← Chapters

လက်စားချေရန် လမ်းစ

Vol. 5 Ch. 429

လက်စားချေရန် လမ်းစ

Vol. 5 Ch. 429

"ဘယ်သူလဲ  ..."

အဘိုးကြီးရာအူးနှင့် အခြားလူများက လက်နက်များကို ထုတ်ကာ ဂူအပေါက်ဝသို့ ချိန်ရွယ်လိုက်ကြ၏။

သူတို့ ယခုရှိနေသော နေရာမှာ နှင်းမုန်တိုင်းများ တိုက်ခတ်နေသည့် ဝင်ရိုးစွန်း ဒေသဖြစ်သည်။ ဤကဲ့သို့သော နေရာမျိုး၌ လူရှိနေခြင်းမှာ ကောင်းသော လက္ခဏာ မဟုတ်ချေ။

ထိုစဉ်မှာပင် လေနှင့် နှင်းများ ပြင်းထန်စွာ တိုက်ခတ်နေသော ဂူအပြင်ဘက်မှ ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။ လူတိုင်းက ထိုပုံရိပ်အား စိတ်ဝင်တစား လှမ်းကြည့်လိုက်ကြသည်။

ပုံရိပ်မှာ တဖြည်းဖြည်း ထင်ရှားလာသည်နှင့် လူငယ်တစ်ယောက် ဖြစ်နေကြောင်း အားလုံးတွေ့လိုက်ရသည်။ အပူချိန်က အလွန်အမင်း ကျဆင်းနေသည့်တိုင် ထိုလူငယ်မှာ ပါးလွှာသော ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သို့သော်လည်း လူငယ်၏ မျက်နှာမှာ အလွန် ချောမောပြေပြစ်သလို သူ၏ မျက်လုံများမှာလည်း စူရှ တောက်ပနေသည်။ သူ၏ ပိုးသားကဲ့သို့ နက်မှောင် ရှည်လျားသော ဆံပင်များမှာမူ ပါးပြင် တစ်ဝိုက်၌ ရစ်သိုင်းကာ လူးလွင့်ကခုန်နေ၏။

လူငယ်၏ ခန္ဓာကိုယ် အချိုးအစား၊ ရုပ်ရည်သွင်ပြင်တို့ကား ပြိုင်ဘက်ကင်းအောင် ပြေပြစ်လှရာ နတ်ဘုရားတစ်ပါးဟုပင် ထင်ရ၏။

"သူ့ ခြေထောက်အောက်ကို ကြည့်ကြစမ်း  ..."

တစ်ယောက်၏ အလန့်တကြား စကားကြောင့် အဘိုးကြီး ရာအူးနှင့် အခြားလူများက ကပျာကယာ ကြည့်လိုက်ကြသည်။ သူတို့ တွေ့လိုက်ရသည့် အရာကား ဒူးဆစ်ခန့်အထိ နက်သော နှင်းထုပေါ်၌ လျှောက်လာနေသည့်တိုင် လူငယ်၏ ခြေရာများမှာ ထင်မနေခြင်းပင်။

"သူက တစ္ဆေများလား  ..."

ထိုအတွေးကြောင့် စူးစမ်းရှာဖွေသူများမှာ ကြက်သီးများပင် ထလာကြတော့သည်။

ရုတ်တရက်ပင် အဘိုးကြီး ရာအူးမှာ တစ်ခုခုကို အမှတ်ရသွားသည့်နှယ် သူ၏ သေနတ်ကို ပစ်ချလိုက်ရင်း ...

"သခင်ကြီးခင်ဗျာ ... ဒီနေ့က ၂၀၁၀၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့ပါ ..."

"၂၀၁၀ လား ... တစ်နှစ်တောင် ရှိသွားပြီပဲ ..."

