တတိယ အကျင့်စရိုက်?(1)
Vol. 17 Ch. 165
နားနေခန်းတွင်:
ဟဲမီတူ၏ လက်ချောင်းထိပ်များက ‘ချမ်းသာသော သရဲလေး’အား ထိထားရင်း မျက်လုံးများက မစ်စ်ဟောင်နှင့် သားဖြစ်သူတွင် ဝေ့,သွားနေသည်မှာ မမြင်နိုင်သည့် အရာတစ်ခု၏ ပြောစကားအား နားထောင်နေဟန်ပင် ပေါ်သည်။
သားအမိနှစ်ယောက်လုံး ထိုမြင်ကွင်းကြောင့် ထူးဆန်းသလို တွေးလိုက်မိပြီး အခန်းထဲမှ မမြင်နိုင်သည့် အရာတစ်ခုက သူတို့အား ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်တစ်ခုကြာပြီးနောက် ဟဲမီတူ မျက်မှောင်ကြုတ်ထားရင်း မေးလိုက်သည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ?”
“…ကျောင်းဟန်”
“ကျောင်းဟန်၊ မင်းက မင်းခန္ဓာကိုယ်ကို မကောင်းတဲ့ ဝိဉာဉ်တွေကို ကျွေးမွေးထားဖို့ သုံးထားတာပဲ”
မစ်စ်ဟောင်: “?!!”
ကြည့်ရှုသူများ: “?!!”
ဟဲမီတူ ‘ချမ်းသာသော သရဲလေး’၏ ဖန်ပုလင်းအား ထိထားလိုက်ရင်း အေးစက်သော အသံဖြင့် ပြောသည်။
“သူပြောတာက မင်းဆီက ငါ့လို ကိုယ်ရှိန်ကိုယ်ဝါကို ခံစားလို့ ရနေတယ်တဲ့”
“သူတို့က အချင်းချင်းဆိုရင် ခံစားနိုင်တယ်လေ”
အခြားသူများ မေးခွန်းမေးမည်ကို မစောင့်တော့ပဲ သူ သေချာ ရှင်းပြလိုက်သည်။
“ငါမွေးထားတဲ့ ကလေးက ငါတို့နှစ်ယောက်ကြားက နှစ်ဦးသဘောတူညီမှုပဲ၊ ငါက သူ့ကို ပူဇော်ပေးတယ်၊ သူကလည်း ငါထွင်းထားတဲ့ ခန္ဓာကိုယ်မှာ နေဖို့ သဘောတူခဲ့တယ်၊
ဒါက မှော်လက်နက်နဲ့ ညီမျှတဲ့ လိုက်လျောညီထွေမှုရှိတဲ့ အရာတစ်ခုပဲလေ၊
ဒါကို ကြားပြီးရင် ရှားနိုင်ငံက ဦးနှောက်မှာ မှိုစွဲ၊ သံချေးတက်နေတဲ့ ရှေးဟောင်းလူကြီးတွေကတော့ ဒေါသကြောင့် ခုန်ပေါက်နေကြလိမ့်မယ်၊ ဒါပေမယ့် ဒါက အမှန်တရားပဲ”
ဟဲမီတူ နှာခေါင်းရှုံ့လိုက်ရင်း ဆက်ပြောသည်။
“ပြီးတော့ မင်းခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ ဝိဉာဉ်တစ်ခုရှိနေတယ်၊ မင်းကိုယ်တိုင်ကိုက လိုလိုချင်ချင်နဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဖြစ်ပေးပြီး သူ့ကို နေခွင့်ပေးထားတာလေ၊
ဒီတော့ သူ့ရဲ့ အကျင့်လည်း ပြောင်းတော့တာပေါ့၊ သူက ခန္ဓာကိုယ်မှာ ကျူးကျော်သူမဟုတ်တော့ဘဲ စာချုပ်ချုပ်ဆိုထားတဲ့ ဒေသခံလို ဖြစ်သွားပြီးလေ၊
အဲဒါက တောက်ဓမ္မဥပဒေအရလည်း တရားဝင်တယ်၊ မင်း သဘောပေါက်ရဲ့လား?”
