ချန်းပေ့ရွှမ်း သေပြီလား
Vol. 5 Ch. 427
"ချန်းပေ့ရွှမ်း သေပြီလား…"
ထိုသတင်းခေါင်းစဉ်ကား ဒါ့ခ်နက်မှ တဆင့် ကမ္ဘာတစ်ခုလုံးသို့ တုန်လှုပ် သွားစေတော့သည်။
ရေခဲဝံပုလွေ ချိုင့်ဝှမ်းသို့ ဒုံးကျည်များစွာ ကျဆင်း လာသည်အား မြင်သည်နှင့် ထွက်ပေါက်နှင့် အနီးဆုံးနေရာတွင် ရပ်နေသော ဧဒင်မှာ အသက်လု၍ ထွက်ပြေးခဲ့သည်။ သူ၏ အလွန် အစွမ်းထက်သည့် အလင်း စွမ်းအားဖြင့်ပင်လျှင် ဧဒင်မှာ အစွန်အဖျားရိုက်ခတ်မှု အောက်၌ အထိနာခဲ့ရသည်။
မီးပင်လယ်မှ သီသီလေး လွတ်မြောက် လာချိန်တွင်လည်း ဧဒင်မှာ အင်ဒရူး ခေါင်းဆောင်သော ရုရှားစစ်သားများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။ သို့သော်လည်း အဆုံး၌ လွတ်မြောက်အောင် ထွက်ပြေးကာ အိမ်သို့ ပြန်နိုင်ခဲ့သည်။
ဧဒင်ကား အိမ်သို့ ပြန်ရောက်သည်နှင့် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဖွင့်ဟခဲ့သည်။ သူ့ထံမှ လာသော အချက်အလက်များက ခဏအတွင်းမှာပင် တစ်ကမ္ဘာလုံးသို့ ပျံနှံ့ကာ လူတိုင်းအား တုန်လှုပ်ချောက်ချား သွားစေတော့သည်။
"ကာလ်… ဆင်မိစ္ဆာ… ဆံပင်ဖြူ ကောက်ရိတ်သမား… ဇူးရပ်… အရူး… သူတို့တွေ အားလုံး သေပြီတဲ့…"
ရေခဲ ဝံပုလွေချိုင့်ဝှမ်း အတွင်း၌ အမှောင်ကမ္ဘာမှ အထွတ်အထိပ် အဆင့် နှစ်ရာခန့် သေဆုံး သွားခဲ့သည့် အပြင် အမှောင် သတ်မှတ်ချက်ဝင် ပညာရှင် ခုနစ်ယောက်မှာလည်း အသက်ထွက် သွားခဲ့ရပြီ ဖြစ်သည်။ ထို့အပြင် ချန်းပေ့ရွှမ်း သတ်ခဲ့သော နှင်းဝံပုလွေဘုရင်တို့ အပါအဝင် များစွာသော သမန်းဝံပုလွေ များသည်လည်း သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ထိုပမာဏကား အလွန်ပင် ချောက်ချားဖွယ် ကောင်းလွန်းသည်။
သို့သော်လည်း လူတိုင်း၏ အတွေးတွင်မူ မေးခွန်း တစ်ခုကသာ စိုးမိုးနေခဲ့၏။
"ချန်းပေ့ရွှမ်း သေပြီလား…"
"သူက အရူးနဲ့ ဧဒင်တို့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တဲ့ အပြင် အမှောင်ကမ္ဘာက အရှင်သခင် အယောက် နှစ်ဆယ်လောက်ကိုလည်း သတ်ခဲ့တယ် တဲ့… ဒါတင်မကသေးဘူး… တန်ခိုးရှင် အဆင့် နှင်းဝံပုလွေ ဘုရင်တောင် သူ့ဓားချက်နဲ့ အသက်ထွက်ခဲ့ရတယ် ဆိုပဲ…"
"ဧဒင် ကိုယ်တိုင် ပြောတာကြောင့်သာ မဟုတ်ရင် ငါ ယုံမှာတောင် မဟုတ်ဘူး…"
