အခန်း (၁၇၇)
Vol. 18 Ch. 177
ထိုကဲ့သို့သော ဖြစ်တည်မှုမျိုးသည်က တောက်ဓမ္မပညာတွင် ပုံမှန်မဟုတ်ပေ။
စနစ်ကတော့ ခေါင်းကုတ်ရှာသည်။
“ဒါတော့… ငါလည်း မသိဘူးလေ..”
ကုကျစ်စုန့် ထပ်မေးသည်။
“ငါ ကြည့်လိုက်တဲ့အချိန်မှာ ဘာလို့ ငါ့ခန္ဓာကိုယ်ရဲ့ ဘဝလမ်းကြောင်းကို မမြင်ရတာလဲ?”
စာအုပ်ထဲတွင် သူမသည်က ရက်စက်သော ဇာတ်ပို့မင်းသမီးတစ်ဦး၊ အမြဲလိုလို တစ်နေရာရာကနေ ပေါ်လာပြီးနောက် နောက်ဆုံးပိုင်းတွင် နည်းလမ်းမျိုးစုံဖြင့် ရက်စက်သည့် မကောင်းဆိုးဝါးတစ်ဦးအဖြစ်သာ အဆုံးသတ်သွားရသည်။
သို့သော် သူမ သေဆုံးပြီးချိန်တွင် ခန္ဓာကိုယ်အား မည်သူက သိမ်းဆည်းသွားသည်ကိုပင် ထုတ်မပြောခဲ့ပေ။
စနစ်လည်း အံ့အားသင့်သွားရသည်။
သေသေချာချာပြန်စဉ်းစားကြည့်လိုက်လျှင် သူကိုယ်တိုင်တောင် ကုကျစ်စုန့်၏ မိဘများအကြောင်း၊ သူတို့မိသားစုရဲ့ အခြေအနေအကြောင်း တစ်ခုမျှပင် မသိ!
ပို၍ ထူးဆန်းသည်မှာ အစကနေ အဆုံးအထိ တစ်ခုခုလွဲမှားနေသည်ဟုပင် မခံစားမိခဲ့သည့်အချက်ပင် ဖြစ်သည်။
စနစ်:
“ဒါက.. ငါအခု သွားပြီးစစ်ကြည့်လိုက်ဦးမယ်!”
ကုကျစ်စုန့်လည်း မျက်နှာမကောင်းလှချေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ အတိတ်ဘဝက မွေးမွေးချင်းပင် မိဘများနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။
သူမအား တောင်ပေါ်သို့ ပွေ့ချီခေါ်လာသူမှာ သူမ၏ ဆရာသခင်ဖြစ်သည်။ ဆွေမျိုးသားချင်းများအပေါ် ခင်တွယ်မှုရှိသူတစ်ဦး မဟုတ်သော်ငြား သူမ ခန္ဓာကိုယ်အသစ်တစ်ခု ရရှိလိုက်ချိန်တွင် ထိုခန္ဓာကိုယ်၏ မိသားစုအကြောင်း စစ်ဆေးမှု မလုပ်ကြည့်မိလောက်သည်ထိတော့ သတိမလစ်ဟင်းသေးပေ။
ယခု ပြန်ဝင်စားချိန်တွင် သေသေချာချာတွေးကြည့်မိသည်မှာ သူမ၏ အသိစိတ်အား တစ်စုံတစ်ခုက ဖုံးကွယ်ထားသကဲ့သို့ ခံစားနေရသည်။ သူမ၏ မူလကိုယ်ထံမှ ဆွေမျိုးသားချင်းများအကြောင်းကို ဤအချိန်ထိ တွေးပင်မကြည့်ခဲ့မိဖူးပေ။
မိနစ်အနည်းငယ်ကြာပြီးနောက် စနစ် လိုင်းပြန်တက်လာခဲ့ပြီးနောက် မှင်သက်ဖွယ်ရာ သတင်းကြားလိုက်ရသည်။
