← Chapters

ကွေ့ယင်သရဲ(3)

Vol. 18 Ch. 175

ကွေ့ယင်သရဲ(3)

Vol. 18 Ch. 175

မိသားစု နှစ်စု ထိုကိစ္စအတွက်နှင့် ပြဿနာ အကြီးအကျယ်ဖြစ်ကြသည်။

ထိုအဖြစ်အပျက်အား ကြားရပြီးနောက် သူမသည်လည်း တစ်နေကုန် စိတ်ညစ်ညူးခဲ့ရသည်။ သူတို့ လက်ထပ်တော့မည့်အချိန် နီးနေပြီဖြစ်သောကြောင့် အဆုံးတွင် သူမကိုယ်တိုင်က  လူငယ်လေးအား နိုင်ငံခြားသို့သွား၍ ကမ္ဘာကြီးအား လေ့လာလိုပါက သူပြန်လာချိန်ထိ စောင့်ဆိုင်းနေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုဆုံးဖြတ်ချက်သည်က ကွေ့ယင်ဝိဉာဉ်၏ ဘဝတွင် အကြီးမားဆုံးနောင်တဖြစ်လာခဲ့သည်။

သုံးနှစ်ကြာပြီးနောက်တွင် သူမနှင့် ငယ်ချစ်ဦးတို့ မြစ်ဆိပ်တွင် ပြန်ဆုံကြမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

စောင့်ဆိုင်းနေချိန်တွင် သူမသည်က အလုပ်ကြိုးစားလုပ်၍ နေ့တိုင်း အနာဂတ်ခင်ပွန်းလောင်းနှင့် လက်ထပ်ကာ ကလေးငယ်များ ပျိုးထောင်မည့်အကြောင်း စိတ်ကူးယဉ်နေခဲ့သည်။

သို့သော် သုံးနှစ်ကြာပြီးနောက် ငယ်ချစ်ဦးက အချိန်မှီပြန်မလာခဲ့သလို သူ၏ ပြန်စာမှာလည်း မပြတ်မသား ဖြစ်နေသောကြောင့် သူမ စိတ်ထဲ စနိုးစနောင့် ဖြစ်ခဲ့ရသည်။

နှစ်ဝက်ခန့် နောက်ကျပြီးနောက် ငယ်ချစ်ဦးသည်က နိုင်ငံခြားတွင်စာသင်ရာမှ ပြန်ရောက်လာခဲ့သည်။ သူသည်က အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ ချစ်စရာကောင်းသည့် နိုင်ငံခြားစကားများလည်း ပြောနေခဲ့သည်။

တိမ်များ ပျောက်ကွယ်သွားကာ လရောင်ကို မြင်တွေ့ရတော့မည်ဟု သူမ ထင်ခဲ့မိသော်လည်း ပြန်လာပြီးနောက် ငယ်ချစ်ဦးမှ ပထမဆုံး ပြောသည့် စကားမှာ သူမနှင့် စေ့စပ်ပွဲအား ဖျက်သိမ်းချင်သည်ဆိုသော စကားဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။

သူပြောခါ့သည်မှာ သူသည်က သူမအား ညီမလေးတစ်ယောက်ကဲ့သို့သာ သဘောထား၍ ချစ်ခင်စုံမက်မှုမရှိပေ။

ထို့အပြင် နိုင်ငံခြားတွင် ပညာသင်နေချိန်၌ စတိုင်ကျသော အမျိုးသမီးတစ်ဦးနှင့် ချစ်ခင်စုံမက်ခဲ့ကြောင်း ပြောလာခဲ့သည်။

သူမသည်က နိုင်ငံခြားကဗျာများအား ရွတ်ဖတ်နိုင်သည်၊ အချစ်နှင့် ရိုမန့်ကို နားလည်သည်၊ နိုင်ငံတကာ အကြောင်းအရာများကို ဂရုပြုသည်၊ ထို့နောက်ပို၍ တက်ကြွကာ ပေါ့ပါးလန်းဆန်းမှုရှိသည် စသည် စသည်…..

