← Chapters

ပြီးပြည့်စုံသော လူ(1)

Vol. 17 Ch. 168

ပြီးပြည့်စုံသော လူ(1)

Vol. 17 Ch. 168

ကျောင်းဟန် အရွယ်ရောက်လာပြီးနောက် မစ်စ်ဟောင် ကွာရှင်းခွင့်ရခဲ့သည့် အကြောင်းရင်းကို သိချင်လာခဲ့သည်။

သားဖြစ်သူအား လှည့်ပတ်၍ ပြောလို့ မရနိုင်မှန်း မစ်စ်ဟောင်သိသောကြောင့် အဖြစ်အပျက်ကို အနည်းငယ်ပြောင်းလဲကာ ပြောပြခဲ့သည်။

ဓားနှင့်ထိုးခဲ့သည့် တရားခံသည်က သူမသာ ဖြစ်ပြီး သားဖြစ်သူမဟုတ်တော့ပေ။

ကျောင်းဟန် အားလျော့စွာ ပြုံးမိသည်။

“အမေ ဘာလို့ ပင်ပန်းစိတ်ညစ်နေတာကို သဘောပေါက်ပါပြီ၊ ဘာလို့ အဲဒီလို လူယုတ်မာကို တရားမစွဲခဲ့လဲဆိုတာ..  ရှင်းကျဲက လုပ်ခဲ့တာမဟုတ်လား?”

မစ်စ်ဟောင် ဘာပြောရမှန်းမသိသော်လည်း သူမ၏မျက်ဝန်းများကတော့ မျက်ရည်များ လဲ့နေခဲ့သည်။

ကျောင်းဟန် ဒေစီကို ကြည့်ရင်း ပြောလိုက်သည်။

“မင်း ဆက်ပြီး မြင်ချင်သေးတယ်မလား? ဆက်လုပ်လေ”

“ဒါက...”

ဒေစီ ခေတ္တမျှ တွေဝေသွားပြီးနောက် ရှက်ရှက်ဖြင့် ကျောင်းဟန်၏ လက်ကို ကိုင်လိုက်သည်။

ကောင်လေး၏ စွမ်းအင်အား အာရုံခံမိသည်နှင့် တပြိုင်နက် သူမ စိတ်မသက်မသာဖြစ်သွားရသည်။

“မင်းရဲ့ စွမ်းအင်က နည်းနည်း မီးခိုးရောင်သန်းပြီး ခြောက်သွေ့နေတယ်၊ အားလည်း ပျော့နေတယ်၊ မင်းရဲ့ နှလုံးသားထဲမှ အပေါက်ကြီးတစ်ခုရှိနေတာကို ခံစားနေရတယ်၊

မင်းရဲ့ ငယ်ဘဝ အတွေ့အကြုံတွေက ဘယ်တော့မှ ပျောက်မသွားခဲ့ဘူး၊ အဲဒါက ကင်ဆာအမြစ်တွေလို တွယ်ကပ်နေခဲ့တာပဲ၊

မင်းအနေနဲ့ ခဏခဏ စိတ်အလိုမကျတာ စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်လိမ့်မယ်”

ကျောင်းဟန်၏ ကိုယ်တွင်းမှ စွမ်းအင်သည် ထူးဆန်းလွန်းသောကြောင့် ဒေစီ အနည်းငယ် မျက်စိလည်သွားရသည်။

“ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း တည်ငြိမ်ရင့်ကျက်နေပြန်ရော... မတူညီတဲ့ လူနှစ်ယောက်လိုပဲ ရင့်ကျက်တယ်လို့ ပြောရမလား?”

တင်ဆက်သူလျှို့ ခေါင်းကို ငြိမ့်သည်။

သူ့၏စိတ်ထဲတွင်လည်း အစ်မဖြစ်သူသည် တမူထူးခြားသည်ဟု တွေးမိသည်။

“အဲဒီလိုပြောင်းလဲမှုက ခုဏက အဖြစ်အပျက်ဖြစ်ပြီးနောက်မှ ဖြစ်သွားတာပဲ၊ ဘာနဲ့တူသလဲဆိုတော့ မင်းက နှစ်ခြမ်းကွဲသွားသလိုပဲ။ တစ်ခုက ကလေး၊ နောက်တစ်ခုကတော့ အရွယ်ရောက်ပြီး ရင့်ကျက်တဲ့သူ၊

အဲဒီပြောင်းလဲမှုက ဆိုးတော့ မဆိုးပါဘူး၊ မင်းရဲ့ ပြန်လည်ကုသခြင်းနည်းလမ်းတစ်မျိုးပဲလေ၊ အသိစိတ်တစ်ခု ထပ်တိုးတာလား?”

