← Chapters

ပြီးပြည့်စုံသော ကိုယ်ရည်ကိုယ်သွေးတစ်ခု

Vol. 17 Ch. 161

ပြီးပြည့်စုံသော ကိုယ်ရည်ကိုယ်သွေးတစ်ခု

Vol. 17 Ch. 161

ရက်အနည်းငယ်ကြာပြီးနောက် ကုကျစ်စုန့် ‘မျောလွင့်နေသော ပင်လယ်၏ ဒဏ္ဍာရီ’အား ဆက်လက်ရိုက်ကူးနေချိန်တွင် ရှောင်ဟုန်ခ,စားသည့် နတ်ဘုရား မည်သူဖြစ်ကြောင်းကို သူမ စဉ်းစား၍ ရသွားသည်။

သူမ၏ အထင်အရဆိုလျှင် ယွဲ့လောင်ပင် ဖြစ်လိမ့်မည်။

‘ရှောင်ဟုန်’သည်ကား ‘ကံကြမ္မာဖန်တီးသူကလေးငယ်’ဖြစ်ရမည်။ နာမည်အတိုင်း သူသည် ယွဲ့လောင်အား ကံတရား၏ ကြိုးနီလေးများကို စီစစ်ရာတွင် ကူညီပေးရသည့် ကလေးငယ်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကုကျစ်စုန့်ထံသို့ စီးဝင်လာသည့် ကောင်းချီးများသည် ချစ်ခြင်း၊ မုန်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ ပြည့်နှက်နေသောကြောင့်ပင်ဖြစ်သည်။

(t/n _ ဖူးစာကြိုးနီတွေချိတ်ဆက်တဲ့ နတ်ဘုရား)

ဤအချိန်က ကုကျစ်စုန့်တစ်ယောက် စိတ်ခံစားချက်ပြင်းထန်သည့် အပိုင်းများ၊ အထူးသဖြင့် ယွီချင်း အလှည့်စားခံရပြီးနောက် ဝမ်းနည်းဒေါသထွက်သည့် အပိုင်းအား သရုပ်ဆောင်နေချိန်ဖြစ်ပေသည်။ သူမသည်ကား ချက်ချင်းဆိုလိုပင် အစွဲအလမ်းကြီးသော အမျိုးသားနှင့် အငြိုးကြီးသော အမျိုးသမီးတို့ကြားက ခံစားချက်များအား စည်းမျောလိုက်နာပြီး ကောင်းစွာ သရုပ်ဆောင်နိုင်ခဲ့သည်။

ဒါရိုက်တာလျှို့ကတော့ အံ့ဩဝမ်းသာဖြစ်နေခဲ့လေသည်။ သူသည်ကား ကုကျစ်စုန့်အား တစ်ဖွဲ့လုံးရှေ့တွင် သူသင်ကြားပေးခဲ့သော သရုပ်ဆောင်များအနက် အကြိုးစားဆုံးနှင့် အရည်အချင်းအရှိဆုံးဖြစ်ကြောင်း ချီးမွမ်းထောပနာ ပြုနေခဲ့သည်။

ကုကျစ်စုန့်၏ အချစ်ရေးအရှုပ်တော်ပုံများအပေါ်တွင် နားလည်နိုင်စွမ်း တိုးတက်လာမှုကိုလည်း ချီးကျူးစကားဆိုရင်း ကုကျစ်စုန့်သည်က ဤအပိုင်းအတွက် လိုအပ်သော ခံစားချက်များအား အမိအရ ဖန်တီးနိုင်ရန် တကယ့် လူ့အမှိုက်သရိုက်အား ဟန်ဆောင်တွဲခဲ့လေသလောဟုပင် တွေးနေမိသည်။

အချိန်တစ်ခုကြာသည့်နောက်တွင်တော့ အကောင်းဆုံးသရုပ်ဆောင်မင်းသား၊မင်းသမီးများ၊ ဇာတ်ကားတစ်ကားတည်းမှ ပါဝင်ရိုက်ကူးသူများကလည်း သူမအပေါ်တွင် အမြင်ပြောင်းသွားကြသည်။

တစ်ချိန်တည်းမှာပင် ရိုက်ကွင်း၌ တစ်ယောက်နှင့် တစ်ယောက် သရုပ်ဆောင်ပိုကောင်းရန် အပြိုင်အဆိုင်ဖြစ်လာကြပြီး ရိုက်ကူးရေးအဖွဲ့မှာလည်း တက်ကြွနေခဲ့သည်။

ကုကျစ်စုန့်: “……”