သူတို့အချင်းချင်း နိုင်ငံခြားတွင် အချိန်ကြာ ကျွမ်းဝင်ခဲ့ပြီးနောက် တစ်ယောက်ကိုတစ်ယောက် ဖူးစာဖက်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။

ထို့ကြောင့် သူပြန်လာရသည့် အကြောင်းရင်းသည်ကား မိသားစုစေ့စပ်ပွဲအား ဖျက်သိမ်းရန်အတွက်သာဖြစ်သည်။

ထိုအဖြစ်အပျက်သည်က နှစ်ပေါင်းများစွာ ချစ်ရသူနှင့် လက်တွဲရန် မျှော်လင့်နေခဲ့သော ကွေ့ယင်ဝိဉာဉ်အတွက်တော့ ကပ်ဆိုက်ခြင်းပင်။

စေ့စပ်ပွဲဖျက်သိမ်းသည့် နာကျင်မှုသည် ထိုမျှမပြင်းထန်လှ။ သူမ လက်မခံနိုင်သည့်အချက်မှာ သူနှင့်ငယ်ငယ်တည်းက ကြီးပြင်းလာခဲ့သော သူက သူမအား အခြားလူတစ်ယောက်နှင့် နှိုင်းယှဉ်ကာ သူမကို မည်သည့်အရာမှမဟုတ်သည့် အသုံးမကျသည့် လူတစ်ယောက်ကဲ့သို့ ပြောဆိုခဲ့ခြင်းကိုပင်။

သူမ၏ ရိုးရာဆန်မှု၊ စကားပြောဆိုပုံ၊ ရှက်ရွံ့တတ်သည့် ကြင်နာမှု၊ ကျစ်ဆံမြီးကျစ်ထားသည့် ဆံနွယ်များ၊ ခြေဖဝါးတွင် ဝတ်ဆင်ထားသည့် ချည်ထိုးဖိနပ်နှင့် ဒေသံသ စကားသံဝဲဝဲကပင် သူမ ကျူးလွန်ထားခဲ့သော အပြစ်များကဲ့သို့ ပြောဆိုခဲ့သည်။

ကွေ့ယင်ဝိဉာဉ်လည်း ဒေါသထွက်ကာ သူက မိသားစုအပေါ်မသိတတ်ကြောင်း၊ သစ္စာမရှိကြောင်း တတွတ်တွတ် ပြောဆိုခဲ့သည်။

ကွေ့ယင်ဝိဉာဉ်၏ ဖခင်မှာလည်း စေ့စပ်ပွဲပျက်သွားခဲ့ပါက အသက် ၂၂နှစ်အရွယ် မိန်းမငယ်ဖြစ်သည့် သူမသည် တစ်မြို့လုံး၏ ရယ်စရာဖြစ်လာမည်ဟု ပြောဆိုခဲ့ပြီး မိခင်ကတော့ ဒူးနှင့် မျက်ရည်သုတ်နေခဲ့ရှာသည်။

နာကျင်မှုနှင့် ထိုးနှက်မှုများကို မခံနိုင်တော့သည့်အဆုံး မိန်းမပျိုလေးသည်ကား ရေတွင်းထဲသို့ ခုန်ချကာ အဆုံးစီရင်ခဲ့သည်။

သူမ၏  ရင်တွင်းမှ အမုန်းတရားများကြောင့် သူမက လက်တုံ့ပြန်မှုကို ရှာဖွေသည့် သရဲတစ်ကောင်ဖြစ်လာရရှာသည်။

သူမ တစ်ယောက်ယောက်ကို သတ်ဖြတ်ခဲ့ပါလျှင် မြေအောက်ကမ္ဘာသို့ သွားရောက်ကာ အပြစ်ပေးခံရမည်ကို သိသည်။

