အခန်း (၁၇၈)
Vol. 18 Ch. 178
ယွီဖုန်းချင်းသည်က ယခုအချိန်တွင် ဒုတိယအဆင့် မင်းသမီးတစ်ဦးဖြစ်ကာ တီဗီဇာတ်လမ်းတွဲများလည်း ရိုက်ကူးခဲ့ပြီးဖြစ်သည်။
စီးပွားရေးလောကတွင် ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်များအား အထင်ကြီးလှသည်မဟုတ်သော်ငြား အရေးကြီးဆုံးအချက်မှာ သမီးကြီးသည်က ကံကောင်းသည့် ကြယ်တစ်လုံးပင် ဖြစ်သည်။
ငယ်စဉ်မှ ကြီးပြင်းလာချိန်ထိ သူမကိုသာ ခေါ်သွားခဲ့ပါက ယွီရှန်းကျွင်း၏ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုတိုင်း အောင်မြင်စမြဲပင်။
ထိုစီးပွားရေး လက်တွဲဖက်များသည် ယွီဖုန်းချင်းအား အင်မတန် သဘောကျ,ကြပြီးနောက် ထိုလူများ၏ စိတ်ဝင်စားမှုအား တနည်းမဟုတ် တနည်းဖြင့် ဆွဲဆောင်နိုင်စွမ်းရှိသည်။
ထိုအချက်ကြောင့်ပင် သမီးငယ်၏ အော်ဟစ်သောင်းကျန်းသံများနှင့် သူ၏ ရှေးဟောင်း လက်ဘက်ရည်အိုး နှစ်အိုးအား ရိုက်ခွဲလိုက်ခြင်းတို့ကိုပင် ဂရုမစိုက်ခဲ့ဘဲ လုံးဝ သူ့စိတ်ကို မပြောင်းခဲ့ပေ။
သူက ယွီဖုန်းချင်း၏ ကံကောင်းခြင်းကို အားကိုး၍ မစ်စ်ရှုအား သိမ်းသွင်းနိုင်ရန် မျှော်လင့်ထားခဲ့သည်။
မမျှော်လင့်ထားစွာပင် ကွမ်ယုံမြို့တော်မှ အင်အားကြီး စီးပွားရှင်များရှေ့တွင် မစ်စ်ရှုအား ယွီဖုန်းချင်း ပေးလိုက်သည့် မွေးနေ့လက်ဆောင်သည်က သစ်ခွရင်ထိုးတစ်ချောင်း ဖြစ်နေခဲ့သည်!
နိုင်ငံခြားမှ နာမည်ကြီးဒီဇိုင်နာကိုပင် ဒီဇိုင်းအပ်ခဲ့သည်ဟု ပြောလိုက်သေးသည်။
မစ်စ်ရှုမှ် ချက်ချင်းပင် မျက်နှာပျက်သွားခဲ့လေတော့သည်။ သူမက ဟန်ဆောင်ပန်ဆောင်တောင် ကျေးဇူးတင်စကား မပြောနိုင်တော့။
အလွန်အမင်း မျက်နှာပျက်၍ ထွက်သွားခဲ့သည်။
သူမ မထွက်သွားခင် ရှန်းကျွင်းအား ပြောသွားခဲ့သေးသည်။
“မစ်တာယွီ တကယ့်ကို ကောင်းမွန်တဲ့ သမီးလေး ရထားတာပဲ!”
