← Chapters

တတိယစိတ်ဝိညာဉ်ကို ရှာဖွေခြင်

Vol. 130 Ch. 1797

တတိယစိတ်ဝိညာဉ်ကို ရှာဖွေခြင်

Vol. 130 Ch. 1797

ကောင်းကင်ယံထက်ရှိ လကို ကြည့်နေရင်း လေပြေသွေးဆော်သည့်အခါ ဝမ်လင်း၏ ဆံပင်ဖြူတို့သည် လွင့်ဝဲသွား၏။ ထိုလေပြေက ညင်သာပြီး ဝမ်အာ၏ လက်က သူ့မျက်နှာသို့ ခပ်ဖွဖွ ပွတ်သပ်ပေးသည့်နှယ်။

အကြည့်တစ်ချက်ဟာ နှစ်ပေါင်းတစ်ထောင်အလား။

ညအချိန်အခါ လမင်းနှင့်ကြယ်များ ဟိုဒီပြန့်ကြဲပြီး သည်ညက အသက်ဝင်ပါသည်။ လီမူဝမ် သူ့ကို အဖော်ပြုပေးနေသော ဒီညက ဝမ်လင်း၏စိတ်နှလုံးကို တည်ငြိမ်စေပြီး သူ့ကို တစ်ကိုယ်တည်း မဖြစ်စေတော့ပေ။

လရောင်ပိုသာလာသည့်အခါ ဝမ်လင်းက အကွာအဝေးတစ်ခုရှိ ပုံရိပ်တစ်ခုကို မြင်၏။ ထိုအိုမင်းသောပုံရိပ်ကို အပြာရောင်အလင်းက ဝန်းရံထားသည်။ သူ့အပြင် အမျိုးသမီးတစ်ယောက်လည်း ရှိနေသည်။ ထိုအမျိုးသမီးမှာ လီချန်မေပင်။

အဖေနှင့်သမီးတို့က အချိန်အတန်ကြာတည်းက ရောက်နေသည့်ပုံ ပေါ်သည်။ သူတို့က ဝမ်လင်း အိပ်မက်ထဲသို့ ဝင်ရောက်ကာ လီမူဝမ်ပေါ်သို့ သူ့မျက်ရည်များ ကျဆင်းခဲ့သည်ကို တွေ့မြင်သည်။ ဝမ်လင်း၏အမြင်အရှေ့တွင် ထိုအမျိုးသမီးနှင့် သူမ၏အဖေက လရောင်အောက်မှာပင် လှည့်ကာ တဖြည်းဖြည်း အဝေးသို့ လျှောက်လှမ်းသွားတော့သည်။

သို့ပေမည့် သူတို့၏ပုံရိပ်များ၌ အထီးကျန်မှု အငွေ့အသက် ပါဝင်နေသည်။ အထူးသဖြင့် လီချန်မေပင်။

ဝမ်လင်းက မျက်လုံးမှိတ်ကာ စကားတစ်ခွန်းမျှ မဆိုပေ။ သည်ညက သူနှင့်လီမူဝမ်တို့ အပိုင် ဖြစ်၏။ တခြားမည်သူမျှ မပိုင်ပေ။

ညသည် မြင့်တက်လာနေသော နေမင်းကြောင့် ပြိုကွဲလာ၏။ လရောင်အပြင် နေအလင်းရောင် ပေါ်လာခဲ့ပြီ။ သည်အခိုက်တွင် ဝမ်လင်းက မျက်လုံးဖွင့်၍ ခေါင်းတလားအတွင်းရှိ လီမူဝမ်ကို ကြည့်သည်။ အကြည့်တစ်ချက်ဟာ နှစ်ပေါင်းတစ်ထောင်အလား။

“ဝမ်အာ…ငါ့ကို စောင့်နေပါ…”  ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ့ညာလက်ကို ဝေ့ယမ်း၏။ ခေါင်းတလားသည် ပျောက်ကွယ်သွားပြီး သူက ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ သူသည် ကောင်းကင်ထက်ရှိ နေမင်းနှင့်လမင်းတို့ထံ မျက်နှာမူကာ အသက်ဝဝရှုထုတ်သည်။