ချန်းဖန်က မျက်လုံးမှိတ်ရင်း တီးတိုး ရေရွတ်လိုက်မိသည်။

အဘိုးကြီး ရာအူးနှင့် လူငယ်တို့၏ ပုံမှန် အနေအထားကြောင့် အခြား စူးစမ်း ရှာဖွေသူများမှာ လက်နက်များကို ပြန်ချလိုက်ကြ၏။ သို့သော်လည်း ချန်းဖန်၏ တီးတိုးရေရွတ်သံကြောင့် သူတို့ အံ့အားသင့် နေမိသည်။

ထိုလူငယ်မှာ ရေခဲပြင်ဒေသ၌ တစ်နှစ်တိတိ နေခဲ့သည်လား။

ဤနေရာကား မြောက်ဝင်စွန်း၊ အာတိတ်ဒေသ ဖြစ်ကာ တစ်နှစ်ပတ်လုံး အလွန်အမင်း အေးခဲနေတတ်သော ဒေသ ဖြစ်သည်။ သာမန်လူများ ဆိုလျှင် ဤဒေသ၌ အလွန်ဆုံး တစ်ပတ်ခန့်သာ နေနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူတို့ရှေ့ရှိ လူငယ်တွင်မူ အနွေးထည်ပင် ရှိပုံ မရချေ။ သူကား မည်သည့် နည်းလမ်းဖြင့် တစ်နှစ်ပတ်လုံး အသက်ရှင် နေနိုင်ခဲ့သနည်း။

သို့သော်လည်း ရာအူးကမူ လူငယ်အား မည်သည့် မေးခွန်းမျှ မမေးရဲခဲ့ချေ။ ခေါင်းကိုသာ မြေကြီးနှင့် ထိအောင် ငုံ့ထားခဲ့၏။

ရာအူးမှာ အသက်အရွယ် ကြီးမြင့်သလို ဗဟုသုတ ကြွယ်ဝသော အဘိုးကြီး ဖြစ်ရာ သိုင်းသမားများနှင့် ပတ်သက်သည့် အကြောင်းအရာ အချို့ကို သိရှိထားသည်။ ထို့ကြောင့်ပင် နှင်းပေါ်၌ ခြေရာ မထင်စေပဲ လမ်းလျှောက်လာသော လူငယ်မှာ မြောက်ဝင်ရိုးစွန်း ဒေသ၌ လာရောက် ကျင့်ကြံနေသည့် သိုင်းပညာရှင် တစ်ယောက်ဖြစ်လိမ့်မည်ဟု ရာအူး တွေးနေမိသည်။ ထို့ကြောင့်ပင် ရာအူးမှာ အတတ်နိုင်ဆုံး လေးစားသော အမူအရာဖြင့် လူငယ်လေးအား ဆက်ဆံနေခဲ့ခြင်း ဖြစ်သည်။

"ယာခူးမြို့ကို ဘယ်လို သွားရတဲ့ တစ်ယောက်ယောက် သိကြလား ..." ချန်းဖန်က မေးလိုက်၏။

ယာခူးမြို့မှာ ချန်းဖန်၏ လက်စားချေမှု လမ်းကြောင်းတွက် ပထမဆုံး ပစ်မှတ်ဖြစ်သည်။

ချန်းဖန်နှင့် ရန်ချင်ဟူတို့မှာ ရေခဲတောင်ကြား ခရီးစဉ်အတွက် အစစ၊ အရာရာ သိုသိပ်စွာ ပြင်ဆင် သွားလာခဲ့သည်။ သူတို့ ရေခဲဝံပုလွေ ချိုင့်ဝှမ်းသို့ သွားလာနေကြောင်း သိသူဆို၍ တစ်ယောက်သာ ရှိသည်။ ထိုတစ်ယောက်ကပင် ရုရှားစစ်တပ်ကို သတင်းပေးခဲ့ခြင်း ဖြစ်နိုင်သည်။

"သခင်ကြီးက ယာခူးမြို့ကို သွားမှာလား ခင်ဗျ ..." အဘိုးကြီး ရာအူးက ဆက်ပြောလိုက်၏။ "အဲ့လိုဆိုရင် အတော်ပဲ ... ကျွန်တော်တို့လည်း ယာခူးမြို့ကို ပြန်ကြမှာပါ ... ကျွန်တော်တို့နဲ့ လိုက်ခဲ့လို့ ရပါတယ် ..."