စီးပွားရေးနယ်ပယ်အကြောင်းကို အနည်းအကျဉ်းသာ သိသူများပင် သိကြသည်မှာ မစ်စတာရှုသည်က ယခုလက်ရှိ ဇနီးသည်နှင့် အင်မတန် ချစ်ခင်ကြသော်လည်း ယခင်ဇနီးဟောင်းအား ပိုးပန်းနေသည့် အချိန်က ယခုထက်ပင် ပို၍ ခမ်းနားလှပြီး နာမည်ကြီး ဇာတ်လမ်းများအဖြစ်ပင် ပြောစမှတ်ပြုခဲ့ကြသည်။
အကြီးကျယ်ဆုံးအရာတစ်ခုမှာ သူတို့ လက်ထပ်စဉ်က မစ်စတာရှုက ကျွန်းတစ်ကျွန်းလုံးကို ဝယ်ယူကာ ဇနီးသည်အတွက် သစ်ခွများ အပြည့်စိုက်ခဲ့ခြင်းပင်ဖြစ်သည်။
ဇနီးဟောင်း၏ အနှစ်သက်ဆုံးပန်းအမျိုးအစားမှာ သစ်ခွဖြစ်ခြင်းကြောင့်ဟု ဆိုခဲ့ပြီး ထိုအရာသည် ထိုနှစ်အတွက်တော့ သတင်းစာများ၊ အင်တာနက် သတင်းများတွင် ဆက်တိုက် ရှာဖွေမှုအများဆုံး ဖြစ်ခဲ့ရသည်။
နောက်တွင်တော့ ထိုကြီးကျယ်ခမ်းနားလှသည် အချစ်ပုံပြင်သည်လည်း နှစ်ဦးသဘောတူကွာရှင်းခြင်းဖြင့် အဆုံးသတ်သွားကာ တစ်နှစ်အကြာမှာပင် မစ်စတာရှုက နောက်အိမ်ထောင်ပြုလိုက်သည်။
လက်ရှိ မစ်စ်ရှုနှင့် မစ်စတာရှုတို့သည်က အင်မတန် ချစ်ခင်ကြသော်လည်း ငယ်ရွယ်စဉ်ကလောက်တော့ ထင်ထင်ပေါ်ပေါ် မနေကြတော့သလို့ လူရှေ့တွင်လည်း အရမ်း ချစ်မပြကြတော့ပေ။
ထို့ကြောင့် စီးပွားရေးလောကတွင် လူပြောများနေသည့် သတင်းမှာ ဤမစ်စ်ရှုသည်ကသာ ယခင်ကတည်းက ရှုဇနီးမောင်နှံနှစ်ဦးကြား ဝင်ခလောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ သို့မဟုတ် မစ်စ်တာရှုက မစ်စ်ရှုအား ယခင်ဇနီးလောက် မချစ်ကြောင်း သတင်းများသာ ဖြစ်သည်။
သေချာသည့် အရာတစ်ခုကတော့ ထိုလူများသည် ကွယ်ရာတွင်သာ တီးတိုး ပြောဆိုရဲကြသည်။ မစ်စ်ရှု၏ မွေးနေ့ပွဲအခမ်းအနားတွင် တုံးအသည့် မိန်းကလေးတစ်ဦးက မစ်စ်ရှုအား သစ်ခွပန်းလက်ဆောင်ပေးလိမ့်မည်ဟု မည်သူက ထင်ထားခဲ့လိမ့်မည်နည်း!?
ထိုအရာသည် ရှုမိသားစုမျက်နှာအား အိုးမည်းသုတ်လိုက်သကဲ့သို့ပင်!
မစ်စ်ရှုထွက်သွားသည်နှင့် လူအားလုံးက စိတ်ဝင်စားမှုကို မထိန်းနိုင်တော့ပေ။ တီးတိုးပြောဆိုနေကြရင်း ယွီဖုန်းချင်း ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
‘အဲဒါ ဘယ်သူ့ကလေးလဲ? သူမက ရူးနေတာများလား? မစ်စတာရှုနဲ့ ဇနီးဟောင်းရဲ့ အချစ်သင်္ကေတကိုတောင် ထုတ်လာလိုက်သေးတယ်၊ မစ်စ်ရှု ထွက်သွားတုန်းက မျက်နှာကြီး မည်းမှောင်နေခဲ့တာ၊ သူမ ဘယ်လောက်တောင် စိတ်ဆိုးနေလဲဆိုတာ တွေ့လိုက်ကြလား?’
‘အဲဒါ အခု တီဗီမှာပါနေတဲ့ ယွီမိသားစုရဲ့ အကြီးဆုံးသမီးလေ၊ သူမက သရုပ်ဆောင်တစ်ယောက်ပဲ၊ ဇာတ်ကားတွေလည်း ကောင်းပါတယ်၊ အဲဒီယွီမိသားစု လုပ်ငန်းစုရဲ့ နာမည်က အရင်တုန်းက စွန်း ဆိုတာ သိလား?
