အခန်း (၁၇၆)
Vol. 18 Ch. 176
“စုန့်စုန့်၊ မင်း မူလဇာတ်လမ်းရဲ့ ကံကြမ္မာစီရင်မှုအောက်ကနေ လွတ်ထွက်လာနိုင်ပြီးနောက်ပိုင်းမှာ စာအုပ်တစ်ခုလုံးက နှောင့်နှေးသွားတော့တာပဲ!
မင်းနဲ့ယှဉ်ရင် ခိုအီရဲ့ ကံကောင်းခြင်းကို ရထားတယ်ဆိုတဲ့ ယွီဖုန်းချင်းတောင်မှ သူ့ရဲ့ ကံကောင်းမှုတွေ ပျောက်ကုန်ပြီလေ”
ကုကျစ်စုန့်၏ မျက်စိလည်သွားပုံရကာ ဇာတ်လိုက်မင်းသမီး၊ ဇာတ်ပို့အခန်း၊ ဇာတ်လမ်းတို့ကိုပင် မေ့နေပုံပေါ်သည့် မျက်နှာအမူအရာကို မြင်ရပြီးနောက် စနစ် တစ်ခုချင်း ပြန်ရှင်းပြရှာသည်။
ကုကျစ်စုန့်ကိုယ်ပေါ်တွင် တံဆိပ်ခတ်ထားသော ‘အနက်ရောင်အနုပညာရှင်’တံဆိပ်သည်လည်း ပျောက်ကွယ်သွားကာ သူမကိုယ်ပေါ်မှ ‘ထူးခြားပညာရှင်’တံဆိပ်သည် ပို၍ ပို၍ နာမည်ကြီးထင်ရှားလာခဲ့သည်။
သူမနှင့် တစ်ချိန်က နှိုင်းယှဉ်ခဲ့ကြသည့် ခိုအီငါးလေး၏ ကံကောင်းခြင်းမှာလည်း မသိသာမထင်ရှားတော့ပေ။
သူမသည်က မကောင်းမှုများ မပြုလုပ်၊ အပြစ်တင်မခံရသည့်အပြင် အခြားအနုပညာရှင်များနှင့်လည်း ပတ်သတ်မှုမရှိခဲ့ပေ။
သူမ၏ မူလရန်သူဖြစ်သည့် ယွီဖုန်းချင်း ပရိတ်သတ်များသည်လည်း သူမနှင့် ယှဉ်ပြိုင်တိုက်ခိုက်စရာမရှိတော့။
သူမက ယွီဖုန်းချင်းနှင့် ရန်စမရှိတော့သကဲ့သို့ သူမအား နေရာတကာတွင် ချောက်ချ၊အပုတ်ဖော်ခြင်းများ မပြုလုပ်ခဲ့သည့်အတွက် သူတို့နှစ်ယောက်သည် စတိတ်စင်ပေါ်တွင်လည်း ဆုံတွေ့စရာအကြောင်းမရှိပါချေ။
ယေဘုယျအားဖြင့် သူမသည်က ဇာတ်လိုက်မင်းသမီးအား ဦးတည်တိုက်ခိုက်မှုမရှိသည့်အတွက် ဇာတ်လိုက်မင်းသမီးလည်း စိတ်ရှုပ်ချိန်မရှိသလို တစ်ယောက်တည်း တောင်ပေါ်သွားရန်လည်း အကြောင်းရင်းမရှိတော့ပေ။
ထို့ကြောင့်လည်း ဇာတ်လိုက်မင်းသားနှင့် မင်းသမီး မူလဇာတ်လမ်းတွင် ပထမဆုံးတွေ့ဆုံရမည့် အပိုင်းအား ကျော်သွားခဲ့ခြင်း ဖြစ်သည်။
ဇာတ်လိုက်မင်းသား ယန်ရှုကွေ့သည်က စာအုပ်ထဲတွင် အချမ်းသာဆုံး ယန်မိသားစု၏ ဒုတိယသားဖြစ်နေသည်။
ဇာတ်လမ်းအသွားအလာအရ သူသည်ကား ချမ်းသာ၍ စွမ်းအားကြီးသည်။ မတော်တဆ ပြန်ပေးဆွဲခံရပြီးနောက် တောင်ပေါ်မှ ထွက်ပြေးလာခဲ့ချိန်တွင် ကိုမာဝင်သွားခဲ့သည်။