“စုန့်စုန့်၊ ငါရှာတွေ့ခဲ့ပြီ၊ ဘာလို့ ‘ကုကျစ်စုန့်’က အနုပညာလောကထဲကို ဝင်,ဝင်ချင်းပဲ လောင်းကစားဆန်တဲ့ သဘောတူညီမှုကို လက်မှတ်ထိုးခဲ့တာလဲဆိုတာနှင့်၊ ဘာလို့ အမြဲ ငွေလိုနေပြီး မကောင်းတဲ့ ဇာတ်လမ်းတွေကိုပါ လက်ခံ ရိုက်ကူးခဲ့လဲဆိုတာတွေကို သိသွားပြီ။
သူမရဲ့ ဘဏ်ကတ်က စီးပွားရေးကုမ္ပဏီတစ်ခုနဲ့ ချိတ်ထားတာ၊ အဲဒီဘဏ်ကျဲက နောက်ထပ် မိဘမဲ့ကျောင်းတစ်ခုရဲ့ အကောင့်နဲ့လည်း တစ်ခါတည်း တိုက်ရိုက်လွှဲပြောင်းနိုင်တဲ့ စနစ်နဲ့ တွဲထားတာလေ
ကုကျစ်စုန့် ထည့်ထားတဲ့ ငွေရဲ့ ၇၀ရာခိုင်နှုန်းလောက်က အဲဒီမိဘမဲ့ကျောင်းရဲ့ အကောင့်ထဲကို လွှဲထားပေးခဲ့တာ ပြီးခဲ့တဲ့ ၃နှစ်လုံးလုံးပဲ!”
“ငါ အဲဒီမိဘမဲ့ကျောင်းရဲ့ အချက်အလက်တွေကိုလည်း သေချာ စစ်ဆေးပြီးသွားပြီ၊ အဲဒါက ခန္ဓာကိုယ်ချို့ယွင်းချက်ရှိတဲ့ ကလေးတွေကို ခွဲစိတ်ကုသပေးပြီး ကျွေးမွေးစောင့်ရှောက်တဲ့ ဂေဟာတစ်ခုပဲ၊
သူတို့ရဲ့ လစဉ်အသုံးစရိတ်နဲ့ ငှားရမ်းခတွေက တော်တော်လေး ငွေအကုန်အကျများတယ်၊ လွန်ခဲ့တဲ့ နှစ်တွေကဆိုရင် သူတို့က တစ်နိုင်ငံလုံးမှာ တရားမဝင်အဆောက်အဦတွေကို ဖွင့်လို့ ဒေဝါလီခံရလုနီးနီးဖြစ်ခဲ့သေးတယ်
‘ကုကျစ်စုန့်’က အနုပညာလောကထဲကို ငွေအတွက်ဝင်ရောက်လာပြီးနောက်ပိုင်း သူတို့ရဲ့ပတ်ဝန်းကျင်လည်း နည်းနည်း အသက်ရှူချောင်သွားကြတာ…”
တနည်းဆိုရလျှင် ‘ကုကျစ်စုန့်’သည်က ဆွေမျိုးသားချင်းမရှိ၊ မိဘမဲ့တစ်ဦးသာဖြစ်သည်။
သို့သော် သူမသည်က သူမ မွေးစားခံရကာ ကြီးပြင်းလာခဲ့သည့် မိဘမဲ့ကျောင်းမှ ဒါရိုက်တာနှင့် ကလေးငယ်များအား သူမ၏ ဆွေမျိုးသားချင်းများဟု သဘောထားသည်။
ကုမ္ပဏီ၏ မြှောက်ထိုးပင့်ကော်လုပ်မှုများကို လိုက်လျော၍ အလုပ်အား အဖြူအမည်း မရွေး အကုန် လက်ခံခဲ့ရသည့် အကြောင်းအရင်းမှာလည်း သူမ ငွေလို၍သာဖြစ်သည်။
ကုကျစ်စုန့်၏ မျက်နှာအမူအယာသည်က ဗလာနတ္ထိဖြစ်နေခဲ့သည်။
“မင်းရော သူမက ဝတ္ထုစာအုပ်ထဲက ယုတ်မာရက်စက်တဲ့ ဇာတ်ပို့သရုပ်ဆောင်လို့ ထင်နေသေးလား? သူမက သေသင့်တဲ့လူတစ်ယောက်လို့ ထင်လား?”
