← Chapters

အခန်း (၁၇၁)

Vol. 18 Ch. 171

အခန်း (၁၇၁)

Vol. 18 Ch. 171

ကျောင်းစာသင်နှစ်၏ ဒုတိယပိုင်းတွင်တော့ သူကိုယ်တိုင်ကပင် အစပြုကာ ကောင်မလေးကို စောင့်ပေးသည်။ ဈေးဝယ်အတူတူထွက်ကြပြီး သူမ၏ အလေ့အကျင့်များ အသေးစိတ်လေးကစ၍ မှတ်ထားတတ်လာသည်။

ကောင်မလေး၏ သူ့အပေါ်ထားသော ခံစားချက်များကို လက်မခံခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူ၏ ရောဂါအခြေအနေအား လက်မခံနိုင်မည်ကို စိုးရိမ်မှု၊ အနာဂတ်တွင် သူ နောက်ထပ် အသိစိတ်တစ်ခု ထပ်မံပေါ်လာပြီး ကောင်မလေးအား ထိခိုက်အောင် လုပ်မိမည်ကို စိုးရိမ်မှုတို့ကြောင့်သာ ဖြစ်သည်။

သို့သော် သူ ထိုမိန်းကလေးအပေါ်တွင် နူးညံ့နွေးထွေးတတ်လာသည့်အချက်မှာတော့ ငြင်း၍ မရနိုင်ပေ။

ကောင်မလေးကတော့ ကျောင်းဟန်၏ စိုးရိမ်စိတ်များကို နားလည်ကြောင်းနှင့် သူမ ပွင့်ပွင့်လင်းလင်းပင် သူ့အား မကြောက်ရွံ့ကြောင်း၊ လက်ခံပေးနိုင်ကြောင်း ပြောခဲ့သည်။

ထိုအချိန်တွင် ကောင်မလေးသည် ‘ကျောင်းရှင်း’၏ ဖြစ်တည်မှုကိုသာ သိရှိပြီး ဖြစ်တည်လာရသည့်အကြောင်းရင်းကိုတော့ မသိ၊ မေးလည်း မမေးရဲခဲ့ပေ။

သူမ ထင်ခဲ့မိသည်မှာ ‘ကျောင်းရှင်း’သည် ကျောင်းဟန် စိတ်ကူးယဉ်ထားသည့် ဇာတ်ကောင်တစ်ခုသာ ဖြစ်ပြီး စိတ်ဖိစီးမှုများခြင်း၊ အထီးကျန်ခြင်း၊ သူနှင့် လမ်းခွဲခဲ့သော သို့မဟုတ် ကွယ်လွန်သွားသော ရည်းစားဟောင်းတစ်ယောက်ယောက်ကြောင့် ဖြစ်တည်လာခြင်းဟုသာ ဖြစ်သည်။

တစ်နေ့တွင် ကောင်မလေးမှ သူ့အား စကားဆိုခဲ့သည်။

‘ကျွန်မကို လက်ခံပေးမှာလား? အနာဂတ်ကျရင် ကျွန်မတို့ ကန်တင်းကိုလည်း တူတူ၊ စာကြည့်တိုက်ကိုလည်း တူတူသွားကြမယ်၊ မိသားစု အသစ်တစ်ခု စတင်ကြမယ်လေ၊ ကျောင်းဟန်၊ ကျွန်မ ရှင်နဲ့ အမြဲအတူတူရှိပေးနေမှာ၊

ရှင့်ရဲ့ ခံစားချက်တွေကို ထုတ်ပြနိုင်ဖို့အတွက် စိတ်ကူးယဉ်ပုံရိပ်တစ်ခုတောင် မလိုစေရဘူး’

ထိုအချိန်တွင် ကျောင်းဟန်တစ်ယောက် လုံးဝ ကျရှုံးသွားခဲ့ရသည်။

ကောင်မလေးပြောသကဲ့သို့ပင် သူကသာ အစ်မဖြစ်သူ တည်ရှိကြောင်း တွင်တွင်ပြောနေခဲ့သော်လည်း ပြင်ပလူများကတော့ မမြင်နိုင်၊ အတုဟုသာ ထင်ကြသည်။