“မင်းနဲ့သူက နှစ်ဦးနှစ်ဖက် သဘောတူထားတာပဲ၊ ငါတို့လို လျို့ဝှက်ပညာရှင်တွေက အဲဒါကို ဆွဲထုတ်လို့ မရဘူး၊
ငါသာ ငါ့ရဲ့ မွေးစားကလေးကို ခေါ်မလာခဲ့ရင် မင်းကိုယ်ပေါ်မှာ ဘာထူးခြားလဲဆိုတာတောင် သိလိုက်မှာ မဟုတ်ဘူး”
“ဒီတော့ ကျောင်းဟန်၊ မင်း…”
သူ မူလက ဆိုးဆိုးဝါးဝါး ပြောလိုက်ချင်သော်လည်း ကင်မရာများကြောင့် စိတ်ကို ထိန်းလိုက်သည်။
[ငါ အစကတော့ ဘယ်လိုမှ မနေဘူး၊ ဒါပေမယ့် ရှောင်ဟဲရဲ့ မျက်နှာကို မြင်မှ ထရယ်မိတော့တာပဲ၊ သူ့ရဲ့ ပါးစပ်ကတော့ ဘာမှ မပြောလိုက်ပေမယ့် သူပြောချင်တာ အကုန် ပြောလိုက်သလိုပဲ ခံစားလိုက်ရတယ်]
[ကျောင်းဟန်၊ မင်း စိတ်ရော မှန်သေးရဲ့လား? ဘယ်လိုများ အဲလိုတွေ လုပ်နိုင်ရတာလဲ?]
[ဒီတစ်ယောက်က ပြောရဲဆိုရဲ ရပ်ကွက်ကပဲ၊ သူ သရဲမွေးထားတာတွေလည်း ပြောပြီး ရှားနိုင်ငံရဲ့ သဘာဝလွန်လောကကိုတောင် ရန်စလိုက်သေးတယ်၊
သူပြောတာ မှန်တယ်လို့တော့ ငါထင်ပေမဲ့ တချို့ သဘာဝလွန်ဖိုရမ်တွေမှာတော့ ပေါက်ကွဲကုန်ကြပြီ၊ သူက မောက်မာတယ်လို့ ပြောပြီး ဝိုင်းတိုက်ခိုက်ဖို့တောင် ပြင်နေကြလေရဲ့…]
[အပေါ်က ခွေးကောင်က ခွေးကို ခစားတဲ့ အကောင်လား? မင်းက ဖိုရမ်က အချက်အလက်တွေကို အပြင်တောင် ဖော်ရဲလိုက်သေးတယ်၊
အဲဒီ ‘ချမ်းသာသော သရဲလေး’က သူများရဲ့ ကံနဲ့ ကောင်းချီးတွေကို ဆွဲဆောင်နိုင်တယ်ဆိုတာကိုရော သိရဲ့လား? သူ့မှာ အဲ့လောက်လည်း ပညာရှိတယ်လို့ မထင်ပါဘူး၊
ဒီတိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာက ဦးနှောဏ်မရှိ၊ လှည့်စားလို့ လွယ်တဲ့ ငတုံးတွေ အများကြီးရှိနေတာပဲ၊
မင်းတို့ရဲ့ သနားစရာကောင်းတဲ့ အကောင်က သူ့ဟာသူတောင် ဘာလုပ်လို့ လုပ်နေမှန်း သိမှာ မဟုတ်ဘူး]
[…ဦးတည်ချက်တွေ လွဲကုန်ပြီ၊ ငါအခု ရူးလောက်အောင် သိချင်နေတာ ကျောင်းရှင်းက သရဲနှင့် ပတ်သက်နေတာ ဟုတ်၊မဟုတ်ဆိုတာကိုလေ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ အားလုံးက ပြိုင်ပွဲဝင်တွေအတွက်နဲ့ ရန်ပွဲတွေ ဖြစ်ကုန်ကြပြီ]
ထိုအချိန်တွင် ဟဲမီတူက ဆက်မေးသည်။
“မင်းက အဲဒါကို မင်းရဲ့ခန္ဓာကိုယ်ထဲမှာ နေထိုင်ခွင့်ပေးထားတာဆိုတော့ မင်းက သူရှိနေတာကိုလည်း သိနေမှာပေါ့၊ ဘာတွေ စဉ်းစားနေခဲ့တာလဲ? ဒီတစ်ခါရော ဘာလို့ သဘောတူလိုက်တာလဲ?”