ထို့နောက် တောင်ပေါ်သို့ စိတ်အပန်းဖြေရန် လာခဲ့သည့် ဇာတ်လိုက်မင်းသမီး ယွီဖုန်းချင်းမှ သူ့အား ကယ်ဆယ်ပေးခဲ့သည်။
သူသတိရလာချိန်တွင် ချောမောလှပ၍ ကြင်နာတတ်သော မိန်းကလေးအား ချစ်မြတ်နိုးသွားခဲ့သည်။
ယွီဖုန်းချင်း အနုပညာနယ်ပယ်သို့ ဝင်ရောက်နိုင်ရန်အတွက် ငွေအမြောက်အမြားသုံးကာ သူမနှင့် လိုက်ဖက်မည့် နိုင်ငံတကာ အဆက်အသွယ်များ ရှာဖွေဖန်တီးပေးခဲ့သည်။
ထို့နောက် ဇာတ်လိုက်မင်းသမီးအား ချစ်ခင်စွာ အလိုလိုက်၊ ယုယပေးခဲ့သည်။
ယွီဖုန်းချင်း၏ ခိုအီကံကောင်းခြင်းများနှင့် ပေါင်းစပ်လိုက်ချိန်တွင် သူမသည်လည်း ယန်ရှုကွေ့၏ ဘဝသာမက ယန်မိသားစုကိုပါ စီးပွားရေးအကြပ်အတည်းမှ ကူညီပေးနိုင်ခဲ့သည်။
သေချာပေါက် သူမသည်က ယန်မိသားစု၏ အချစ်နှင့် ကောင်းချီးများ အပြည့်အဝရရှိခဲ့သည်။
နောက်ဆုံးတွင် ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့သည် ကျန်းမာပျော်ရွှင်၍ အောင်မြင်သော ချစ်ခြင်းအား ပိုင်ဆိုင်ခဲ့ရသည်။
တစ်ယောက်သည် အချမ်းသာဆုံး ယန်မိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်ကာ ကျန်တစ်ဦးကတော့ နိုင်ငံတကာ ရုပ်ရှင်ဘုရင်မ ဖြစ်လာခဲ့သည်။
ထို့နောက် ယုတ်မာသည့် ‘ဇာတ်ပို့မင်းသမီး’ ကုကျစ်စုန့်က သူတို့နှစ်ဦး တွေ့ဆုံနိုင်ရန် အဓိက သော့ချက်ပင်ဖြစ်နေခဲ့သည်။
ယန်ရှုကွေး အနုပညာလောကထဲသို့ ဝင်ရောက်လာချိန်တွင် ကုကျစ်စုန့်သည်လည်း သူ့အား မြင်,မြင်ချင်း ချစ်ခင်စုံမက်ကာ နောက်မှ တောက်လျှောက် လိုက်၍ စောင့်ကြည့်ခဲ့သည်။
ဇာတ်လိုက်မင်းသမီးကိုလည်း မနာလိုဝန်တိုခြင်းများကြောင့် တိုက်ခိုက်၍ ချောက်ချရန် နည်းလမ်းမျိုးစုံကြိုးစားခဲ့ပြီး နောက်ဆုံးတွင် ကိုယ့်ရှူးကိုယ်ပတ်ခဲ့ရသည်။
ယခုတွင်တော့ ကုကျစ်စုန့်သည်က အနုပညာလောကမှ ထွက်ခွာ၍ သဘာဝလွန်လောကတွင် အတည်တကျ အခြေချနေသောကြောင့် ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့ မတွေ့ဆုံရတော့ဘဲ နောက်မှ လာမည့် ဇာတ်လမ်း ဇာတ်ကွက်များသည်လည်း မဖြစ်နိုင်တော့ပေ!
