တစ်နှစ်ကြာပြီးနောက်…
Vol. 5 Ch. 428
ထိုအချိန် နှင်းများထူထပ်စွာ ကျရောက်နေသည့် ရေခဲဝံပုလွေ ချိုင့်ဝှမ်းအတွင်း…
ရေခဲထုမှ ခွဲ၍ ထွက်လာသော အဇူရာ အလင်းမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး လူငယ် တစ်ယောက်၏ ပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်။
ထိုလူငယ်ကား အနက်ရောင် ဆံပင်ရှိပြီး ရှည်လျားသော အင်္ကျီရှည်ကို ဝတ်ဆင် ထားသည်။ သူ၏ မျက်လုံးများက စိတ်ခံစားမှု ကင်းမဲ့နေသော်လည်း ခန္ဓာကိုယ်တွင်မူ လောင်ကျွမ်းမှုနှင့် ပျော့ပျောင်း နူးညံ့မှု စွမ်းအား နှစ်မျိုးက လိုက်ဖက်ညီစွာ စီးဆင်းနေ၏။
"ငါ တံခါးပိတ် ကျင့်ကြံတာ ဘယ်လောက်တောင် ကြာသွားပြီ မသိဘူး… အမအန်တို့ အဖေတို့ရော အဆင်မှ ပြေရဲ့လား…"
ချန်းဖန်က တီးတိုးရေရွတ်ရင်း သူ၏ လက်အား ကြည့်လိုက်သည်။ သူ၏ လက်ကား ယခုအချိန်၌ ပြည့်စုံသည့် အဇူရာ ကျောက်စိမ်းကဲ့သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။ ကြည်လင်နေသော အရေပြားမှ ဖြတ်၍ သွေးကြောများ၊ အရိုးများ၊ ကြွက်သားများကိုပင် မြင်နေ ရသေးသည်။
ထို့သို့ပြောင်းလဲသည်က လက်တစ်ခု တည်းသာ မဟုတ်ချေ။ ပခုံး၊ ရင်ဘတ်၊ ခေါင်း… အစရှိသည့် ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် အလား အသွင်ပြောင်း နေခဲ့ပြီ ဖြစ်သည်။
"သန္ဓေ အမြုတေ သစ်သီးကြောင့် အဇူရာသက်ရှည် ခန္ဓာ စဦးအောင်မြင်ခြင်း အဆင့်ကို ငါရောက်သွားခဲ့ပြီပဲ…"
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။
ထိုနေ့က ဗုံးပေါက်ကွဲမှုများအား မရပ်တန့်နိုင်ကြောင်း သဘောပေါက်သည်နှင့် ချန်းဖန်မှာ ဒြပ်စင်ငါးပါး ကောင်းကင် အစီအရင်ထဲသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် အဝါရောင် ကျောက်မျက်ကို ထုတ်ယူကာ ဝိညာဉ်ရေများ အားလုံးကို သိမ်းဆည်း ခဲ့သည်။ ထို့နောက် နျူကလီးယားဗုံး မကျရောက်ခင်မှာပင် သန္ဓေအမြုတေ သစ်သီးအား အစီအရင် တစ်ခု၏ အကူအညီဖြင့် ယူဆောင်ကာ မြေအောက်နက်နက်သို့ ဆင်းပုန်းနေခဲ့ခြင်း ဖြစ်သည်။
"ငါသာ အဲဒီနေရာမှာ ဆက်နေရင် သေချာသေချာတယ်…"
ချန်းဖန်က ရေရွတ်လိုက်မိသည်။