အချိန်ကြာကြီး တိတ်ဆိတ်နေခဲ့သော စနစ်က ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်လာခဲ့သည်။
ဤဝတ္တုစာအုပ်၏ ဇာတ်လမ်းသည်က သူထင်ထားသလောက် မရိုးရှင်းပေ။
သိပာပြီး မရှုပ်ထွေးချင်တော့သည့်အတွက်ကြောင့် ကုကျစ်စုန့် နောက်ဆုံးမေးခွန်းကို မေးလိုက်သည်။
“ဝတ္ထုထဲက ဇာတ်လိုက်မင်းသားရဲ့ မျိုးရိုးနာမည်က ယန်လား? ဘယ်ယန်မိသားစုလဲ?”
“ဟုတ်တယ်၊ ဇာတ်လိုက်မင်းသားက ယန်ရှုကွေးလေ၊ ယန်မိသားစုရဲ့ ဒုတိယသား၊ ဘာဖြစ်လို့လဲ စုန့်စုန့်?”
“ဘာမှမဟုတ်တော့ပါဘူး”
ကုကျစ်စုန့် အတွေးကမ္ဘာသို့ နောက်တစ်ကြိမ်အလည်ရောက်သွားခဲ့သည်။
မကြာသေးခင်က သူမ သူငယ်ချင်းဟောင်း၏ ကျောက်စိမ်းလက်ချောင်းရိုးကို ရှာတွေ့ခဲ့တာကြောင့် ယန်ဟွိုင်ရှန်းကို ပြန်လည် အမှတ်ရသွားခဲ့သည်။
ဇာတ်လိုက်မင်းသား၏ မျိုးရိုးနာမည်မှာ ရှားပါးသည် ယန်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူမ အနည်းငယ် တွေဝေစွာ တွေးလိုက်မိသည်။
“သူက ယန်မိသားစုရဲ့ ဒုတိယသားဆိုတော့ သူ့အထက်မှာ အကြီးဆုံးသားရှိရဦးမှာပဲမဟုတ်လား? စာအုပ်ရဲ့နောက်ဆုံးမှာကျ ဘာလို့ သူက ယန်မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သွားရတာလဲ?”
စနစ် မူလစာအုပ်အား လှန်လှောကြည့်လိုက်ရင်း ပြန်ဖြေသည်။
“အဲဒါက.. ငါလည်း သေချာမဖတ်လိုက်မိဘူး”
အကယ်၍ ‘ကုကျစ်စုန့်’သည် ဝတ္ထုတစ်ခုလုံး၏ အဓိကဇာတ်ပို့သရုပ်ဆောင်ဖြစ်ပါလျှင် ယန်မိသားစု၏ အကြီးဆုံးသားသည် ဝတ္ထုထဲတွင် ပေါ်တောင် မပေါ်လာခဲ့သည့် ဇာတ်ကောင်သာဖြစ်သည်။
စနစ်ကိုယ်တိုင်ပင် ထိုအကြီးဆုံးသား၏ နာမည်ကို မသိ။
အချိန်အကြာကြီး ရှာဖွေခဲ့ပြီးနောက် စနစ်နောက်ဆုံးတော့ ဇာတ်လိုက်မင်းသမီး ယန်မိသားစု၏ ပါတီပွဲအား တက်ရောက်သည့် အပိုင်းများတွင် သဲလွန်စရှာတွေ့ခဲ့သည်။
“ယန်မိသားစုရဲ့ အကြီးဆုံးသားနာမည်က ယန်ချန်တဲ့၊ သူက အရမ်းကို စွမ်းအားကြီးတဲ့သူဆိုပေမယ့် ကျန်းမာရေးမကောင်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားခဲ့တယ်၊
မင်းသမီးနဲ့ ယန်ရှုကွေးတို့ အတူတူပြန်လာတဲ့အချိန်ကျတော့ အဲဒီလူက ယန်မိသားစုမှာ ရှိတောင်မရှိတော့ဘူး”
ကုကျစ်စုန့် ခေါင်းကို အသာငြိမ့်ရင်း ဆက်မမေးတော့ပေ။
သူမ အသက်မဲ့စွာ ပြောလိုက်သည်။
“ဒါဆိုရင် ငါ ဇာတ်လမ်းဇာတ်ကွက်ကနေ ပျောက်သွားတာနဲ့ ဇာတ်လိုက်တွေရဲ့ ကမ္ဘာက ဘာလို့ ပြောင်းသွားရတာလဲ? ယွီဖုန်းချင်းနဲ့ ယန်ရှုကွေးတို့က တစ်ဦးနဲ့ တစ်ဦး အချစ်စစ်တွေဖြစ်တယ်ဆိုရင် ငါမရှိရင် ပိုပြီးတောင် သူတို့ အချစ်ရေးက ဖြောင့်တန်းပြီး နူးညံ့နေရမှာ မဟုတ်ဘူးလား?
