← Chapters

ပြီးပြည့်စုံသော ကိုယ်ရညာကိုယ်သွေးတစ်ခု (2)

Vol. 17 Ch. 162

ပြီးပြည့်စုံသော ကိုယ်ရညာကိုယ်သွေးတစ်ခု (2)

Vol. 17 Ch. 162

“ဒီအချက်အလက်တွေက ဘယ်ကနေရလာသလဲဆိုတော့ စိတ်ပညာရှင်တစ်ယောက်က ရှောင်ဟန်ကို အိပ်မွေ့ချပြီးမှ မေးထားရတာလေ။

အဲဒီကလေးက ဒီကိစ္စတွေကို ကျွန်မတို့နဲ့ လုံးဝ မဆွေးနွေး မတိုင်ပင်ချင်ဘူး၊ ဆရာဝန်ရဲ့ပြောစကားအရ ရှောင်ဟန်က ဒေါသကြီးတဲ့အပြုအမူ၊ ကြမ်းတမ်းတဲ့ အပြုအမူတွေနဲ့ ပတ်သတ်ပြီး အပြင်းအထန် စိတ်ဒဏ်ရာ ရထားတယ်တဲ့၊

သူက အရွယ်ရောက်ပြီး ရင့်ကျက်တဲ့ သူတစ်ယောက်ဆီကနေ အကာအကယ်လိုချင်ခဲ့ပြီး သူ ငယ်စဉ် အစွမ်းအစမရှိခင်တုန်းက သူ့အစား သူ့အဖေရဲ့ နှိပ်စက်မှုတွေကို တားပေးစေချင်ခဲ့တာ၊

အဲဒီအတွေးတွေ၊ ခံစားချက်တွေက ပြင်းထန်လွန်းတာကြောင့် သူ့ရဲ့ အသိစိတ်က နှစ်ခုကွဲသွားပြီး သူ့ကို ကာကွယ်ပေးမယ့် အစ်မတစ်ယောက် ပေါ်လာခဲ့တာပဲ…”

ထိုအချိန်တွင် မစ်စ်ဟောင်၏ အသံမှာ ငိုသံစွက်နေခဲ့သည်။

“ကျွန်မက ပျော့ညံ့လွန်းပြီး အသုံးမကျတဲ့ အမေတစ်ယောက်မို့လို့ပါ…. ကျွန်မသာ သားလေးကို အစတည်းက ကာကွယ်ပေးပြီး စောစော ကွာရှင်းခဲ့ရင် ရှောင်ဟန်လေးက သူ့ကိုယ်သူ ကာကွယ်ဖို့အတွက်နဲ့ အသိစိတ်နှစ်မျိုးကွဲရလောက်တဲ့ထိ နာကျင်ခံစားခဲ့ရမှာ မဟုတ်ဘူး… သားလေးအတွက် စိတ်မကောင်းလွန်းလို့ ဘယ်လို ဖြေရမလဲ….”

နောက်ခံတွင်တော့ တင်ဆက်သူက မစ်စ်ဟောင်အား နှစ်သိမ့်နေခဲ့သည်။

“မစ်စ်ဟောင် ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်ပါနဲ့၊ အစ်မကိုယ်တိုင်ကလည်း နစ်နာသူပဲလေ”

“အစ်မပြောပုံအရတော့ ကြည့်ရတာ ဒီဒုတိယအသိစိတ်ဆိုတာက အန္တရာယ်ရှိတယ်လို့ မထင်ရတဲ့ပုံပဲ၊ ဒါဆိုရင် ‘ဝိဉာဉ်ရေးရာ’အစီအစဉ်ကို အကူအညီတောင်းရတဲ့ အကြောင်းအရင်းက ဘာကြောင့်များ ဖြစ်နိုင်မလဲ?

