အခန်း (၁၆၄)
Vol. 17 Ch. 164
ဒါရိုက်တာနှင့် ဆွေးနွေးပြီးနောက် ရှောင်ဟန်၏ စိတ်အခြေအနေမှာ မတည်ငြိမ်သောကြောင့် အချိန်မကြာမြင့်စေရန် ကျန်ရှိသော ပြိုင်ပွဲဝင်များကို စင်ပေါ်သို့ အမြန်ဆုံးနှုန်းဖြင့်သာ တက်လာခိုင်းရန် ဆုံးဖြတ်လိုက်ကြသည်။
သို့သော် တတိယမြောက်ပြိုင်ပွဲဝင် ပိုင်စစ် နားနေခန်းထဲသို့ ဝင်လိုက်သည်နှင့် မစ်စ်ဟောင်ဆီသို့ အရင်ဆုံး အကြည့်ရောက်သွားခဲ့သည်။
ခေတ္တမျှ ကြည့်နေပြီးနောက် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဒီအန်တီက စိုစွတ်ပြီး အေးမြမှုကြောင့် ဝေဒနာခံစားနေရတာပဲ၊ အန်တီက ဒူးခေါင်းမှာ ဒူလာရောဂါဖြစ်နေတာပဲ၊ မိုးရွာတိုင်း မခံမရပ်နိုင်အောင် နာကျင်ပြီး အိပ်လို့တောင် မရဘူး”
မစ်စ်ဟောင် အံ့အားသင့်သွားသည်။
အသစ်လာသည့် တောက်ကျန့်လေးက သူမကို အရင်ကြည့်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူမတွင်လည်း အမှန်ပင် ပြင်းထန်သည့် ဒူလာရောဂါရှိသည်။
တစ်ချိန်လုံး မျက်နှာသုန်မှုန်နေသည့် ရှောင်ဟန်မှာ မိခင်ဖြစ်သူ၏ အခြေအနေအကြောင်းကို ကြားရပြီးနောက် ခဏလောက် တည်ငြိမ်သွားပြီးနောက် သေသေချာချာ နားစွင့်နေခဲ့သည်။
ပိုင်စစ် ဆက်ပြောသည်။
“အန်တီရဲ့ အစာအိမ်နေရာမှာ မီးခိုးရောင်အရိပ်သန်းနေတယ်၊ အဲဒါက ရောဂါတစ်ခုအစပျိုးတော့မယ့် လက္ခဏာပဲ၊ အန်တီက လေပွတဲ့ရောဂါ ပြင်းထန်နေတာပဲ၊ တချို့အကြိတ်အသေးလေးတွေက အစာအိမ်နာတာမျိုး ဖြစ်စေတတ်တယ်၊
အစားအသောက်ကို အာဟာရပြည့်အောင် စားပြီးတော့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်တယ်၊ အဲဒီအကြိတ်လေးတွေ ထပ်ပေါ်နေဦးမယ်ဆိုရင် နောက် ၅နှစ်ကနေ ၈နှစ်အတွင်းမှာ အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေရှိတယ်”
မိခင်ဖြစ်သူ၏ အစာအိမ်ပြဿနာသည်က ပြင်းထန်ကြောင်း ကြားလိုက်ရပြီးနောက် ရှောင်ဟန် အနည်းငယ်ဒေါသထွက်သွားသည်။
သူက မျက်မှောင်ကြုတ်လိုက်ရင်း မိခင်အား မေးခွန်းထုတ်သည်။
“အမေ သား အိမ်မှာ မရှိတဲ့အချိန်တွေ အစားအသောက်ကို သေသေချာချာ မစားတော့ဘူးလား??”
မစ်စ်ဟောင် လက်ကို ခါရမ်းလိုက်ရင်း ဆိုလာလေ၏။
“စားပါတယ်ကွယ်.. ဒါပေမယ့် နည်းနည်းလောက် ပိုစားမိတာနဲ့ ရင်တွေပြည့်ပြီး နေလို့ မကောင်းလို့ပါ၊ ဒီတော့ အများကြီး မစားနိုင်ဘူး…..”