"မလိုတော့ဘူး ... ခင်ဗျားတို့က နှေးတယ် ... ကျုပ်ကို မြေပုံနဲ့ပဲ လမ်းညွှန်ပေးလိုက်ပါ ... ကိုယ့်ဘာသာကိုယ် သွားလိုက်ပါ့မယ် ..." ချန်းဖန်က အေးဆေးစွာပင် ပြန်ပြောလိုက်၏။

ရာအူးက အထွန့်အတက်တော့ပဲ မြေပုံတစ်ခုကို ထုတ်ယူ၍ လမ်းကြောင်းကို ရှင်းပြလိုက်သည်။

ထိုအချိန်၌ နာတာရှာကမူ ချန်းဖန်အား မျက်တောင် မခတ်စတမ်း ငေးမောနေခဲ့မိသည်။ ယခု သူမရှေ့ရှိ လူငယ်မှာ ရေခဲတောင် ပြိုစဉ်က တွေ့လိုက်ရသော လူ ပုံရိပ်နှင့် ဆင်တူနေသည်ဟု သူမ ဒွိဟ ဖြစ်နေမိသည်။

"အနက်ရောင် ဝတ်စုံ၊ အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံး  ... သူက ချိုင့်ဝှမ်းထဲကနေ ပျံထွက်လာတဲ့ တစ်ယောက်နဲ့ အတူတူပဲလား ..."

"ဒါပေမဲ့ သူ့ကြည့်ရတာ လူသားတစ်ယောက် လိုပါပဲ .... ဘယ်လိုလုပ်ပြီး ပျံနိုင်မှာလဲ ... သူက နတ်သား များလား ... ဒါမှမဟုတ် နတ်ဆိုး တစ်ကောင်များလား ..."

နာတာရှာမှာ မျက်မှောင်ကြုတ်ရင်း တွေးနေမိခဲ့သည်။

"သခင်ကြီး ... ဒါက အခု ကျွန်တော်တို့ ရောက်နေတဲ့ နေရာပါ ... ဒီလမ်းကြောင်းကနေ ကီလိုမီတာ တစ်ထောင်လောက် သွားရင် ယာခူးမြို့ကို ရောက်ပါပြီ ..."

နာတာရှာ အတွေးနက်နေစဉ်မှာပင် အဘိုးကြီး ရာအူးမှာလည်း ချန်းဖန်အား သေသေချာချာ ရှင်းပြနေခဲ့သည်။

"အင်း ..."

ချန်းဖန်က နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။

ချန်းဖန်မှာ တစ်ကြိမ်ကြည့်ရုံဖြင့်ပင် မြေပုံအား အလွတ်ရသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူက ဂူကို ကျောခိုင်းကာ ပြန်လည် ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ စူးစမ်း ရှာဖွေသူများမှာ ဒဏ္ဍာရီဆန်၍ ထူးဆန်းသော လူငယ်ကို ကြောက်ရွံနေကြရာ မည်သို့မျှ မတားဝံ့ကြချေ။

ချန်းဖန် ထူထပ်သော နှင်းနှင့် ရေခဲများ အကြား တိုးဝင်လိုက်ချိန်မှာပင် နောက်ကျောမှ မိန်းကလေးသံ တစ်ခုအား ကြားလိုက်ရ၏။

"ဆရာ ... ကျွန်မ ဆရာနဲ့ လိုက်လို့ရမလား ..."

"အာ ..."

ချန်းဖန်က နောက်သို့ ပြန်လှည့်၍ စကားပြောလိုက်သည့် မိန်းကလေးကို စိတ်ဝင်တစား ကြည့်လိုက်မိသည်။

နာတာရှာမှာ ကြောက်ရွံ့မှုကြောင့် အနည်းငယ် တုန်ယင်နေသည့်တိုင် စကားသံကမူ ယုံကြည်ချက် အပြည့် ရှိနေဆဲ ဖြစ်သည်။

"ဆရာတစ်ခုခုကို ရှာနေတယ် ဆိုတာ ကျွန်မ သိပါတယ် ... ပြောရရင် ကျွန်မက ဒီ မြောက်ပိုင်းဒေသကို အတော်လေး ကျွမ်းကျင်ပါတယ် ... ဆရာရှာနေတဲ့ အရာကို ကျွန်မ ကူညီပေးနိုင်မယ် ထင်ပါတယ် ..."