ထို့ကြောင့် သူမသည်က လူ့ကမ္ဘာတွင် တိတဆိတ်စွာဖြင့် နှစ်ရာချီ ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။

သူမ သဘောအကျဆုံး ပုန်းအောင်းသည့်နေရာမှာ စိတ်ပိုင်းဆိုင်ရာ မပျော်ရွှင်သည့် အမျိုးသမီးများအနီးတွင် ဖြစ်ခဲ့သည်။

သူမနှင့် ခံစားချက်တူ၍လားပင် မသိ၊ ထိုအမျိုးသမီးများ၏ ရင်ထဲမှ နာကျင်မှု၊ ခံပြင်းမှုနှင့် ဒေါသများကို သူမ ခံစားနိုင်သည်။

တစ်ခါတစ်ရံ ထိုခံစားချက်များကို အသုံးချ၍ ပုံမှန်အသိစိတ်ဝင်လာပါက နောင်တရစေမည့် လုပ်ရပ်များ လုပ်ဆောင်မိစေရန်လည်း လမ်းညွှန်ခဲ့လေ့ရှိသည်။

သူတို့ထံမှ အသက်စွမ်းအင်များစွာကို  ဝါးမျိုခဲ့ဖူးသည်။

ထိုကဲ့သို့ မကောင်းသော စိတ်ခံစားချက်များမှ ရရှိသည့် စွမ်းအင်များကို ဝါးမျိုခဲ့သည်မှာ ပမာဏများပြားလာချိန်တွင် ကွေ့ယင်ဝိဉာဉ်သည် သူမခန္ဓာကိုယ်၌ သူမနှင့် မသက်ဆိုင်သော စွမ်းအင်များစွာ ရှိနေခဲ့သည်ကို သတိထားမိလာသည်။

သုန်မှုန်ထိုင်းမှိုင်းကာ စေးကပ်၍ မည်းနက်နေသည်….

ထိုရှုပ်ထွေးသည့် စွမ်းအင်များကို ပို,ပို၍ စားသုံးမိလေလေ သူမ ဝိဉာဉ်တွင် စုဝေးနေသော အနက်ရောင် စွမ်းအင်သည် ပို၍ စေးပျစ်ကာ ကြီးလာလေလေဖြစ်သည်။

သူမကိုယ်တိုင်လည်း ထိုအရာကို မခြေဖျက်နိုင်၊ မဖယ်ရှားနိုင်သောကြောင့် ထိုစွမ်းအင်သည် မည်သည်ဖြစ်ကြောင်း မခွဲခြားတတ်ပေ။

သို့သော် ကွေ့ယင်ဝိဉာဉ်ကတော့ ထိုအရာသည် ဆိုးလွန်းလှသည်ဟု မထင်မိ။

ထိုမကောင်းသော စွမ်းအင်များကြောင့်သာလျှင် နဂိုက အထီးကျန်၊ ကိုးကွယ်သူမဲ့သည့် သရဲငယ်လေးသည် ပို,ပို၍ စွမ်းအားကြီးလာခဲ့သည်။

သူမ လူသားများ၏ အိပ်မက်ထဲသို့ ဝင်ရောက်ကာ အိပ်မက်များကိုပင် ထိန်းချုပ်နိုင်လာသည်။

ထို့ကြောင့် သူမ အိပ်မက်ဆိုးများကို ဖန်တီးခဲ့သည်။

ဤသည်က ကျောင်းဟန်၏ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ကာ ကုကျစ်စုန့် ဖမ်းဆီးခြင်းကို မခံရခင်အထိပင်ဖြစ်သည်။

ကွေ့ယင်ဝိဉာဉ်က ကုကျစ်စုန့်အား မဝံ့မရဲကြည့်လိုက်ကာ ပြောသည်။

“တောက်ကျန့်၊ ကျွန်မ မှတ်မိတာတော့ အဲဒါ အကုန်ပါပဲရှင်၊ ကျွန်မ မလိမ်ရဲပါဘူး”