သူမ ငယ်ရွယ်စဉ်ကတော့ မစ်စ်ဟောင်သည်ကား ခန္ဓာကိုယ်အား ဂရုစိုက်ပြီး ဝိတ်ချရန် diet လုပ်လေ့ရှိသည်။
အချိန်ကြာလာသည်နှင့်အမျှ သူမ အစာအိမ်သည်လည်း ပြောင်းလဲလာခဲ့သည်။ ယခုအချိန်တွင် သူမ အနည်းငယ်လောက် ပိုစားမိသည်နှင့် နေထိုင်မကောင်းတော့ချေ။
အစာအိမ်ကျုံ့ခြင်းသည်က ပုံမှန်ဖြစ်သောကြောင့် သူမ ယခင်က စိတ်ထဲ သိပ်မထားခဲ့။
သို့သော် အစာအိမ်ကင်ဆာဖြစ်နိုင်ကြောင်း ကြားရပြီးနောက် သူမ အနည်းငယ် ထိတ်လန့်သွားသည်။
[အခု တိုက်ရိုက်လွှင့်တာကို ကြည့်နေကြတဲ့ မိန်းကလေးတွေလည်း အစားအသောက်ကို ချိန်ပြီးစားကြနော်၊ ဝိတ်ချဖို့အတွက်ဆိုပြီး အရမ်းကြီး အစားမလျှော့ကြပါနဲ့!]
[ဒီညီလေးက ဆိုးသွမ်းမယ့်ပုံပေါ်ပေမယ့် အမေ ကျန်းမာရေးမကောင်းဘူးကြားတော့ စိတ်ပူသေးသားပဲ]
မိခင်ဖြစ်သူ၏ ရောဂါများအား တစ်ခုပြီးတစ်ခု တိကျစွာ ထောက်ပြသွားသည်ကို ကြားရပြီးနောက် ရှောင်ဟန်က မရေရာသော အကြည့်များနှင့် ပိုင်စစ်ကို ကြည့်လိုက်သည်။
“မင်းမှာ တကယ့် စွမ်းအားတွေတော့ ရှိသားပဲ”
“ဒါဆိုရင် ငါရော? ငါလည်း နေမကောင်းဘူးလို့ မင်းထင်လား?”
“မင်းကို ပထမဆုံးမြင်လိုက်ရတုန်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးက မီးခိုးနုရောင် သန်းနေတယ်၊ အဲ့တာက ရောဂါကြောင့်မဟုတ်ဘဲ ပြင်ပအနှောင့်အယှက်ကြောင့် ဖြစ်ရတာပဲ
အခြားလူတွေကတော့ ဒါကို မြင်နိုင်ဖို့ခက်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ အဲ့အရောင်က အရမ်းကို မှိန်ဖျော့နေလို့ပဲ ၊
ဒါပေမယ့် ငါ… အဟမ်း ငါက မသေမျိုးမိသားစုတွေထဲက တစ်ယောက်ယောက်ကို ကူညီပေးဖို့ မေးပေးလို့ ရတယ်၊ ငါက သာမန်လူတွေထက် အနံ့နဲ့ အသက်ရှူသံတွေကို ပိုပြီး အာရုံခံနိုင်တာကြောင့် ပြောင်းလဲမှုတွေကို ခွဲခြားနိုင်တယ်”
တင်ဆက်သူလျှို့:
“အဲဒါက ဘာကြောင့် ဖြစ်ရတာလဲ? အန္တရာယ်ရှိနိုင်သလား?”
