
ချန်းဖန်က မြေပြင်အား ခြေထောက်ဖြင့် နင်းကန်ရင်း ကောင်းကင်ပေါ်သို့ ပျံတက်လိုက်၏။ ရေကြမ်းများ၏ တွန်းထိုးမှုများကြောင့် သူ၏ မီးခိုးရောင် ဆံပင်များမှာမူ ကောင်းကင်၌ လွင့်လူးနေခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်မှာပင် သူ၏ မျက်လုံးဆီမှ နတ်ဘုရား အလင်းတစ်ခု တောက်ပ လာခဲ့တော့၏။
ရုတ်တရက်ပင် သူ၏ လက်၌ လှံတံရှည် တစ်ခု ပေါ်လာကာ အသံ၏ အမြန်နှုန်းကိုပင် ဖြတ်သန်း၍ ဒုံးကျည်ထံ တိုးဝင်သွားတော့၏။
"ဘုန်း…"
လှံတံနှင့် ဒုံးကျည်တို့ ထိပ်တိုက်တွေ့ရာ ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုပေါက်ကွဲမှု အရှိန်ကြောင့် ကြီးမား မီးတောက် မီးလျှံများ ဖြာထွက်လာခဲ့ပြီး ကောင်းကင် တစ်ခုလုံး၌ မီးခိုးများဖြင့် ဖုံးလွှမ်း သွားတော့သည်။
"အဲဒီ ဒုံးကျည်တွေက ဘယ်ကလာတာလဲ…"
"အဲဒါက ရုရှားတွေရဲ့ 3M22 ဇိုင်ခရွန် ဆိုတာ သေချာတယ်… ရုရှား စစ်တပ်က ဒီအနားမှာ ရောက်နေပြီ ထင်တယ်…"
"ချန်းပေ့ရွှမ်း ကယ်လို့ပေါ့ … မဟုတ်ရင် ငါတို့ သေနေလောက်ပြီ…"
ပညာရှင်များစွာကား ကြောက်ရွံ့မှုကြောင့် လည်ချောင်းများပင် ခြောက်ကပ် ကုန်ကြသည်။
အသံထက် မြန်သော ဒုံးကျည်များကို မော်ဒန် ကမ္ဘာ၏ စူပါလက်နက်များ ဟုပင် ရည်ညွှန်းကြသည်။ ထိုဒုံးကျည်များ၏ ပေါက်ကွဲမှု ဧရိယာ အချင်းဝက်မှာ မီတာတစ်ရာ အထိ ရှိရာ ချိုင့်ဝှမ်း တစ်ခုလုံးကို ပြာပုံဖြစ်အောင် ပြောင်းလဲနိုင်စွမ်း ရှိသည်။
လူတိုင်းက အောင်ပွဲခံရန် ဟန်ပြင် လိုက်စဉ်မှာပင် ချန်းဖန်၏ ပိုမို မည်းမှောင်လာသော မျက်နှာအား သတိထားမိ လိုက်ကြသည်။
"ဘာဖြစ်လို့လဲ…"
ရန်ချင်ဟူ အပါအဝင် လူများစွာက အရှေ့ဘက် ကောင်းကင်သို့ လှမ်းမျှော်ကြည့် လိုက်ကြပြန်သည်။
မကြာခင်မှာပင် ဒါဇင်ပေါင်းများစွာ များပြားသော အစက်အပြောက်များ ကောင်းကင်၌ ထွက်ပေါ်လာကာ ရေခဲဝံပုလွေ ချိုင့်ဝှမ်းဘက်သို့ ကျဆင်းလာကြောင်း အားလုံး တွေ့လိုက်ရသည်။ မျက်တောင် တစ်ခပ်စာ အချိန်အတွင်းမှာပင် ထိုအစက်အပြောက်များမှာ ချိုင့်ဝှမ်းအနားသို့ နီးကပ် လာခဲ့သည်။