‘မဟုတ်ဘူး၊ ကျေးဇူးပြုပြီး ကျွန်မ ရှင်းပြတာကို နားထောင်ကြပါဦး’

သို့သော် ထိုအရာများသည် နောင်ဖြစ်မည့် ကိစ္စများဖြစ်ချေသည်။

‘ကံကြမ္မာပြောင်းလဲခြင်း’အစီအရင်အား ပယ်ဖျက်ပြီးချိန်တွင် နေ့လည် ၅ နာရီကျော်နေပြီဖြစ်သည်။

ယခင်အပိုင်းများအရဆိုပါက တိုက်ရိုက်ထုတ်လွှင့်မှုသည်က ပြိုင်ပွဲ နှစ်ပွဲပြီးလျှင် ပြီးဆုံးမည်ဖြစ်သည်။

သို့သော် အပိုင်း ၅ အစတွင်မူ နျူနျူ၏ မိသားစု ရုတ်တရက် ကြားဖြတ်ဝင်လာသောကြောင့် နောက်ထပ် အကူအညီတောင်းသူ တစ်ဖွဲ့ ကျန်နေသေးသည်။

ထို့အပြင် ပြိုင်ပွဲဝင်များသည်လည်း စားသောက်အနားယူရန် လိုအပ်သေးသည်ကြောင့် ယခုတစ်ကြိမ်ပြိုင်ပွဲသည် ညနေခင်း ၈နာရီမှ ၉နာရီလောက်ထိ ရောက်နိုင်သည်ဟု ခန့်မှန်းနိုင်သည်။

ပြိုင်ပွဲမပြီးဆုံးသေးကြောင်းနှင့် နောက်ထပ် အကူအညီတောင်းခံသူများ ထပ်ရောက်လာမည့်အကြောင်းကို ကြားရပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိတ်သတ်များက ပြန်လည်ဆူပွက်လာကြပြန်သည်။

[ဒီနေ့ကတော့ ရှယ်ပဲဟေ့၊ နောက်တစ်ခုကျန်သေးတယ်တဲ့ဟ!]

[နောက်လာမဲ့ အပိုင်းတွေကိုလည်း ဒီနေ့လို ပုံစံမျိုးဆို ပိုပြီးတောင် စိတ်ဝင်စားဖို့ ကောင်းလိမ့်ဦးမယ်]

[ငါနဲ့အတူတူအလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်က ကုမ္ပဏီမှာလည်း ပြိုင်ပွဲကို ခိုးမကြည့်ရဲဘူး၊ တိုက်ရိုက်ထုတ်လွှင့်တာလည်း သူဘယ်တော့မှ မမှီဖူးဘူး၊ အမြဲတမ်း တိုက်ရိုက်ထုတ်လွှင့်တာရဲ့ ဗီဒီယိုတွေ၊ screenshotတွေပဲ ကြည့်ဖူးတာ၊ အခုတော့ ငါ့လူရေ နောက်ဆုံးတော့ မင်း ပြိုင်ပွဲထဲမှာ အပြန်အလှန်စကားပြောတာကို တိုက်ရိုက်ကြည့်လို့ရပြီကွ!]

၆နာရီခွဲအချိန်တွင် အဖွဲ့လိုက်ပြိုင်ပွဲ နောက်ဆုံးအချီစတင်ခဲ့သည်။

ဆယ်မိနစ်ကြာပြီးနောက် အွန်လိုင်းမှ ကြည့်ရှုသူဦးရေမှာ ၁၅သန်းကျော်သွားပြီဖြစ်ကာ နောက်ထပ်လည်း ထပ်တိုးနေဆဲပင်..

တတိယအကူအညီတောင်းသူအဖွဲ့ ရိုက်ကူးရေးစတင်ချိန်တွင် အနည်းငယ် ပြဿနာရှိသွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုသည်ကား ၆နာရီ ၅၀မိနစ်တွင် စတင်ရမည်ဖြစ်သော်လည်း အကူအညီတောင်းသူများက စင်ပေါ်သို့ ရောက်နှင့်နေခဲ့ပေပြီ။

တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ အလျှိုလျှိုဝင်ရောက်လာနေသော ကြည့်ရှု့သူများမှာ အရေအတွက်တိုးနေမြဲပင်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်သည့် လင့်ခ်အား နှိပ်လိုက်သည်နှင့် တပြိုင်နက် ပေါ်လာသည့် မြင်ကွင်းမှာ အကူအညီတောင်းသူများဟု ယူဆရသည့် သားအမိနှစ်ယောက်က ကင်မရာရှေ့တွင် ငြင်းခုန်နေခြင်းကိုပင်ဖြစ်ပေသည်။

[ဘာတွေလဲဟ? မစကြသေးတာလား?]