သူကိုယ်တိုင်ကလည်း ကျောင်းရှင်းသည် ကြင်နာတတ်ကာ သူ့ကို ကာကွယ်ပေးသော အစ်မဖြစ်သူနှင့် မတူညီတော့ပဲ ပြောင်းလဲနေပြီဟု ခံစားခဲ့ရသည်။

ကျောင်းဟန် ကောင်မလေး၏ စကားကို နားထောင်ရန် စိတ်ဆုံးဖြတ်လိုက်သည့်အချိန်မှာပင် သူမ၏ အခန်းဖော်ထံမှ ကြားလိုက်ရသည့်သတင်းမှာ ကောင်မလေး အပြင်ထွက်သွားစဉ် မတော်တဆတစ်ခု ဖြစ်ခဲ့သည်ဆိုသော အကြောင်းပင်။

သူမ ကျောင်းပြင်ပတွင် လှေကားပေါ်မှ ပြုတ်ကျ၍ ခြေထောက်ကျိုးသွားခဲ့သည်။ ဆေးရုံတွင် ကုသမှုခံယူပြီးနောက် မိသားစုများက အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။

ကျောင်းဟန် သူမအခြေအနေကို စိတ်ပူလွန်း၍ သူမထံသို့ မက်ဆေ့ချ်များ ပို့ခဲ့သော်လည်း တစ်ခုကိုမျှ ဖတ်မကြည့်ခဲ့ပေ။

သူ၏ စိတ်အခြေအနေသည် နူးညံ့လွန်းသောကြောင့် ကောင်မလေးက စိတ်ပြောင်းကာ သူ့အပေါ်တွင် ထားသော စိတ်အား ထက်သန်မှုများကို အကုန်ရုတ်သိမ်းကာ သူ့အား ရှောင်နေသည်ဟု ထင်ခဲ့မိသည်။

ကျောင်းဟန် အသက်မဲ့သည့် အပြုံးဖြင့် စကားဆိုသည်။

“သူက ကျွန်တော့်ရဲ့ စိတ်ရှုပ်စရာကောင်းတဲ့အပြုအမူတွေကို စိတ်ကုန်ပြီး နောင်တရသွားတာနေမှာပေါ့…”

ကုကျစ်စုန့် စိတ်ထဲတွင် တစ်ခုခု လွဲမှားနေကြောင်းတွေးမိလိုက်ပြီးနောက် ကျောင်းဟန်ကို မေးလိုက်သည်။

“မင်းမှာ အဲ့ကောင်မလေးရဲ့ ဓာတ်ပုံရှိလား? ငါ့ကို ပြကြည့်လို့ ရနိုင်မလား?”

“ရပါတယ်၊ ပရိုဂရမ်အဖွဲ့ကတော့ သူများရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားတဲ့အနေနဲ့ သူ့ပုံကို မပြဘူးလို့ မျှော်လင့်ပါတယ်”

ကျောင်းဟန် ဖုန်းကို ထုတ်လိုက်ရင်း သတိပေးစကားဆိုသည်။

“စိတ်မပူပါနဲ့၊ ငါတို့ မပြပါဘူး”

ဖုန်းထဲမှ ကောင်မလေးသည် ပန်းလေးတစ်ပွင့်ကဲ့သို့ လှပသော အပြုံးဖြင့် ကောင်မလေးဖြစ်သည်။ သူမသည် အမှန်တကယ်လည်း သူမကို ကြည့်လိုက်ရုံနှင့်‌ နွေးထွေးမှုအောင် ခံစားရစေနိုင်သည်။

ကျောင်းဟန်ကဲ့သို့ လူအကပ်မခံဘဲ အထီးကျန်သူတစ်ဦးကိုပင် အရည်ပျော်အောင် လုပ်နိုင်သည်မှာ မထူးဆန်းလှပေ။

ကုကျစ်စုန့် သူမလက်ဖဝါးကို ဖုန်းပေါ်တင်လိုက်ပြီး သူ၏ စိတ်အာရုံတွင် မြင်တွေ့လိုက်ရသည့် မျက်နှာတစ်ခု၏ ကောက်ကြောင်းကို လက်ဖြင့် ဆက်တိုက် ရေးခြစ်နေခဲ့သည်။