အစ်မသိတဲ့အတိုင်း ကျွန်တော်တို့ ပြိုင်ပွဲက သဘာဝလွန်ကိစ္စရပ်တွေနဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ဦးစားပေးတဲ့ အစီအစဉ်တစ်ခုပါ”

“မှန်ပါတယ်၊ ကျွန်မ သားလေးမှာ အဲဒီရောဂါရှိနေတယ်ဆိုတာကို သိရတော့ သားအတွက် အရမ်းစိတ်ပူခဲ့တာ၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ autism နဲ့ စိတ်ကျရောဂါက နည်းနည်း ပြင်းထန်တဲ့အထဲမှာ ပါနေတော့ ဆရာဝန်က မလိုအပ်ပဲ ဆေးတွေ အများကြီး သုံးတာ၊ နှောင့်ယှက်တာတွေကို အားမပေးဘူး၊

သူ့ရဲ့ ဒုတိယအသိစိတ်ကလည်း နူးညံ့တဲ့ ပုံစံပဲ ဆိုတော့ ကျွန်မ ဒီအတိုင်း ညင်သာတဲ့ ကုသထုံးကိုပဲ ရွေးချယ်ခဲ့တယ်”

“အစောပိုင်းနှစ်တွေ အထူးသဖြင့် ရှောင်ဟန် ကောလိပ်တက်နေတဲ့ နှစ်တွေအတွင်းမှာ သူ့ရဲ့စိတ်ကျရောဂါ ဖောက်တာတွေက သူ့ရဲ့ ဒုတိယအသိစိတ်အကူအညီနဲ့ပဲ ပိုပိုပြီး သက်သာလာခဲ့တယ်၊

သူငယ်ချင်းတွေလည်း ရလာတယ်၊ တစ်ခါတစ်လေ အသိစိတ်ပြောင်းပြီး သူနဲ့ မတူတော့တာကလွဲလို့ အားလုံးက အဆင်ပြေပြေချောမွေ့နေခဲ့တယ်၊ ကျွန်မ သူ့ရဲ့ ဒုတိယအသိစိတ်ကလေးကိုတောင် ကျေးဇူးတင်မိတယ်….”

“ဒါပေမယ့် သူအိမ်ကနေ ထွက်သွားပြီး တက္ကသိုလ်တက်တဲ့အချိန်မှာ ကိစ္စတွေက အရမ်းကို ထူးဆန်းလာပြီး ကျွန်မ တစ်နေ့ထက် တစ်နေ့ ပို,ပိုကြောက်လာမိတယ်…”

“ဘာလို့ အဲဒီလိုပြောရတာလဲ?”

မစ်စ်ဟောင် စိတ်မသက်မသာဖြင့် လက်ချောင်းများအား ဆုတ်ထားရင်း ဆိုသည်။

“ကျွန်မထင်တာက အဲဒီကောင်မလေးက လူဖြစ်ချင်နေတာ.. ရှောင်ဟန်ရဲ့ခန္ဓာကိုယ်ကို အစားထိုးပြီး.. မဟုတ်ဘူး ရှောင်ဟန်ရဲ့ ကိုယ်ထဲက ထွက်လာပြီး သူတစ်ယောက်တည်းအဖြစ် လူသစ်ဖြစ်ချင်နေတာ!!”

ဗီဒီယိုက ရုတ်တရက်ပြီးဆုံးသွားသည်။

[???နောက်ဆုံးမှာ အဲဒီလိုဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး]

[အကြမ်းဖျင်းပြောရရင်တော့ အသိစိတ်တွေ အများအပြားကွဲနေတယ်ဆိုတာက အဲဒီလူရဲ့ အခြားတစ်ဖက်ဖြစ်ပြီး သူတို့ကတော့ နည်းနည်းပိုကြမ်းတမ်းတယ်၊

ဒီကောင်လေးက ငယ်ဘဝမှာ ကြမ်းတမ်းခဲ့ရပြီး သူ့အဖေနဲ့တူတဲ့ အရွယ်ရောက်ပြီးယောင်္ကျားတွေကို မုန်းတီးနေခဲ့တာ၊ နားလည်လို့ရပါတယ်၊ သူ့ကို ကာကွယ်ပေးမယ့် အစ်မတစ်ယောက်အဖြစ် ကွဲသွားတာ သိပ်တော့ မထူးဆန်းဘူး၊