အဲဒီကုမ္ပဏီက မစ်စတာစွန်းတို့ မိသားစုပိုင်ဖြစ်ခဲ့တာလေကွာ၊ မစ်စတာစွန်းက ကျန်းမာရေးမကောင်းတဲ့ သမီးတစ်ယောက်ပဲ ရှိတော့ သူ့သားမက်ကို ကုမ္ပဏီထဲ သွင်းလိုက်တာ သိုးရေခြုံတဲ့ ဝံပုလွေနဲ့ မိတော့တာပဲလေ၊
မစ်စတာယွီက အဘိုးကြီးသေတာနဲ့ ကုမ္ပဏီကို လက်ဝါးကြီးအုပ်လိုက်တော့တာပဲ’
‘မဟုတ်ဘူး၊ သူ့ဘေးက အမျိူးသမီးက နောက်မိန်းမလေ၊ ကြည့်ရတာ အဲ့ဒီအမျိုးသမီးရဲ့ အခြေအနေကလည်း မစ်စ်ရှုနဲ့တောင် ခပ်ဆင်ဆင်နော်’
‘ကြည့်ရတာ မစ်စ်စွန်းက တစ်ခုခုကို တွေ့လိုက်ရလို့ ဒေါသတွေ ကြီးပြီး နေမကောင်းဖြစ်ပြီးတော့ သေရတာပဲဖြစ်မယ်၊ အဲဒါက တော်တော်ဆိုးပါတယ်၊
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ထင်တာပဲ၊ မစ္စယွီက အဲ့
တုန်းက အခြေအနေကို ပြန်မှတ်မိနိုင်တယ်၊ သူမက စိတ်မဆိုး၊ စိတ်မတို ရှိနိုင်ပါ့မလား? ငါထင်တာကတော့ သူမက သူမရဲ့မိထွေးကို ပညာပြချင်တာနဲ့ မစ်စ်ရှုကိုပါ ဆွဲခေါ်သွားတာလား မသိဘူး’
‘… အခြားမိန်းမတွေက ဒီကောင်မလေးအကြောင်း ပြောတာတွေ ကြားဖူးပါတယ်၊ အရမ်း ဆိုးတာ မဟုတ်ပါဘူး၊ သူက အဲဒီလောက် တုံးအလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး?’
‘……’
သီးသန့် အတင်းအဖျင်းပြောဆိုခြင်းဖြစ်သော်ငြား ထိုတီးတိုးပြောနေကြသည့် လူများ၏ မျက်လုံးများနှင့် အသံများမှာတော့ သိသာလွန်းလှသည်။
သူ၏ ညာဘက်တွင် ရှိနေသော သမီးဖြစ်သူအား စိုက်ကြည့်လိုက်ရင်း ယွီရှန်းကျွင်းက ခပ်တိုးတိုးပြောသည်။
“ဖုန်းချင်း၊ နင်က ငါ့ရဲ့ သမီးပါ၊ အဲဒါက နင့်အဖေနဲ့ ရှုမိသားစုကို ကူညီပေးတဲ့ နည်းလမ်းလား? ငါ့ကို ဒုက္ခရောက်အောင် လုပ်နေတာလား?”
ယွီဖုန်းချင်း မျက်နှာဖြူဖျော့ကာ အင်္ကျီစကို တင်းတင်း ဆုတ်ထားမိသည်။
“မဟုတ်ပါဘူး အဖေ… ကျွန်မ တမင်လုပ်တာမျိုး မဟုတ်ပါဘူး”
“တမင်လုပ်တာ မဟုတ်ဘူး? ဟုတ်လား? ဒီအလုပ်ကို နင့်ဘာသာနင် လက်ခံတာလေ၊ နင်ဒါမျိုးတွေ လုပ်မယ်မှန်းသိရင် နင့်ညီမကိုပဲ ခေါ်လာပါတယ်!”
မိထွေးဖြစ်သူကလည်း မီးလောင်ရာလေပင့် ဝင်ပြောသည်။
“ဟုတ်ပါ့၊ နင့်ညီမနဲ့ မစ်စ်ရှုရဲ့ သမီးက သူငယ်ချင်းတွေ၊ သူတို့က နင့်အဖေကို မကူညီနိုင်ရင်တောင်မှ နှောင့်ယှက်မှာ မဟုတ်ဘူး”
ယွီဖုန်းချင်း မျက်နှာပျက်သွားသည်ကို မြင်ရပြီးနောက် သူမ အင်မတန် ကျေနပ်နေခဲ့သည်။
သူမ၏ ခိုအီကံကြမ္မာကို အသုံးပြုကာ ခင်ပွန်းသည်ကို လိမ်ညာထားခြင်းကြောင့် သမီးငယ်လေး ယခုကဲ့သို့ စားသောက်ပွဲများအား တက်ရောက်ခွင့်မရခြင်းသာဖြစ်သည်။
ယခုဆိုလျှင် အပြင်လူများသည်က ယွီဖုန်းချင်းကို ယွီမိသားစု၏ တစ်ဦးတည်းသော သမီးဟုပင် ထင်နေကြပြီဖြစ်သည်။
ယခုတော့ သူမတို့ အခွင့်သာမည့် အလှည့်ရောက်လာခဲ့ပြီဖြစ်သည်။
ယခုရက်ပိုင်းတွင် ခံစားခဲ့ရသော ဖိအားများ၊ စိတ်ပူပန်မှုများနှင့် ရင်တွင်းမှ နာကျင်မှုများကြောင့် ယွီဖုန်းချင်း သူမအား ပြောဆို ဆူပူနေကြသည့် မိထွေးနှင့် ဖခင်အရင်းတို့၏ ဝမ်းချုပ်နေပုံပေါ်သည့် မျက်နှာများကို ကြည့်ကာ သည်းမခံနိုင်တော့။
သူမ မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။
“ကျွန်မ လာတယ်ဆိုရင် အနည်းဆုံးတော့ အောင်မြင်နိုင်ချေရှိလိမ့်ဦးမယ်၊ ကျွန်မသာ မလာခဲ့ပြီးဆိုရင် အဖေ စဉ်းစားကြည့်စမ်းပါဦး၊
ထိုးကျနေတဲ့ ယွီမိသားစုရဲ့ အခြေအနေမျိုးနဲ့များ ဒီစာချုပ်ကို လက်မှတ်ထိုးနိုင်မယ်လို့ ထင်နေသေးတာလား?