မကြာလိုက်။ သူမ အေးစက်စိုစွတ်ကာ ချွဲကျိနေသလိုရှိသည့် လေပုတ်တစ်ခုအား သူမလက်ဖဝါးအောက်ရှိ ဓာတ်ပုံမှတဆင့် အရည်ပြားထဲထိ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

ထိုအရာသည် ဓာတ်ပုံနှင့် ကောင်မလေး၏ ကိုယ်ရောင်ကိုယ်ဝါကြားမှ ဆက်သွယ်ရေးပင်ဖြစ်သည်။

ထိုအရာသည် ကျောင်းဟန် ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော အရာဖြင့် တစ်ခုတည်းပင်!!

ကုကျစ်စုန့်၏ မျက်နှာမှာ အေးစက်သွားခဲ့ပြီးနောက် ကျောင်းဟန်ကို စိုက်ကြည့်လိုက်သည်။

“ငါ မင်းရဲ့ အရှိန်အဝါကို အာရုံခံကြည့်ချင်တယ်”

သူမ စကားဆုံးသည်နှင့် ကျောင်းဟန်ပုခုံးပေါ်တွင် လက်ဖဝါးကို တင်ကာ သူမ စွမ်းအင်များကို ဖြန့်ကျက်လိုက်သည်။

ကျောင်းဟန်၏ သွေးကြောများနှင့် ဝိဉာဉ်ဆိုင်ရာအသိစိတ်များကို ထိုးဖောက်ဝင်ရောက်လိုက်သည်နှင့် အေးစက်စူးရှသော လေအေးများ သူမ မျက်နှာအား ရိုက်ခတ်သွားခဲ့သည်။

ထိုအရှိန်အဝါသည်ကား မလိုမုန်းတီးစိတ်များနှင့် ပြည့်နှက်နေခဲ့ခြင်းပင်!

ကုကျစ်စုန့် အေးတိအေးစက်ဖြင့် မျက်နှာကို မဲ့လိုက်ရင်း သူမ၏ မျက်ဆံမည်းနက်နက်များတွင်‌ ရွှေရောင်အလင်းတန်း ခပ်ရေးရေး ပြေးနေခဲ့သည်။

သူမ မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်ရချိန်တွင်‌ ကျောင်းဟန်တစ်ယောက် သူ၏ အသိစိတ်များထဲမှ သွေးကြောများ ဆောင့်ဆွဲခံလိုက်ရသလို ခံစားလိုက်ရပြီးနောက် နာကျင်စွာ အသံထွက်ညည်းလိုက်မိသည်။

သူ၏ ဦးခေါင်းကို ဖုံးကွယ်လိုက်ရင်း‌ အံ့အားသင့်စွာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

သူ စိတ်ကူးယဉ်နေမိခြင်းလားတော့ မသိ၊ သို့သော် သူ့ခေါင်းအတွင်းမှ စူးရှစွာ အော်ဟစ်သံတစ်ခုအား ကြားလိုက်ရသည်!

ကုကျစ်စုန့်ကတော့ အေးစက်လှသည်။

“မင်းက မျက်စိလည်နေတာလား? အဲဒါကို မင်းကိုယ်တိုင်ပဲ ခေါ်ထားတာလေ”

ကျောင်းဟန်: “???”

“ကျွန်တော် ဘာလုပ်လို့လဲ? ကျွန်တော် မကောင်းတာ ဘာမှ မလုပ်ခဲ့ဖူးပါဘူး…”

“မင်းက အဲဒီမကောင်းတဲ့ အရာတည်ရှိနေတာကို သိတယ်၊ ဒါတောင်မှ သူ့ကို မင်းကိုယ်ထဲမှာ နေခွင့်ပေးထားသေးတယ်၊ မင်းရဲ့ ဝိဉာဉ်ကိုတောင် ခွဲခြမ်းပြီး သူဖျက်ဆီးတာ ခံလိုက်သေးတယ်?