ကုကျစ်စုန့်ကတော့ တည်တည်ငြိမ်ငြိမ်ပင်။

“မလိမ်တာ အကောင်းဆုံးပဲ၊ တကယ်လို့များ မင်းမှာ  မဟုတ်တဲ့ အကြံရှိနေသေးတယ်ဆိုတာ သိရလို့ကတော့ နောက်တစ်ခါ မေးခွန်းမေးမှာ မဟုတ်ဘူး”

“မင်းရဲ့ ဝိဉာဉ်ကို တိုက်ရိုက်လိုက်ရှာမှာ”

ကွေ့ယင်ဝိဉာဉ်: “!!!”

“ကျွန်မလို သရဲအနုတ်လေးက မလုပ်ရဲပါဘူးရှင်!”

ဤအမျိုးသမီးသည်က ဝိဉာဉ်ရှာဖွေနည်းကိုပင် သိသည် ဆိုပါက အင်မတန်မှပင် စွမ်းအားကြီးသည့် တောက်ကျန့်ပင် ဖြစ်ရမည်!

ကုကျစ်စုန့် အသာခေါင်းငြိမ့်ရင်း ဆက်မေးသည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ?”

ကွေ့ယင်းဝိဉာဉ် ခေတ္တမျှ ငိုင်သွားပြီးနောက် တွေးနေသည်။

“နာမည်… ကျွန်မ နာမည်က… ဟွေ့လန်၊ ကျိုးဟွေ့လန်ပါ!! ဒါပေမယ့် တောက်ကျန့် ကြိုက်တဲ့ နာမည်ပေးလို့ရပါတယ်”

ဝိဉာဉ်အစေခံများသည် ယင်-ယန် စာချုပ်များထဲတွင် အနိမ့်ဆုံးအဆင့်သာ ဖြစ်သည်။

ထူးခြားဆန်းကြယ်ပညာရှင်သည်က သခင်ဖြစ်ပြီး ဝိဉာဉ်သည် ကျွန်အဆင့်သာဖြစ်သည်။

စာချုပ်ချုပ်ဆိုပြီးချိန်တွင် ဝိဉာဉ်အစေခံများက သခင်၏ အမိန့်ကို လွန်ဆန်၍မရ၊ သခင်သည်က သူတို့၏ ဝိဉာဉ်များကို အချိန်မရွေးဖျက်ဆီးလိုက်နိုင်ပြီး ပျောက်ကွယ်သွားအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။

ထိုကဲ့သို့သော စာချုပ်နည်းလမ်းများသည်က မကောင်းသော စာရင်းဝင်ပြီး မျှတသော တောက်ဓမ္မပညာတွင် ခွင့်ပြုထားခြင်းမရှိ။

ထူးခြားဆန်းကြယ်ပညာရှင်မှ အတင်းအဓမ္မ စာချုပ်ချုပ်ဆိုသည့် နည်းလမ်းအပြင် နောက်ထပ်နည်းလမ်းတစ်ခုမှာ ဝိဉာဉ်အစေခံမှ သူ၏ နာမည်အရင်းအား ‌ပေး၍ လိုလိုချင်ချင် စာချုပ်ချုပ်ဆိုခြင်းဖြစ်သည်။

ကွေ့ယင်ဝိဉာဉ်ထင်လိုက်သည်မှာ ကုကျစ်စုန့်မှ သူမနာမည်အရင်း မေးရသည့် အကြောင်းရင်းမှာ သူမအား ဝိဉာဉ်အစေခံအဖြစ် လက်ခံချင်သောကြောင့်ဟုပင်။

သူမသည်က လူ့ကမ္ဘာတွင် ပုန်းကွယ်နေသည်မှာ နှစ်တစ်ရာကျော်ပြီဖြစ်သည်။ သူမ နာမည်ကို မေးလိုက်ချိန်တွင် အသက်ရှိစဉ်က နာမည်အား မေ့လုနီးနီးဖြစ်နေခဲ့သောကြောင့် အချိန်ယူကာ စဉ်းစားခဲ့ရသည်။