[အိုး ဟားဟား၊ အခု တတိယမြောက်အကူအညီတောင်းတဲ့အဖွဲ့က သားအမိတွေလား? အမေက စိတ်နည်းနည်း ဆတ်ပုံပဲ၊ ရှောင်တိတိကတော့ ရုပ်လေးချောပေမယ့် ခပ်ဂျစ်ဂျစ်ပုံစံနဲ့]

[သားဖြစ်တဲ့သူက စိတ်မရှည်တတ်ပြီး လူကြီးတွေပေါ်ကိုလည်း ရိုင်းပြတယ်လို့ ထင်နေတာ ငါတစ်ယောက်တည်းများလား...]

[အွန်လိုင်းပေါ်မှာ တွေ့လို့ ရောက်လာတာပါ။ သဘာဝလွန်အစီအစဉ်ကို တိုက်ရိုက်လွှင့်တာ အခုမှ ပထမဆုံးမြင်ဖူးတာပဲ။ သူငယ်ချင်းတို့၊ ကြောက်စရာတွေထွက်လာပြီလား? မျက်နှာပြင်ကနေ သရဲတွေ ခုန်ထွက်လာမှာလားဟင်?]

မိခင်ဖြစ်သူသည်ကား အသက် ၄၀ကျော်ဖြစ်ပုံပေါ်ကာ အသားရောင်ဆွယ်တာနှင့် စကပ်အရှည်ဝတ်ဆင်ထားသည်။

သူမ၏ ပုံကို ကြည့်ရသည်မှာ ဘေးနားမှ သားဖြစ်သူအား တစ်ခုခုပြောရန် ရှက်ရွံ့နေပုံနှင့် တောင်းပန်နေပုံပေါ်သည်။

လူငယ်လေးကတော့ ဆံပင်အနည်းငယ် ရှည်ကာ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးဖြစ်ပြီး အနည်းငယ် လက်ပြင်ကိုင်းနေပုံရသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာများမှ တစ်ဆင့် လူတိုင်းမြင်နေရသည်မှာ သူ၏ မျက်နှာကျသည်ကား နူးနူးညံ့ညံ့ ပုံစံလေးဖြစ်နေခဲ့သည်။ အသားအရည်သည်လည်း တစ်နှစ်ပတ်လုံး နေမထိ၊ လေမထိထားသကဲ့သို့ ဖြူဥနေပြီး မျက်လုံးတွင်တော့ မျက်ကွင်းညိုနေသည်။

ထိုအချိန်တွင် သူသည်ကား ကင်မရာရှေ့ရောက်နေကြောင်းကိုလည်း ဂရုမစိုက်ပဲ လေသံမာမာဖြင့် ပြောဆိုနေခဲ့သည်။

“ဒါကြီးက တော်တော်လေးကို စိတ်ပျက်စရာမကောင်းဘူးလား?”

မိခင်ဖြစ်သူက တီးတိုးလေသံဖြင့် ပြောခဲ့သည်

“အမေက မစဉ်းစားပဲ လုပ်ချလိုက်တာကို ငါသိတယ်။ ဒါပေမယ့် ကင်မရာတွေ ရှေ့မှာတော့….”

“ကင်မရာရှိရှိ၊ မရှိရှိ ဂရုကို မစိုက်ဘူး၊ ကျွန်တော့်ပုံတွေကို မရိုက်ကြနဲ့!!”

တင်ဆက်သူလျှို့က မိုက်ကရိုဖုန်းကို ကိုင်ကာ မျက်နှာပူပူဖြင့် ဘေးတွင် ရပ်နေခဲ့သည်။

“ပြဿနာလေး နည်းနည်းရှိနေတယ်ထင်တယ်။ ခဏလောက် စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါဦး”

ဆယ်မိနစ်ကြာပြီးနောက် ငြင်းခုံနေကြသည့် သားအမိနှစ်ဦး သဘောတူညီချက်တစ်ခုရသွားပုံပေါ်သည်။

ပရိုဂရမ်အဖွဲ့မှ ဝန်ထမ်းတစ်ဦးက သုန်မှုန်နေသော လူငယ်လေးကို ကင်မရာရှေ့မှ ခေါ်ထုတ်သွားပြီး မိခင်ဖြစ်သူကတော့ ရှက်ပြုံးပြုံးလိုက်ရင်း တင်ဆက်သူလျှို့နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