မစ်စ်ဟောင်: “?!!”

ကြည့်ရှုသူများ: “?!!”

[ဒေစီပြောတာက ကျောင်းဟန်မှာ အသိစိတ်ကွဲပြားနေတယ်ပေါ့? နားကို မလည်တော့ဘူး၊ လူတစ်ယောက်ရဲ့ အသိစိတ်တစ်ခုက သရဲဖြစ်သွားနိုင်လို့လား?]

“..... မင်း ဒီအိပ်မက်ကိုပဲ ထပ်ခါထပ်ခါ မက်နေခဲ့တာလား? ကြောက်နေတာလား? မင်းက အရမ်းကြောက်နေပြီး တစ်ယောက်ယောက်က မင်းကို ဇွတ်အတင်း ရှေ့ကို ပြေးခိုင်းနေတယ်လို့ ခံစားနေရတယ်၊

မင်း အိပ်မက်ထဲမှာ ဘာကို မြင်ခဲ့တာလဲ?”

သူမ ရှေ့သို့ သေချာတိုးသွားခဲ့ပြီး ကျောင်းဟန်၏ စိတ်အတွင်းထဲထိ ထွင်းဖောက်ဝင်ရောက်လိုက်သည်။

နောက်ဆုံးတော့ သူမ အိပ်မက်ထဲတွင် တစ်စုံတစ်ခုအား မြင်တွေ့လိုက်ရသည်။

ငယ်ရွယ်သေးသော ကျောင်းဟန်အား လူတစ်ယောက်မှ ဆွဲကာ ရူးနေသကဲ့သို့ ထွက်ပြေးနေသည်ကို မြင်တွေ့ခဲ့ရသည်။

ထိုလူသည်ကား ဆံပင်ရှည်ရှည်နှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ ကျောင်းဟန်လေးအား ကျောပေးထားရင်း ဆက်တိုက်ပြောနေခဲ့သည်။

“မြန်မြန်ပြေး၊ သူ မင်းနောက် လိုက်လာနေပြီ”

ဒေစီ ခေါင်းကို လှည့်ကာကြည့်လိုက်ချိန်တွင် ကျောင်းဟန်လေး၏ မျက်လုံးထဲမှတဆင့် သူတို့နောက်ကို ပြေးလိုက်နေသော လူ၏ မျက်နှာကို တွေ့လိုက်ရသည်။

ထိုမျက်နှာသည် ကျောင်းဟန် ဓားဖြင့်ထိုးခဲ့သည့် သူ၏ ဖခင်အရင်းပင်။

“ဘာတွေဖြစ်နေတာလဲ? မင်းမှာ အသိစိတ်က စုစုပေါင်း သုံးခုရှိတာလား? မင်းရယ်၊ ကောင်မလေးတစ်ယောက်ရယ် မင်းအဖေရယ်??”

အိပ်မက်ထဲမှ မြင်ကွင်းများသည် ကြည်လင်ပြတ်သားနေခဲ့ပြီး သာမန် အိပ်မက်ဆိုးမျိုးတော့ လုံးဝမဟုတ်ပေ။

ကျောင်းဟန်၏ မျက်နှာသည် သွေးဆုတ်သကဲ့သို့ ဖြူဖျော့သွားခဲ့ပြီးနောက် ဖြည်းညင်းစွာ ခေါင်းငြိမ့်ပြသည်။

“မှန်ပါတယ်... အထက်တန်းကျောင်း စီနီယာတန်းနှစ်ဝက်လောက်မှာ ကျွန်တော့် အခြေအနေ ပိုဆိုးလာခဲ့တာ၊ နောက်ထပ် အသိစိတ်အသစ်တစ်ခု ထပ်ပွားလာခဲ့တယ်....”

“တတိယအသိစိတ်က ကျွန်တော်နဲ့ အမေ့ကို အနိုင်ကျင့်နှိပ်စက်ခဲ့တဲ့ လူယုတ်မာကောင် ဖြစ်နေခဲ့တယ်လေ!”

သူ အံကို တင်းတင်းကြိတ်ထားရင်း ဖြေသည်။

ထိုစကားများ ထွက်လာသည်နှင့် ကြည့်ရှုသူများသာမက ကျောင်းဟန်၏ မိခင်ဖြစ်သူ မစ်စ်ဟောင်ပါလျှင် အံ့ဩထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

“ဘယ်လိုလုပ် ဖြစ်ရတာလဲ? ဘာလို့ အမေ့ကို မပြောပြခဲ့တာလဲ?”