ဒါပေမယ့် အဲဒီအသိစိတ်တွေက ပင်မခန္ဓာကိုယ်ကို တိုက်ခိုက်ပြီး ဒုက္ခပေးတာမျိုး၊ ခန္ဓာကိုယ်ကို လုယူတာမျိုးနဲ့ လူသစ်၊စိတ်သစ်ဖြစ်ချင်တာမျိုးတွေကတော့ အခုမှ ကြားဖူးတာပဲ]

[ဒီအစီအစဉ်က စိတ်ဝင်စားဖို့ကောင်းသားပဲ၊ အရင်က အကူအညီတောင်းသူတွေကလည်း နေမကောင်းဖြစ်နေတဲ့ပုံပေါ်ပေမယ့် အားလုံးက သဘာဝလွန်ဖြစ်ရပ်တွေချည်းပဲ၊

ငါမှန်းရရင်တော့ ဒီရှောင်ဟန်ကလည်း အသိစိတ်နှစ်ခုကွဲနေတာ မဖြစ်နိုင်ဘူး၊ အစကနေ အဆုံးထိ သူတစ်ယောက်တည်းပဲ၊ သရဲတစ်ကောင်ကနေ သူ့ကို ကာကွယ်ပေးနေတာပဲ ဟုတ်တယ်မလား?]

[ဒါက ကွဲနေတဲ့ စရိုက်နှစ်ခုက ခန္ဓာကိုယ်ကို လုတာလား? ဘာလို့ ဆရာဝန်ဆီ မသွားတာလဲ?]

[အပေါ်ကတစ်ယောက်၊ အစီအစဉ်ကို မျက်စိမှိတ် နားပိတ်ပြီး ကြည့်နေတာလား? သူတို့ ပြောလိုက်တယ်လေ၊

အဲဒီအသိစိတ်က ခန္ဓာကိုယ်ကို အပိုင်သိမ်းချင်နေတာတဲ့ (ချွေးသုတ်) ၊ ငါသိချင်တာက အကျင့်စရိုက်နှစ်ခု၊ အသိစိတ်နှစ်ခုကွဲတာက စိတ်ရောဂါမှ မဟုတ်တာ၊ ဘာလို့ စိတ်ရောဂါကုဆီ သွားရတာလဲ?]

[အဲ့တာက စိတ်ကယောင်ခြောက်ခြားဖြစ်တာ တစ်မျိုးပဲလေ၊ အဲဒီတော့ စိတ်ရောဂါပဲပေါ့၊ လူနာရဲ့ စိတ်အခြေအနေက ပြဿနာမဟုတ်ဘူး၊ ပုဂ္ဂိုလ်ပိုင်းဆိုင်ရာအကျင့်စရိုက်တွေမှာ သိသိသာသာ ပြောင်းလဲလာတတ်တယ်၊

ပြီးတော့ တစ်ခါတစ်လေမှာဆိုရင် အကျင့်စရိုက်က လုံးဝကို ဆန့်ကျင်ဘက်ပြောင်းသွားပြီး အတိတ်မေ့တဲ့ လက္ခဏာမျိုးလဲ ပြတတ်တယ် ... ...]

[တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ သိပ္ပံသင်ပေးလို့ ကျေးဇူးပါဗျို့!]

[......]