“အားလုံးရဲ့အချိန်တွေ ဖြုန်းမိလို့ တောင်းပန်ပါတယ်ရှင်”

“ကိစ္စမရှိပါဘူး မစ်စ်ဟောင်၊ အခု စလိုက်ကြရအောင်ပါ”

တင်ဆက်သူလျှို့ ကင်မရာဘက်သို့ လှည့်ကာ ဇာတ်ညွှန်းဖတ်လိုက်သည်။

“ကြည့်ရှုသူများ မင်္ဂလာပါ၊ တတိယမြောက်အကူအညီတောင်းခံသူတွေကတော့ ဒီ X မြို့ကို အစီအစဉ်မှာ ပါဝင်ဖို့နဲ့ အကူအညီတောင်းဖို့သက်သက် ရောက်လာခဲ့ကြတဲ့ သားအမိနှစ်ဦးဖြစ်ပါတယ်၊

ကျွန်တော်ရဲ့ ဘေးမှာ ရပ်နေတဲ့ မစ်စ်ဟောင်ရဲ့ သားဖြစ်သူနာမည်ကတော့ ရှောင်ဟန်ဖြစ်ပါတယ်၊ သူ့ရဲ့ အခြေအနေက အနည်းငယ်ထူးခြားပြီး ဘဝတစ်လျှောက်လုံးမှာလည်း ထူးဆန်းတဲ့အဖြစ်အပျက်တွေ အများအပြား ကြုံတွေ့ခဲ့ရပါတယ်”

“ပရိုဂရမ်အဖွဲ့က အားလုံးအတွက် ဗီဒီယိုတစ်ပုဒ် ကြိုတင်ပြင်ဆင်ထားပေးပါတယ်။ အရင်ဆုံး သူတို့ရဲ့ ပြဿနာကို နားလည်အောင် ကြည့်လိုက်ကြရအောင်ပါ”

မစ်စ်ဟောင်က ဗီဒီယို အစတွင် ပေါ်လာခဲ့သည်။

သူမကို ကြည့်ရသည်မှာ အိမ်တွင် ထိုင်နေပြီးနောက် လက်ထဲတွင် ဓာတ်ပုံတစ်ပုံကိုင်ထားကာ ဝမ်းနည်းနေပုံပေါ်သည်။

ဓာတ်ပုံထဲတွင် မြင်ရသည်မှာ မျက်နှာဝိုင်းဝိုင်းလေးနှင့် အသက် ၅ နှစ်၊ ၆နှစ်အရွယ် ကလေးငယ်လေးတစ်ဦးဖြစ်ချေသည်။

နောက်ခံအသံမှ စကားစသည်။

“ဗီဒီယိုထဲက အမျိုးသမီးကတော့ မစ်စ်ဟောင်ဖြစ်ပါတယ်၊ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဓာတ်ပုံကတော့ သားဖြစ်သူ ရှောင်ဟန်ရဲ့ လွန်ခဲ့တဲ့ ၁၅နှစ်က ပုံပဲဖြစ်ပါတယ်၊ အဲဒီအချိန်တုန်းကတော့ ရှောင်ဟန်လေးက ထက်မြက်တက်ကြွတဲ့ သာမန်ကလေးငယ်လေးတစ်ဦးပါပဲ။

ဒါပေမယ့် အဖြစ်အပျက်တစ်ခုခုကြောင့် ရှောင်ဟန်ရဲ့ အကျင့်စရိုက်ရော၊ ဘဝပါ လုံးဝ ပြောင်းလဲသွားပါတယ်”

“ဖြစ်ရပ်ကတော့ သူမ ငယ်ရွယ်စဉ်က မစ်စ်ဟောင်က ခင်ပွန်းကောင်းနဲ့ မဆုံခဲ့ရပါဘူး၊ သူမရဲ့ ခင်ပွန်းဟောင်းအကြောင်းကိုပြောရရင် သူက အရက်သောက်တယ်၊ မူးလာပြီဆိုရင် လုံးဝ အခြားလူတစ်ယောက်လို ဖြစ်သွားတယ်။

သူက ရှောင်ဟန်လေးနဲ့ မစ်စ်ဟောင်တို့ကိုလည်း ရိုက်နှက်တတ်တယ်။ အဲ့လိုအခြေအနေက ဘယ်အထိလဲဆိုရင် ရှောင်ဟန် အသက် ၆နှစ်ထိပါပဲ။

နောက်ဆုံးမှာ လုံးဝ သည်းမခံနိုင်တော့တဲ့ မစ်စ်ဟောင်က ခင်ပွန်းဟောင်းနဲ့ ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ပေမယ့် အချိန်က နောက်ကျသွားခဲ့တယ်”