အခု ဒီခန္ဓာကိုယ်နဲ့ သူ့ရဲ့ ဆက်သွယ်မှုက မင်းထက်တောင် သန်မာသေးတယ်၊ သိပ်ကြာလိုက်မှာမဟုတ်ဘူး၊ အဲဒါက မင်းရဲ့ စိတ်ဝိဉာဉ်တစ်ခုလုံးကို ဝါးမျိုသွားပြီး ခန္ဓာကိုယ်ကို အပိုင်သိမ်းသွားမှာပဲ”

“မင်းပြောတာက ကောင်မလေးက ရုတ်တရက်‌ စိတ်ပြောင်းသွားတယ်ဟုတ်လား? သူမ အဲအချိန်မှာ ကျောင်းကနေ အပြင်ရောက်နေရတဲ့ အကြောင်းအရင်းက မင်း သူမကို ချိန်းလိုက်တဲ့ နေရာကို သွားဖို့ဆိုတာ မင်းသိလား?

သူမလည်း အဲဒီနေရာကို ရောက်ရော မင်းက သူ့ကို နှုတ်နဲ့ ရစရာမရှိအောင် ပြောဆိုပြီးတော့ လှေကားပေါ်ကနေ တွန်းချလိုက်လို့ သူမခြေထောက်ကျိုးသွားရတာလေ၊

အဲဒီကောင်မလေးက မင်းကို တမင် ထိခိုက်ဒဏ်ရာရအောင် လုပ်မှုနဲ့ အမှုမဖွင့်တာကိုက တော်တော်လေး သဘောကောင်းလှပြီ”

“ဘာတွေ ပြောနေတာလဲ? ကျွန်တော်က ဘယ်လိုလုပ်…”

သူ့စကားများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ကောင်မလေး မတော်တဆမှုဖြစ်သည့်နေ့က သူ ရုတ်တရက် မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ပြီး ပြန်သတိရချိန်တွင် အဆောင်၌ အိပ်ပျော်နေခဲ့ခြင်းဖြစ်သည်။

မဟုတ်မှလွဲရော….??

သူ၏ အမူအယာပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီးနောက် ကုကျစ်စုန့် အေးစက်စွာ ဆိုသည်။

“မင်းလုပ်တာတော့ မဟုတ်ဘူးပေါ့။ မင်းကိုယ်ထဲက မိစ္ဆာကောင်က မင်းခန္ဓာကိုယ်ကို အပိုင်သိမ်းပြီး အဲ့တာတွေ လုပ်ခဲ့တာလေ”

“မဖြစ်နိုင်တာ! ရှင်းကျဲက ဘာလို့ အဲ့တာတွေ လုပ်ရမှာလဲ? အဲ့ကောင်မလေးက သူ့ကို သိတောင် မသိဘူးလေ…”

ကျောင်းဟန် မယုံကြည်နိုင်ခဲ့ပေ။

“ငါအခုလေးတင် ဝိဉာဉ်အာရုံခံခြင်းကို သုံးပြီး အဲဒီကောင်မလေးရဲ့ လက်ရှိအခြေအနေကို စစ်ဆေးပြီးသွားပြီ၊ သူမ  မကြာခဏ အိပ်မက်ဆိုးတွေ မက်နေတယ်၊

အိပ်လို့လည်း မရတော့ ခန္ဓာကိုယ်ကလည်း မြန်မြန်မသက်သာနိုင်ဘူး၊ တစ်နေ့တစ်ခြား ပိန်ချုံးနေပြီ၊ အဲဒါကလည်း မင်းမွေးထားတဲ့ မကောင်းဆိုးဝါးကောင်ကြောင့်ပဲ”

ကုကျစ်စုန့် နားမလည်နိုင်ခဲ့။ သူမ ရင်ထဲမှ သိချင်နေသည့် မေးခွန်းကို မေးလိုက်မိသည်။

“မင်း ဘာလို့ အဲဒါကို ရှင်သန်ခွင့်ပေးထားရတာလဲ? အဲဒါက မင်းခန္ဓာကိုယ်ကို လွန်ခဲ့တဲ့ ၄နှစ်က ကျူးကျော်ဝင်လာတုန်းက ဘယ်လိုတွေတောင် လိမ်ထားလို့လဲ? မင်း အဲ့ဒီအချိန်က နည်းနည်းလေးတောင် မကြောက်မိဘူးလား??”