နျူးကလိယဗုံး ပေါက်ကွဲမှုမှ သီသီလေး ကင်းလွတ်ပြီးနောက် ချန်းဖန်မှာ မူလ စွမ်းအား ပြန်မရမချင်း အပြင်သို့ မထွက်ရန် ဆုံးဖြတ်ခဲ့သည်။ သန္ဓေ အမြုတေ သစ်သီးမှာလည်း သိပ်မကြာခင်မှာပင် ရင့်မှည့်လာမည် ဖြစ်ရာ ထိုမြေအောက်တွင်သာ ဂူတစ်ခုတူးပြီး တံခါးပိတ် ကျင့်ကြံရန် ချန်းဖန် ဆုံးဖြတ်ခဲ့သည်။ သူ့၌ ဝိညာဉ်ဆေးများ၊ ဝိညာဉ်ရေများ ပါလာရာ အစားအသောက် အတွက် ပူစရာ မလိုချေ။ ထို့အပြင် သူ၏ နတ်ဘုရား ခန္ဓာကိုယ်မှာလည်း မည်သည့် နေရာတွင် မဆို လိုက်လျောညီအောင် နေနိုင်စွမ်း ရှိရာ မည်သည့် အရာကိုမျှ ပူနေစရာ မလိုတော့ချေ။
တံခါးပိတ် ကျင့်ကြံရင်း သန္ဓေ အမြုတေ သစ်သီး၏ အားကိုးဖြင့် ချန်းဖန်မှာ အဇူရာ သက်ရှည် ခန္ဓာကိုယ် အစပျိုးအဆင့်ထိ ရောက်အောင် ချန်းဖန် ကျင့်ကြံ နိုင်ခဲ့သည်။ ထိုအတော အတွင်းမှာပင် သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း ဉာဏ်အလင်း စုဆောင်းခြင်း အလယ်အဆင့်မှ ထိပ်ဆုံးဆင့်သို့ တိုးတက်လာခဲ့ကာ ဝိညာဉ်ပင်လယ် အဆင့်နှင့် ခြေတစ်လှမ်း အကွာထိ တက်လှမ်း နိုင်ခဲ့သည်။
"ဝိညာဉ်ပင်လယ် အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူးပဲ… ခြေတစ်လှမ်းလောက်ပဲ ငါလျှောက်ရတော့မယ်…"
ချန်းဖန်က ထိုနေရာတွင်ပင် ရပ်ရင်း တွေးနေမိသည်။
သူ၏ ခန္ဓာကိုယ် အတွင်းတွင်မူ စွမ်းအားများက အဆက်မပြတ် တိုးတက် နေကြောင်း ချန်းဖန် ခံစား၍ ရနေခဲ့သည်။ သို့သော်လည်း ချန်းဖန်ကမု ထိုစွမ်းအားများကို ပေါက်ကွဲခွင့် မပေးခဲ့ချေ။ အဆင့်မြှင့်တင်ရန် အတွက် ထိုစွမ်းအားများကို အကန့်အသတ်သို့ ရောက်အောင် ဖိနှိပ် ထားရမည် ဖြစ်သည်။
အကယ်၍ အဆင့်တက်ရန် အချိန်ရောက်ပါက ကြာမြင့်စွာ ဖိနှိပ်ထားသော စွမ်းအားများကား ပေါက်ကွဲ ထွက်လာမည် ဖြစ်ကာ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ရာ၌ ကူညီပေးလိမ့်မည် ဖြစ်သည်။
"ခုအချိန်မှာ အရူးနဲ့ တိုက်ခိုက်ရရင် ငါသူ့ရဲ့ ဝိညာဉ်ကို တစ်ချက်တည်းနဲ့ ဆွဲခွဲပစ်လို့ ရနေပြီ…"
ချန်းဖန်က ပြုံးရင်း လေထုအား လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
"ဘုန်း…" ထိုလက်သီးကြောင့် သူနှင့် မီတာရာပေါင်း များစွာ ကွာဝေးသည့် တောင်စောင်း ကမ်းပါးယံ တစ်ခု၌ လက်သီးရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုလက်သီး၏ အရှိန်ကြောင့် တောင်စောင်း ကမ်းပါးယံပင် တသိမ့်သိမ့် လှုပ်ခါကာ အပေါ်၌ တင်နေသည့် နှင်းခဲများအား ခါချလိုက်တော့၏။