ဝမ်လင်းက သူ့ကိုယ်သူ ပြောလိုက်ရင်း သူ၏မျက်လုံးတို့မှာ တောက်ပလာသည်။  “တတိယစိတ်ဝိညာဉ်ကို ရှာဖို့ အချိန်ကျပြီ။ ခုနစ်ရောင်စုံတာအိုသခင်နဲ့ တစ္ဆေအိုကြီးကျန့်တို့ဟာ တချို့သဲလွန်စတွေ တွေ့နေလောက်ပြီ…”

ကောင်းကင်ဘုံနယ်မြေ၏ အပြင်ဘက်၌ ဝမ်လင်း မျှော်လင့်ထားသည့်အတိုင်းပင်။ ကောင်းကင်ဘုံတာအိုကို တွေ့ကြုံရပြီးနောက်မှာပင် သူတို့က တတိယစိတ်ဝိညာဉ်ကို ရှာဖွေခြင်းအား လက်မလျှော့ကြပေ။ သည်အခိုက်တွင် သူတို့သည် အစီအရင်နှင့်အတူ တိမ်ပင်လယ်ထံ လှုပ်ရှားနေ၏။ သူတို့၏ဦးခေါင်းများထက်ရှိ ဘူးသီးခြောက်ထံမှ မြူမြောက်များစွာ ပန်းထွက်နေသည်။

သည်မြူက လမ်းညွှန်တစ်ခုကဲ့သို့ပင်။ သူတို့လေးယောက်က ၎င်းနောက်သို့ ဖြည်းဖြည်းချင်း လိုက်ပါလာသည်။ သူတို့က ကြယ်များကို ကျော်လာပြီး အလုံးစုံကောင်းကင်ထံ ရွှေ့လျားလာသည်။ တစ္ဆေအိုကြီးကျန့်ကလည်း သုန်မှုန်စွာဖြင့် နောက်က လိုက်လာနေသည်။ သူတို့က အကွာအဝေးတစ်ခု ခြားထားပြီး တစ်ယောက်နှင့်တစ်ယောက် မနှောက်ယှက်ကြပေ။

အချိန်အတန်ကြာပြီးနောက် ဗိုလ်ချုပ်လေးယောက်တို့၏အထက်ရှိ ဘူးသီးခြောက်သည် ရုတ်တရက် ပိုမိုများပြားသောမြူများကို ပန်းထုတ်သည်။ မြူများ တုန်ဟည်းကာ ဧရာမပုံရိပ်တစ်ခု ပေါ်လာသည်။

ထိုပုံရိပ်သည် လူသားတစ်ယောက် မဟုတ်ဘဲ ခွေးတစ်ကောင်နှင့်တူသော သားရဲတစ်ကောင် ဖြစ်နေ၏။ ၎င်းက ချီလင်နှင့်လည်း တူသည်။ သို့ပေမည့် ကွာခြားသည်မှာ မြူများဖြင့် ပြုလုပ်ထားခြင်းသာ။ ၎င်း၏နှာခေါင်းက လှုပ်ရှားနေပြီး တစ်ခုခုကို အနံ့ခံရှာဖွေနေသည့်အလား။

ခဏအကြာတွင် ထိုသားရဲက ရုတ်တရက် မော့ကြည့်ကာ ကြမ်းကြုတ်သောအကြည့်ကို လှစ်ဟဖော်သည်။ ၎င်းက ဗိုလ်ချုပ်လေးယောက်၏ ဦးခေါင်းထက်မှ ခုန်ထွက်ကာ ရှေ့သို့ ဦးတည်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဗိုလ်ချုပ်လေးယောက်က စိတ်လှုပ်တရှားဖြင့် နောက်မှ လိုက်ပါလာသည်။ တစ္ဆေအိုကြီးကျန့်၏ မျက်လုံးတို့မှာ အရောင်တောက်နေ၏။ သူလည်း စိတ်လှုပ်ရှားဟန်ဖြင့် နောက်မှ လိုက်ပါလာသည်။