“အရင်က တက်ကြွပြီး ထက်မြက်တဲ့ ရှောင်ဟန်လေးက တိတ်ဆိတ်ပြီး လူတွေနဲ့လည်း အရောတဝင်မရှိတော့ဘူး။ မူကြိုကို သွားဖို့တောင် ငြင်းဆန်ခဲ့တယ်။ တစ်ခါတစ်လေကျတော့ စိတ်အခြေအနေက လုံးဝ ‌ပြောင်းလဲနေပြီး စကားလည်း နားထောင်တတယ်။

အရမ်းကို လိမ္မာတယ်။ သူက လုံးဝကို အခြားလူတစ်ယောက်လိုပဲ။ နောက်ရက်ကျတော့ အဲဒီလို ဖြစ်ခဲ့တာတွေကို မေ့ပြီး သူ ဘာမှ မလုပ်ခဲ့မိသလိုပဲ…

ဒီလို အဖြစ်အပျက်တွေက အရေအတွက် စိပ်လာတယ်။ မစ်စ်ဟောင်က ရှောင်ဟန်ကို ဆေးရုံခေါ်သွားပြီး စစ်ဆေးကြည့်ခဲ့တယ်။

အဲဒီအချိန်ကျမှပဲ သူ သိလိုက်ရတာက… ခင်ပွန်းဟောင်းရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အလေ့အကျင့် အပြုအမူတွေက သားဖြစ်သူရဲ့ နူးညံ့တဲ့ စိတ်နှလုံးသားအပေါ်မှာ သက်ရောက်မှုရှိနေခဲ့တယ်”

“သူက autism နဲ့ ကလေးဘဝ စိတ်ဓာတ်ကျခြင်း ဝေဒနာတွေကို ခံစားနေခဲ့ရတယ်၊ ဒါ့အပြင် သူ့မှာ ပြင်းထန်တဲ့ စိတ်ရောဂါတစ်မျိူးဖြစ်တဲ့ ထင်ယောင်ထင်မှား အသိစိတ်ကွဲပြားခြင်း ရောဂါရှိနေခဲ့တယ်။ အဲဒါကတော့ ‘စိတ်အခြေအနေနှစ်မျိုးကွဲနေတဲ့ ရောဂါမျိုး’ပဲ”

“ရှောင်ဟန်မှာ မတူညီတဲ့ အသိစိတ်နှစ်မျိုး ရှိနေခဲ့တယ်”

ဗီဒီယိုမျက်နှာပြင် ပြောင်းလဲသွားကာ မစ်စ်ဟောင်မှ သားဖြစ်သူ၏ အခြေအနေအကြောင်း ပြောပြနေခဲ့သည်။

“အဲဒီလိုတွေ ဖြစ်ပြီးကတည်းက ရှောင်ဟန်က လူတွေနဲ့လည်း မရောတော့ဘူး။ အထူးသဖြင့် အရွယ်ရောက်ပြီးသား ယောင်္ကျားတွေနားကို လုံးဝမကပ်တော့ဘူး။

သူ အလယ်တန်းတုန်းက ကျောင်းဆရာက သူ့အဖေနဲ့ ခန္ဓာကိုယ် အချိုးအစားလည်း တူပြီး ရုပ်ချင်းလည်း ဆင်တယ်လေ… အဲဒီအချိန်တုန်းက သူ စာလုပ်ဖို့ ပြောရတာ အခက်ခဲဆုံးပဲ”

“ဒါပေမယ့် တခြားကလေး… သူ့ရဲ့ နောက်ထပ် အသိစိတ်တစ်ခုက နူးညံ့ပြီး ယဉ်ကျေးတဲ့ ကောင်မလေးဖြစ်နေတယာ…

အရွယ်ရောက်ပြီး အစ်မတစ်ယောက်… ရှောင်ဟန်ကိုကာကွယ်ပေးချင်တဲ့ စိတ်မျိုးရှိတယ်၊ ရှောင်ဟန် အပြင်ဘက်မှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ များလာပြီဆိုရင် .. ဥပမာ အနိုင်ကျင့်ခံရတာတို့၊ စွပ်စွဲခံရတာမျိုးတွေ ဖြစ်ပြီဆိုတာနဲ့ သူမက ပေါ်လာပြီး ပြဿနာတွေကို လုံးဝ အစီအစဉ်တကျ ဖြေရှင်းပေးသွားတတ်တယ်”

**

All Chapters