ထိုအချိန်တွင် တင်ဆက်သူလျှို့၏ အသံထွက်လာသည်။

“မစ်စ်ဟောင် သံသယရှိလိုက်တာက သူ့သားရဲ့ အခြေအနေက ထူးဆန်းနေပြီပေါ့၊  ဒါနဲ့ သူမလည်း ချက်ချင်း ရှောင်ဟန်ကို ဆေးရုံခေါ်သွားပြီး ပြခဲ့တယ်လေ၊ ဒါပေမယ့် စိတ်ရောဂါကုဆရာဝန်က ပြောလာတယ်၊ သူ့အနေနဲ့လည်း ဒါမျိုးဖြစ်ရပ်ကို ပထမဆုံးမြင်ဖူးတာပဲတဲ့၊

ဒါ့အပြင် ရှောင်ဟန်ရဲ့ အပြုအမူတွေကလည်း တဖြည်းဖြည်း ပိုဆိုးလာတယ်၊ သူ့ရဲ့ ဒေါသကြီးတာကလည်း ပို,ပိုဆိုးလာပြီး ခန္ဓာကိုယ်အခြေအနေကလည်း မသက်သာလာခဲ့ဘူး၊

ခန္ဓာကိုယ်အခြေအနေက မသက်သာဘဲ ပိုဆိုးလာတယ်ဆိုတာထက် ဆရာဝန်က ထင်နေတာတော့ သူက ဦးနှောဏ်ဆေးခံလိုက်ရပြီး မကောင်းတဲ့ အကြံတွေ၊ အတွေးတွေ ရိုက်သွင်းခံထားရသလိုပဲတဲ့”

ဆေးပညာနဲ့ ကုသသည့် နည်းလမ်းက မျှော်လင့်ချက်မဲ့သွားမှန်း သိလိုက်ရသည်နှင့် မစ်စ်ဟောင်တစ်ယောက် ပြင်ပ စိတ်စွမ်းအားရှင်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရန် စဉ်းစားလိုက်သော်လည်း ဘာမှ ထူးဆန်းသည်အား မတွေ့ရပါချေ။

ထူးဆန်းမှုများ ဖြစ်ပြီးကတည်းက ရှောင်ဟန်တစ်ယောက် ဆရာဝန်နှင့် ပညာရှင်များအား တွေ့ဆုံရန် ငြင်းဆိုခဲ့သည်။

တစ်ကြိမ်ကဆိုလျှင် မိခင်ဖြစ်သူကိုပင် စိတ်တိုနေခဲ့ပြီး ဒေါသတကြီးဖြင့် အော်ဟစ်ခဲ့သည်။

“အမေ၊ အမေကပါ ကျွန်တော့်ကို ရူးနေတယ်လို့ ထင်နေတာလား!?”

ထိုအကြည့်က မိခင်ဖြစ်သူ၏ အသည်းအား ထိုးခွဲလိုက်သကဲ့သို့ပင် ဖြစ်နေခဲ့သည်။

သားဖြစ်သူ ပြောင်းလဲသွားသည်ဟု ခံစားရသည့်အပြင် သူ၏ ဒုတိယအသိစိတ်စရိုက်သည်လည်း ပြောင်းလဲလာသည်။

ရှောင်ဟန် ကျောင်းတွင် ထူးခြားဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပျက်ခဲ့သည့်အပြင် သူ့အတန်းပိုင်ဆရာကလည်း မစ်စ်ဟောင်အား အကြိမ်ကြိမ် ဆက်သွယ်လာခဲ့သည်။

ရှောင်ဟန်၏ ထူးခြားသော အကျင့်များကြောင့် အဆောင်မှ အခြား ကျောင်းသားများအတွက်လည်း အနှောင့်အယှက်ဖြစ်ရကြောင်း ပြောလာခဲ့သည်။

တချို့က ဆရာ့ကို တိုင်ကြားလာကြသည်မှာ ရှောင်ဟန်၏ အကျင့်စရိုက်က သိသိသာသာ ပြောင်းလဲသွားပြီး အဆောင်တွင်လည်း မူမမှန်သည့် လုပ်ရပ်များ လုပ်တတ်သည်ဟုပင်။