တစ်ယောက်က စီအိုင်အေ သီးသန့် ဆာဗာတွင် ပို့(post) တင်လိုက်သည်။
ခဏအတွင်းမှာပင် ထိုပို့(post) ၌ မှတ်ချက်ပြန်ရေးသူများဖြင့် ပြည့်နှက် သွားတော့သည်။
"ဧဒင်ပြောတဲ့ ပထမပိုင်းက အဓိပ္ပာယ် ရှိပါသေးတယ်… ဒါပေမဲ့ သူ့စကားမှာက သမန်းဝံပုလွေတွေပါ ပါလာခဲ့တယ်ကွ… သမန်းဝံပုလွေတွေ… သွေးစုပ် ဖုတ်ကောင်တွေက အမှောင်ခေတ် ဒဏ္ဍာရီတွေထဲမှာပဲ ရှိတာပါကွာ… နောက် ပိုပြီး မဖြစ်နိုင်တာက သမန်း ဝံပုလွေတွေထဲက တစ်ယောက်က တန်ခိုးရှင် အဆင့်တဲ့…"
"တန်ခိုးရှင် အဆင့်တွေ ကမ္ဘာမှာ ပေါ်မလာတော့တာ အရမ်းကြာနေပြီ… သူတို့တွေ တကယ်တောင် ရှိချင်မှ ရှိတော့မှာ… ဧဒင်ပြောတာနဲ့ ငါတို့က အကုန် ယုံလိုက်ရမှာလား…"
"ဟုတ်တယ်… သူ ချန်းပေ့ရွှမ်းကို ရှုံးတာနဲ့ အရှက်ပြေ လုပ်ကြံပြောနေတာ ဖြစ်ရမယ်… ချန်းပေ့ရွှမ်းက တန်ခိုးရှင် အဆင့်ကိုတောင် သတ်နိုင်တယ် ဆိုရင် သူ့အရှုံးက ဂုဏ်ရှိသွားပြီလေ…"
သူတို့ သုံးယောက်မှာ အတိုင်အဖောက် ညီနေသော်လည်း အခြားသောသူများမှာမူ ဝေခွဲမရ ဖြစ်နေသေးဟန် ရသည်။
လူများစွာ တစ်ယောက်နှင့် တစ်ယောက် ငြင်းခုံနေကြချိန်မှာပင် မစ္စတာ လေ့လာသူ၏ မှတ်ချက် တစ်ခု ပေါ်လာခဲ့၏။
"နှင်းဝံပုလွေ ဘုရင် ဂေါ့ဒင်က တကယ် ရှိတယ်…"
မစ္စတာ လေ့လာသူက ပထမ ကမ္ဘာစစ်အတွင်း ရိုက်ကူးထားခဲ့သော အဖြူအမဲ ဓာတ်ပုံတစ်ခုကိုပါ ထုတ်ပြလိုက်သည်။ ထိုဓာတ်ပုံမှာ သုံးမီတာခန့် မြင့်သော သမန်း ဝံပုလွေကြီး တစ်ကောင်က ပြင်သစ်စစ်သား တစ်ယောက်အား တိုက်ခိုက်နေပုံ ဖြစ်သည်။
"အဲဒီပုံက ပြင်သစ်တစ်ယောက် ရိုက်ထားတဲ့ ပုံပဲ… ပြောပုံအရဆိုရင်တော့ အဲဒီ သမန်း ဝံပုလွေကြီးက ဂျာမန်စစ်တပ်နဲ့ ပေါင်းပြီး ပြင်သစ်တွေကို တိုက်ခဲ့တာတဲ့… သူက အရမ်း အစွမ်းထက်ပြီး တင့်ကားတွေကိုတောင် လက်ဗလာနဲ့ ဆွဲဖဲ့နိုင်ခဲ့တယ်… ဂျာမန်စစ်သားတွေက အဲဒီ သမန်းဝံပုလွေကြီးကို ဂေါ့ဒင်လို့ ခေါ်ကြတယ် တဲ့…"
မစ္စတာလေ့လာသူက ရှည်လျားစွာ ရေးလိုက်သည်။
လူများစွာကား မစ္စတာ လေ့လာသူ၏ မှတ်ချက်ကို ဖတ်ရင်း အသက်မရှူနိုင်အောင် ဖြစ်လာကြ တော့သည်။ မစ္စတာ လေ့လာသူ ပြောခဲ့သည့် အချက်အလက်များကား ကမ္ဘာသို့ မပေါက်ကြားခဲ့သေးသည့် လျှို့ဝှက်ချက်များပင် ဖြစ်သည်။
ထိုအချိန်မှာပင် မစ္စတာ လေ့လာသူက ဆက်ရေးလိုက်သည်။