“မင်းနဲ့ သူနဲ့ကြားမှာလည်း အားကောင်းတဲ့ ဆက်သွယ်မှုရှိနေတာဆိုတော့ မင်း သူ့ကို တစ်ခုခု ပေးထားလို့ပဲ ဖြစ်ရမယ်”
တင်ဆက်သူလျှို့မှ ဟဲမီတူအား ကျောင်းဟန်၏ စစ်ဆေးချက်အရ သူသည်က အသိစိတ်နှစ်ခုကွဲပြားသည့် ရောဂါ ခံစားနေရကြောင်း ရှင်းပြသည်။
“မင်းက သူ့အလိမ်တွေမှာ မိနေတာလေ၊ အဲဒီ အထီးကျန်နေတဲ့ သရဲရိုင်းက မင်းရဲ့ခန္ဓာကိုယ်ထဲမှာ နေချင်ရုံသက်သက်ပဲ၊ ဘယ်လိုမျိုး ကိုယ်တိုင်ကနေ ကွဲပြားသွားတဲ့ အသိစိတ်က ကျေးဇူးပြန်ဆပ်စရာလိုလို့လဲ?”
သူပြောချင်သည့် စကားမှာ ကျောင်းရှင်းပြောခဲ့သည့် သူ့အတွက် အစ်မတစ်ယောက်လို ဖြစ်နေခြင်းနှင့် မိသားစုအား ကာကွယ်ချင်စိတ်ရှိခြင်းတို့မှာ အလိမ်အညာများသာ ဖြစ်ကြောင်းသာ ဖြစ်ပေသည်။
ထိုအရာသည်ကား ငယ်ရွယ်နုနယ်သေးသော ကျောင်းဟန်၏ ကာကွယ်ခံရချင်စိတ်အား သတိထားမိ၍ အခွင့်ကောင်းယူခဲ့သော သရဲတစ်ကောင်သာ ဖြစ်သည်။
ကျောင်းဟန် မည်သည့်အရာကိုမှ ပြန်မပြောနိုင်ခင်မှာပင် ဘေးနားမှ မစ်စ်ဟောင်က ဝမ်းနည်းသော မျက်နှာထားဖြင့် ဖြတ်ပြောလိုက်သည်။
“အားလုံးက ကျွန်မအပြစ်တွေပါ၊ အရင်တုန်းက ကျွန်မ အများကြီးလည်း မတွေးခဲ့ဘူး၊ သရဲလို့တောင် သံသယမဝင်ခဲ့ဖူးဘူး၊
ကျွန်မသာ ရှောင်ဟန်ကို ပညာရှင်တစ်ယောက်နဲ့ စောစောပြနိုင်ခဲ့ရင် အခုလိုမျိုးတွေလည်း ဖြစ်လာမှာတောင် မဟုတ်ဘူး၊
ဒီဆရာလေး ပြောတာ မှန်တယ်၊ မင်းရဲ့ ဒုတိယအသိစိတ်ဆိုရင် ဘယ်လိုလုပ်ပြီး မင်းကို အဲလိုဟာတွေ လုပ်ဖို့ မြှောက်ပင့် ပေးလိမ့်မတုန်း??
အဲဒါကြီးက ထူးဆန်းလွန်းတယ်လေ!!”
“ဆရာ၊ ဆရာ မသိတာ တစ်ခုရှိပါသေးတယ်၊ သူ ကျောင်းတက်ဖို့သွားကတည်းက အဲဒီသူ့ခန္ဓာကိုယ်ထဲက အသိစိတ်က သိသိသာသာကို ပြောင်းလဲသွားတာ၊ သူက ရှောင်ဟန်ကို ခဏခဏပြောတယ်၊ သူက သားလေးရဲ့ခန္ဓာကိုယ်ထဲကနေ ထွက်ပြီး သက်ရှိလူတစ်ယောက်လို နေချင်တယ်တဲ့!!”