ထိုဧရာမသားရဲက နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း ရှေ့ဆက်လာနေသည်။ နောက်ဆုံးတွင် ၎င်းက စွန့်ပစ်ကုန်းမြေတစ်ခုရှေ့သို့ ရောက်လာပြီးနောက် ၎င်းကို စတင် အော်ဟောက်သည်။

ဗိုလ်ချုပ်လေးယောက်က အလျင်အမြန် နီးကပ်လာကာ ထိုကုန်းမြေပေါ်သို့ ခြေချလိုက်သည်။ သူတို့၏နတ်ဘုရားအာရုံများဖြင့် ထိုကုန်းမြေကို ခြုံလွှမ်းကာ အသေအချာ ရှာဖွေကြသည်။

တစ္ဆေအိုကြီးကျန့်ကလည်း ကုန်းမြေပေါ်သို့ ဆင်းသက်လာ၏။ သူ့နတ်ဘုရားအာရုံ ပျံ့လွင့်လာသည်။ သို့သော် မကြာမီပင် သူက မျက်မှောင်ကြုတ်သွားသည်။

သည်ကုန်းမြေမှာ စွန့်ပစ်ခံထားရပြီး အပျက်အစီးများ ပြည့်နေသည်။ ဟိုးလွန်ခဲ့သောအချိန်ကတော့ ဒီနေရာတွင် သက်ရှိများ ရှိနိုင်၏။ သေမျိုးများစွာ နေထိုင်ခဲ့ကြလောက်၏။

သို့ပေမည့် ခုချိန်တွင်မူ အရာအားလုံးသည် အချိန်နှင့်အတူ ပျောက်ကွယ်ကုန်ပြီပင်။ မည်သည့်သက်ရှိမျှ ရှိမနေတော့ဘဲ ဒီနေရာက သေလောက်အောင် တိတ်ဆိတ်နေသည်။ သားရဲအချို၏ အော်ရာများသာ ကျန်ရှိတော့သည်။

ထိုဗိုလ်ချုပ်လေးယောက်၏ မျက်လုံးတို့မှာ လင်းလက်လာပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသည်။ သူတို့ ထိုသို့ ပြုလုပ်စဉ် အဖျက်အစီးအားတစ်ခုက ဒီကုန်းမြေကို ဝန်းရံသည်။ ဖျတ်ခနဲအတွင်း နာကျင်ထိတ်လန့်စွာအော်သံများ ဆက်တိုက် ထွက်ပေါ်ကာ သည်ကုန်းမြေပေါ်ရှိ သက်ရှိအားလုံးကို မုန်တိုင်းတစ်ခုက သတ်ဖြတ်လိုက်သည်။

သည်နေရာရှိ သက်ရှိအားလုံးကို ဖျက်စီးပြီးနောက် ဒီကုန်းမြေထံမှ အခိုးအငွေ့အမျှင်တန်းများ ထွက်ပေါ်လာပြီး သားရဲ၏ပါးစပ်အတွင်းသို့ ဝင်ရောက်သည်။ ၎င်းကို စုပ်ယူပြီးနောက် ထိုသားရဲက ခေါင်းယမ်းကာ ပျံသန်းသွားတော့သည်။

“အာ…ဒီနေရာလည်း မဟုတ်သေးဘူးလား…”

“ဒီနေရာ မဟုတ်ပေမဲ့ ကောင်းကင်ဘုံအုပ်စိုးသူရဲ့ အသက်မြူသားရဲဟာ ဒီမှာ အနံ့ခံခဲ့တဲ့အတွက် တတိယစိတ်ဝိညာဉ်ဟာ ဒီနေရာမှာ ပြန်လည်မွေးဖွားခြင်းအချိန်တစ်ခုကို ကုန်ဆုံးခဲ့တာ ဖြစ်ရမယ်…”