"ဂေါ့ဒင်က တန်ခိုးရှင် အဆင့်တစ်ယောက်ပဲ… သူရဲ့ အသက်က နှစ်ရာချီ ရှိနေပြီ… ကမ္ဘာပေါ်မှာ ခုအချိန်ထိ တန်ခိုးရှင် အဆင့်တွေ ရှိနေသေးပေမဲ့ အရေအတွက်ကတော့ တော်တော်လေး နည်းတယ်…"
"သောက်ကျိုးနည်း… တကယ်ကြီးလားဟ…"
"ဟေ့… မစ္စတာ လေ့လာသူက နိုင်ငံကြီး တစ်နိုင်ငံရဲ့ အဆင့်မြင့် အရာရှိဆိုတာ ငါလောင်းရဲတယ်… သူ့ရဲ့ အချက်အလက်တွေက အရမ်း ပြည့်စုံတာပဲ…"
"ဒါဆို ဧဒင် စကားတွေက မှန်တာပေါ့… ချန်းပေ့ရွှမ်းက တန်ခိုးရှင် တစ်ယောက်ကိုတောင် သတ်ခဲ့တာပဲ…"
မစ္စတာ လေ့လာသူ၏ ခိုင်လုံသော အချက်အလက်များ အရ ဧဒင်ပြောသော စကားများမှာ အမှန်ဖြစ်ကြောင်း လူတိုင်း လက်ခံလိုက်ကြပြီ ဖြစ်သည်။ သို့သော်လည်း သူတို့ထံတွင် မေးခွန်းတစ်ခုက ကျန်ရှိနေသေးသည်။
"ချန်းပေ့ရွှမ်း သေပြီလား…"
"တကယ်လို့ သူသေသွားရင်တော့ ဆယ်စုနှစ် တစ်ခုလောက် အတွင်း လူတွေ အားလုံး သူ့ကို မေ့သွားကြမှာပဲ…"
"သူ အသက်ရှင်နေသေးရင်တော့ ကမ္ဘာ့ အစွမ်းအထက်ဆုံး လူတစ်ယောက် ဖြစ်လာလိမ့်မယ်… အဲ့လိုသာဆိုရင် KBG အကြီးအကဲနဲ့ ရုရှား မြောက်ပိုင်း စစ်ဌာနချုပ်တို့တော့ ညတိုင်း အိပ်မက်ဆိုး မက်ရတော့မှာပဲ…"
ထိုမှတ်ချက် အဆုံး၌ သီးသန့် ဆာဗာအတွင်း နောက်တစ်ကြိမ် တိတ်ဆိတ် သွားပြန်တော့၏။
***
ထိုအတောအတွင်း၌ မြောက်ပိုင်းတိုင်း ရုရှားစစ်တပ်မှာ ရေခဲဝံပုလွေ ချိုင့်ဝှမ်းအား ရှင်းလင်းပြီးခဲ့ပြီ ဖြစ်သည်။
ချိုင့်ဝှမ်းအတွင်း၌ သမန်းဝံပုလွေ အလောင်းရာချီနှင့် အမှောင်ကမ္ဘာမှ ပညာရှင်များဟု ယူဆရသော လူခန္ဓာ အလောင်းများကို တွေ့မြင်ရသည်။ သို့သော်လည်း ချန်းပေ့ရွှမ်း၏ ရုပ်အလောင်းကိုမူ မည်သည့် နေရာတွင်မှ မတွေ့ရချေ။
ထိုသတင်းအား ကြားသည်နှင့် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်မှာ သုံးရက်၊ သုံးည တိုင်သည် အထိ အိပ်ပျော်ခဲ့ချေ။
သို့သော်လည်း နှစ်ဝက်ခန့် ကြာသည်အထိ ချန်းပေ့ရွှမ်းကား ပျောက်ဆုံးနေဆဲပင်။
"သူ အသက်ရှင်နေသေးလား … သေသွားခဲ့ပြီလား" ဆိုသည့် မေးခွန်းကိုမူ မည်သူမျှ ရေရေရာရာ မဖြေနိုင်ကြချေ။
ဤသို့ဖြင့် လပေါင်းများစွာ ကြာသည်တွင် ရေခဲဝံပုလွေ ချိုင့်ဝှမ်းသတင်းအား လူတိုင်း မေ့စ ပြုလာကြပြီ ဖြစ်သည်။ လူအများမှာလည်း အချိန်များစွာ ကြာအောင် ပြန်လည် ပေါ်ထွက်လာခြင်း မရှိသည့် ချန်းပေ့ရွှမ်းသား သေဆုံးသွားပြီ ဟုသာ သတ်မှတ် လိုက်ကြတော့သည်။
