တတိယမြောက် အကျင့်စရိုက်(3)
Vol. 17 Ch. 167
ရွှယ်ရိရှင်းက သူ့လက်အား ဆန့်ထုတ်ကာ မစ်စ်ဟောင်နှင့် တင်ဆက်သူလျှို့တို့အား ကျမ်းစာမီးတောက် လောင်ကျွမ်းထားသော လက်ချောင်းများကို ထိစေလိုက်သည်။
နှစ်ဦးစလုံး အံ့အားသင့်စွာ ပြောလိုက်မိကြသည်။
“အေးစက်နေတာပဲ!?”
မှန်သည်။ ရှင်းယိချင်း၏ လက်ချောင်းများသည် တစ်စက်လေးမှ ပူလောင်ခြင်းအလျဉ်းမရှိ။
ဆန့်ကျင်ဘက်ပင် သူ၏ ခန္ဓာကိုယ်အပူချိန်သည် သာမန်လူများထက်ပင် အေးစက်နေခဲ့သည်။
သူ၏ ရှင်းပြချက်အရ ထိုကျမ်းစာသည်က တောက်ဓမ္မလျှို့ဝှက်ပညာတစ်ခုဖြစ်သည်။
ကျမ်းစာရွက်တွင် တောက်လောင်သော မီးတောက်မှာ မြေအောက်ကမ္ဘာမှ မီးတောက်ပင်ဖြစ်ပေသည်။ ထိုကဲ့သို့သော မီးတောက်မျိုးသည်ကား သက်ရှိလူများအား မထိခိုက်စေနိုင်သော်လည်း သရဲတစ္ဆေများကိုတော့ ပြာကြသည်ထိ ဝါးမျိုးသွားနိုင်သည်။
ကျောင်းဟန်အနေဖြင့် မခံနိုင်အောင် ပူလောင်နေခြင်းမှာ သူ၏ ခန္ဓာကိုယ်တွင် တစ်ခုခု မှားယွင်းနေခြင်းကြောင့်သာ ဖြစ်သည်။
ရှင်းလင်းစွာပြောရလျှင် သူက သရဲနှင့် တစ်သားတည်းဖြစ်နေသောကြောင့်သာဖြစ်ချေသည်။
ထိုကဲ့သို့ သူသာလျှင် ငရဲမီးနှင့် လောင်မြိုက်ခံရချိန်၌ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမည်ဖြစ်သည်။
ထိုကဲ့သို့သော ကျမ်းစာမျိုးသည်လည်း အင်မတန် တန်ဖိုးကြီးကာ ရှင်းယိချင်းထံတွင်လည်း အနည်းငယ်သာ ရှိပေသည်။
ဤကဲ့သို့ တစ်ခုသုံးလိုက်ရခြင်းကိုပင် သူ အတော်လေး ရင်နာမိသည်။
ယခုအချိန်တွင် အားလုံး သေချာသွားသည့်အချက်မှာ ကျောင်းရှင်းသည်က သရဲတစ်ကောင်သာဖြစ်သည်။
စိတ်ပူပန်နေသည့် မစ်စ်ဟောင်ကို တွေ့မြင်တွေ့ရပြီးနောက် ရှင်းယိချင်း သူ၏ ထင်မြင်ချက်နှင့် ရှာဖွေတွေ့ရှိမှုတို့အား ပြောပြခဲ့သည်။
“ဒီသရဲက ကျောင်းဟန်အပေါ်မှာတော့ မကောင်းစေလိုတဲ့စိတ်ရှိမယ်လို့ မထင်ပါဘူး၊ သူက ပြီးခဲ့တဲ့ ဆယ်နှစ်လုံးလုံး ကောင်းကောင်းနေခဲ့တာပဲလေ၊အစကတော့ သူက ခန္ဓာကိုယ်ကို အပိုင်စီးလိုစိတ်မရှိလောက်ဘူး။
ဝိဉာဉ်ခန္ဓာတစ်ခု တည်ဆောက်ချင်ရုံသက်သက်လောက်ပဲ….”