ဝတ္ထုစာအုပ်၏ မူလဇာတ်လမ်းသည်က လေထဲမှ အိမ်လေးဖြစ်သွားခဲ့သည်!
သေချာ စစ်ဆေးပြီးနောက် စနစ်ရှာတွေ့ခဲ့သည်မှာ မနေ့တစ်နေ့က နေ့သည် ဇာတ်လိုက်မင်းသမီးသည် ညဘက် တောင်ပေါ်သို့ တက်သွားချိန်တွင် ဒဏ်ရာရနေသော ဇာတ်လိုက်မင်းသားအား တွေ့ကာ ကယ်ဆယ်ရမည့်ရက်ပင်ဖြစ်သည်။
သို့သော် ထိုနေ့ညက ကုကျစ်စုန့်သည် ပဥ္စမမြောက်အပိုင်းအား ရိုက်ကူးမည့်နေရာသို့ သွားရန် အထုတ်အပိုး ပြင်နေချိန်ဖြစ်သည်။
ဇာတ်လိုက်မင်းသမီး ယွီဖုန်းချင်းကတော့ မဂ္ဂဇင်း ကာဗာတစ်ခု ရိုက်ကူးနေခဲ့ပြီး ဇာတ်လိုက်မင်းသား ယန်ရှုကွေးကတော့…. သူကတော့ ပြန်ပေးဆွဲခံရပြီး တောင်ပေါ်သို့ ခေါ်သွားခံရကာ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့သည်။
သို့သော် တောင်ပေါ်တွင် အချိန်ကြာမြင့်စွာ သတိမေ့မြောနေခဲ့ပြီး ကယ်ဆယ်မည့်သူလည်း မရှိခဲ့ပေ…
ရှာတွေ့သည့် အချိန်တွင်တော့ သူသည်က အဆုတ်အအေးပတ်ကာ အပြင်းဖျားနေခဲ့ရှာသည်။
ယခုအချိန်ထိ ဆေးရုံပေါ်တွင် သတိလစ် မေ့မြောနေဆဲပင်ဖြစ်သည်။
စနစ် နောက်ဆုံးတော့ အားလုံးကို သဘောပေါက်သွားခဲ့သည်။
ကုကျစ်စုန့်၏ တရားကျင့်ကြံမှုလမ်းကြောင်း မဖြောင့်တန်းသကဲ့သို့ ခန္ဓာကိုယ်ကလည်း အမိန့်ကို မနာခံတော့သည်မှာ မထူးဆန်းတော့ပေ။
သူမသာ ဆက်၍ တရားကျင့်ကြံနေပါလျှင်၊ ကပ်ဆိုးအား ကျော်လွှားနိုင်ပြီး အဆင့်တက်သွားပါလျှင် ဤအချစ်စာအုပ်သည်လည်း လုံးဝ မျှော်လင့်ချက်မဲ့သွားမည်ဖြစ်သည်။
ဇာတ်ကြောင်းနှင့် ဤကမ္ဘာတို့မှ ကုကျစ်စုန့်အား တရားကျင့်ကြံ၍ မရအောင် တားဆီးနေခဲ့ပြီး မူလလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် ကြိုးစားနေခဲ့ခြင်းပင်!
စနစ်ပြောစကားအား နားထောင်ပြီးနောက် ကုကျစ်စုန့် တွေးကြည့်လိုက်ချိန်တွင် အဓိပ္ပာယ်ရှိနေပြန်သည်။
သို့သော် ယခုတော့ သူမ ပို၍ပင် စိတ်မကြည်မလင် ဖြစ်သွားရသည်။
မည်သို့ဇာတ်လမ်းဇာတ်ကြောင်းက ဒီလောက် အမှိုက်ဆန်နေရတာပါလိမ့်?
တခြားသူတစ်စု လိုရာရောက်နိုင်ရန်အတွက် အဘယ်ကြောင့် သက်ရှိလူတစ်ယောက်အား နင်းတုံးအဖြစ် အသုံးပြုရပါသနည်း?