"နှမြောစရာ ကောင်းလိုက်တာ… အတောက်ပဆုံး ကြယ်တစ်ပွင့်က ခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့် သွားရတယ် လို့…"
လူများစွာမှာ ချန်းပေ့ရွှမ်း အကြောင်း သတိရမိတိုင်း သက်ပြင်းကိုသာ အကြိမ်ကြိမ် ချမိနေကြတော့သည်။
ထိုအချိန်၌ ချန်းဖန်၏ ရန်သူများမှာမသ ချန်းဖန်၏ သေဆုံးမှု အတွက် အောင်ပွဲခံ နေကြတော့သည်။
ဟောင်ဂိုဏ်းဆိုလျှင် တစ်လတိတိ ပျော်ပွဲ ရွှင်ပွဲများ ကျင်းပခဲ့သည်။ ဆမ်ဆောင်း လုပ်ငန်းစုမှာလည်း ချန်းမိသားစုအား တောင်းပန်မည့် သူတို့၏ အစီအစဉ်ကို ပြန်လည် ရုတ်သိမ်း လိုက်သည်။ ကဝေဂိုဏ်း၊ ဂျပန် သိုင်းလောကနှင့် အမှောင်တိုတမ်များမှာလည်း ပျော်ရွှင်စွာ အောင်ပွဲခံကြသည်။
ဒါရိုက်တာရှောင်ကမူ သက်ပြင်း အကြိမ်ကြိမ်ချရင်း သတင်းကို ချန်းပေ့ရွှမ်း၏ မိဘများထံ ပို့ခိုင်းလိုက်သည်။ ထိုည၌ လီဝူချန်းမှာမူ ထန်လုံတပ်ဖွဲ့ဝင်များနှင့် အတူ မူးအောင် သောက်ရင်း ငိုခဲ့ကြသည်။ ကျောက်ဘိုဖန် အပါအဝင် အခြား ထန်လုံတပ်ဖွဲ့ဝင် များမှာလည်း မျက်ရည်နှင့် မျက်ခွက် ဖြစ်နေကြတော့သည်။
ချန်းမိသားစုဝင် များမှာမူ ချန်းဖန် ပျောက်ဆုံးသွားကြောင်း သတင်းကြားရသည့် နေ့မှ စ၍ တိတ်ဆိတ် သွားခဲ့ကြသည်။ လပေါင်းများစွာ ကြာသည်အထိ ချန်းဖန် ပြန်ပေါ်မလာပြီး နောက်တွင်မူ သူတို့မှာ ချန်းဖန် သေဆုံးကြောင်းကို လက်ခံလိုက်ကြ ရတော့သည်။ ထိုအချိန်မှာပင် ချန်းဖန်၏ ရန်သူများစွာမှာ ချန်းမိသားစုထံမှ အမြတ်ထုတ်ရန် ကြိုးစားနေခဲ့ကြပြီ ဖြစ်သည်။
တစ်နှစ်ကြာပြီးနောက်… လူများစွာမှာ ရေခဲဝံပုလွေ ချိုင့်ဝှမ်း အကြောင်းအား မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
နျူကလီးယားဗုံး ပေါက်ကွဲမှုကြောင့် ရေခဲဝံပုလွေ ချိုင့်ဝှမ်း တည်ရှိခဲ့သည့် နေရာ၌ ချီစွမ်းအင်များ မရှိတော့သလောက် နည်းပါးနေပြီ ဖြစ်သည်။ ထို့ကြောင့်ပင် အသက်ဓာတ် စမ်းအိုင် တည်ရှိခဲ့သော နေရာရှိ ရေများမှာ ရေခဲပြင် တစ်ခု အဖြစ်သာ ကျန်ရှိတော့သည်။ ထိုနေရာသို့ လူသူလည်း အရောက်အပေါက် မရှိတော့ရာ အလွန်တရာပင် တိတ်ဆိတ် ငြိမ်သက်နေခဲ့တော့သည်။
"ဘုန်း…"
ရုတ်တရက် ရေကန်၏ ရေခဲပြင်ထုမှာ ပေါက်ကွဲသွားပြီး အဇူရာ အလင်းတစ်ခု ကောင်းကင်သို့ ထိုးတက် သွားခဲ့တော့၏။
***