“သူ့ရဲ့ လက်ရှိအခြေအနေကိုတော့ မသိနိုင်ဘူး၊ သူသာ ရုတ်တရက် ကျောင်းဟန်ကို ထိခိုက်အောင် လုပ်ခဲ့တယ်ဆိုရင်တော့ တစ်ခုခုရဲ့ လှုံ့ဆော်မှုကြောင့်သာ ဖြစ်လိမ့်မယ်၊
အန္တရာယ်တော့ မရှိဘူးဆိုပေမယ့် သူ့ခန္ဓာကိုယ်ထဲမှာ မနေတာတော့ အကောင်းဆုံးပဲ၊ ယင်နဲ့ ယန်ဆိုတာက မမျှတ,တော့ဘူးဆိုရင် ကောင်းကျိုးမရှိနိုင်ဘူးလေ”
ထိုစကားလုံးများကြောင့် မစ်စ်ဟောင်၏ စိတ်ပူပန်မှု အနည်းငယ်ပြေလျော့သွားခဲ့သည်။
သူမအနေနဲ့ မူလ ‘ကျောင်းရှင်း’ကိုလည်း ပြန်လည်အောက်မေ့မိသည်။
သူတို့သည်ကား တစ်မိုးအောက် အတူနေကာ စကားစမြည်လည်း အတူပြောခဲ့ကြသည်။
သူမ အိပ်ပျော်ရာမှ နိုးလာချိန်တွင် တစ်ခါတစ်ရံ ကျောင်းရှင်းက သူမကို စောင်ခြုံပေးနေခြင်းအား မြင်ရတတ်သည်။
သူမအား အသံတိတ် အိမ်မှုကိစ္စများ ကူညီပေးသည်။ သူမ ပုခုံးနာကျင်မှုကို နှိပ်ပေးတတ်သည်။
ထိုအချိန်က မစ်စ်ဟောင် သမီးလေးတစ်ယောက်လောက် ရှိလာခဲ့လျှင် မည်မျှကောင်းလိမ့်မလဲဟုပင်တွေးမိ ခဲ့သည်။
သူမ ကျောင်းရှင်းနှင့် မျက်နှာချင်းဆိုင် စကားပြောကြည့်သင့်သည်ဟု တွေးမိလိုက်လေ၏
တင်ဆက်သူလျှိုကတော့ အချိန်ကိုက်ပင် ပြောလာသည်။
“ကောင်းပါပြီ။ ဒါဆိုရင် နောက်ထပ်ပြိုင်ပွဲဝင်ကို ဖိတ်ခေါ်လိုက်ရအောင်ပါ၊ ပြိုင်ပွဲဝင် နံပါတ် ၆ ဒေစီဖြစ်ပါတယ်။ သူကတော့ နော်ဝေးလူမျိုး အမှောင်စုန်းမတစ်ယောက်ဖြစ်ပါတယ်
သူက မျှတခံစားပေးတာတွေနဲ့ အဖြစ်အပျက်တွေကို အာရုံခံတဲ့နေရာမှာ အရမ်းကို တော်ပါတယ်၊
သူကရော မတူညီတာ တစ်ခုခုကိုများ ရှာတွေ့မလားလို့ ကြည့်ရအောင်ပါ”
နှစ်မိနစ်ခန့်ကြာပြီးနောက် ဒေစီ ရောက်လာခဲ့သည်။
ညနေခင်း ၈နာရီထိုးပြီဖြစ်သော်လည်း သူမသည်က သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကာ ကြော့ရှင်းနေအောင် မိတ်ကပ်ကိုလည်း လိမ်းခြယ်ထားသည်။
နားနေခန်းထဲသို့ ရောက်လာပြီးနောက် သူမ ကင်မရာဘက်သို့ အပြုံးလေးနှင့် နှုတ်ဆက်လိုက်သည်။
“အားလုံးပဲ မင်္ဂလာပါ၊ ပြန်တွေ့ကြပြီနော်”
“ဒီညရဲ့ ပြိုင်ပွဲကိုရော ဖြေရှင်းဖို့အတွက် ယုံကြည်ချက်အပြည့်ပဲလား ဒေစီ?”
“သေချာတာပေါ့၊ ဒီညကတော့ နော်ဝေးစုန်းမလေးရဲ့ နယ်မြေပဲ၊ ကျွန်မ ဒီနေ့ည အရမ်းကို တောက်ပနေလိမ့်မယ်ဆိုတဲ့ ခံစားချက်ရနေတယ်”
“ဒါဆို ဒေစီရဲ့ လုပ်ဆောင်ချက်တွေကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်ကြည့်နေမယ်နော်!”