ပိုင်စစ် ခေါင်းကို အသာရမ်းသည်။
“ဖြစ်နိုင်ချေတွေကတော့ အများကြီးပဲ၊ အခြေအနေ အတိအကျကိုတော့ မပြောနိုင်ဘူး၊ ဒီကိုယ်ရှိန်ကိုယ်ဝါ ပြောင်းလဲမှုကြောင့် အနည်းငယ်အားနည်းနေတာကလွဲလို့ သူ့ခန္ဓာကိုယ်မှာ အခြား ပြင်းထန်တဲ့ ရောဂါတော့ မရှိဘူးလို့ အစက ထင်ခဲ့မိတာ”
“ဒါပေမဲ့ အခု သေချာကြည့်လိုက်တော့ မင်းမှာ အခြားရောဂါရှိနေတာပဲ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်လိမ့်မယ်၊ ငါက လူတွေရဲ့ စိတ်နှလုံးသားကိုတော့ ကုမပေးနိုင်ဘူး”
ရှောင်ဟန် မကြည်မလင်သည့် မျက်နှာဖြင့် အကြာကြီး တိတ်ဆိတ်သွားပြီးမှ ခပ်ယဲ့ယဲ့ ရယ်မိသည်။
“ဟုတ်တယ်လေ၊ ငါ့မှာ အသိစိတ်နှစ်ခုကွဲနေတဲ့ ရောဂါရှိတယ်၊ အမေက ပြောပြီးသားဖြစ်မှာပါ”
တင်ဆက်သူလျှို့ ချက်ချင်း ရှင်းပြသည်။
“ပြိုင်ပွဲဝင်တွေက အကူအညီတောင်းသူတွေရဲ့ အခြေအနေကို သိမထားပါဘူး၊ ဒီတော့ အားလုံး စိတ်ချထားလို့ရပါတယ်”
ရှောင်ဟန်က ယုံသည်လည်းမပြော၊ မယုံဘူးလည်း မပြောပေ။
“ဒါပေမဲ့ ငါကတော့ အဲဒါက လူတွေကို ပြောမပြနိုင်တဲ့ အရှက်ရစရာ ရောဂါလို့ မထင်ပါဘူး၊ ရှင်းကျဲက ငါ့ကို ဂရုစိုက်ပြီး အရမ်းကောင်းတယ်၊
ငါကသာ အမြဲတမ်း ပြဿနာရှာပြီး ကြောက်တတ်တဲ့သူပဲ၊ ကျဲက ပြဿနာဖြစ်မှာတော့ ကြောက်တတ်ပေမဲ့ ငါ့ခန္ဓာကိုယ်ကို ဘယ်တုန်းကမှ အပိုင်သိမ်းဖို့ မကြိုးစားခဲ့ဘူး”
“အမေ… ဒီလောက်နှစ်တွေ ကြာပြီးမှ ဘာလို့ အခုလိုတွေ ဖြစ်ရတာလဲဆိုတာကို သားနားမလည်ဘူး၊ အမေ အရင်တုန်းက ရှင်းကျဲကို အရမ်းသဘောကျခဲ့တာ မဟုတ်ဘူးလား?
အခုမှ ဘာလို့ သူ့ကို မကောင်းတဲ့ အရာတစ်ခုလို ဆက်ဆံနေရတာလဲ? အမေ နည်းနည်းမှ သူ့ကို အားမနာဘူးလားဟင်?”
‘ရှင်းကျဲ’သည်ကား သူ့အား နှစ်ပေါင်းများစွာ အဖော်ပြုလာခဲ့သည့် သူ၏ ဒုတိယအသိစိတ်ဖြစ်သည်။
စိတ်ပညာရှင်၏ စစ်ဆေးချက်အရ ဒုတိယအသိစိတ်၏ မျိုးရိုးနာမည်သည် ရှောင်ဟန်၏ ‘ကျောင်း’နှင့် အတူတူပဲဖြစ်သောကြောင့် သူမနာမည်အပြည့်အစုံသည် ကျောင်းရှင်း ဖြစ်ပေသည်။
ကျောင်းရှင်းသည်က သူ့ကိုယ်သူ ကျောင်းဟန်၏ အုပ်ထိန်းသူနှင့်မိသားစုဝင်အဖြစ် တွေးထားပြီး ကျောင်းဟန်နှင့် မစ်စ်ဟောင်အား ကာကွယ်ရန်လိုအပ်သည်ဟု တွေးတတ်သည်။
သူမ၏ အကျင့်စရိုက်က ရင့်ကျက်ကာ တည်ငြိမ်ပြီး မကောင်းသော အကျင့်မရှိတတ်သူဖြစ်ပေသည်။
အစပိုင်းတွင်တော့ ရှောင်ဟန်က ငယ်ရွယ်လွန်းသောကြောင့် သေသေချာချာ အကဲမခတ်နိုင်ချေ။
သူမသည်က အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးဖြစ်ကြောင်းသာ ပြောနိုင်ခဲ့ပြီး အသက်အား ရေရာစွာ မပြောနိုင်ခဲ့ပေ။
နှစ်နှစ်၊သုံးနှစ်ကြာပြီးနောက် သေချာ ဂရုစိုက်သည့် ဆရာဝန်နှင့် ရင်းနှီးလာပြီးမှ သူမ အသက်သည်က ၂၆နှစ်ဖြစ်ကြောင်း ထုတ်ပြောခဲ့သည်။
တစ်နည်းဆိုရလျှင် ရှောင်ဟန် ထိုအသိစိတ်အား စတင်ရရှိချိန်တွင် မစ်စ်ဟောင်သည်က ကျောင်းရှင်းထက် အသက် ၄နှစ် ၅နှစ်ခန့်သာ ကြီးပေသည်။
မစ်စ်ဟောင် စိတ်လှုပ်ရှားနေခဲ့သည်။
“ဒါပေမယ့် သူက ပြောင်းလဲသွားပြီလေ၊ အရင်က သူ မဟုတ်တော့ဘူး၊ သား သေသေချာချာ ပြန်စဉ်းစားကြည့်ပါဦး?