ကျောင်းဟန် နှုတ်ခမ်းများကို မဲ့လိုက်သည်။

“ဘာပဲဖြစ်ဖြစ် အမေ့ကို ပြောပြလည်း ဆေးစစ်တာနဲ့ ဆေးသောက်တာပဲ ဖြစ်မှာလေ၊ ကျွန်တော် ဘာမှ မလုပ်ရင်တောင် သူက အန္တရာယ်တော့ မပြုနိုင်ပါဘူး၊

ရှင်းကျဲရဲ့ အကူအညီနဲ့ သူ့ကို ရှင်းပစ်လိုက်ပြီးပြီ၊ အဲဒါက ကိုယ့်ကိုကိုယ် ကုသတယ်လို့တောင် ပြောလို့ရတယ်”

သူ့စကားတွင် ပါဝင်သည့် အချက်အလက်များမှာ များပြားလွန်းသောကြောင့် မစ်စ်ဟောင် စိုးရိမ်ပူပန်စွာဖြင့် သားဖြစ်သူအား အကြောင်းစုံရှင်းပြရန် တတွတ်တွတ် တောင်းဆိုခဲ့သည်။

အသိစိတ်များ ကွဲသွားပြီးနောက် ကျောင်းဟန်နှင့် သူ၏ ဒုတိယအသိစိတ်တို့သည် တစ်ယောက်နှင့် တစ်ယောက်ကြားမှ တည်ရှိမှုကိုသာ သိကြသည်။

သူသည်က ကျောင်းရှင်းအား မမြင်ဖူးသကဲ့သို့ သူ့အား အမြဲကူညီတတ်သော နူးညံ့သည့် အစ်မဖြစ်သူသည် မည်သို့ ပုံသဏ္ဍာန် ရှိကြောင်းကိုလည်း သူမသိ။

သူတို့နှစ်ယောက်ကြားမှ ဆက်သွယ်မှုသည် ဒိုင်ယာရီပေါ်တွင်သာ အားကိုးခဲ့ရသည်။

ကျောင်းဟန် အသိစိတ်ပြန်ဝင်လာချိန်တွင် သူသည်က မှတ်စုစာအုပ်ကို ဖွင့်ကာ ကျောင်းရှင်း၏ မတူညီ၊ အားပါသော လက်ရေးဖြင့် ရေးသားထားသည့် စာများကို ဖတ်ရှုလေ့ရှိသည်။ အသိစိတ်ချင်း ပြောင်းလဲချိန်တွင် သူမ ပြုလုပ်ခဲ့သည့် အရာများ၊ တွေ့ဆုံခဲ့သည့် လူများ၊ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများ အစရှိသည်တို့ကို အသေးစိတ် ရေးချန်ထားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဆက်သွယ်မှုသည် ကျောင်းဟန် အသက် ၈နှစ်၊၉နှစ် အရွယ်ခန့်မှ စတင်၍ သူ၏ တတိယအသိစိတ်‌ ပေါ်လာချိန် အထက်တန်းကျောင်း စီနီယာနှစ်အထိပင် ဖြစ်သည်။

လွန်ခဲ့သည့် လေးနှစ်ခန့်က ကျောင်းဟန်က ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရန် ပြင်ဆင်နေသည့် ကျောင်းသားတစ်ဦးဖြစ်ခဲ့သည်။

သူ၏ အခြေအနေကြောင့် ကျောင်းမှ အတန်းဖော်များသည် သူ့ရောဂါအကြောင်း သိရှိပြီးဖြစ်သည်။

တချို့ အနိုင်ကျင့်ချင်သော ကျောင်းသားများသည်က သူ အသိစိတ်ပြောင်းချိန်တွင် ဖြစ်တတ်သည့် အမူအယာများကို အတုခိုး၍ သူ့အား လှောင်ပြောင်လေ့ရှိကြသည်။

စာမေးပွဲများကြောင့် စိတ်ဖိစီးမှုနှင့် ပေါင်းစပ်လိုက်ချိန်တွင် ကျောင်းဟန်၏ စိတ်ကျန်းမာရေးရော၊ ကိုယ်ကျန်းမာရေးပါ ကောင်းလွန်းသည် မဟုတ်။