ယနေ့အတွက် အကူအညီတောင်းခံသည့် ဇာတ်လိုက်သည်က ကျောင်းဟန်ဖြစ်ကြောင်း သူမ သိသော်လည်း ဒေစီက မစ်စ်ဟောင်ထံသို့ ဦးစွာ လက်ကမ်းလိုက်သည်။
“ဒီက မိန်းမလှလေး၊ ကျွန်မ ရှင့်ရဲ့ စွမ်းအင်ကို အာရုံခံစားကြည့်လို့ ရနိုင်မလား?”
“ရပါတယ်”
မစ်စ်ဟောင်၏ လက်အား ဆုတ်ကိုင်ထားလိုက်ပြီးနောက် ဒေစီ မျက်လုံးများ မှိတ်ထားလိုက်သည်။
ခေတ္တမျှ အာရုံခံနေပြီးနောက် သူမ မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကျွန်မ ရှင့်ရဲ့ စွမ်းအင်ကို အာရုံခံလို့ ရနေပါတယ်၊ အဲဒါက နူးညံ့တယ်၊ ဒါပေမယ့် ရှင်က တစ်နှစ်ပတ်လုံး တစ်စုံတစ်ခုကို စိတ်ပူနေသလိုပဲ၊
လူတစ်ယောက်ကို အမြဲတမ်း ပူပန်နေတယ်၊ ပြီးတော့ ရှင့်ဆီမီာ ပျော်ရွှင်ရတဲ့ ရက်ဆိုတာလည်း မရှိသလောက်ပဲ၊
ရှင့်မျက်လုံးထဲမှာ ကောင်လေးတစ်ယောက်ကို မြင်နေရတယ်၊ ဒါလား? ရှင်က သူ့အတွက် စိတ်ပူနေရတာလား?”
မျက်လုံးများအား ဖွင့်လိုက်ပြီးနောက် ဒေစီ ဆိုဖာပေါ်တွင် ထိုင်နေသည့် ကျောင်းဟန်ကို ကြည့်လိုက်သည်။
“သူက ရှင့်ရဲ့သားပဲ”
မစ်စ်ဟောင် ခေါင်းငြိမ့်သည်။
ကျောင်းဟန် စိတ်ကျန်းမာရေးရောဂါရှိကြောင်း စစ်ဆေးချက်ထွက်လာချိန်မှ စ၍ သူမ ကောင်းစွာ အိပ်စက်ရသည့်ည တစ်ညမျှပင် မရှိခဲ့ပေ။
သားဖြစ်သူ၏ ရောဂါအတွက် စဉ်းစားတွေးပူနေခဲ့ရသည်။
ဒေစီ အသာလက်ခုပ်တီးလိုက်ရင်း စကားစသည်။
“အဲဒီလို မလုပ်ရဘူးနော်၊ ရှင့်ရဲ့ ကျန်းမာရေးက မကောင်းဘူးဆိုတာကို ကျွန်မ ခံစားနေရတယ်၊ အထူးသဖြင့် ခဏခဏနာနေတဲ့ ခြေထောက်တွေပဲ၊ အရမ်းကြီး အတွေးလွန်ပြီး မပူပန်ရဘူးလေ”
“ရှင့်ရဲ့ နှလုံးသားမှာလည်း ကြိုးတွေ ထုံးဖွဲ့နေတယ်။ ရှင့်ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း သော့ခတ်ထားတဲ့ အရာတစ်ခုလည်း ရှိသေးတယ်၊ အဲဒါကို ကျွန်မ ထိတွေ့လို့ ရမလား?”
မစ်စ်ဟောင် ခေတ္တ စဉ်းစားလိုက်ပြီးနောက် စကားပြန်သည်။
“ရပါတယ်၊ ကျွန်မမှာ ဘယ်လိုလျှို့ဝှက်ချက်မှ မရှိပါဘူး”
ဒေစီ ခေါင်းငြိမ့်လိုက်ပြီး ရင်ဘတ်ပေါ်တွင် ကျမ်းစာများ ရေးဆွဲကာ ဂါထာမန္တာန်များ ရွတ်ဖတ်နေရင်း ဆက်၍ အာရုံခံနေသည်။
တအောင့်မျှ ကြာပြီးနောက် သူမ၏ အမူအယာသည် နာကျင်နေပုံပေါ်ကာ လေသံမှာလည်း ပို၍ တင်းမာလာခဲ့သည်။
“မဖြစ်နိုင်တာ!! ဘယ်လိုမျိုးများ လုပ်ရက်ရတာလဲ?? ဒီအသည်းမရှိတဲ့ ယောင်္ကျား… တော်တော်ယုတ်မာပြီး အောက်တန်းကျတာပဲ၊ ကိုယ့်မိသားစုကို ဘယ်လိုများ လုပ်နိုင်ရတာလဲ?!?”