သူ မင်းကို လုပ်ဖို့ ပြောနေတဲ့ အရာတွေက အဓိပ္ပာယ်ရှိရဲ့လား? မင်းကိုယ်မင်းလည်း ပြန်ကြည့်ပါဦး၊
မင်းက တစ်နေကုန် အသက်မဲ့နေသလို ဖြစ်နေပြီး ညဆိုလည်း အိပ်မက်ဆိုးပဲ ဆက်တိုက်မက်နေတာ၊ အဲဒါတွေက အဆင်ပြေတယ်လို့ သားထင်နေတာလား??”
ရှောင်ဟန် ခေတ္တမျှ အသံတိတ်သွားပြီးနောက် ပြန်ပြောသည်။
“လူတွေကတော့ ပြောင်းလဲမှာပဲလေ၊ ရှင်းကျဲကို အမြဲတမ်း အကူအညီတောင်းနေလို့မှ မရတာ”
“ဒါပေမယ့် ဆရာဝန်တွေ ပြောတာက အသိစိတ်အခွဲတွေက မပြောင်းလဲတတ်ဘူးတဲ့၊ ကျောင်းရှင်းရဲ့ အခြေအနေက မူမမှန်နေတာ! မင်းက သူ ဦးနှောက်ဆေးတာကို ခံထားရတာ!!”
ကျောင်းရှင်း၏ အကြောင်း ပြောကြရင်း မိခင်နှင့် သားဖြစ်သူ၏ကြားက စကားများက ပြန်လည်ငြင်းခုံသံများ ဖြစ်လာပြန်သည်။
ထိုအခိုက်တွင် စတုတ္ထမြောက် ပြိုင်ပွဲဝင် ရောက်လာခဲ့ပေပြီ။
ပြိုင်ပွဲဝင် နံပါတ် ၉ ဟဲမီတူပင်။
သူသည်က ပထမအပိုင်းက အဝတ်အစားကိုပဲ ဝတ်ဆင်ထားသော်လည်း ထူးခြားချက်မှာ သူ၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေရောင်တောက်နေသည့် ကလေးပုံနှင့် တံဆိပ်လေးပင်ဖြစ်သည်။
ကင်မရာကို လှည့်လိုက်သည်နှင့် တပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ပရိတ်သတ်များ ထိုလက်မခန့်ရှိသည့် တံဆိပ်အား အသေးစိတ်မြင်လိုက်ရသည်။
ထိုအရာလေးသည် အဝါနုရောင် ဆီနှင့်ရေရောထားသေ ဖန်ပုလင်းအကြည်လေးဖြစ်သည်။
လက်မ,ထက်သေးသည့် ကလေးငယ်လေးပုံတစ်ခုအား ထွင်းထားကာ ဆီနှင့် ရေထဲတွင် စိမ်ထားခြင်းဖြစ်ပြီး လူအများ၏ အာရုံအား ဖမ်းစားထားနိုင်ခဲ့သည်။
အချို့ ဝေဖန်သူများကတော့ ထိုအရုပ်လေးသည် မကောင်းသည့်ပုံပေါ်သည်ဟု ပြောကြသော်လည်း ပရိတ်သတ်များ၏ မှတ်ချက်များအောက်တွင် ထိုးမပေါက်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် တောက်ဓမ္မဂိုဏ်းတစ်ခု၌:
သက်လတ်ပိုင်းအရွယ် တောက်ဘုန်းကြီးတစ်ပါးသည် မျက်ခုံးပါးပါးနှင့် ထူးခြားပညာရှင်ငယ်အား မျက်နှာပြင်တွင် ကြည့်လိုက်ရင်း နှာခေါင်းရှုံ့သည်။
“ဒီကောင်.. ဟဲမျိုးရိုး.. သူက ဒေစီတို့ ကုကျစ်စုန့်တို့နဲ့အတူတူပဲ၊ လူကောင်းမဟုတ်ဘူး၊ ကြည့်လိုက်တာနဲ့ မကောင်းတဲ့ပုံပေါ်နေပြီး မကောင်းတဲ့ ပစ္စည်းတွေနဲ့တောင် ပေါ်တင် သွားလာနေတယ်!!”