နားနေခန်းတွင် ရှိနေသူများရော တိုက်ရိုက်ကြည့်ရှု့သူများပါ မျက်စိလည်သွားရပြန်သည်။

တင်ဆက်သူလျှို့ ကတော့ ပရိုဆန်ဆန် မေးရမည့်မေးခွန်းကို ချက်ကျလက်ကျ မေးလိုက်သည်။

“လွန်ခဲ့တဲ့ ၄နှစ်? စုန့်စုန့် မင်းပြောတာက ကျောင်းရှင်းက လွန်ခဲ့တဲ့‌ လေးနှစ်က ပေါ်လာတယ်လို့နော်? ဒါပေမယ့် အကူအညီတောင်းသူက ကျောင်းရှင်းရဲ့ ဖြစ်တည်မှုကို သိတာ သူ အသက်၆နှစ်အရွယ် လွန်ခဲ့တဲ့ ၁၅နှစ်ကတည်းကလေ!”

ကုကျစ်စုန့်လည်း ပို,ပို၍ နားမလည်နိုင်ဖြစ်သော်လည်း သူမ လေသံကတော့ ပြတ်သားသည်။

“မဖြစ်နိုင်ဘူး၊ ကျွန်မရဲ့ ခံစားချက်က မမှားဘူး၊ ဒီမကောင်းဆိုးဝါးကောင်က သူ့ခန္ဓာကိုယ်ထဲကို လွန်ခဲ့တဲ့ ၄ နှစ်က ဝင်လာပြီး သူ့ဝိဉာဉ် တစ်ဝက်ကို ဝါးမျိုခဲ့တာပဲ!”

ထိုစကားလုံးများသည် ပေါင်တူဖြင့် ထုချလိုက်သကဲ့သို့ပင် ကျောင်းဟန်တစ်ယောက် မေ့မြောလုမတတ်ဖြစ်သွားခဲ့သည်။

တင်ဆက်သူလျှို့ကတော့ ဆက်၍ ကုကျစ်စုန့်အား ကျောင်းဟန်၏ ထင်ယောင်ထင်မှားရောဂါနှင့် အခြားပြိုင်ပွဲဝင်များ ရှာတွေ့ခဲ့သည့် အချက်များကို ပြောပြနေသည်။

အပြည့်အစုံနားထောင်ပြီးနောက် ကုကျစ်စုန့် ဘွင်းဘွင်းပြောချလိုက်သည်။

“ကျွန်မကတော့ သူရဲ့ အခြားအသိစိတ်ရော၊ စိတ်ရောဂါရော ဘာကိုမှ မတွေ့ပါဘူး”

သူမသည် မွေးကတည်းက ထက်မြက်ကာ အာခံတတ်သည့် လူစားမျိုးဖြစ်သည်။

ကမ္ဘာပေါ်တွင် ဘယ်သူမှ မမြင်ဖူးသော အရာများအား လေ့ကျင့်နေသည့် ဉာဏ်ကြီးရှင်တစ်ယောက်လည်းဖြစ်သည်။

သေချာသည့်အချက်မှာ သူမသည်ကား လူသားများ၏ နှလုံးသားကို ထွင်းဖောက်မြင်နိုင်သည်။

ထိုကောင်လေးတွင် နှလုံးသားနှင့်ဆိုင်သည့် ရောဂါ တစ်ခုမျှမရှိ။

သို့သော် သူမ တွက်ချက်မှုများမှ ရရှိသည့်အဖြေနှင့် အခြားပြိုင်ပွဲဝင်များ၏ ကောက်ချက်ချချက်များကို ပေါင်းစည်း၍ စဉ်းစားလိုက်ပြီးနောက် သူမ ဖြစ်နိုင်ချေအရှိဆုံးအဖြေတစ်ခုကို ရှာတွေ့ပြီဟု ခံစားလိုက်ရသည်။

ကုကျစ်စုန့် သူမတွေးနေသည့်အဖြေ မှန်မမှန် ထပ်၍ စစ်ဆေးမေးခွန်းထုတ်လိုက်သည်။

ကောင်းကင်ဘုံ၏ နည်းလမ်းမှ ပေးသည့်အဖြေသည် ယန်သုံးခုပင်ဖြစ်သည်။ ဆိုလိုသည်မှာ သူမအတွေးသည် အမှန်ဖြစ်ကြောင်းပင်။