မစ်စ်ဟောင်လည်း ကြံရာမရသည့်အဆုံး သားဖြစ်သူအား ကျောင်းမှ ခေတ္တ ပြန်ခေါ်လာခဲ့ရသည်။

‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ နာမည်ကျော်ကြားမှုအား မြင်လိုက်ရပြီးနောက် ဤအစီအစဉ်မှ မိသားစုများအား ပြဿနာများ ကူညီဖြေရှင်းပေးနိုင်ခဲ့သည်ကိုလည်း သိလိုက်ရသောကြောင့် အကူအညီတောင်းခံစာ ပို့ခဲ့သည်။

သားဖြစ်သူအား အစီအစဉ်သို့သွား၍ သူ၏ အခြေအနေအား စစ်ဆေးမည်ဟု ပြောပါက လုံးဝလာလိမ့်မည်မဟုတ်ကြောင်း သူမ ကောင်းကောင်းသိသည်။

ထို့ကြောင့် သူမ သားဖြစ်သူအား ဤမြို့သို့ စိတ်ပြေလက်ပျောက် အလည်လာခြင်းဖြစ်ကြောင်း ပြောထားခဲ့သည်။ သားအမိနှစ်ယောက်လုံး တစ်နေကုန် မြို့တော်၏ လှပသော ရှု့ခင်းများ၊ နေရာများ လည်ပတ်ကြည့်ရှု့ခဲ့ကြသည်။

ညစာစားပြီးနောက်တွင်တော့ သားဖြစ်သူအား လိမ်ညာကာ ရိုက်ကူးရေးနေရာသို့ ခေါ်လာခဲ့သည်။

ရှောင်ဟန်တစ်ယောက် အလိမ်ခံလိုက်ရပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားပြီးနောက်တွင် ဒေါသထွက်သွားခဲ့သည်။

သူက ကင်မရာရှေ့တွင် သူသည် နေမကောင်းဖြစ်နေတာ မဟုတ်ကြောင်း၊ ဤအစီအစဉ်တွင်လည်း ပါဝင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ထိုမြင်ကွင်းသည်က တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်တွင် ကြည့်ရှု့သူများ မြင်တွေ့လိုက်ရသည့် မြင်ကွင်းပင်ဖြစ်သည်။

ရန်ပွဲ၏ ဇာတ်ကြောင်းကုန်စင်သိရပြီးနောက် ကြည့်ရှုသူတော်တော်များများကတော့ ရှောင်ဟန် ဒေါသထွက်ရသည့် အကြောင်းရင်းအား နားလည်ပေးနိုင်ကြသည်။

“မစ်စ်ဟောင် ရှောင်ဟန်နဲ့ စကားပြောဆိုပြီးတဲ့နောက်မှာ သူက တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါဖို့တော့ လက်မခံဘူး၊ ဒါပေမယ့် နားနေခန်းမှာ စောင့်ပြီးတော့မှ ပြိုင်ပွဲဝင်တွေအနေနဲ့ သူ့ကိုယ်မှာ ထူးဆန်းတဲ့ စွမ်းအင်တွေ ခံစားလို့ ရ၊မရ သိရအောင်တော့ ထိတွေ့ခွင့်ပြုထားပါတယ်”

“မစ်စ်ဟောင်က ရှောင်ဟန်ရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းအချို့ကိုလည်း ယူလာခဲ့ပါတယ်၊ ရှောင်ဟန်မှာ ဘာများ ပြဿနာတွေ ရှိနေတာလဲ? သူ့အတန်းဖော်တွေကရော ဘာလို့ သူ့ကို ရှောင်နေကြတာလဲ?