ဗီလိန်ဖြစ်တဲ့ ငါက သူတို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိသွားအောင် လုပ်နိုင်တဲ့ အဓိက အကြောင်းအရင်းဖြစ်နေတယ်ဆိုကတည်းက သူတို့အချစ်ဇာတ်လမ်းက အဓိပ္ပာယ်ကို မရှိတော့တာ”
“ဒီလိုဆိုမှတော့ ဒီစာအုပ်ရဲ့ အဓိက ဇာတ်လိုက်က ငါပဲ ဖြစ်မှာပေါ့”
စနစ်လည်း ထိုစကားများကို မငြင်းဆန်နိုင်ချေ။
ဖန်ပုလင်းထဲမှ အနက်ရောင်မြူခိုးများနှင့် နှောင့်နှေးနေရသော သူမ၏ ကျင့်ကြံမှုတို့အကြောင်း တွေးလိုက်ရင်း ကုကျစ်စုန့် စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာခဲ့သည်။
“တကယ်လို့ ငါက အဲ့ဒီ ယွီဖုန်းချင်းကို တွေ့ခဲ့မယ်ဆိုရင် ဇာတ်လမ်းက ဆက်ပြီး သွားနေမှာလား?”
စနစ် တိုးတိုးလေးပြောရှာသည်။
“ရရင်လည်း ရမှာပေါ့၊ မင်းက အဓိက ထိန်းချုပ်သူပဲဟာ”
ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ကုကျစ်စုန့် သူမ၏ လက်ထောက် ရှောင်ကျိုးထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။
*
တစ်ချိန်တည်းမှာပင် မီးရောင်စုံထွန်းလင်းနေသည့် မြို့ပြတွင်
နာမည်ကြီးကုမ္ပဏီတစ်ခုမှ ဦးဆောင်ကျင်းပသည့် ညစာစားပွဲတစ်ခုတွင် စားကြ၊သောက်ကြ လူများ စည်ကားနေခဲ့သော်လည်း ပတ်ဝန်းကျင်ကတော့ အနည်းငယ် ထူးဆန်းနေသယောင်ပင်။
တစ်ချို့ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အမျိုးသား အမျိုးသမီးများသည် တစ်နေရာကို လှမ်းကြည့်ရင်း တီးတိုး ပြောဆိုနေခဲ့ကြသည်။
ထောင့်တစ်နေရာတွင် ဝတ်စုံပြည့်နှင့် ဂါဝန်များ ဝတ်ဆင်ထားသော ‘မိသားစုသုံးယောက်’သည်ကတော့ ပျော်ရွှင်နေဟန်မပေါ်။
အလယ်ခေါင်တွင် ထိုင်နေသည့် သက်လတ်ပိုင်းအမျိုးသားသည် ဗိုက်ပူကာ၊ ထိပ်ပြောင်နေခဲ့သူဖြစ်သည်။
ထိုဗိုက်ပူပူက ဒေါသကြောင့် ဖောင်းလိုက်၊ပိန်လိုက်ဖြစ်နေကာ အနောက်တိုင်းဝတ်စုံမှ ကြယ်သီးများပင် ပွင့်ထွက်မတတ်ဖြစ်နေသည်။