"BM-30…"
"ဆမ်မာ့ခ်ျ…"
"ဒါက ရုရှားတွေရဲ့ အစွမ်းအထက်ဆုံး ဒုံးကျည်လောင်ချာ စနစ်မလား… အဲဒီ လောင်ချာ တစ်ခုချင်းစီက တာဝေးပစ် ပဲ့ထိန်း ဒုံးကျည်တွေလောက် ပြင်းထန်တယ်… အဲဒါတွေက တင့်ကား တစ်စီးကိုတောင် လွယ်လွယ်လေး ဖျက်ဆီး ပစ်နိုင်တယ်… "
ရန်ချင်ဟူက တုန်ရီစွာ ရေရွတ်လိုက်မိသည်။ သူကား သိုင်းပညာ အထွတ်အထိပ် ပညာရှင် တစ်ဦးဖြစ်ရာ အမျိုးမျိုးသော ခေတ်မှီ လက်နက်များနှင့် ရင်းနှီးမှု ရှိသည်။
ထိုတစ်ဒါဇင်ခန့် ရှိသော ဒုံးကျည်များသာ ကျရောက်ပါက ချိုင့်ဝှမ်းတစ်ခုလုံး ပြာအဖြစ် ပြောင်းလဲ သွားပေလိမ့်မည်။ ထိုဒုံးကျည်များ ပေါက်ကွဲမှုကို သူတို့ကဲ့သို့ သာမန် အထွတ်အထိပ် ပညာရှင် မဆိုထားနှင့် တန်ခိုးရှင် တစ်ပိုင်း အဆင့်များပင် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ချန်းပေ့ရွှမ်းနှင့် နှင်းဝံပုလွေဘုရင်တို့ကဲ့သော အလွန်တရာ အစွမ်းထက်သည့် တန်ခိုးရှင် အဆင့်များသာ လွတ်မြောက်နိုင်ရန် မျှော်လင့်ချက် ရှိသည်။
ထိုအတွေးကား ရန်ချင်ဟူ တစ်ယောက်တည်း၌ ဖြစ်ပေါ်နေသည် မဟုတ်ချေ။ ဧဒင်၊ အရူးတို့ အပါအဝင် များစွာသော ပညာရှင်များမှာလည်း မျက်နှာများ သွေးဆုတ်ဖြူရော်သည် အထိ ကြောက်လန့် နေခဲ့ကြသည်။ သူတို့အားလုံးကား မတိုင်ပင်မိပါပဲ ချန်းဖန်ထံသို့ အားကိုးတကြီး ကြည့်လိုက်မိကြတော့သည်။
"သွားစမ်း… သွားစမ်း… သွားစမ်း…"
ချန်းဖန်က လှံတံရှည်များအား ထုတ်ယူရင်း တိုးဝင်လာသော ဒုံးကျည်များထံ အဆက်မပြတ် ပစ်လွှတ်လိုက်၏။
သို့သော်လည်း သူတို့ထံသို့ တိုးဝင်လာသည့် ဒုံးကျည်များကား များပြားလွန်းသည်။ ချန်းဖန်၏ လှံတံများ အောက်၌ ဒုံးကျည်တစ်ဒါဇင်ခန့် ပေါက်ကွဲ သွားသည့်တိုင် အခြား ဒုံးကျည်များမှာ ဆက်လက် တိုးဝင်လာစမြဲ ဖြစ်သည်။
"နိုးထ…"
လျှပ်တစ်ပြက် အတွင်းမှာပင် ချန်းဖန်၏ မျက်လုံးမှ နတ်ဘုရား အလင်းရောင်များ ပိုမို တောက်ပလာသည်။ သူက လက်နှစ်ဖက်အား မြောက်လိုက်သည်နှင့် ဒါဇင်ပေါင်းများစွာသော ဓားအလင်းများ ဖြစ်ပေါ်လာကာ ဒုံးကျည်များထံ တိုင်းဝင်သွားပြန်၏။