ကုကျစ်စုန့်ကတော့ ဤစာအုပ်နှင့် ဤဦးနှောက်မရှိသည့် ဇာတ်လမ်းဇာတ်ကြောင်းတို့အား ဖန်တီးသူမှာ ဘုရားသခင်ဖြစ်သည်ဟု မယုံကြည်ချေ။
သို့သော် ဇာတ်လမ်း၏ မင်းသားနှင့် မင်းသမီးအကြောင်းကိုတော့ အနည်းငယ်စိတ်ဝင်စားသွားသည်။
စနစ်က အမြဲလိုလို ကုကျစ်စုန့်အား စာအုပ်၏ ဇာတ်ကြောင်းအသွားအလာအား အကြမ်းဖျင်း ပြောပြထားစမြဲဖြစ်သည်။
ထို့အပြင် သူမသည်က ဤစာအုပ်တွင်းမှ မနာလိုဝန်တိုမှုများ၊ အမုန်းတရားများအား နည်းနည်းမျှပင် စိတ်မဝင်စား။ ထို့ကြောင့် စာအုပ်ကိုလည်း ဘယ်သောအခါကမျှ သေသေချာချာ မဖတ်ခဲ့ဖူးပေ။
စနစ်ပြောစကားအား ကြားရပြီးနောက် သူမ စာအုပ်ကို သေသေချာချာ ဖတ်ကြည့်လိုက်သည်။
သေချာပြန်စဉ်းစားကြည့်ပါက သူမ မှတ်မိသည့် တစ်ခုတည်းသော အရာမှာ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည်က မည်မျှဆိုးကြောင်းနှင့် တုံးအ,ကြောင်းတို့သာ ဖြစ်လိမ့်မည်။
‘ကုကျစ်စုန့်’သည် သူမနှင့် တူညီသော နာမည်ရှိသည်။ ထို့နောက် ကျန်တစ်ယောက်ကတော့ ဇာတ်လိုက်မင်းသမီး၏ ကံကောင်းမှုများနှင့် ယွီဖုန်းချင်း။
“ဘာလို့ ဒီယွီဖုန်းချင်းက ခိုအီရဲ့ ကံကောင်းခြင်းဆိုတာ ရှိနေရတာလဲ? အဲဒီလောက် ကံကောင်းနေတာ ပုံမှန်မဟုတ်ဘူးလေ၊ သူမက ရွှေငါးနတ်ဆိုး ပြန်ဝင်စားတာမျိုးလား? ဒါမှမဟုတ် အရင်ဘဝက တိုင်းပြည်ကိုပဲ ကယ်တင်ခဲ့လား၊ လူတွေကိုပဲ ကယ်တင်ခဲ့တာများလား?”