"နာတာရှာ ..."

ချောမောသော လူငယ်က သူမအား လှမ်းတားလိုက်၏။ အခြားသော စူးစမ်းရှာဖွေသူများကမူ သူမအား အံ့အားသင့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ ရောပြွမ်းသော အကြည့်များဖြင့် ကြည့်နေခဲ့ကြ၏။

"မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဘယ်မှာရှိလဲ မင်းသိလား ..." ချန်းဖန်က နာတာရှာကို အကဲခတ်ရင်း မေးလိုက်သည်။

"သိပါတယ် ဆရာ ... မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တရုတ်နယ်စပ် ဂျာကိုမြို့နားမှာ ရှိတာပါ ... နောက်ပြီးတော့ ..." နာတာရှာကား ချန်းဖန် မေးသည့် အကြောင်းအရာကို ပြည့်စုံစွာ ရှင်းပြရန် အဆင်သင့် ဖြစ်နေပုံ ပေါ်သည်။

"ရပြီ ရပြီ ... ငါနဲ့ လိုက်ခဲ့တော့ ..." ချန်းဖန်က မိန်းကလေး၏ စကားကို ဖြတ်ရင်း ခေါ်သွားရန် သဘောတူလိုက်သည်။

နာတာရှာမှာ ချန်းဖန်၏ ဆုံးဖြတ်ချက်ကြောင့် အနည်းငယ် အံ့အားသင့်သွားပုံ ရသည်။ သို့သော်လည်း သူမက အံကို တင်းတင်းကျိတ်ရင်း ကျောပိုးအိတ်ကို လွယ်ရင်း ဂူထဲမှ ထွက်လာခဲ့သည်။ လူတိုင်းမှာ သူ့ကို တားချင်သော်လည်း ပါးစပ်မဟရဲကြပေ။

"ခဏလောက်နော် ... အပြင်မှာ အရမ်းအေးတော့ ကျွန်မ အနွေးထည် ထပ်ဝတ်ချင်လို့ ..."

ဂူထဲ၌ မီးဖိုထားသောကြောင့် နွေးထွေးနေသည် ဖြစ်ရာ နာတာရှာမှာ အနွေးထည်များကို ချွတ်၍ ဆွယ်တာကလေးကိုသာ ဝတ်ဆင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အနွေးထည် ဝတ်ရန် ချန်းဖန်ထံ ခွင့်တောင်းလိုက်ခြင်း ဖြစ်သည်။

"ငါနဲ့ အတူသွားရင် အနွေးထည် မလိုပါဘူးကွာ ..."

ချန်းဖန်က ပြုံးရင်း နာတာရှာအား လက်ဖြင့် ပွေ့ပိုက်လိုက်သည်။ ထို့နောက် ခြေတစ်လှမ်းလျှင် မီတာတစ်ဒါဇင်နှုန်းဖြင့် စတင်ထွက်ခွာ လိုက်တော့၏။

"အ ..."

နာတာရှာမှာ အနည်းငယ် လန့်သွားသော်လည်း ချက်ချင်းပင် ပြန်လည် ထိန်းချုပ်လိုက်သည်။ သူမက မျက်လုံးများအား အချိန်ဖွင့်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

ချန်းဖန်၏ သယ်ဆောင်မှု အောက်၌ ဘေးတစ်ဖက် တစ်ချက်ရှိ ရေခဲနှင့် နှင်းများကား မီးခိုးရောင်နှင့် အဖြူရောင် ရောစပ်ထားသော မှုန်ဝါးဝါး ပန်းချီကား တစ်ချပ် အလား ဖြစ်တည်လာသည်ကို နာတာရှာ မြင်တွေ့လိုက်ရသည်။

"ဘယ်လိုတောင်လဲ ... သူက နှင်းတွေပေါ်မှာ တစ်နာရီ ကီလိုမီတာရာချီနှုန်းနဲ့ သွားနေတာလား ... နောက်ပြီး သူပြောတာ မှန်တယ် ... ငါ့ခန္ဓာကိုယ်က အေးမလာဘူး ... သူ့ကိုယ်က မီးဖိုတစ်ခု လိုပဲ ... နွေးနေတာပဲ ..." နာတာရှာ တွေးနေမိသည်။

"ဟေး ... ဘာတွေတွေးနေတာတုန်း ... ဘယ်ကို သွားရမလဲ ဆိုတာ ပြောပြဦး ..."