သို့တိုင်အောင် ချန်းဖန်မှာ ချီအမြုတေကို ထုတ်မသုံးရသေးပေ။ ခန္ဓာကိုယ် ကြံခိုင်မှု သက်သက်ဖြင့်သာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
အကယ်၍ ကျင့်ကြံသူ တစ်ယောက်ကသာ အဇူရာ သက်ရှည် ခန္ဓာ အစပျိုးအဆင့်ကို ရောက်ရှိပြီးပါက သူ၏ စွမ်းအားမှာ အခြား တာအိုခန္ဓာ ထူးခြားအဆင့် အောင်မြင်သူများနှင့်ပင် ယှဉ်လာနိုင်မည် ဖြစ်သည်။
ထို့ကြောင့်ပင် ယခုအချိန်၌ ချန်းဖန်၏ ခန္ဓာကိုယ်မှာ ဒုံးကျည် ပေါက်ကွဲမှုကိုပင် တိုက်ရိုက် ခုခံနိုင်နေပြီ ဖြစ်သည်။ ထို့အပြင် ကမ္ဘာပေါ်မှ တန်ခိုးရှင် အဆင့်များ မဆိုထားနှင့် ကျင့်ကြံခြင်း လောက၏ ဝိညာဉ်ပင်လယ် အဆင့်များပင်လျှင် ချန်းဖန်ကို ယှဉ်နိုင်တော့မည် မဟုတ်ချေ။
"လက်စားချေဖို့ အချိန်က ရောက်လာပြီပဲ…"
ချန်းဖန်က လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း ရုရှား ဒုံးကျည်များ ကျဆင်းလာခဲ့သော အရှေ့အရပ် ကောင်းကင်သို့ လှမ်းမျှော် ကြည့်လိုက်တော့၏။
***
"ဘုန်း…"
ရေခဲထု ပေါက်ကွဲသည့် အသံ ထွက်ပေါ်လာသော အချိန်၌ စူးစမ်းရှာဖွေသူ တစ်စုကား ရေခဲဝံပုလွေ ချိုင့်ဝှမ်းနှင့် သိပ်မကွာဝေးသော နေရာရှိ ဒူးလောက်အထိ နက်သော နှင်းထုများ ကြားတွင် ရှိနေခဲ့ကြသည်။
သူတို့ထဲမှ တစ်ယောက်ကား အင်္ကျီ အထပ်ထပ် ဝတ်ဆင်ထားသည့် ဆံပင်ရွှေရောင် မိန်းကလေး တစ်ယောက်ဖြစ်သည်။ ပေါက်ကွဲသံကြောင့် သူမက စိတ်ဝင်တစားဖြင့် ရေခဲဝံပုလွေ ချိုင့်ဝှမ်းဆီသို့ ကြည့်လိုက်မိသည်။
"အဘိုးကြီး ရာအူး… အဲဒီမှာ ဘာတွေဖြစ်နေတာလဲ…"
မိန်းကလေးက ရုရှားဘာသာဖြင့် မေးလိုက်သည်။
"နာတာရှာ… ဘာမှ စိတ်မပူပါနဲ့… ရေခဲတောင်ပြိုတာမျိုးက အမြဲဖြစ်နေတာ… ကျုပ်တို့ နေရာတစ်ခု ရှာရအောင်… နှင်း မုန်တိုင်လာနေပြီ…"
အဘိုးအိုက အေးခဲနေသော အသံကြီးဖြင့် ပြန်ပြောလိုက်သည်။
သူကား စူးစမ်းရှာဖွေသူ အဖွဲ့၏ ခေါင်းဆောင် ရာအူးပင် ဖြစ်သည်။
"ဒါပေမဲ့ ခုနက လူတစ်ယောက် ပျံသွားတာ ကျွန်မ တကယ် မြင်လိုက်တယ်… ကျိန်ပြောဆို ပြောရဲပါတယ်… တကယ် မြင်လိုက်တာ…"
နာတာရှာက ပြောလိုက်သော်လည်း ထိုစကားကို မည်သူမျှ စိတ်ဝင်စားပုံ မရချေ။ သိပ်မကြာခင်မှာပင် သူတို့အဖွဲ့မှာ မုန်တိုင်းဒဏ်ကို ခံနိုင်လောက်သည့် သဘာဝ လိုဏ်ဂူအား ရှာတွေ့လိုက်သည်။