မစ်စ်ဟောင် မျက်နှာ တည်ငြိမ်သွားပြီးနောက် သားဖြစ်သူအား ကြည့်လိုက်မိသည်။
ဒေစီ သူမ၏ အနာကျင်ရဆုံး အတိတ်အား အမှန်တကယ် ‘မြင်တွေ့’နေရခြင်းပင် ဖြစ်သည်။
ရုတ်တရက် သူမ တစ်စုံတစ်ခုကို သတိရလိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။
မဟုတ်ဘူး။ သူမဆီမှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်!!
ထိုအရာသည်က ဖြစ်ပျက်ခဲ့သည်မှာ ကြာမြင့်လွန်းသည်ကြောင့် သူမ မေ့နေခဲ့ခြင်းပင်။ ယခုအချိန်တွင် ထိုကိစ္စအား တွေးတောင် မတွေးမိတော့။
မစ်စ်ဟောင် ဒေစီအား စကားဆက်မပြောရန် တားမြစ်ချင်ခဲ့သော်လည်း ဒေစီသည်က သူမ ခံစားခဲ့ရသည့် ဝေဒနာများကို ‘မြင်တွေ့’နေရပြီး သူမ၏ အကူအညီမဲ့မှု၊ ချုပ်နှောင်ထားရသော ဒေါသများကို ခံစားနေခဲ့ရသည်။
ဒေစီ မစ်စ်ဟောင်၏ ခံစားချက်များတွင် နစ်မြှုပ်နေသောကြောင့် မစ်စ်ဟောင်အား စကားပြောခွင့်ပင် မပေးနိုင်ခဲ့ပေ။
“သူက ငယ်ငယ်လေးပဲ ရှိသေးတာကို…. အဲဒီလို ကောင်မျိုးက ဓားနဲ့ ထိုးခံရသင့်တယ်!! ရှင်နာကျင်နေတယ်ဆိုတာကို ကျွန်မခံစားနေရတယ်၊ဘသူ့ကို ကွာရှင်းပြီး ကလေးကို ကာကွယ်ချင်ခဲ့ပေမယ့် ဘာမှ မလုပ်နိုင်ခဲ့ဘူး…”
“ရှင် ဘာကို မြင်လိုက်ရလို့ အဲဒီလောက် အံ့ဩသွားရတာလဲ? အာ.. ဒီလူယုတ်မာကောင်… သူက သွေးအိုင်ထဲမှာ လဲနေတာပဲ၊ ကျောမှာလည်း ဓားစိုက်နေသေးတယ်… အိုး ဘုရားရေ!!”
ဒေစီတစ်ယောက် သူမ မြင်တွေ့လိုက်ရသည့်အရာကြောင့် အင်မတန် အံ့အားသင့်သွားပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
မစ်စ်ဟောင် သတ္တိကို မွေးကာ ခင်ပွန်းဖြစ်သူအား ကွာရှင်းရန် ကြိုးစားခဲ့သော်လည်း မြေပေါ်သို့ တွန်းလှဲခံလိုက်ရပြီးနောက် ဆူပူ ရိုက်နှက်ခြင်းကိုသာ ခံခဲ့ရသည်။
လူယုတ်မာကောင်သည်က မြေပေါ်တွင် ဒူးတုတ်ထိုင်နေခဲ့ပြီး သူ၏ ရက်စက်ကြမ်းကြုတ်လှသော မျက်နှာသည်လည်း မစ်စ်ဟောင်၏ မြင်ကွင်းတစ်ခုလုံး အပြည့်ဖြစ်သည်။
ထိုအချိန်တွင် သူ၏ မျက်လုံးများ ပြုးကျယ်သွားပြီးနောက် လည်ချောင်းထဲမှ အသံနက်နက်ဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူမ ဆံပင်ကို ဆွဲထားသည့် လက်မှာလည်း အားယုတ်သွားပြီးနောက် မြေပေါ်သို့ လဲကျသွားခဲ့သည်။