ကုကျစ်စုန့် နားရှုပ်သွားဟန်ဖြင့် ခေါင်းငြိမ့်သည်။

“မင်းကို ငါ့ရဲ့ အစေခံအဖြစ်ခေါ်မယ်လို့ မပြောဖူးပါဘူး။ ကျိုးဟွေ့လန်၊ ငါ ဒီရက်ပိုင်း အလုပ်တွေပါးတဲ့အချိန်ကျရင် မင်းကို မြေအောက်ကမ္ဘာကို ပို့ပေးမယ်၊ မင်းက မင်းကို လက်ထပ်မယ်လို့ ပြောခဲ့တဲ့ လူအကြောင်း မှတ်မိသေးတယ်ဆိုရင် ငါ့ကို ပြော၊

အဲဒီလူ သေပြီးတဲ့နောက် ငရဲရှစ်ထပ်မှာ နှိပ်စက်ခံရသေးလားဆိုတာကို စစ်ကြည့်ပေးမယ်၊ သူ နှိပ်စက်မခံရဘူးဆိုရင် ငါကိုယ်တိုင် ယမမင်းနဲ့ တိုင်ပေးမယ်”

ကွေ့ယင်းဝိဉာဉ် ကြက်သေ,သေသွားမိသည်။

“ဘယ်လို..?”

ကုကျစ်စုန့်ကတော့ အေးအေးဆေးဆေး ဆက်ပြောသည်။

“မင်းအသက်ရှိစဉ်က ဖြစ်ခဲ့တာတွေအကုန်လုံးက သူ့ရဲ့ အသည်းနှလုံးမရှိတာနဲ့ မပြတ်သားတာတွေကြောင့် ဖြစ်ရတာ အမှန်ပဲလေ၊ ပထမအချက်၊ သူသာ မိဘတွေရဲ့ စကားကို နားမထောင်နိုင်ဘူးဆိုရင် အစတည်းက မိသားစုနှစ်ခုလုံးကို စေ့စပ်ပွဲ မလုပ်ခင် ပြတ်ပြတ်သားသား ပြောရမယ်၊

သူ လွယ်လွယ်နဲ့ သဘောတူလိုက်ပြီးတော့မှ သစ္စာဖောက်တာဆိုရင်တော့ အဲဗီကောင်က ပျော့ညံ့လို့ပဲ၊

ဒုတိယအချက်က သူနိုင်ငံခြားကို ပညာတော်သင်မသွားခင် မင်းနဲ့ ၃နှစ်သဘောတူညီမှု လုပ်သွားသေးတယ်။ အဲဒါက အတ္တကြီးတာပဲ၊

တတိယအချက်က သူက မင်းနဲ့ စေ့စပ်ထားတဲ့ အချိန်ကို သူ့ဘာသာသူ ဆွဲဆန့်ထားပြီးတော့ နောက်ကွယ်မှာ အခြားတစ်ယောက်နဲ့ ချစ်ကြိုက်တယ်၊ လူမသိ၊သူမသိ တစ်သက်တာ သဘောတူညီချက်တွေ လုပ်ခဲ့တယ်၊

အဲဒါက မင်းရဲ့ အချိန် ၁၀နှစ်ကျော်လောက်ကို ဖြုန်းတီးလိုက်တာပဲ၊ အဲဒီလုပ်ရပ်က မတရားသလို မင်းအတွက် မျှတမှုလည်း မရှိဘူး”

သူမသည်က တရားသူကြီးတစ်ဦးမဟုတ်သည့်အတွက် ကျိုးဟွေ့လန်၏ လက်စားချေမှုလုပ်ရပ်များသည် အလွန်ကြူးဖြစ်၊မဖြစ် ဆုံးဖြတ်မပေးနိုင်။