ချန်းဖန်က သူမကို ငုံ့ကြည့်ရင်း မေးလိုက်သည်။

"အာ ... ဟုတ်သား ..." နာတာရှာက အထစ်ထစ် အငေါ့ငေါ့ဖြင့် ခရီးလမ်းကို ညွှန်ပြလိုက်သည်။

ချန်းဖန်မှာ မိန်းကလေးအား ပွေ့ပိုက်ထားရင်းမှ သစ်တောများ၊ မြစ်ချောင်းများ၊ တောင်တန်းများကို ဖြတ်သန်း လာခဲ့သည်။ သူ့အား မည်သည့် အရာကပင် နှောင့်နှေးအောင် လုပ်နိုင်စွမ်း မရှိပေ။ ဥပမာ ပေးရလျှင် ကြည်လင်နေသော ချောင်းတစ်ခု အတွင်း ကူးခပ်နေသည့် ငါးတစ်ကောင် အလား သူ၏ ခရီးစဉ်က ချောမွေ့လွန်းနေ၏။

"ဆရာ ... ယာခူးမြို့ကို ဘာသွားလုပ်မလို့လဲ ..." နာတာရှာမှာ ရုတ်တရက် အတွေးပေါ်လာသဖြင့် ချန်းဖန်အား မေးလိုက်မိသည်။

"အဲဒီမှာ ပေါလ်လို့ ခေါ်တဲ့ ငါ့မိတ်ဆွေ တစ်ယောက် ရှိတယ်လေ ... သူ့ဆီမှာ အကြွေးသွားတောင်း မလို့ ..." ချန်းဖန်က တည်ငြိမ်စွာ ဖြေလိုက်သည်။

"ပေါလ် ..." နာတာရှာက မျက်မှောင်ကြုတ်ရင်း တွေးလိုက်၏။ ရုတ်တရက်ပင် ယာခူးမြို့၊ မြေအောက်လောက၏ သူဌေး ပေါလ်အား သူမ သတိရလိုက်သည်။ သို့သော်လည်း ပေါလ်ဆိုသော အမည်မှာ မရှားပါးသော အမည် တစ်ခု ဖြစ်ရာ လူငယ်ရှာနေသည်က အခြားတစ်ယောက် ဖြစ်နိုင်သည်။

နာတာရှာ တွေးနေစဉ်မှာပင် ချန်းဖန်တို့ကား ယာခူးမြို့နားသို့ ရောက်လာပြီ ဖြစ်သည်။ ရေခဲဝံပုလွေ ချိုင့်ဝှမ်းသို့ သွားစဉ်က ဆယ်ရက်ခန့် အချိန်ယူခဲ့ရသော်လည်း အပြန်ခရီးမှာမူ နာရီပိုင်းသာ ကြာမြင့်ခဲ့သည်။

သူတို့ မြို့ထဲသို့ ဝင်လာခဲ့ပြီးနောက် ပေါလ်ကို ဘားတစ်ခုတွင် အလွယ်ပင် ရှာတွေ့ခဲ့သည်။

ထိုအချိန်၌ ပေါလ်မှာ လက်ထဲရှိ ဗော်ကာခွက်ကို လှုပ်ခါရင်း ဇိမ်ခံကာ သောက်နေခဲ့၏။ ဘားအတွင်းသို့ ဝင်လာသော နာတာရှာကို တွေ့သည်နှင့် ပေါလ်၏ မျက်လုံးများ တောက်ပလာခဲ့သည်။ နာတာရှာ၏ လှပသော မျက်နှာနှင့် စွဲမက်ဖွယ် ခန္ဓာကိုယ် အပေါ် မကြွေမည့် ယောက်ျား ရှိလိမ့်မည် မဟုတ်ပေ။ ထို့အတူ ပေါလ်သည်လည်း ချွင်းချက် မဟုတ်ပေ။

ပေါလ်က ထိုင်ရာမှ ထလိုက်ကာ နာတာရှာထံသွား၍ မိတ်ဆက်ရန် ပြင်လိုက်သည်။ ထိုစဉ်မှာပင် နာတာရှာ၏ နောက်မှ ပုံရိပ်အား သူ သတိထားမိလိုက်သည်။

"ချန်း ... ချန်းပေ့ရွှမ်းလား ..."