စူးစမ်း ရှာဖွေသူများက ထိုလိုဏ်ဂူအတွင်း ဝင်ကာ မီးမွှေးလိုက်ကြသည်။ ထို့နောက် သူတို့၏ ကိုယ်မှ အထပ်ထပ် ဝတ်ထားသော အနွေးထည်များကို ချွတ်ရင်း အစားအသောက်များကို ပြင်ဆင်လိုက်ကြ၏။
"အဘိုးကြီး ရာအူး… ခင်ဗျားပြောတော့ ဒီအနားမှာ သမန်းဝံပုလွေတွေ နေတဲ့ရွာ ရှိတယ်ဆို… တွေ့လည်း မတွေ့ရပါလားဗျ…" တစ်ယောက်က မေးလိုက်သည်။
သူတို့ ဤဒေသသို့ လာရသည့် အဓိပ အကြောင်းရင်းမှာ ဒဏ္ဍာရီထဲမှ နှင်းသမန်း ဝံပုလွေများ နေသည့်ရွာကို ရှာရန် ဖြစ်သည်။ သို့သော်လည်း သူတို့တွေ့ခဲ့ရသော ရွာကား ပျက်စီးနေသည့် လူသူ မရှိသော ရွာငယ်လေး တစ်ခုသာ ဖြစ်သည်။
"ကျုပ်လည်း သေချာ မသိတော့ဘူးကွဲ့… လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အဲ့ရွာလေးကို ကျုပ်ဖြတ်သွားဖူးတယ်… သူတို့တွေက အာရုံစိုက် မခံချင်လို့ သက်သက် ပြောင်းသွားတာလားမှ မသိပဲ"
အဘိုးအိုက ရှင်းပြလိုက်သော်လည်း အခြားလူများက နှာခေါင်းသာ ရှုံ့လိုက်ကြသည်။
"နာတာရှာ… ဝက်အူချောင်းတွေ ကျက်ပြီ ထင်တယ်… ငါကူပေးမယ်လေ…"
ချောမောသော လူငယ်တစ်ယောက်က နာတာရှာ၏ အနား ချည်းကပ်ရင်း ပြောလိုက်သည်။
နာတာရှာမှာ ရုပ်ရည် ချောမောရုံတင် မကပဲ ပညာရေးတွင်လည်း ထူးချွန်သူ ကလေး ဖြစ်သည်။ သူမမှာ မော်စကို တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီးနောက် အောင်မြင်သော အာခီယိုလော့ဂျစ် (ရှေးဟောင်း သုတေသန ပညာရှင်) တစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့သည်။ ကောလာဟလများ အရဆိုလျှင် သူမမှာ ဥရောပ အလယ်ခေတ် ကတည်းကပင် တည်ရှိခဲ့သည့် မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက် လာခဲ့သည်ဟု ဆိုကြသည်။
ထို့ကြောင့်ပင် သူမအား အဘိုးကြီး ရာအူး အပါအဝင် လူများစွာ၏ စိတ်ဝင်စားမှုကို ရရှိနေခဲ့သည်။
နာတာရှာမှာမူ လူငယ်၏ စကားကို ကြားပုံ မရချေ။ သူမ၏ စိတ်အလျည်မှာ စောစောက ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှု ထံသို့သာ ရောက်နေခဲ့သည်။ ထိုပေါက်ကွဲမှု အပြီး သိပ်မကြာခင်မှာပင် အနက်ရောင် ဆံပင်ရှည်များနှင့် လူတစ်ယောက် ကောင်းကင်သို့ ပျံတက်သွားကြောင်း သူမ ကောင်းစွာ တွေ့မြင်လိုက်ရသည်။
သို့သော်လည်း သူမ၏ စကားအား မည်သူမျှပင် ယုံကြည်ခြင်း မရှိကြချေ။
ထိုစဉ်မှာပင် ရုတ်တရက် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။
"အခု ဘယ်နှခုနှစ် ရှိနေပြီလဲ မသိဘူး…"
***