“ဒီမြူသားရဲက တတိယစိတ်ဝိညာဉ်ရဲ့ ပြန်လည်မွေးဖွားခြင်းအော်ရာကို ပိုစုပ်ယူလေလေ သားရဲဟာ ဒီစိတ်ဝိညာဉ်ရဲ့ တည်နေရာကို ပိုဆုံးဖြတ်နိုင်လေပဲ။ ဒီကောင် ဝါးမြိုတာ အကြိမ်များနေပြီ။ ဒါ့ကြောင့် အချိန်ကျလာတော့မှာပါ…”

ဗိုလ်ချုပ်လေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်သည်။ ထို့နောက် သူတို့က ဒီကုန်းမြေထံမှ ထွက်လာခဲ့ကြ၏။ သူတို့က မြူသားရဲနောက်သို့ လိုက်လာပြီး တိမ်ပင်လယ်၏အစွန်းအဖျားသို့ ဝင်ရောက်လာကြသည်။ ထိုနေရာက အလုံးစုံကောင်းကင်ထံသို့ ဦးတည်သည့်နေရာပင်။

တစ္ဆေအိုကြီးကျန့်ကလည်း နောက်မှ လိုက်ပါလာ၏။ မြူသားရဲကို စိုက်ကြည့်လျက် သူ့မျက်လုံးသည် အရောင်တောက်လာ၏။

“ကြည့်ရတာ တတိယစိတ်ဝိညာဉ်ဟာ အလုံးစုံကောင်းကင်မှာ ရှိတဲ့ပုံပဲ။ ငါဟာ အလုံးစုံကောင်းကင်မှာ အချိန်အများဆုံး ကုန်ဆုံးခဲ့တာ။ တတိယစိတ်ဝိညာဉ်သာ ဒီအလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ တကယ်ပဲ ရှိနေခဲ့တယ်ဆိုရင် ၎င်းဟာ လူတစ်ယောက်လား ဒါမှမဟုတ် သားရဲတစ်ကောင် ဖြစ်နေမလား…”

အလုံးစုံကောင်းကင်၏ တခြားတစ်ဖက်၌ တောက်ပသောလေဟာနယ် ရှိ၏။ ခုနစ်ရောင်စုံတိမ်တိုက်တစ်ခုသည် ထိုကြယ်အဖွဲ့အစည်းတွင် မြန်ဆန်စွာ ရွှေ့လျားနေသည်။ ခုနစ်ရောင်စုံတာအိုသခင်က မျက်မှောင်ကြုတ်နေပြီး သူ့လက်ထဲရှိ သလင်းသွေးစက်တစ်စက်ကို ကြည့်နေသည်။

သူက ဒြပ်စင်ငါးခုဂြိုဟ်ကလွဲ၍ တောက်ပသောလေဟာနယ်တစ်ခုလုံးကို ရှာဖွေခဲ့ပြီးပင်။ သူသည် ဒီကြယ်အဖွဲ့အစည်း၏ တစ်လက်မချင်းမကျန်ကို ရှာဖွေခဲ့ပြီးပင်။ အဆုံးသပ်၌ သူသည် မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့နိုင်သေးပေ။

စဉ်းစားနေရင်း ခုနစ်ရောင်စုံတာအိုသခင်က ခေါင်းမော့လာ၏။

သူက တိမ်ပင်လယ်ရှိ အက်ကြောင်းထဲ၌ နှစ်ထပ်ပုံရိပ်ယောင်အတွင်းတွင် တတိယစိတ်ဝိညာဉ်က တောက်ပသောလေဟာနယ်ထံသို့ ပျံသန်းသွားခဲ့သည်ကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ သို့သော် ထိုစိတ်ဝိညာဉ်က ဒီမှာတင် ရပ်ခဲ့လား သို့မဟုတ် ဆက်သွားခဲ့လားကိုမူ သူ မသိပေ။