“အဲဒီ ယိယွမ်ဂိုဏ်းက ရှင်းမျိုးရိုးကောင်လေးကလည်း အသုံးမကျဘူး၊ ဒီမကောင်းတဲ့ အဖွဲ့တွေရဲ့ လွှမ်းမိုးတာကို ခံနေရတာပဲ၊ တောက်ဓမ္မဂိုဏ်းတွေကို အရှက်ရစေတဲ့ကောင်!!”
သူ့အောက်မှ တောက်ကျန့်ငယ်လေးကလည်း ဖုန်းကို တိတ်တိတ်လေး ခိုးကြည့်နေသည်။
သူတို့အဖွဲ့ထဲတွင် သေသေချာချာ ပညာကျွမ်းကျင်ပြီး ဗဟုသုတများသည့် သူငယ်ချင်းများ ရှိသောကြောင့် သူတို့က ထိုအရုပ်လေး၏ အကြောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။
သေချာကြည့်လိုက်ပြီးနောက် သူ မဝံ့မရဲနှင့် ပြောသည်။
“ဆရာ၊ ဟဲမီတူဝတ်ထားတဲ့အရုပ်လေးက ‘ချမ်းသာတဲ့ သရဲလေး’ အဆောင်တဲ့၊ အဲဒါက မကောင်းတဲ့ အရာမဟုတ်ဘူး၊ တောက်ဓမ္မဂိုဏ်းက မဟုတ်တဲ့ သူတိုင်းကို မကောင်းဘူးလို့ မပြောသင့်ပါဘူး ဆရာ”
“ပြီးတော့ အဲဒီဒေစီ၊ သူက နိုင်ငံခြားက စုန်းမလေ၊ သူမက ဘုရားသခင်ကို ယုံကြည်တယ်၊ ကုကျစ်စုန့်ကျတော့လဲ နယ်သားတွေ အကုန်လုံးက သူ့ကို အားပေးနေတာ၊ သူမက လူတွေကိုလည်း ကူညီတယ်လေ ၊ မကောင်းဘူးလား? ကျွန်တော်တို့က ဘာလို့ သူတို့ကို ဆန့်ကျင်မုန်းတီးရမှာလဲ?”