(T/N: ခိုအီ=ရွှေငါး)
စနစ်: “……”
“မဟုတ်ဘူးလေ စုန့်စုန့်၊ ယွီဖုန်းချင်းက စင်ဒရဲလားပုံစံ ဇာတ်လမ်းတွေရဲ့ သမားရိုးကျ ဇာတ်လိုက်မင်းသမီး တစ်ယောက်လေ၊ သူမက သာမန်မိသားစုကနေပဲ မွေးလာတာ၊ သူမရဲ့ ခိုအီလို ကံကောင်းခြင်းဆိုတာက ဒီစာအုပ်တစ်ခုလုံးရဲ့ ကျောရိုးပဲလေ၊ ပြီးတော့ သူမက မွေးကတည်းကကို ကံကောင်းတာ”
ဝတ္ထုစာအုပ်၏ ဇာတ်လမ်းအရ ယွီဖုန်းချင်းသည်ကား ချမ်းသာသည့် မိသားစုတွင် မွေးဖွားလာခဲ့သည်။
သို့သော် သူမ ငယ်ရွယ်စဉ်က သူမတို့ မိသားစုလေး ပြိုကွဲသွားခဲ့သည်။
ဖခင်ဖြစ်သူ မိထွေးနှင့် လက်ထပ်ကာ မယားပါသမီးတစ်ဦး ပါလာပြီးနောက် သူမ၏ ဘဝသည် အင်မတန် ခက်ခဲပင်ပန်းခဲ့ရသည်။
ကံကောင်းစွာပင် ခိုအီကံကြမ္မာဖြင့် မွေးဖွားလာခဲ့သည့် ယွီဖုန်းချင်းသည် ငယ်ရွယ်သော်လည်း သူမအား မကောင်းကြံ ချောက်တွန်းခြင်းများကို ရှောင်ရှားနိုင်ခဲ့သည်။
အသက်အရွယ်ကြီးပြင်းလာချိန်တွင် သူမ ကံကောင်းခြင်းကို သိရှိလာခဲ့ပြီးနောက် ထိုကံကောင်းခြင်းကို အသုံးချကာ ဖခင်ဖြစ်သူ၏ စီးပွားရေးတိုးချဲ့နိုင်ရန် ကူညီပေးခဲ့သည်။
ထိုအချိန်မှသာလျှင် သူမတို့အိမ်အခြေအနေလည်း ပိုမို တိုးတက်လာခဲ့ပြီး ရက်စက်ကြမ်းတမ်းသည့် မိထွေးနှင့် မယားပါသမီးတို့အား အနိုင်ယူနိုင်ခဲ့သည်။
သူမဖခင်ကတော့ သွေးအေးစွာပင် မိထွေးနှင့် မယားပါသမီးများကိုသာ အချစ်ပိုခဲ့သည်။
စနစ်မှ အတည်ပြုချက်အရ ဇာတ်လိုက်မင်းသမီးသည် စာအုပ်ထဲတွင် မည်သို့သော သဘာဝလွန်ဆက်သွယ်ချက်မှ မရှိ၊ ယွီဖုန်းချင်း၏ ကံကောင်းခြင်းသည် သဘာဝအတိုင်းသာဖြစ်သည်။
“ဒါပေမယ့် ဒါက စာအုပ်မဟုတ်ဘူး၊ တကယ့်ဘဝအစစ်လေ”
ကုကျစ်စုန့်ကတော့ ခေါင်းကို တွင်တွင်ခါပြီး တည်ငြိမ်စွာပြောသည်။
သူမ၏ ဖြစ်တည်မှုအား ဖျောက်ဖျက်ခံလိုက်ရသော်လည်း သေချာသည့် အရာတစ်ခုမှာ ယခုလက်ရှိကမ္ဘာသည် သူမ ရှိခဲ့သည့် အချိန်မှ အနာဂတ်နှစ်ရာကျော်ကြာမြင့်ပြီးအချိန်ဧကန်ဖြစ်သည်။
ဤကမ္ဘာတွင် သက်ရောက်မှုများ၊ လမ်းကြောင်းများနှင့် ပညာရပ်များ ရှိနေသည်ကိုလည်း ပြိုင်ပွဲတွင် ဆက်တိုက်ရောက်ရှိလာနေသည့် အကူအညီတောင်းသူများကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
သို့သော် ဤအရာသည် တကယ့်ကမ္ဘာကြီးမှန်ပါလျှင် ယွီဖုန်းချင်း၏ ‘ဇာတ်လိုက်ပါဝါ’အား မည်သို့ ရှင်းပြနိုင်မည်နည်း?