"ဘုန်း… ဘုန်း… ဘုန်း…"
ဒုံးကျည်များစွာကား ဓားအလင်းများ၏ ဟန့်တားမှုဖြင့် ကောင်းကင်၌ ပေါက်ကွဲ ကုန်ကြပြန်သည်။ ထိုပေါက်ကွဲမှုလှိုင်းများက အဘက်ဘက်သို့ ရိုက်ခတ်နေရာ ကမ္ဘာမြေကြီးပင်လျှင် ငလျင်အလား တုန်ဟည်းနေခဲ့ပြီ ဖြစ်တော့သည်။
သို့သော်လည်း ချန်းဖန်၏ ဓားအလင်းများကား မရေမတွက်နိုင်သော ဒုံးကျည်အားလုံးကို မဟန့်တားနိုင်လိုက်ပေ။ ဒုံးကျည် တစ်ဒါဇင်ခန့်ကား ဓားများ၏ တားဆီးမှုကို ဖြတ်ကျော်ကာ ချိုင့်ဝှမ်းအတွင်း ကျရောက် သွားတော့၏။
"ဘုန်း… ဘုန်း…"
အဝေးမှ ကြည့်ပါက ဒါဇင်ပေါင်းများစွာသော မီးတောက်မီးပွင့်များ ချိုင့်ဝှမ်းအတွင်း ပေါ်ထွက်လာသည်ကို တွေ့မြင်နေရ၏။ ပေါက်ကွဲမှုများက ဝင်္ကပါ တစ်ခု ခင်းကျင်းနေသည့် အလား မျဉ်းတစ်ခုကို ဖန်တီးကာ အစဉ်လိုက် ပေါက်ကွဲနေတော့သည်။
သို့တိုင်အောင် ထိုအရာများပ အစမျှသာ ဖြစ်၏။
မကြာခင်မှာပင် များစွာသော ဒုံးကျည်များကား မိုးသီးမိုးပေါက်များကဲ့သို့ ချိုင့်ဝှမ်းအတွင်း အစုလိုက် အပြုံလိုက် ကျဆင်း လာပြန်သည်။ ထိုပေါက်ကွဲမှုများ အောက်၌ ကောင်းကင်နှင့် မြေကြီးကား ပြောင်းပြန်လှန်နေသည့် အလား အကြိမ်ကြိမ် တုန်ဟီးနေတော့သည်။
ဒုတိယ အသုတ် ဒုံးကျည်များ ကျဆင်းအပြီး၌ ချိုင့်ဝှမ်း တစ်ခုလုံးမှာ ရစရာ မရှိတောင် ဖွာလန်ကြဲ နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ရုရှား စစ်တပ်ကား ကျေနပ်ပုံ မရသေးချေ။
တတိယမြောက် အသုတ်အဖြစ် အသံထက်မြန်သည့် ဗုံးကြဲ လေယာဉ်တစ်စင်းမှာ ချိုင့်ဝှမ်း အပေါ်မှ ဖြတ်ကာ ပျံသန်းရင်း တစ်တန်ခန့်လေးသည့် မိုးပျံဗုံးတစ်လုံးအား ဖြုတ်ချလိုက်ပြန်၏။
"အုန်း…"
ရေခဲဝံပုလွေ ချိုင့်ဝှမ်းဆီမှ မီတာရာပေါင်းများစွာ ကြီးမားသော မှိုသဏ္ဌာန် မီးခိုးများ ထွက်ပေါ်လာခဲ့၏။ ထိုမီးခိုးထုထည်ကား အလွန်ကြီးမားရာ မိုင်ရာပေါင်းများစွာ အကွာအဝေးမှပင် တွေ့မြင်နိုင်သည်။
အမှောင်တိမ်တောင်များက ချိုင့်ဝှမ်းအထက် ကောင်းကင်ကို လွှမ်းမိုးထား၏။ မြေပြင်ပေါ်တွင်မူ ဗုံးကျရောက် ပေါက်ကွဲသည့် မီတာငါးရာ အချင်းဝက် အတွင်း၌ မည်သည့် သက်ရှိမှ ရှိမနေခဲ့တော့ချေ။