သူမက ကမ္ဘာမြေမှ အပြစ်မဲ့သော လူများကို ထိခိုက်အောင် လုပ်ခဲ့သည်၊ ခြိမ်းခြောက်သည်၊ မကောင်းမှုအား လှုံ့ဆော်ပေးခဲ့သည့်အတွက် သူမတွင် အပြစ်ရှိသည်။

ထိုအပြစ်မဲ့သူများအပေါ် ကျူးလွန်ခဲ့သည့် အပြစ်များ ကျေအေးစေရန် သူမကိုယ်တိုင်သည် ငရဲဆယ့်ရှစ်ထပ်တွင် ပြစ်ကြွေးဆပ်ရမည်ဖြစ်သည်။

သို့သော် သူမ၏ သတို့သားဟောင်းသည်လည်း သူ၏ တစ်ကိုယ်ကောင်းဆန်မှုအတွက် အပြစ်ပေးခံရမည်ဖြစ်သည်။

ကျိုးဟွေ့လန်၏ နာမည်အရင်းကို မေးရခြင်းမှာ ကုကျစ်စုန့်သည် ‘ကွေ့ယင်ဝိဉာဉ်’ဆိုသော အမည်ကို မနှစ်သက်ခြင်းကြောင့်သာ ဖြစ်ချေသည်။

ကိုယ်စားပြုနာမည်တစ်ခုလေးမှ ဆင်တူယိုးမှားသေဆုံးခဲ့ရသော ဝိဉာဉ်များအားလုံးကို သိမ်းကျုံး၍ ခေါ်ဆိုနိုင်သည်မှာ မှန်သော်လည်း ထိုဝိဉာဉ်တစ္ဆေများတွင် ကိုယ်ပိုင် မျိုးရိုးနာမည်နှင့် နာမည်အရင်းများ ရှိကြသည်။

သူတို့အားလုံးအတွက်လည်း ငြိမ်းချမ်း၍ ပျော်ရွှင်သည့် ဘဝတစ်ခု ပိုင်ဆိုင်ခွင့်ရှိသင့်သည်။

စစ်ဆေးမေးမြန်းပြီးနောက် ကုကျစ်စုန့်တစ်ယောက် ကျိုးဟွေ့လန်အား ဘာစကားမှပင် ဆက်ပြောခွင့်မပြုတော့ပေ။ အမျိုးသမီးဝိဉာဉ်အား ကျမ်းစာရွက်ထဲတွင် ပြန်ထည့်ထားလိုက်သည်။

ထို့နောက် အခန်းထဲသို့ တည်ငြိမ်စွာ ပြန်ဝင်လာသည်။

ကျိုးဟွေ့လန်ပြောစကားများမှာ  အမှန်ဖြစ်သည်ဟု သူမ ယုံကြည်သည်။

ကျိုးဟွေ့လန်၏ ပြောဆိုချက်အရ ထိုအနက်ရောင်စွမ်းအင်သည် လူသားများ၏ ဆိုးဝါးသော ခံစားချက်များ ပေါင်းစည်းသိပ်သည်းရာမှ ဖြစ်ပေါ်လာခဲ့ခြင်းပင်။

ထိုအရာသည် အမှန်တကယ်လည်း ပုတ်သိုးနံစော်နေပြီး ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှသည်။

ခေတ္တမျှ တွေးနေပြီးနောက် ကုကျစ်စုန့် ဖန်ပုလင်းထဲမှ အနက်ရောင်စွမ်းအင် အနည်းငယ် စောင်းထုတ်လိုက်သည်။

လေထုထဲတွင် ပျံ့လွှင့်လာသော အနံ့ဆိုးဆိုးကြောင့် မျက်နှာမဲ့သွားခဲ့သော်ငြား သူမ လက်ချောင်းများကို ဆန့်ကို ထိုအနက်ရောင် မြူခိုးပါးပါးကို လက်ထိပ်ဖြင့် တို့လိုက်သည်။