အရေးကြီးဆုံးအချိန်ရောက်မှ ဝမ်လင်းက သူ့ပုံရိပ်ယောင်ကို နှောက်ယှက်ခဲ့သဖြင့် သူသည် နိုးထလာခဲ့ရသည်။

ထိုအကြောင်းကို ပြန်တွေးမိသည်နှင့် ခုနစ်ရောင်စုံတာအိုသခင်က ပို၍ပင် သုန်မှုန်လာခဲ့သည်။ ဝမ်လင်းအပေါ် သူ့အမုန်းတရားက ပို၍ပင် အားကောင်းလာသည်။

“ဒီပုံရိပ်ယောင် မရှိရင် ငါ အတွင်းနဲ့အပြင်နယ်မြေကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်း စုဆောင်းခဲ့တဲ့ ဒီသွေးနဲ့ဆိုလည်း တတိယစိတ်ဝိညာဉ်ကို ငါ ရှာနိုင်သေးတယ်။ သူဟာ တောက်ပသောလေဟာနယ်မှာ မရှိခဲ့ရင် ငါ ဆင့်ခေါ်ခြင်းမြစ်ကို သွားရှာမယ်။ ငါဟာ ကြယ်အဖွဲ့အစည်းလေးခုလုံးကို ရှာပစ်မယ်။ တတိယစိတ်ဝိညာဉ်ဟာ ဒီလှိုဏ်ဂူလောကထဲကနေ ထွက်သွားနိုင်လိမ့်မယ်လို့ ငါ မယုံဘူး…”

ခုနစ်ရောင်စုံတာအိုသခင်က သုန်မှုန်စွာဖြင့် ဆင့်ခေါ်ခြင်းမြစ်ထံ ပျံသန်းလာတော့သည်။

သူ ရှေ့သို့ ရွှေ့လျားလာနေရင်း သူ့လက်ထဲရှိ သွေးစက်ကို ကြည့်၏။ သည်သွေးက တစ်ချိန်လုံး အပြောင်းအလဲ မရှိပေ။ သို့သော် ခုနစ်ရောင်စုံတာအိုသခင်က သည်သွေး၌ လှိုဏ်ဂူလောကမှ လူများ၏အသက်ပေါင်းများစွာ ပါဝင်သည်ကို သိသည်။ ၎င်းသည် လှိုဏ်ဂူလောကမှ လူများနှင့် တွေ့ပါက မည်သို့မျှ ထူးခြားမှု ပြမည် မဟုတ်သော်လည်း လှိုဏ်ဂူလောက အပြင်ဘက်မှ တစ်စုံတစ်ယောက်က ဒီနေရာတွင် ပြန်လည်မွေးဖွားလာခဲ့လျှင် ထိုသို့သော သူများနှင့် တွေ့ကြုံပါက ထိုသွေးစက်သည် လွန်စွာ တောက်ပလိမ့်မည်ပင်။

သို့ပေမည့် သွေးစက် ဖြန့်ကျက်နိုင်သော အဝန်းအဝိုင်းမှာ မကျယ်ပြောလှပေ။ ၎င်းက သွေးတစ်စက်သာ ဖြစ်၏။ ထို့ကြောင့် ဒီသွေးစက်က အချိန်များ အလာကားဟသ ကုန်ဆုံးမှုကို ဖြစ်စေနိုင်သည်။ သို့ပေမည့် သူသည် စောင့်နေခဲ့ရသည်မှာ ကြာခဲ့ပြီ ဖြစ်၍ ခုချိန်၌ စိတ်မရှည်တော့ဘဲ ဒီသွေးစက်ကို အသုံးပြုလာခဲ့သည်။

ခုနစ်ရောင်စုံတာအိုသခင်က ဆင့်ခေါ်ခြင်းမြစ်သို့ ရောက်လာပြီး အသေအချာ စတင်ရှာဖွေ၏။

သည်လိုရှာဖွေမှုဖြင့်ဆိုပါက တတိယစိတ်ဝိညာဉ်သည် ပုန်းကွယ်နေနိုင်မည် မဟုတ်ပေ။ ဒီလှိုဏ်ဂူလောက၏ အကြီးမားဆုံးလျှို့ဝှက်ချက် ပေါ်လာတော့သည်မှာ အချိန်သိပ်လိုတော့မည် မဟုတ်ပါ။