သူ့ရဲ့ ဒုတိယအကျင့်စရိုက်ကရော ရောဂါလား? အခြားတစ်ခုခုလား? လျှို့ဝှက်ချက်တွေများ ရှိနေမလား? ပြိုင်ပွဲဝင်တွေက ပြဿနာရဲ့ အရင်းကို ရှာတွေ့နိုင်ပါစေလို့ မျှော်လင့်ပါတယ်”

“ဒါဆိုရင် ပြိုင်ပွဲဝင် နံပါတ် ၈ ရှုဖူကို ဖိတ်ခေါ်လိုက်ရအောင်ပါ”

[ပရိုဂရမ်အဖွဲ့ကတော့ ဟန်တောင် မဆောင်တော့ဘူး ဟားဟား၊ ရှုဖူကို အရင်လာခိုင်းပြီး မြန်မြန်ပြတ်စေချင်တာပဲ]

[ပြောမနေပါနဲ့တော့၊ ရှုဖူက အရင် နတ်ဝင်သည်လုပ်တုန်းက ဒီထက်ပိုပြီး ရိုးသားပြီးတော့ အသုံးကျတဲ့ ပစ္စည်းတွေ ရောင်းခဲ့သေးတယ်၊ ငါအခုပဲ သူ့ရဲ့ အွန်လိုင်းဆိုင်ကို သွားပြီး ကြည့်ခဲ့တာ၊ သူရောင်းတဲ့ ကျမ်းစာက ဂျီဒေါင်ဒေါင် ကျောင်းနဲ့ ဖက်စပ်လုပ်တာလေ

ဈေးတော့ ကြီးပေမယ့် ပိုပြီးစွမ်းတယ်။ အဲဒါက အခြား ယုတ်မာတဲ့ လူလိမ်တွေထက်စာရင်တော့ တော်သေးတယ်မဟုတ်လား?]

[ရှုဖူတာ့ကော၊ သဘာဝလွန်ပညာရှင်မလုပ်ဘဲနဲ့ ပစ္စည်းတွေကိုပဲ သေချာ ရိုးရိုးသားသား ရောင်းသင့်တယ်၊ အဲဒါကမှ ဒီစိတ်ပညာရှင်အလုပ်ထက် သာလိမ့်ဦးမယ်]

ရှုဖူစင်ပေါ်တက်လာပြီးနောက် သူ့မျက်နှာမှာ အံ့ဩဝမ်းသာဖြစ်နေခဲ့သည်။ သူတစ်ယောက်တည်း ရယ်လိုက်ရင်း မောလာလေ၏။

“ငါက ပြန်ဖို့တောင် အစီအစဉ်တွေဆွဲပြီး အိမ်ပြန်ဖို့တောင် ရထားလက်မှတ်ရှာနေတာ၊ နောက်ထပ်အကြိမ်အဖြစ် စတိတ်စင်ပေါ်မှာ မျက်နှာထပ်ပြဖို့တောင် အခွင့်အရေးမရှိတော့ဘူး ထင်နေတာ”

သူသည်က အဝါရောင်ကျမ်းစာအမြောက်အမြားကိုလည်း လည်ပင်းတွင် ချိတ်ဆွဲထားပြီး ပုတီးကိုလည်း ကိုင်ထားသည်။ သူ့ကိုယ်သူ စိတ်ကို လျှော့ချလိုက်ပြီးနောက် ပစ္စည်းများအား ဝယ်ယူမည့် ဖောက်သည်များ တိုးလာရန်သာ ကြံစည်ထားပုံရသည်။

မစ်စ်ဟောင်ကို ကြည့်ရုံနှင့်တော့ ရှုဖူအနေနဲ့ မည်သို့သော ထူးခြားချက်ကိုမှ မတွေ့ရချေ။

သူ ရှက်ရွံ့စွာ ခေါင်းကို ကုတ်ရင်း တိုက်ရိုက်သာ မေးလိုက်တော့သည်။

“ဒီတစ်ယောက်က အကူအညီတောင်းတဲ့သူမဟုတ်ဘူးလား? အခြားလူရှိသေးတာလား? တိုက်ရိုက်သာ ပြောလိုက်ပါတော့၊ တင်ဆက်သူ၊ ကျွန်တော့်မှာ မြင်နိုင်တဲ့ မျက်လုံးက တစ်စုံပဲ ပါတယ်။ အဲဒီထူးဆန်းတဲ့အရာတွေကို ဦးနှောဏ်ကနေ မတွက်တတ်ဘူးဗျ”

*

All Chapters