“လောကကြီးမှာ အဲဒီလောက်ကောင်းမွန်တဲ့အရာမျိုးဆိုတာ ရှိနိုင်ပါ့မလား? လူတွေက ဘာမှ အားထုတ်စရာမလိုပဲ ဝင်ငွေတွေ၊ အကျိုးအမြတ်တွေ အသာလေး ရနိုင်တယ်၊
မြေအောက်ကမ္ဘာက ယမမင်းတွေနဲ့ မသေမျိုးနတ်ဘုရားတွေတောင် အဲ့လို ကံကြမ္မာမျိုးမရှိဘူး၊ လူတွေက တစ်ခုခုကို ရထားတယ်ဆိုရင် တစ်ခုခုကို သေချာပေါက် ပြန်ပေးရတာ ထုံးစံပဲ”
“ကြိုးစားမှု၊ ငွေကြေး၊ ကျန်းမာရေး၊ ဘဝသက်တမ်း.. တောက်ဓမ္မပညာမှာတော့ အလဲအပြောင်းပြုလုပ်ခြင်းတွေအကုန်လုံးက မျှတပြီး ညီမျှရမယ်”
သူမကဲ့သို့ပင်။
လွန်ခဲ့သည့် နှစ်၈၀၀ကျော်ခန့်က သူမသည်လည်း ကံကောင်းသော လူတစ်ယောက်၊ ယှဉ်ပြိုင်၍ မရနိုင်သော ဉာဏ်ကြီးရှင် တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။
သဘာဝလွန်လောကမှ လူများရော၊ ဆရာဖြစ်သူကပါ သူမအပေါ်တွင် အင်မတန် မျှော်လင့်ထားခဲ့ကြသည်။
သူမသည်လည်း နှစ်သုံးရာကျော် လေ့လာခဲ့သည်၊ ကျင့်ကြံခဲ့သည်မှာ ပြီးပြည့်စုံလုနီးသည့်အချိန်ထိပင်ဖြစ်သည်။ သူမ စတင် ကျင့်ကြံသည့်အချိန်မှ ကပ်ဆိုးအား ကျော်လွှားနိုင်တော့မည့် အခြေအနေရောက်သည်ထိ တောင်ပေါ်တွင် သီးခြားလေ့ကျင့်ခဲ့သည်။
မဖြစ်မနေလိုအပ်သော ကိစ္စရပ်များမှအပ သူမသည် တောင်ပေါ်ဂိတ်၏ အပြင်သို့ ခြေမချခဲ့။ ထိုနှစ်ကာလ ကြာရှည်လှသည့် အချိန်များတွင် သူမ တောင်ပေါ်မှ ပြင်ပသို့ ထွက်ခွာခဲ့သည့် အကြိမ်ရေမှာ တစ်နှစ်တွင် တစ်ကြိမ်ပင်မရှိခဲ့ချေ။
ကမ္ဘာကြီး မြင်တွေ့ရသည်မှာ သူမသည် ကျောင်းပေါင်းရာကျော်တွင် ကျွမ်းကျင်ပညာရှင်ဖြစ်ကာ အလျှင်အမြန် ကျင့်ကြံနိုင်သည်ဟုပင်။
သို့သော် ထိုလူများသည်က သူမ တစ်သက်လုံး အထီးကျန်မှု၊ အဖော်မဲ့ခြင်းတို့အား ကြုံတွေ့ခဲ့ရလိမ့်မည်ဟု တွေးပင် တွေးမကြည့်ကြဖူးပေ။
ကုကျစ်စုန့်သည်က ပိုးသား၊ဖဲသား ဝတ်ရုံများအား တစ်ကြိမ်မျှ ဝတ်ဆင်ခဲ့ဖူးခြင်းမရှိ။ သီဆိုကခုန်ခြင်းများကိုလည်း မနှစ်သက်ခဲ့သလို အချစ်ဆိုသည်မှာလည်း မကြုံခဲ့ဖူးပေ။
ထိုသို့ သူမဘဝကို စတေးကာ ကျင့်ကြံခဲ့သော်လည်း ‘ကံကောင်းသည့် သူ’ ဟုသာ သမုတ်ခံခဲ့ရသည်။
ထို့ကြောင့် ယွီဖုန်းချင်း၏ အကြောင်းအရင်းမရှိ ကောင်းနေသော ခိုအီကံကြမ္မာအား မြင်တွေ့ရချိန်တွင် ကုကျစ်စုန့်ကတော့ ယတိပြတ်သာ မှတ်ချက်ချသည်။
‘ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်’
*