တစ်ခါတစ်ရံ အိပ်ရေးပျက်ခြင်း၊ မူးလဲခြင်းနှင့် အသိစိတ်များ ခဏခဏပြောင်းလဲခြင်းတို့ ဖြစ်လာသည်။

တစ်ညတွင် ကျောင်းဟန် အိပ်မက်ဆိုးမက်ခဲ့သည်။

အိပ်မက်ထဲတွင် သူ၏ အသိစိတ်ကမ္ဘာသည် အိမ်တစ်လုံးကဲ့သို့ ပုံပေါ်နေခဲ့သည်။

ထိုနေရာသည် သူနှင့် မစိမ်းသော နေရာတစ်ခုပင်ဖြစ်သည်။ သူ့တွင် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်များ ခံစားရပြီးနောက် အသိစိတ်ပြောင်းလဲချိန်တိုင်းတွင် သူသည် ဤနေရာသို့ လာကာ တိတ်တိတ်ဆိတ်ဆိတ် အနားယူလေ့ရှိသည်။

ထိုအချိန်ပိုင်းများတွင် သူ့ခန္ဓာကိုယ်အား ထိန်းသိမ်းထားသူမှာ ကျောင်းရှင်းပင်။

အိပ်မက်ထဲမှ အိမ်လေးသည် သန့်ရှင်းကာ လေအေးစက်အပြည့်ဖြင့်ဖြစ်သည်။ သူ ပြတင်းပေါက်နားလေးသို့ ကပ်ကာ အတွင်းသို့ ကြည့်လိုက်မိချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး ကြက်သေ,သေသွားခဲ့သည်။

‘သူ့အိမ်’ထဲတွင် သူစိမ်းများ ရောက်နေခဲ့သည်။

ရင်းနှီးနေသောလည်း မည်သူမှန်း မမှတ်မိသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

နှာတံမြင့်မြင့်၊ သူ့မျက်လုံးများနှင့် ဆင်တူသည့် မျက်ဝန်းတစ်စုံပိုင်ဆိုင်ထားသော အမျိုးသားတစ်ဦးဖြစ်သည်။

သူ၏ ပုံပန်းသဏ္ဍာန်သည် ရုပ်မဆိုးသကဲ့သို့ ကြောက်စရာလည်းမကောင်းချေ။ သို့သော် ကျောင်းဟန် သူ့အား မြင်လိုက်သည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားခဲ့သည်။

သူ ထိုနေရာတွင် သုံးစက္ကန့်ခန့်သာ ရပ်နေရသေးသည်။ ပြတင်းပေါက်နားမှ လူသည်က ခေါင်းကိုမော့ကာ သူနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။

ချက်ချင်းပင် ကျောင်းဟန်စိတ်ထဲတွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာခဲ့သည်။

ကြမ်းတမ်းသော ရက်စက်သော ပုံရိပ်များသာဖြစ်သည်။ ထိုပုံရိပ်များထဲမှ မျက်နှာတိုင်းသည် တစ်ခုတည်းသာလျှင် ဖြစ်ပေသည်။

ကျောင်းဟန် မှတ်မိသွားသည်။

ထိုလူ၏ မျက်နှာသည်က သူ့ဖခင်၏ မျက်နှာပင်ဖြစ်သည်!!

သူ့ဦးနှောက်လည်း လုံးဝ ပိတ်ဆို့သွားပြီး တွေးတော၍ မရနိုင်တော့။

ဘာလို့ ဒီလူအကြောင်း အိပ်မက်,မက်ရတာလဲ?

‘သူက မင်းနောက်ကို လိုက်လာနေတာ’

ကျောင်းဟန် မိန်းကလေးအသံတစ်ခု ကြားလိုက်ရပြီးနောက် ပို၍ပင် တုန်ရီသွားခဲ့သည်။

သူအသိစိတ်ပြန်ကပ်ချိန်တွင် အသံပိုင်ရှင်၏ နောက်သို့ လိုက်လာခဲ့ပြီး ကြောက်ရွံ့မှုကြောင့် ထွက်ပြေးနေခဲ့ခြင်းပင်ဖြစ်သည်။

ထိုမိန်းကလေးသည်ကား ပိန်ပါးသွယ်လျကာ ဆံပင်ရှည်နှင့်ဖြစ်ပေသည်။ သူမသည်က သူ့လက်ကို ဆွဲထားကာ ထွက်ပြေးနေရင်း သူ့ကို ကျောပေးထားခဲ့သည်။

သူမ မျက်နှာအား မမြင်နိုင်သော်လည်း အံ့ဩမှုဖြင့် မေးမိသည်။

“ရှင်းကျဲ?..”