ချက်ချင်းလိုပင် သူမမျက်နှာအမူအယာပျက်သွားခဲ့သည်။ ထို့နောက် လက်ချောင်းထိပ်မှ သွေးကြောများအား ပိတ်ဆို့ရန် လက်ချောင်းများကို ဖျစ်ညှစ်လိုက်ရသည်။

သူမ အသားနှင့် ထိလိုက်မိသည်နှင့်တပြိုင်နက် လက်ချောင်းထိပ်များတွင် ပူလောင်သည့် ခံစားချက်ကို ရလိုက်သည်။ ကုကျစ်စုန့် ပို၍ အံ့အားသင့်သွားရသည်မှာ ထိုစွမ်းအင်သည် သူမခန္ဓာကိုယ်အား ဖောက်၍ ဝင်ရောက်ရန် ကြိုးစားနေခြင်းပင်!

ကံကောင်းစွာပင် စွမ်းအင်ပမာဏ နည်းပါးလွန်းသောကြောင့် ကုကျစ်စုန့် ကိုယ်တွင်းမှ အလွယ်တကူ ဖယ်ရှားလိုက်နိုင်သည်။

ခရမ်းရောင်ခပ်ဖျော့ဖျော့သန်းသွားသော လက်ချောင်းထိပ်များကို ကြည့်ရင်း ကုကျစ်စုန့် အတွေးကမ္ဘာတွင် နစ်မြောနေခဲ့သည်။

တစ်ခုခုကတော့ လွဲမှားနေသည်။ ထိုအရာသည် မကောင်းသော စိတ်ခံစားချက်များ သိပ်သည်းခြင်းသာ ဖြစ်သည်ဆိုပါက သူမအပေါ်တွင် အဘယ်ကြောင့် ဤမျှ ပြင်းထန်သည့် သက်ရောက်မှုမျိုး ရှိနေရပါသနည်း?

ထိုအရာသည် သူမအား ထိခိုက်နာကျင်အောင် လုပ်နိုင်စွမ်းရှိသည်။

အကယ်၍ ထိုအနက်ရောင်စွမ်းအင်ပမာဏသည် များပြားလွန်းပါက သူမ ခန္ဓာကိုယ်အား တစ်စစီဖြစ်အောင်ပင် လုပ်ဆောင်နိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်!

လက်ချောင်းထိပ်များကို ဖျစ်ညှစ်ကာ အတွေးလွန်နေချိန်မှာပင် စနစ်၏ အင်မတန် စိတ်လှုပ်ရှားနေသော အသံက သူမ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

“ငါသိပြီ!!”

ကုကျစ်စုန့်: “???”

“ဘာသိတာလဲ?”

စနစ် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းလိုက်ရင်း ပြောပြသည်။

“မင်းရဲ့ တရားကျင့်ကြံတာကို ဘာက နှောင့်နှေးအောင် လုပ်နေလဲဆိုတာကို သိသွားပြီ စုန့်စုန့်! အဲဒါက ဇာတ်လမ်းပဲ! ဇာတ်လမ်းဇာတ်ကွက်ကပဲ အဲဒီလောက် ကြီးမားတဲ့ စွမ်းအင်မျိုးရှိတာလေ”

ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်သည်။

“ဘာကို ဆိုလိုချင်တာလဲ?”

စနစ်: “ဒီလိုလေ၊ ငါလည်း သဲလွန်စကို ဘယ်လိုမှ ရှာမရတော့ ဇာတ်လမ်းဇာတ်ကွက်ကို ပြန်စီဖို့သွားခဲ့တာ၊ အဲဒီမှာ အခုလက်ရှိအချိန် ဇာတ်လိုက်မင်းသမီးရဲ့ အနေအထားကိုလည်း သေချာအာရုံစိုက်ပြီး စစ်နေခဲ့တယ်? ရလဒ်ကတော့ ငါ တကယ့် ကြီးကြီးမားမားတစ်ခုကို ရှာတွေ့ခဲ့တာပဲ!”

*

All Chapters