သူမ ကျောင်းဟန်ကို သေချာကြည့်လိုက်ရင်း မေးလိုက်သည်။

“မင်း တစ်ခုခုကို စဉ်းစားကြည့်ဖူးလား? မင်းမှာ ကွဲပြားတဲ့ အသိစိတ်ရှိတယ်။ အဲဒီအသိစိတ်က မင်း အသက် ၆ နှစ်တုန်းကဆိုရင် ရင့်ကျက်တဲ့သူဖြစ်တယ်ဆိုတာလည်း ဟုတ်တယ်၊

ဒါပေမယ့် အဲ့ဒီ အသိစိတ်က မင်းအမြဲတွေးနေသလို အစ်မကြီးကျောင်းရှင်းမဟုတ်ဘဲ အခြား ကျောင်းရှင်းဆိုရင်ရော?”

သူမ ကျောင်းဟန်ကို ပထမဆုံးတွေ့လိုက်ရချိန်တွင် သူ၏ ဇာတာခွင်သည် နှစ်ခုထပ်နေသည်ကို မြင်လိုက်ရသော်လည်း ဂရုမစိုက်ခဲ့မိပေ။

ကျောင်းဟန် ငယ်ဘဝမှ ဖခင်နေရာတွင် ထားရှိသော မျှော်လင့်ချက်များမှာ မြင့်မားလှပြီး ဆယ်ကျော်သက်အရွယ်ထိပင် ဖြစ်သည်။

ကျောင်းဟန် ငယ်ရွယ်စဉ်က ဖခင်ဖြစ်သူ၏ ဆူပူခြင်း၊ရိုက်နှက်ခြင်းများကို ခံစားခဲ့ရသည်။

အခြားကလေးငယ်များ၏ အရပ်ရှည်ကာ အားကိုးရသော ဖခင်များကို မနာလိုဖြစ်ခဲ့သည်။

အကြိမ်ပေါင်းများစွာ တွေးမိခဲ့သည်။

‘ငါ့အဖေလည်း အဲ့လိုမျိုးဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ?’

“မင်းရဲ့ ကွဲပြားတဲ့ အသိစိတ်က နူးညံ့ပြီး ရင့်ကျက်တယ်၊ ဒါပေမယ့် သူက မိန်းမနဲ့ ကလေးတွေကို နှိပ်စက်နေတာမျိုး မြင်ရင် လူမိုက်တွေကို ရိုက်နှက်ဖို့ရော၊ ဓားကိုင်ဖို့ပါ လက်မတွန့်ဘူး”

“သူက သူ့ကလေးငယ်ရဲ့ ဦးနှောက်တုံ့ပြန်မှုက ထူးခြားပြီး စိတ်ဒဏ်ရာတွေ အများကြီးရခဲ့ရတာကို သိတယ်၊ ဒါကြောင့် သူက အသံတိတ်ပဲ ကလေးကို အားပေးပြီး ကူညီပေးခဲ့တယ်၊

ဇနီးသည် ပင်ပန်းနေမှန်း သိတာကြောင့် အိမ်အလုပ်ကို ကူလုပ်ပေးတယ်၊ အိပ်ပျော်နေရင် စောင်ခြုံပေးတယ်၊ ပုခုံးကို နှိပ်ပေးတယ်… သူက ဘယ်တုန်းကမှ လူလုံးထွက်မပြခဲ့ဘူး၊

သူ့ရဲ့ ခံစားချက်တွေကို ကလေးဆီကို စာရွက်တွေကနေပဲ တဆင့် ပြောပြခဲ့တယ်၊ ဒါပေမယ့် အဲဒါတွေက သူ သူ့မျက်နှာကို ထုတ်ပြလို့ မရဘူးလို့ ဆိုလိုတာမဟုတ်ဘူး၊

ရှက်လို့လဲ မဟုတ်ဘူး၊ ကလေးရဲ့ နူးညံ့တဲ့ နှလုံးသားလေးကို ကာကွယ်ပေးချင်ခဲ့လို့ပဲ”

ကျောင်းဟန် ကုကျစ်စုန့်၏ အေးစက်သော အသံကြောင့် ခွေလဲသွားခဲ့ပြီး‌ ခေါင်းကို တွင်တွင်ခါသည်။

“မပြောပါနဲ့တော့… ဆက်မပြောနဲ့တော့လို့!!”