သူ့၏မျက်နှာမှာလည်း သုန်မှုန်နေခဲ့သည်။
သူ၏ ဘယ်ဘက်မှ အမျိုးသမီးသည် အသက် ၃၀၊၄၀အရွယ်ခန့်ဖြစ်ပြီး အရေးအကြောင်းများကို မိတ်ကပ်ဖြင့် သေသေချာချာဖုံးကွယ်ထားသော မျက်နှာမှာလည်း ရွဲ့စောင်းပြောဆိုနေသော အမူအယာဖြစ်နေသည်။
“အိုး.. ဖုန်းချင်း၊ နင် တော်တော်လေးကို အ,တာပါလား? နင့်အဖေက နင့်ကို ယုံကြည်လွန်းလို့ ဒီလို အရေးကြီးတဲ့ ကိစ္စကို လက်လွှဲပေးတာတောင် နင်က အမှားကြီးလုပ်လိုက်မိသေးတယ်
နင် အလုပ်ရှုပ်နေတယ်ဆိုတာကို ငါတို့နှစ်ယောက်လုံး သိပါတယ်၊ အဲဒီလောက်တောင် ပင်ပန်းနေတယ်ဆိုရင်လည်း တိုက်ရိုက်ပြောလိုက်တာမဟုတ်ဘူး
နင့်ညီမလေးက မစ်စ်ရှုရဲ့ သမီးလေးနဲ့ တစ်ကျောင်းတည်း တက်တာ၊ သူ့ကို ခေါ်လာမှာပေါ့”
အမျိုးသမီးကြီးက ဈေးကြီးသည့် ယပ်တောင်တစ်ချောင်းဖြင့် တဖြတ်ဖြတ်ခပ်ရင်း တိုးတိုးပြောသေးသည်။
“ပြောစမ်းပါဦး၊ နင်က အားလုံးရှေ့မှာ မစ်စ်ရှုကို သစ်ခွပန်းအဆင်တန်ဆာတွေတောင် သွားပေးလိုက်သေးတယ်၊ အဲ့တာက သူ့ကို လူရှေ့သူရှေ့ ပါးရိုက်လိုက်တာနဲ့ အတူတူပဲ၊ အခုတော့ ကွမ်းယုံမြိုက အင်အားကြီးမိသားစုတွေအားလုံးက ငါတို့မိသားစုကို ဟာသလို့ ထင်ကုန်ပြီ။
ငါတို့ကို ကမ်းလှမ်းမယ့် စီးပွားရေးလက်တွဲဖက်ကလည်း နင့်ကြောင့် ပျက်သွားလောက်ပါပြီ၊ နင် အရင်က အလုပ်လုပ်ရင် သေချာတွေးတော ဂရုစိုက်ပြီးမှ လုပ်တာပါ.. အခုကျတော့…”
ထိုစကားကို ပြောလိုက်ပြီးနောက် သူမ ဘေးမှ အမျိုးသားအား ယွီဖုန်းချင်း ယခုကိစ္စကို တမင်လုပ်သည်ဆိုသော ပုံစံမျိုး လုပ်ပြလိုက်သေးသည်။
ထင်ထားသည့်အတိုင်းပင်။
အမျိုးသားဖြစ်သူသည် ဒေါသတကြီး တီးတိုးပြောလာသည်။
“မင်းရဲ့ ပါးစပ်က လျှောက်ပြောနေနိုင်သေးတယ်လား? ငါတို့ မိသားစု ဟာသဖြစ်သွားတာကို ကျန်တဲ့ မိသားစုတွေ မမြင်လိုက်၊ မကြားလိုက်ရမှာ အားနာနေလို့လား!?”