ဟဲမီတူ: “?!!”
“ဘာကို ဆိုလိုတာလဲ?”
ကျောင်းဟန် ခပ်တိုးတိုးပြောလာသည်။
“အမေ၊ လျှောက်ပြောမနေနဲ့တော့! အဲဒါ သားကိစ္စပါ!!”
သားဖြစ်သူကို အမြဲတစေ အလိုလိုက်အလျှော့ပေးခဲ့သော မစ်စ်ဟောင်က ဤတစ်ကြိမ်တွင်တော့ ဆုံးဖြတ်ချက်ပြတ်သားကာ စကားဆက်ပြောသည်။
ကျောင်းဟန် တက္ကသိုလ်မတက်ခင်အချိန်က မစ်စ်ဟောင်မှ သားဖြစ်သူ၏ အတန်းပိုင်ဆရာအား အခြေအနေအကြောင်းစုံကို ကြိုတင်ပြောပြထားပြီးဖြစ်သည်။
တစ်ခါတစ်ရံ စိတ်အပြောင်းအလဲမြန်ခြင်းနှင့် အချို့အရာများအား မမှတ်မိနိုင်ခြင်းတို့မှအပ ကျောင်းဟန်က သာမန်လူတစ်ယောက်သာဖြစ်ကြောင်း သေချာ ပြောပြထားသည်။
ကျောင်းအုပ်ကိုယ်တိုင်ကလည်း ကျောင်းဟန်၏ အသိစိတ်ပြောင်းလဲခြင်းက အခန်းဖော်များအား ထိတ်လန့်စေမည်စိုး၍ သူ၏ အခန်းဖော်များကို မဟုတ်မမှန်သတင်းများ မပြောကြရန် ကြိုတင်သတိပေးထားခဲ့သည်။
အစကတော့ ကျောင်းသားအချို့က သူ၏ အကျင့်စရိုက်ပြောင်းလဲမှုအား အနည်းငယ်သတိပြုမိကြသည်။
ကျောင်းသားသစ်ဘဝတွင် သူနှင့် အခန်းဖော်များမှာ ဆက်ဆံရေးလည်း အဆင်ပြေသကဲ့သို့ ကျောင်းဟန်အား ထိုရောဂါရှိသောကြောင့် ပယ်ထားခြင်း၊ ရှောင်ကြဉ်ခြင်းများ မလုပ်ကြပါချေ။
သူတို့အနေဖြင့် ကျောင်းဟန်က နေမကောင်းဖြစ်ခြင်းမှ တဖြည်းဖြည်း သက်သာလာသည်ကို သတိထားမိခဲ့ကြသည်။
ချွင်းချက်မှာ သူသည်ကား ညဘက် အိပ်မက်ဆိုးများမက်ကာ ဒုတိယအသိစိတ်အား မတွေ့ရသည်မှာ ကြာမြင့်သကဲ့သို့ တီးတိုးရေရွတ်နေတတ်ခြင်းတို့သာ ရှိသည်။
ထို့နောက်တွင် သူ အသံတိတ်သွားတတ်သည်။
ကျောင်းဟန်တစ်ယောက် အမြဲတမ်း တစ်ခုခုအခက်တွေ့နေသကဲ့သို့ မျက်မှောင်ကြုတ်နေတတ်သည်။
အခန်းဖော်များမှ မေးခွန်းထုတ်လျှင် တွေဝေသွားပြီး စကားလည်း ဆက်မပြောတော့ချေ။
တစ်နေ့တော့ ကျောင်းဟန် ရုတ်တရက် အလွန်လေးနက်သည့်ပုံဖြင့် သူတို့အား ဖွင့်ပြောလာသည်။
“ငါ့ဘေးမှာ ကျောင်းရှင်းဆိုတဲ့ ငါ့အစ်မ တစ်ယောက်ရှိတယ်”