ဝမ်လင်းကလည်း တတိယစိတ်ဝိညာဉ်ကို ရှာဖွေနေ၏။

ဝမ်လင်းသည် တောင်ပေါ်တွင် ထိုင်၍ သူ့နတ်ဘုရားအာရုံကို ကောင်းကင်ဘုံနယ်မြေတခွင် ခြုံလွှမ်းထား၏။ သူက ချင်းရွှေသည် အနောက်မြောက်ပိုင်းရှိ တောင်တစ်လုံးပေါ်ရှိ သစ်သားအဆောက်အဦတစ်ခုအတွင်း၌ ရှိနေသည်ကို မြင်၏။ အနီရောင်လိပ်ပြာသည်လည်း ချင်းရွှေနှင့်အတူ ရှိနေသည်။ အဖေနှင့်သမီးသည် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြ၏။

ခုချိန်၌ ချင်းရွှေသည် အနီရောင်လိပ်ပြာ၏ ကျင့်ကြံရာ၌ အခက်အခဲများကို ညွှန်ပြပေးနေ၏။ သူမသည် နဂိုထဲက ပါရမီ ရှိသူဖြစ်ကာ အတော်များများ သင်ယူနိုင်ခဲ့သည်။

“ကျင့်ကြံခြင်းဟာ စိတ်ခံစားချက်နဲ့ အတွေးအကြံတွေကို အလေးပေးတာပဲ။ အတွေးအကြံတွေဟာ အရာအားလုံးပဲ။ ပြီးတော့…”  ချင်းရွှေ၏ မျက်လုံးသည် ရုတ်တရက် အရောင်တောက်သွားကာ ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူ့အကြည့်ထဲ၌ ရှုပ်ထွေးသောစိတ်ခံစားချက် ဖျတ်ခနဲ လှစ်ဟပေါ်သည်။ ခဏအကြာတွင် သူက ထရပ်သည်။

“လိပ်ပြာ…သမီးဘာသာ လေ့ကျင့်လိုက်အုံး။ အ‌ဖေ တစ်ခုခု လုပ်စရာ ရှိလို့..."  ထိုသို့ ပြောပြီးနောက် ချင်းရွှေက ခြေလှမ်းကာ အခန်းထဲမှ ပျောက်ကွယ်သွားတော့သည်။

အနီရောင်လိပ်ပြာက သူမအ‌ဖေ ပျောက်ကွယ်သွားသော နေရာသို့ ကြည့်ကာ စိတ်ပူဟန် အရိပ်အမြွက် ဖြစ်ပေါ်သည်။ ခဏတာ စဉ်းစားပြီးနောက် သူမက သက်ပြင်းချကာ မျက်လုံးမှိတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ် စတင် ကျင့်ကြံတော့သည်။

ဝမ်လင်းရှိနေသော တောင်ပေါ်တွင် လှိုင်းဂယက်များ ပျံ့နှံ့လာ၏။ ချင်းရွှေ လှမ်းထွက်လာသည်။

“စီနီယာအစ်ကိုချင်းရွှေ…ကျေးဇူးပြုပြီး စိတ်ဝိညာဉ်တစ်ခုကို ရှာဖွေဖို့ ငါ့ကို ကူညီပေးပါ…”  ဝမ်လင်းသည် ထရပ်ကာ ချင်းရွှေထံသို့ လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်သည်။

ချင်းရွှေသည် ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ဝမ်လင်းဘေးနား ရောက်လာသည်။ သူ၏အမူအရာမှာ စိတ်ရှုပ်ထွေးဟန် ပေါ်နေသည်။ အချိန်အတန်ကြာပြီးနောက် သူက ခပ်တိုးတိုး ဆိုလာသည်။ “မင်း ငါ့ရဲ့နောက်ခံပုံရိပ်ကို သိတယ်မလား….”