အမျိုးသမီးကတော့ မတရားစွပ်စွဲခံလိုက်ရသကဲ့သို့ပင်။
“ကျွန်မက ရှင့်ရဲ့ စီးပွားရေးကို စိတ်ပူမပေးရတော့ဘူးလား? အခြားနည်းလမ်းများရှိမလားလို့ တွေးနေတာပါ..”
“အခြားနည်းလမ်းများရှိမလား? ထွက်သွားတုန်းက မစ်စတာရှုရဲ့ မျက်နှာကိုမမြင်လိုက်ဘူးလား ဟင်?”
ယွီရှန်းကျွင်းမှာ ယနေ့အစီအစဉ်ပျက်စီးသွားကြောင်း သိရပြီးနောက် အင်မတန် စိတ်ပျက်သွားခဲ့သည်။
ယုံချန်၏ စီးပွားရေးနယ်ပယ်တွင် ရှုမိသားစုသည်က ခေါင်းဆောင်ဖြစ်သည်။ မကြာသေးခင်ကပင် သူတို့သည်က ပရောဂျက် အကြီးတစ်ခု ပြုလုပ်ခဲ့သေးသည်။
ယွီမိသားစုအပါအဝင် သူတို့လက်အောက်တွင် ရှိသည့် ကုမ္ပဏီများအားလုံးက ထိုပရောဂျက်အား မျက်စိကျနေခဲ့ကြသည်။
ထိုကဲ့သို့ အရေးကြီးသည့် အချိန်တစ်ခုတွင် မစ်စတာရှု၏ အမျိုးသမီးမှ မွေးနေ့ပွဲကျင်းပခဲ့သည်။
ယုံချန်မှ လူတိုင်းသိကြသည်မှာ ယခုအကြိမ်သည် မစ်စတာရှု၏ ဒုတိယအကြိမ်လက်ထပ်ခြင်းဖြစ်ကြောင်း၊ ဤအမျိုးသမီးအား အင်မတန်ချစ်မြတ်နိုးကြောင်းပင်ဖြစ်ချေသည်။
ဤညစာစားပွဲတွင် မစ်စ်ရှုအား သိမ်းသွင်းနိုင်၍ အကူအညီတောင်းနိုင်ပါလျှင် အရာအားလုံးထက်ပင် တန်ဖိုးရှိသည့် အကူအညီတစ်ခုဖြစ်မည်ဖြစ်ကြောင်း အားလုံး သဘောပေါက်ကြသည်။
ယွီရှန်းကျွင်း ဤညစာစားပွဲအား အင်မတန် မျှော်လင့်ထားခဲ့သည်။
မစ်စ်ရှု၏ အထူးပွဲဖြစ်သောကြောင့် သမီးနှစ်ဦးလုံးအား အတူခေါ်သွား၍ မဖြစ်နိုင်ပေ။ ထိုညီအစ်မနှစ်ဦးသည် ငယ်စဉ်တည်းက မတည့်ကြသည်မဟုတ်ပါလား။
သူတို့ရောက်ပြီးမှ မတော်တဆ တစ်ခုခုပြဿနာဖြစ်မည်ကို စိုးရိမ်မိသည်။
နောက်ဆုံးတွင် သူ မည်သူ့အား ခေါ်သွားမည်ဆိုသည်မှာ ပြဿနာတစ်ခုဖြစ်လာပြန်သည်။
ညစာစားပွဲအား လဝက်ခန့် ကြို၍ အကြောင်းကြားထားသောကြောင့် ဇနီးနှင့် အငယ်ဆုံးသမီးတို့သည် သူ့အား နေ့နေ့ညည နားပူနားဆာ ပြုလုပ်နေခဲ့ကြသော်လည်း ကုမ္ပဏီ၏ အကျိုးအမြတ်အတွက် ကြည့်ကာ ယွီရှန်းကျွင်းက သမီးအကြီးကိုသာ ခေါ်သွားရန် ဆုံးဖြတ်ခဲ့သည်။
*