သူ့၏ ခန္ဓာကိုယ်အောက်မှ နီရဲသော သွေးများ အိုင်ထွန်းလာခဲ့သည်။ ထိုအချင်းအရာကို မြင်တွေ့လိုက်ရသည့် မစ်စ်ဟောင် ခေါင်းမော့ကြည့်လိုက်ချိန်တွင် အရှေ့တွင် ရပ်နေသော သားငယ်အား မြင်လိုက်ရသည်။
သူ၏ လက်များသည်ကား သွေးစွန်းနေပြီး ဓားကို ထိုးသွင်းလိုက်ချိန်တွင် အားကုန်သုံးထားကြောင်း သိသာလှသည်။
ငယ်ရွယ်သေးသည့် မျက်နှာနုနုတွင် ကြောက်ရွံ့မှုရော၊ နောင်တပါ အလျဉ်းမရှိချေ။ မျက်လုံးများမှာလည်း အသက်နှင့်မလိုက် တည်ငြိမ်နေခဲ့သည်။
ထို့နောက် သူမြေပေါ်သို့ ပုံကျသွားကာ မေ့မြောသွားခဲ့သည်။
“ဒီသူရဲကောင်းလေးက သူ့အမေကို ကာကွယ်ခဲ့တာပဲ!! အဲဒီတုန်းက အရမ်းလည်း ငယ်သေးတာကို!!”
သူမကတော့ လေးစားမှု၊ အံ့အားသင့်မှုတို့နှင့် အားရဝမ်းသာ ပြောလိုက်ခြင်းဖြစ်သော်လည်း သူမ စကားအဆုံးတွင် နားနေခန်း တစ်ခုလုံး တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။
မစ်စ်ဟောင်နှင့် ကျောင်းဟန်တို့၏ မျက်နှာသည် ထူးဆန်းနေခဲ့သည်။
တစ်ယောက်ကတော့ ပြောစရာစကားများ ဆွံ့အနေခဲ့ပြီး နောက်တစ်ယောက်ကတော့ ကြက်သေ,သေနေခဲ့သည်။
ကျောင်းဟန်၏ အမူအရာသည် ခေတ္တမျှ မှင်သက်နေခဲ့ပြီး အက်ကွဲသော အသံဖြင့် မေးလိုက်သည်။
“ကျွန်တော်.. သူ့ကို… ဓားနဲ့ထိုးခဲ့တာလား?”
[???သောက်ကျိုးနည်း၊ ဘယ်လိုမျိုး ဖော်ထုတ်မှုကြီးလဲဟ?]
[ဒီတော့ ပြောချင်တာက အမေနဲ့ သားက အရင်တုန်းက အိမ်တွင်းအကြမ်းဖက်တဲ့ ယောကျ်ားနဲ့ ဆုံခဲ့ရတယ်၊ ယောကျ်ားက ကွာရှင်းမပေးချင်ဘူး။
သူတို့ လွတ်မြောက်ရတဲ့ အကြောင်းရင်းက သားက သူ့ကို ဓားနဲ့ထိုးခဲ့လို့ပေါ့… မဟုတ်သေးဘူး. အဲ့တာက အဲဒီကလေးရဲ့ ဒုတိယအသိစိတ်ပဲ ဖြစ်ရမယ်၊ သူက မမှတ်မိဘူးလေ!! သူ့အမေက အဲ့တုန်းက အဖြစ်အပျက်ကို ဖုံးကွယ်ထားတာများလား?]
[အင်း.. ငါကတော့ အခု ကျောင်းရှင်းက လူဖြစ်ဖြစ် သရဲဖြစ်ဖြစ် လူဆိုးတော့ မဟုတ်ဘူးလို့ ထင်တယ်၊ အနည်းဆုံးတော့ သူက ဒီသားအမိကို ဒုက္ခပင်လယ်ကနေ လွတ်အောင် ကူပေးခဲ့သေးတယ်လေ]
[အသက် ၆နှစ် ၇နှစ်လောက်ပဲ ရှိသေးတဲ့ ကလေးက!! အဲလိုမျိုး လုပ်နိုင်ဖို့အတွက် ဘယ်လောက်တောင် အားယူခဲ့ရမလဲ?