ထိုင်းနိုင်ငံတွင် သရဲကလေးအမျိုးပေါင်းများစွာရှိသည်။ နောက်ဆုံးနှစ်မျိုးကတော့ ‘နတ်ဆိုးလေး’နှင့် ‘ဆိုးဝါးသည့် သရဲကလေးငယ်’များဖြစ်သည်။ အကြမ်းပြောရလျှင် ‘ကူမန်သုန်’ကိုမှ အကောင်းနှင့် အဆိုးဖြစ်ပေသည်။
ကျန်သော ကလေးငယ်များသည်ကား ပထမအမျိုးအစားအား ပြင်ဆင်ပြုပြင်ရင်း တိုးပွားလာခြင်းဖြစ်သော်လည်း ပြင်ဆင်သည့် နည်းလမ်းကတော့ သာမန်သာ ဖြစ်သည်။
ဒုတိယအမျိုးအစားကတော့ သူတို့၏ သရဲလေးများအား ပို,ပို၍ အစွမ်းထက်အောင် နည်းမျိုးစုံနှင့် နှိပ်စက်ပြီးမှ စုဆောင်းကြခြင်းဖြစ်သည်။
ဟဲမီတူ ဝတ်ဆင်ထားသည့် ‘ချမ်းသာသော သရဲလေး’ကတော့ ထူးခြားချက်သာဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ကို သစ်သားဖြင့်သာ ပြုလုပ်ထားပြီး မကောင်းသည့် အရာ မပါဝင်ပေ။ ပညာရှင်က သစ်သားကို လှီးဖြတ်ကာ ကလေးငယ်၏ ခန္ဓာကိုယ်ပုံစံပေါ်အောင် သေချာ လက်ဖြင့် ထွင်းရသည်။
ထို့နောက် ထိုခန္ဓာကိုယ်အား သန့်ရှင်းပြီးနောက် ဖန်ပုလင်းထဲထည့်ကာ ဗုဒ္ဓဘာသာအဆီဖြင့် စိမ်ထားခြင်းဖြစ်သည်။
ထိုကဲ့သို့ ‘ချမ်းသာသော ကလေး’သည် ပြုလုပ်ရာတွင် အချိန်ကုန် အလုပ်ရှုပ်ကာ လူလည်း ပင်ပန်းသည့် အရာဖြစ်သည်။ ထိုအရာအား ပြုလုပ်ပြီးချိန်တွင် သူက ဝိဉာဉ်များအား စုဆောင်းသည့် နေရာတစ်ခုဖြစ်လာခဲ့သည်။
ထို့နောက်တွင် ပညာရှင်က သေဆုံးပြီးသော ကလေးငယ်အချို့၏ ဝိဉာဉ်အား ဖိတ်ခေါ်ကာ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်သင့်စွာ နေထိုင်တတ်ကြသည်။
သူ့အမြင်ကတော့ ဤအရာသည် လုံးဝမကောင်းသည့် အရာတော့ မဟုတ်။
တစ်ခါတစ်ရံတွင် သူနှင့် တခြား ဂိုဏ်းသား အငယ်လေးများခံစားရသည်မှာ လက်ရှိတောက်ဓမ္မဂိုဏ်းများ၏ သွားနေသည့် ပုံစံမှာ အရမ်း ခေတ်နောက်ကျပြီး ကြီးကျယ်လွန်းသောကြောင့် စိတ်ဓာတ်ကျစရာပင် ကောင်းလှသည်ဟုပင်။
တောက်ဓမ္မဂိုဏ်းများအား မဝင်လိုဘဲ ကိုယ်ပိုင်လေ့ကျင့်သည့် နည်းလမ်းများရှိသည့် မြောင်ကျန်းမျိုးနွယ်စုနှင့် ကျန်းထောင်ပညာရှင်များကဲ့သို့ အဖွဲ့များကတော့ ‘မကောင်းမှုကျင့်ကြံသူများ’အဖြစ် သမုတ်ခံရသည်။
ကောင်းခြင်း ဆိုးခြင်းမသိသည့် လူများအဖြစ် အခေါ်ခံရသောကြောင့် တကယ် ပညာရည်ပြည့်သည့် ပညာရှင်များလည်း ဒေါသနှင့် ရှားနိုင်ငံမှာ ထွက်ခွာသွားကြပြန်သည်။
သေချာပေသည်။ သူ သတ္တိမွေးကာ သူ့အထင်အား ပြောလိုက်သည်နှင့် တပြိုင်နက် တောက်ဘုန်းကြီး၏ ဆူပူခြင်း ခံလိုက်ရသည်။
“မင်း ဘာသိလို့လဲ အရူးကောင်လေး!? အဲဒီလို မဟုတ်မမှန်တဲ့ နည်းလမ်းတွေက ငါတို့ မိသားစုရဲ့ အခြေအနေကို နာမည်ဖျက်မှာပဲ”
တောက်ကျန့်လေးလည်း သက်ပြင်းကိုချကာ ပုခုံးကို တွန့်လိုက်ပြီး မည်သည်ကိုမှ ဆက်မပြောရဲတော့ပေ။
*