ရုတ်တရက် သူ့နောက်မှ အော်သံတစ်ခုအား ကြားလိုက်ရသည်။

‘ကျောင်းဟန်၊ မြန်မြန် ဒီကို ပြန်လာခဲ့!!....’

လှည့်ကြည့်လိုက်မိချိန်တွင် ကျောင်းဟန်မြင်တွေ့လိုက်ရသည်မှာ သူ့ဖခင်အရင်း၏ မျက်နှာနှင့် လူတစ်ယောက် သူ့နောက်သို့ ပြေးလိုက်လာနေခြင်းပင်။

ထိုလူက သူ့အား လက်ပြကာ နာမည်ကို အော်ဟစ်နေခဲ့ပြီး အင်မတန် စိတ်လှုပ်ရှားနေပုံလည်းပေါ်သည်။

ကျောင်းဟန် သူနှစ်ပေါင်းများစွာမှ ထွက်ပြေးလွတ်မြောက်ခဲ့သော အိပ်မက်ဆိုးအား ပြန်အမှတ်ရလိုက်ပြီး ထိုအရာသည် သူ့ဘဝတွင် ပြန်ပေါ်လာခဲ့သည်။

သူ ဆက်တိုက် ထွက်ပြေးရင်း၊ ထွက်ပြေးရင်း.....

ရုတ်တရက် လန့်နိုးလာခဲ့ချိန်တွင် တစ်ခန်းလုံးမှောင်မည်းနေခဲ့ပြီး ပြူတင်းပေါက်မှ တိုးဝင်လာနေသော လရောင်ရေးရေးသာ ရှိသည်။

အသက်ကို မောဟိုက်စွာ ရှုရှိုက်လိုက်ရင်း ကျောပြင်တစ်ခုလုံးမှာလည်း ချွေးစေးများ ရွှဲနစ်နေခဲ့သည်။

ထိုအိပ်မက်ဆိုးသည် သူ့တစ်သက်လုံးကြုံခဲ့ရသမျှတွင် အဆိုးဆုံးဖြစ်သည်။

သို့သော် သူ ‘ကျောင်းရှင်း’ကိုလည်း ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်။

အစ်မဖြစ်သူ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးနေပြီး မျက်နှာမှာလည်း မသဲကွဲသော်လည်း သူအိပ်ရာနိုးချိန်တွင် မမှတ်မိတော့။ သို့သော် အစ်မဖြစ်သူအား ကျေးဇူးတင်မိသည်။

အိပ်မက်ဆိုးများတွင်တောင်မှ ရှင်းကျဲသည် သူ့အား ကာကွယ်ပေးနေခဲ့သည်။

အစကတော့ ကျောင်းဟန် ဖိအားများလွန်းသောကြောင့် ထိုသို့ အိပ်မက်,မက်သည်ဟု ထင်မိသော်လည်း ဒုတိယရက်နှင့် တတိယရက်တို့တွင်လည်း သူသည် တစ်ပုံစံတည်းသော အိပ်မက်ကိုသာ မက်နေခဲ့သည်။

အိပ်မက်ထဲမှလည်း ဖခင်ဖြစ်သူအား ဖယ်မထုတ်နိုင်ခဲ့ပေ။ ထိုအခါမှသာလျှင် သူ တစ်ခုခုလွဲမှားနေကြောင်း သတိပြုမိလိုက်သည်။

သူသည် နောက်ထပ် အသိစိတ်အသစ်တစ်ခု ပေါ်လာခဲ့ပုံပေါ်သည်။

ထိုအသိစိတ်သည်လည်း ဖခင်အရင်းနှင့် တစ်ပုံစံတည်းဖြစ်ကာ သူ့အား ဖမ်းမိသည်နှင့် ကိုက်စားပစ်မတတ် လိုက်ဖမ်းနေခဲ့သည်။

ကျောင်းဟန် စိတ်ဖိစီးမှုများကာ ကောင်းကောင်းလည်း မအိပ်နိုင်ခဲ့ပေ။ သူ၏ စိတ်ကျန်းမာရေးသည်လည်း တဖြည်းဖြည်း ဆိုးဝါးလာခဲ့ပြီး ညဘက်များတွင် အိပ်တောင် မအိပ်ရဲတော့။