ထိုဗုံးကား ဗုံးများအားလုံး၏ အရှင်သခင်ဟု တင်စားနိုင်သည့် နျူကလီးယားဗုံးပင် ဖြစ်တော့သည်။
"ပြီးသွားပြီ…"
အဝေးတစ်နေရာတွင် ရှိသော ရုရှား စစ်သားနှစ်ယောက်က အပျက်အစီးများကို လှမ်းကြည့်ရင်း ရေရွတ် လိုက်သည်။
"ပထမဆုံး ဇိုင်ခရွန်… ဒုတိယ BM-30… တတိယ နျူကလီးယားဗုံး… အင်ဒရူး… သူငယ်ချင်းလေး… ငါတို့ နျူကလီးယားဗုံးကို မသုံရင်တောင် ရတယ် မလား…" တစ်ယောက်က မေးလိုက်သည်။
"ငါတို့ ချန်းပေ့ရွှမ်းကို သတ်နိုင်လိမ့်မယ်လို့ မျှော်လင့် မထားခဲ့ကြဘူး… ဒါပေမဲ့ သူက ဆိုက်ဘေးရီယားကို လာပြီး အသေခံခဲ့တာလေ… ခုတော့လည်း ငါတို့ နျူကလီးယားဗုံးရဲ့ အစမ်းသပ်ခံလေး ဖြစ်သွားတာပေါ့… နောက်ပြီးတော့ အဲဒီ ချိုင့်ဝှမ်းထဲမှာ အမှောင်ကမ္ဘာက လူတွေနဲ့ နှင်းဝံပုလွေ ကလန်သားတွေပါ ရှိနေသေးတယ်လေ… ပြောရမယ် ဆိုရင် ကျောက်ခဲ တစ်လုံးတည်းနဲ့ သူတို့ အားလုံးကို သတ်ပစ်လိုက်နိုင်တာပေါ့ကွာ…" အင်ဒရူးဟု ခေါ်သည့် ဆံပင်ဖြူစစ်သားက ပြောလိုက်သည်။
"ဟေ့… ဟိုကိုကြည့်စမ်း… ပိုးကောင်လေး တစ်ကောင်တော့ အသက်ရှင်ဖို့ ကြိုးစားနေပုံ ရတယ်…"
ပထမစစ်သားက အဝေးတစ်နေရာသို့ ညွှန်ပြရင်း ပြောလိုက်သည်။
"ငါ အဆုံးသတ်ပေးလိုက်မယ်…"
အင်ဒရူးက ပြောရင်း ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ရုတ်တရက်ပင် သူ၏ ခန္ဓာကိုယ်က ကြီးထွားလာကာ နှစ်မီတာခန့် ရှည်သော သမန်းဝံပုလွေ တစ်ကောင် အဖြစ် ပြောင်းလဲသွားသည်။ သူ၏ အမွေးများမှာမူ အနီရောင် ဖြစ်၏။
သမန်းဝံပုလွေက ချိုင့်ဝှမ်းရှိရာသို့ ပြေးဝင်ရင်း လွတ်မြောက်ရန် ကြိုးစားနေသည့် ဧဒင်အား ခုန်အုပ်လိုက်သည်။
ပထမ ရုရှား စစ်သားက လက်နှစ်ဖက်ကို အိတ်ကပ်အတွင်း ထိုးထည့်လိုက်ရင်း ထိုမြင်ကွင်းကို သက်သာစွာ ကြည့်လိုက်သည်။ သူကား အင်ဒရူးအတွက် လုံးဝ စိတ်ပူပုံ မရချေ။
"ဒါပေမဲ့… ချန်းပေ့ရွှမ်း… သူ တကယ်ရော သေရဲ့လား…."
ရုတ်တရက် စိုးရိမ်ပူပန်မှု တစ်ခုက သူ၏ မျက်နှာ၌ ပေါ်လာခဲ့တော့၏။
***