ထိုအချိန်က အခန်းဖော်များက ကျောင်းဟန် ဟာသလုပ်နေသည်ဟု တွေးကာ ရယ်ရယ်မောမောဖြင့် ‘ဘယ်မှာလဲ? ငါတို့လည်း မမြင်ရပါဘူး” ဆို၍ မေးခဲ့ကြသေးသည်။
သို့သော် ကျောင်းဟန်ကတော့ အတည်ပြောနေခြင်းဖြစ်သည်။
“သူက အခုမင်းတို့နှစ်ယောက်ကြားမှာ ရပ်နေတာ”
ထိုစကားကြောင့် အခန်းဖော်ကောင်လေးနှစ်ယောက် ထိတ်လန့်သွားကြလေသည်။ သူတို့၏ မျက်နှာတွင် အသက်မပါသော အပြုံးများဖြင့် သူတို့အား မခြောက်လှန့်ရန် ပြောကာ ခေါင်းကို တွင်တွင်ရမ်းကြသည်။
ထိုအချိန်မှစ၍ ကျောင်းဟန်က လုံးဝထူးဆန်းလာတော့သည်။
သူ့အခန်းဖော်အားလုံးကိုလည်း သူ့ဘေးတွင် အစ်မတစ်ယောက်ရှိကြောင်း ပြောပြခဲ့ပြီး အဆောင်ခန်းတွင် အစ်မဖြစ်သူအနားယူရန်ဟုဆိုကာ ကျောမှီဆိုဖာတစ်ခုပင် ဝယ်ယူခဲ့သေးသည်။
ထို့အပြင် အစ်မဖြစ်သူအတွက် လက်ဖက်ရည်ခွက်များ၊ ခေါင်းစည်းကွင်းများ၊ လက်ကောက်များနှင့် အခြားမိန်းကလေးသုံးပစ္စည်းများအား အွန်လိုင်းမှ မှာယူခဲ့သေးသည်။
သူက အခန်းထဲတွင် အပြင်စာမှာစားတတ်ပြီး နို့လက်ဖက်ရည်သောက်တတ်သည့် အကျင့်လည်း ရှိသည်။ တစ်ခါ မှာလျှင် ၅ခွက်မှာခဲ့သည်။ စားလျှင်လည်း အစ်မအတွက် သီးသန့် ပန်းကန်နှင့် တူများ ထား,ထားပေးသည်။
သူက တဖြည်းဖြည်းနှင့် တစ်ကိုယ်တည်းဖြစ်လာသော်လည်း အခန်းဖော်များ၊ သူငယ်ချင်းများနှင့် ကျောင်းကန်တင်းတွင် စားသောက်နေကြချိန်၊ စာကြည့်တိုက်တွင် စာကြည့်နေကြချိန်များတွင်လည်း သူ့ဘေးမှ ခုံတစ်ခုံကို အမြဲဆွဲထုတ်ထားကာ ပန်းရောင်ရေခွက်လေးတစ်လုံးလည်း အမြဲတင်ထားတတ်သည်။
တစ်နေ့တွင် ကျောင်းမှ လူတစ်ယောက်က ဖိုရမ်တွင် ပို့စ်တင်လိုက်သည်။
[တစ်ယောက်ယောက်များ ဒီစီနီယာကို သိကြလားဟင်? အရမ်းကို ကြည့်ကောင်းတဲ့ အစ်ကိုတစ်ယောက်ကို အမြဲတမ်း စာလေ့လာခန်းထဲမှာ တစ်ယောက်တည်း တွေ့,တွေ့နေရလို့လေ၊
အဲဒီအစ်ကိုကို ခဏခဏ တွေ့ပြီး စိတ်ဝင်စားမိသွားလို့ပါ၊ ဒါပေမယ့် အဲဒီအစ်ကိုချောချောက အမြဲတမ်း ပန်းရောင်ရေဘူးလေးကို ကိုင်ထားပြီး သူ့ဘေးက ခုံမှာလည်း လူရှိသလို ဆွဲထုတ်ထားတတ်တယ်