ပေါလ်ကား တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီ ဖြစ်သည်။ သူ့အနေဖြင့် ချန်းဖန်အား အပြင်တွက် တစ်ကြိမ်သာ တွေ့ခဲ့ဖူးသော်လည်း ချန်းဖန်၏ ဓာတ်ပုံကိုမူ ရေခဲဝံပုလွေ ချိုင့်ဝှမ်း တိုက်ပွဲသတင်း၌ ခဏခဏ မြင်ခဲ့ရသည်။ ထို့ကြောင့်ပင် ခဏအတွင်း မှတ်မိလိုက်ခြင်း ဖြစ်သည်။

"ချန်းပေ့ရွှမ်းက ရေခဲဝံပုလွေ ချိုင့်ဝှမ်းမှာ သေသွားပြီ မဟုတ်ဘူးလား ... သူက ဘာလို့ ဒီကို ရောက်လာတာလဲ ..."

ပေါလ်ကား ကြောက်လန့်မှုကြောင့် မျက်နှာ တစ်ခုလုံး သွေးဆုတ် ဖြူရော်နေခဲ့ပြီ ဖြစ်တော့သည်။

"ပေါလ် မိတ်ဆွေကြီး ... ဘာလို့ ငါ့ကို ကြောက်နေရတာလဲ ..."

ချန်းဖန်က ပြုံးရင်း ပေါလ်ထံသို့ လျှောက်လာခဲ့သည်။ ပေါလ်၏ သက်တော်စောင့်များမှာလည်း အလွန် ကြောက်လန့်နေသည် ဖြစ်ရာ ချန်းဖန်အား မတားရဲကြချေ။

ပေါလ်က ချက်ချင်းပင် ချန်းဖန်ရှေ့၌ ဒူးထောက်ချလိုက်ရင်း ...

"ဆရာချန်း ... ကျုပ်ကို ခွင့်လွှတ်ပေးပါဗျာ ... ကျုပ်မရည်ရွယ်ခဲ့ပါဘူး ... မြောက်ပိုင်း စစ်ဌာနချုပ်နဲ့ KGB တို့က ကျုပ်ဆီလာပြီး ဆရာ့ အစီအစဉ်ကို အတင်းအကျပ် မေးခဲ့တာပါ ... သူတို့က မပြောရင် သတ်မယ် ဆိုတော့ ကျုပ်လည်း ကြောက်လွန်းလို့ ..."

"မင်းက သူတို့ကိုကျ ကြောက်တယ် ... ငါ့ကျ မကြောက်ဘူးပေါ့ ..." ချန်းဖန်က ပြုံးလိုက်သည်။

ရုတ်တရက်ပင် ချန်းဖန်၏ မျက်လုံး၌ ရွှေရောင်မီးတောက် တစ်ခု ပေါ်လာကာ ပေါလ်၏ ခန္ဓာကိုယ်အား တိုးဝင်လောင်ကျွမ်းတော့သည်။ ခဏအတွင်းမှာပင် မီးတောက်မှာ ပေါလ်၏ ခန္ဓာကိုယ်အား ပြာကျသွားစေတော့၏။

"ဒီလောက်ဆို မင်းလည်း သင်ခန်းစာ ရလောက်ရောပေါ့ ..."

ပေါလ်၏ ခန္ဓာကိုယ် အလုံးစုံ လောင်ကျွမ်း ပျောက်ကွယ်သွားသည်နှင့် ချန်းဖန်မှာ နာတာရှာနှင့် အတူ ဘားအတွင်းမှ ထွက်လာခဲ့တော့သည်။

"မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ KGB  ... မင်းတို့ ပြန်ပေးဆပ်ရမယ် ..."

***

All Chapters