ကုကျစ်စုန့် ဆက်မပြောတော့ချေ။

သို့သော် သူ့ခေါင်းထဲတွင် ပေါ်လာသည့် မှတ်ဉာဏ်များကိုတော့ တား၍ မရတော့။ ထိုမှတ်ဉာဏ်များသည် ကုကျစ်စုန့် ဆက်မပြောတော့သည့် စကားများနှင့် အံဝင်ခွင်ကျဖြစ်နေခဲ့သည်။

မှန်သည်။ အားငယ်သည့် ကလေးတစ်ယောက်အတွက်တော့ ဖခင် သို့မဟုတ် အစ်ကိုတစ်ယောက်သည် ပို၍ အားကိုးချင်စရာကောင်းလိမ့်မည်။

အထူးသဖြင့် ဆူပူရိုက်နှက်ခံနေရချိန်တွင် ဖြစ်သည်။

အစ်မတစ်ယောက်ထက် ပို၍..

ကျောင်းဟန်၏ ဖခင်အရင်းအပေါ် မုန်းတီးမှုနှင့် ဖခင်ဖြစ်သူ၏ ချစ်ခင်မှု၊ ကာကွယ်ပေးမှုတို့အား လိုချင်တောင့်တမှုတို့ကြောင့် သူနှင့် မိခင်ဖြစ်သူတို့အား ကာကွယ်ပေးမည့် အသိစိတ်တစ်ခု ကွဲပြားပေါ်ပေါက်လာခဲ့သည်။

၎င်းသည်က ပြီးပြည့်စုံသည့် ဖခင်တစ်ယောက်ပင်ဖြစ်သည်။

သားဖြစ်သူနှင့် ဇနီးသည်အား ချစ်မြတ်နိုးသည်။ နူးညံကြင်နာတတ်၍ မိသားစုအပေါ် ငဲ့ညှာပြီး တွေးခေါ်နိုင်စွမ်းရှိသည်။ သူ၏ နာမည်သည်က ကျောင်းရှင်းဖြစ်သည်။

ကံမကောင်းစွာပင် ကျောင်းဟန်သည်ကား ဖခင်နှင့် ခွဲရချိန်တွင် ငယ်ရွယ်သေးသည်။ သူ၏ ဖခင်အပေါ် ခံစားချက်သည်လည်း သိပ်ပြီး မပြင်းထန်သေး။

သူသည် ဖခင်အရင်းနှင့် ပတ်သတ်သည့် အရာတိုင်းကို မုန်းတီးသော်လည်း သူ၏ ကလေးအတွေးကြောင့် ထိုလူသည် သူ၏ ဖခင်ဖြစ်ကြောင်း ပြတ်သားစွာ တွေးတောခဲ့သည်။

ထို့ကြောင့် ပြည့်စုံသော အသိစိတ် ကျောင်းရှင်း၏ မျက်နှာသည် အမြဲ ဝိုးတဝါးဖြစ်နေခဲ့သည်။

ကလေးငယ်သည်က စိတ်ဒဏ်ရာကြောင့် အရွယ်ရောက်ပြီးယောကျာ်းများအား မနှစ်သက်ကြောင်း ကျောင်းရှင်းသိသည်။

သူ၏ မျက်နှာကို မြင်ရလျှင်လည်း ကလေးငယ်ကြောက်ရွံ့သွားမည်ကို သိသည်။ ထို့ကြောင့် သူသည် ကျောင်းဟန်အပါအဝင် ကျန်လူအားလုံးကိုပါ သူသည် ‘အမျိုးသမီး’တစ်ဦးဖြစ်ကြောင်း ပြောထားခဲ့သည်။

ထို့ကြောင့် သူသည် ‘အစ်မကျောင်းရှင်း’ ဖြစ်လာခဲ့ခြင်းပင်။

*

All Chapters