သူ့အား ညတိုင်း ထွက်ပြေးရန်ပြောသည်မှအပ အစ်မဖြစ်သူသည်လည်း ဒိုင်ယာရီကို မရေးတော့ပေ။

ကျောင်းဟန် အင်မတန် စိတ်ပူမိသည်။

သူ၏ ဖခင်သည် အားနည်းသော ဇနီးနှင့် သားဖြစ်သူတို့အား သေလုမြောပါးဖြစ်အောင်ထိ ရိုက်နှက်နှိပ်စက်နိုင်သူ ဖြစ်သောကြောင့် အစ်မဖြစ်သူကိုလည်း ညှာတာလိမ့်မည်မဟုတ်။

ကျောင်းရှင်းတစ်ခုခု ဖြစ်သွားမည်ကို စိတ်ပူမိသည်။

ထို့ကြောင့် သူသည် ကွဲထွက်သွားသော အသိစိတ်အား မည်သို့ ဖယ်ရှားနိုင်ကြောင်းအား ရှာဖွေလေ့လာခဲ့သည်။

ထိုလူသာ သူ့ခန္ဓာကိုယ်ကို သိမ်းယူသွားပါလျှင် သူသည် ရက်စက်သည့် အပြစ်သားတစ်ဦးဖြစ်လာမည်ကို ကြောက်ရွံ့မိသည်။

ရလဒ်များကတော့ သိပ်မကောင်းပေ။  အခြားအကျင့်စရိုက်များအား မည်သို့ ဖျောက်ဖျက်ဖယ်ရှားနိုင်သည်ကို ဆေးပညာအရ နည်းလမ်းမရှိသော်လည်း အများစုပြောကြသည်မှာ အသိစိတ်များသည် အချင်းချင်း ‘သတ်ဖြတ်’နိုင်သည်ဟုပင် ဖြစ်သည်။

တစ်နေ့ သူ အင်မတန် ပင်ပန်းလွန်းသောကြောင့် စားပွဲပေါ်တွင် လှဲကာ ခေတ္တ အိပ်လိုက်မိသည်။ သူ ပြန်နိုးလာချိန်တွင် ဒိုင်ယာရီ၌ ရေးသားထားသော စကားလုံးအသစ်များကို မြင်တွေ့လိုက်ရသည်။

အစ်မဖြစ်သူ၏ လက်ရေးသည် သပ်သပ်ရပ်ရပ်မဟုတ်တော့ဘဲ ခပ်သော့သော့ ရေးထားဟန်ပေါ်သည်။

‘ရှောင်ဟန် မင်းကိုယ်ထဲကို ဝင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရှိတယ်၊ မင်း သေချာပေါက်...’

စာလုံးများသည် တစ်ခန်းရပ်သွားခဲ့ပြီး မှင်စုတ်ချက်များသည်လည်း ပျက်စီးနေခဲ့သည်။

ကျောင်းဟန် အင်မတန် စိတ်ပူသွားသည်။ အစ်မပြောနေသည့် မကောင်းဆိုးဝါးဆိုသည်မှာ အသစ်ကွဲထွက်သွားသော အသိစိတ်အား ပြောခြင်းသာ ဖြစ်ရမည်။

ဘာလို့ အစ်မ အရမ်းကြောက်နေရတာလဲ?

အဲဒီလူက သူ့ကို နှိပ်စက်နေလို့များလား? အဲဒီလူက သူ့ကိုရော ဖမ်းမိပြီး ဖျက်စီးပြီးရင် သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းတော့မှာလား?

ကျောင်းဟန် ရူးတော့မတတ်ပင် အတွေးများ ရှုပ်နေခဲ့သည်။

နောက်ဆုံးတော့ သူ ထိုအသိစိတ်အား ဖယ်ရှားရန် သတ္တိမွေးလိုက်သည်။ သူ့အဖေအရင်းကဲ့သို့ လူ့အမှိုက်တော့ အဖြစ်မခံနိုင်။

အစ်မဖြစ်သူ၏ အကူအညီဖြင့် သူ အိမ်နောက်ဖေးတွင် ပုန်းနေခဲ့ပြီးနောက် သူတို့ နှစ်ယောက် ရန်ဖြစ် အငြင်းပွားနေခဲ့ချိန်တွင် ထိုလူအား နောက်ကျောမှ ဓားဖြင့် ထိုးစိုက်ခဲ့သည်။

အမျိုးသား၏ မျက်လုံးများသည် ပြူးကျယ်နေခဲ့ပြီးနောက် တဖြည်းဖြည်း လဲကျသွားချိန်တွင် တစ်ခုခုအား ပြောနေခဲ့သည့် ပုံရသည်။

*

All Chapters