အစကတော့ အဲဒီနေရာမှာ လူရှိတယ်ထင်လို့ မမေးရဲဘူး၊ ဒါပေမယ့် သူနဲ့ တွေ့တာ အကြိမ်များပြီ၊ အမြဲတမ်း သူ့ဘေးက ခုံမှာက လူမရှိဘူး၊
ဒီတော့ သူ့ကို လာကြိုက်မဲ့သူတွေကို ကြိုပိတ်ထားတဲ့ နည်းလမ်းများလားလို့ ငါထင်လိုက်မိတာ
အခုတော့ ဘာလို့ အဲ့လို လုပ်လဲဆိုတာကို မသိချင်တော့ဘူး၊ သူ့ကို ခုံတွေ အဲဒီလိုမျိုး နေရာဦးမထားပါနဲ့လို့ပဲ ပြောချင်တော့တယ်…
စာလေ့လာခန်းထဲမှာ နဂိုကမှ နေရာက နည်းနေတာ၊ အခုက စာမေးပွဲကြီးနီးပြီဆိုတော့ ထိုင်စရာနေရာတောင် မရတဲ့ သူတွေအများကြီးပဲ၊
တခြားကောင်လေးတွေ ခုံတောင်းနေတာကြားပေမယ့် သူက အဲဒီမှာထိုင်နေတဲ့ သူရှိတယ်လို့ပဲ ပြောလွှတ်နေတယ်၊
သူ့ဘာသာသူ ဘယ်လိုပဲ တွေးနေပါစေ၊ တချို့လူတွေက ဒီတိုင်းစာပဲလုပ်ချင်ရုံသက်သက်ပါနော်!]
ထိုပို့စ်ကို တင်လိုက်သည်နှင့် ကျောင်းသားပေါင်းများစွာလည်း သူ၏ ထူးဆန်းသည့် အပြုအမူများကို သတိထားမိသွားသည်။
ထိုကောင်လေးက မည်သည့်နေရာကိုသွားသည်ဖြစ်စေ နှစ်ယောက်စာ နေရာယူသည်ဆိုသည့် စကားကို လူတော်တော်များများ ပြောလာကြသည်။
သို့သော် အချို့ကျောင်းသားများက ပြန်ပြောကြလေဒ။
[ပွင့်ပွင့်လင်းလင်းပြောမယ်နော်၊ ငါ အမှန်တော့ အဲဒီစီနီယာကို နည်းနည်းကြောက်မိတယ်၊ သူက အမြဲတမ်း ‘ဒီနားမှာ ထိုင်နေတဲ့သူရှိတယ်’လို့ ပြောလိုက်တိုင်း အတည်ပေါက်ပုံစံမျိုးကြီးနဲ့ ပြောတာလေ?
သူက သူ့ဘေးမှာ လူတစ်ယောက်ယောက် ရှိကိုရှိနေတယ်ဆိုတဲ့ ပုံစံမျိူးကြီး!!]
[မင်းလည်း အဲ့လိုခံစားရတာပဲလား? ငါ ပြီးခဲ့တဲ့အခေါက်က ကန်တင်းမှာတုန်းက သူတစ်ယောက်တည်း ထမင်းနှစ်ပန်းကန်စားနေတာ တွေ့ခဲ့တယ်၊ နောက်တစ်ပန်းကန်ကိုကျ သူနဲ့ မျက်နှာချင်းဆိုင်မှာ ထား,ထားတာ၊ ထိတောင် မထိဘူးကွာ
အဲဒီတုန်းက နေ့လည်ခင်းကို နောက်ကျနေပြီ၊ ငါလည်း ယောကျ်ားပါ ဒါပေမယ့် အဲဒီတုန်းက ကြောက်လွန်းလို့ ချွေးစေးတွေတောင် ပြန်တယ်!]
မကြာလိုက်ပါချေ။ ကျောင်းဟန်၏ သတင်းသည်က တစ်ကျောင်းလုံးသို့ ပျံ့နှံ့သွားတော့သည်။
*