ဝမ်လင်းက ချင်းရွှေကို ကြည့်ကာ ခေါင်းညိတ်ပြသည်။

“အတိတ်တုန်းက ခုနစ်ရောင်စုံနယ်မြေမှာ အဖြေကို တွေ့ခဲ့လားလို့ မင်း မေးခဲ့တုန်းက ငါ မဖြေခဲ့ဘူး။ တကယ်တော့ ငါ တွေ့ခဲ့ပါတယ်။ ငါဟာ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကနေ ဖြစ်ပေါ်လာခဲ့တာကို သိခဲ့တယ်။ အဲ့အကြောင်း မင်းကို မပြောပြခဲ့တဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါ။ ငါ ကိုယ်တိုင် ဒီအချက်ကို ဝန်မခံချင်ဘူး…”

ချင်းရွှေသည် မျက်လုံးမှိတ်ကာ ဝမ်လင်းရှေ့တွင် ထိုင်ချလိုက်သည်။

ချင်းရွှေက ခပ်တိုးတိုး ဆိုလာ၏။ “လုပ်ပါ။ မင်း ဘယ်နည်းလမ်းကို အသုံးပြုမလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ မင်းကို ငါ အကောင်းဆုံး ကူညီပေးမှာပါ…”

“စီနီယာအစ်ကိုချင်းရွှေဟာ အစိတ်အပိုင်းခုနစ်ခုထဲက တစ်ခု ဖြစ်တာ ငါ သိပါတယ်။ ကျန်တဲ့ခြောက်ခုနဲ့ ပတ်သတ်လို့တော့ ငါ့မှာ ဘာသဲလွန်စမှ မရှိဘူး။ ဒါပေမဲ့ စီနီယာအစ်ကို စိတ်ချနေပါ။ ဘာပဲဖြစ်ဖြစ် စိတ်ဝိညာဉ်သုံးခု ပေါင်းစပ်ဖို့ ငါ ခွင့်ပြုမှာ မဟုတ်ဘူး။ အဲ့စိတ်ဝိညာဉ်သုံးခု ပေါင်းစပ်ပြီး အစိတ်အပိုင်းခုနစ်ခုကို ဝါးမြိုမှာကိုလည်း ငါ ခွင့်မပြုဘူး…”

“ငါ တတိယစိတ်ဝိညာဉ်ကို ရှာတွေ့တဲ့အခါကျရင် ငါ သတ်ပစ်မယ်…”  ဝမ်လင်းက သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။ တစ္ဆေရွက်ဖျင် ပျံသန်းထွက်လာသည်။ ၎င်းသည် ဧရာမတစ္ဆေမျက်နှာအဖြစ်သို့ မြန်ဆန်စွာ ချဲ့ကားသွားပြီး သူတို့နှစ်ယောက်၏အထက်တွင် လွင့်မြောသည်။

တစ္ဆေမျက်နှာက ကြမ်းကြုတ်လှ၏။ ၎င်းက ဝမ်လင်းနှင့်ချင်းရွှေတို့ထံ ဝင်ရောက်လာသည်။ ၎င်းက ပါးစပ်ဟကာ သူတို့နှစ်ယောက်ကို ဝါးမြိုသွားသည်။

သူတို့နှစ်ယောက် ဝါးမြိုခံလိုက်ရသည်နှင့် သူတို့၏စိတ်များမှာ တုန်ဟည်းသွား၏။ သူတို့၏နတ်ဘုရားအာရုံများသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ စိတ်ဝိညာဉ်သုံးခု၊ အစိတ်အပိုင်းခုနစ်ခုအဖြစ်သို့ ကွဲထွက်သွားသော ရှေးကာလအချိန်သို့ ပြန်ရောက်သွားလေပြီ။

တတိယစိတ်ဝိညာဉ်ကို ရှာဖွေခြင်း။

All Chapters