ဘုရားဘုရား ဒီကောင်လေးက ငယ်ငယ်တည်းက ကြမ်းတမ်းတဲ့ ကလေးမျိုးပဲ]
အကြိတ်အနယ်ဆွေးနွေးကာ ပြောနေကြသော တိုက်ရိုက်ထုတ်လွှင့်ခန်းနှင့် ယှဉ်လျှင် နားနေခန်းထဲမှာတော့ တိတ်ဆိတ်နေခဲ့သည်။
ဒေစီတစ်ယောက် မပြောသင့်သည့်စကားအား ပြောလိုက်မိသည်ဟုထင်ကာ အားနာနေခဲ့သည်။
အမှန်တရားကတော့ ကြည့်ရှုသူများ မှန်းထားသည့်အတိုင်းပင်။ ထိုအချိန်က ခင်ပွန်းသည်ကို ဓားနဲ့ထိုးခဲ့သည်မှာ မစ်စ်ဟောင်မဟုတ်။
အသက် ၆နှစ်ခွဲသာ ရှိသေးသည့် ကျောင်းဟန်ပင်ဖြစ်သည်။
အတိအကျပြောရပါလျှင် အချိန်ကြာမြင့်စွာ ခံစားခဲ့ရသော စိတ်ဒဏ်ရာများမှ မွေးဖွားပေါ်ပေါက်လာသည့် ဒုတိယအသိစိတ် ကျောင်းရှင်းပင်ဖြစ်သည်။
သူသည်က ထိုအချိန်က ငယ်ရွယ်လွန်းသောကြောင့် သူ၏ ဓားချက်သည်က အသက်အန္တရာယ် မထိခိုက်စေခဲ့ဘဲ ဖခင်ဖြစ်သူအား နာကျင်စေခဲ့ရုံသာဖြစ်သည်။
အိမ်တွင်းအကြမ်းဖက်သည့် ယောကျ်ားသည်က ဓားထိုးခံရပြီးနောက် မယုံကြည်နိုင်စွာ နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် သားဖြစ်သူ၏ ဒုတိယအသိစိတ်မျက်နှာမှ တည်ငြိမ်အေးစက်သော အကြည့်များနှင့် မျက်လုံးချင်ဆုံလိုက်ရပြီးနောက် အင်မတန် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ထိုအရာသည် ကျောင်းဟန်၏ ပထမဆုံးအကြိမ်ပြစ်မှုကျူးလွန်ခြင်းဖြစ်ခြင်း၊ အသက်အရွယ် ငယ်ရွယ်လွန်းခြင်းနှင့် အသိစိတ်ကွဲပြားသည့် ရောဂါရှိကြောင်း စစ်ဆေးချက်ထွက်လာခြင်းတို့ကြောင့် အမှုလည်း ပိတ်သိမ်းသွားခဲ့သည်။
အောက်တန်းစား ခင်ပွန်းသည်လည်း နောက်ဆုံးတွင် မစ်စ်ဟောင်အား ကွာရှင်းပေးရန် သဘောတူညီခဲ့သော်လည်း သူ၏ အကြောင်းပြချက်မှာ ရယ်ချင်စရာကောင်းလှသည်။
“မင်းက ကျောင်းမိသားစုကို မကောင်းဆိုးဝါးမွေးပေးခဲ့တာပဲ! လူသတ်သမားကောင်! အဲဒီကောင်စုတ်လေးက ကျောင်းမိသားစုဝင် မဟုတ်ဘူးကွ!
မင်းငါ့ဆီက ထွက်မသွားရင် ငါကိုယ်တိုင် မင်းကို နှင်ထုတ်မယ်၊ စောင့်ကြည့်လိုက်စမ်းပါ၊ အဲ့ဒီကောင်က ကြီးလာရင် ပြစ်မှုကျူးလွန်တဲ့ တရားခံဖြစ်မယ့်ကောင်!”
မစ်စ်ဟောင် ထိုစကားများကြောင့် ဒေါသ အလိပ်လိုက် ထွက်လာသော်လည်း သားဖြစ်သူသာ အမှန်တရားကို သိသွားပါလျှင် ကိုယ့်ကိုကိုယ် ဝေဖန်အပြစ်တင်နေမည်ကိုလည်း စိတ်ပူမိသည်။
ကျောင်းဟန်ကတော့ ဒုတိယအသိစိတ်၏ တိုက်ခိုက်မှုအကြောင်း လုံးဝမမှတ်မိချေ။ ထို့ကြောင့် မစ်စ်ဟောင် ထိုကိစ္စကို ဖုံးကွယ်ထားခဲ့သည်။
*