ပြီးတော့ အစတည်းက ယွီမိသားစုဂရုက အဖိုးပိုင်တာလေ၊ ဒီမိသားစုထဲမှ ကုမ္ပဏီကို ကိုယ်စားပြုဖို့ဆိုရင် အသင့်တော်ဆုံးက ကျွန်မပဲ ဖြစ်ရမှာလေ
ကျွန်မမလာဘူးဆိုရင် အပြင်လူတွေအလှည့်ပေးမယ်လို့များ ထင်နေကြတာလား?”
ရုတ်တရက် ပုတ်သိုးသွားသည့် ဖခင်၏ မျက်နှာနှင့် မိထွေးဖြစ်သူ၏ ဒေါသတို့အား လျစ်လျူရှုလိုက်ရင်း ယွီဖုန်းချင်း ထ,ထွက်သွားခဲ့သည်။
ပတ်ဝန်းကျင်မှ ထူးဆန်းသလို ကြည့်နေကြသည့် အကြည့်များကိုလည်း ဂရုမစိုက်နိုင်တော့။
ကားထဲတွင် ထိုင်နေရင်း သူမ စတီယာတိုင်ပေါ်တွင် ခေါင်းကို မှောက်ထားလိုက်ရင်း ဖြစ်ပျက်နေသည့် အဖြစ်များကို နားမလည်နိုင်တော့ပေ။
ယခုရက်ပိုင်းများတွင် သူမ၏ ကံကောင်းမှုများ တဖြည်းဖြည်း ပျောက်ဆုံးသွားခဲ့သည်။
လုပ်ဆောင်သမျှ အရာအားလုံးတွင် အောင်မြင်နေရာမှ ချက်ချင်း အရာအားလုံး ကမောက်ကမ ဖြစ်သွားခဲ့ရသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ပထမအဆင့်ရတနာကျောက်မျက်ဆိုင်၏ ထောက်ခံချက်လည်း ကျရှုံးခဲ့သည်။ ထိုတံဆိပ်သည် သူမနှင့် တွေ့ပြီးဖြစ်သော်လည်း အခြားတစ်ယောက်ကိုသာ ရွေးချယ်ခဲ့သည်။
မဂ္ဂဇင်းရိုက်ကူးရေးသည်လည်း မဖြောင့်တန်းခဲ့ချေ။ သူမ ပို့စ်ကောင်းကောင်းရရန် သေချာ ကြိုးစားခဲ့သော်လည်း ဓာတ်ပုံဆရာကတော့ သူမခန္ဓာကိုယ်နှင့် အမူအယာတို့မှာ တောင့်တင်းနေသည်ဟုသာ တွင်တွင်ပြောခဲ့သည်။
ပို့စ်တင်လိုက်ချိန်တွင်လည်း ပရိတ်သတ်များက သဘောမတွေ့ကြပေ။
ယခင်က သူမအား တွေ့ခဲ့ဖူးသော တံဆိပ်ကောင်းပိုင်ရှင်များနှင့် ဒီဇိုင်နာများက သူမ နေရာတွင် ရပ်နေရုံနှင့်ပင် သူတို့အား စိတ်အား တက်ကြွစေပြီး အားအင်အပြည့်ဖြစ်စေသည်ဟုပင်ပြောခဲ့သည်။
မဂ္ဂဇင်းဖြစ်စေ၊ ပိုစတာဖြစ်စေ ရိုက်ကူးရေး ပြုလုပ်တိုင်း သူမ၏ လှုပ်ရှားမှုတိုင်းသည် ဓာတ်ပုံဆရာများအတွက်တော့ အကောင်းဆုံးပုံများ ဖြစ်ခဲ့သည်….
ယခုတွင်မူ ရှိုးပွဲများနှင့် ရိုက်ကူးရေးများအတွက် လူတွေ့စစ်ဆေးခဲ့သော်လည်း အားလုံးသည် စိတ်ပျက်စရာရလဒ်များသာဖြစ်သည်။
ယခင်က သူမ မျက်စိကျသည့် သရုပ်ဆောင်နေရာတိုင်းသည် အောင်မြင်စမြဲဖြစ်သော်လည်း ယခုအကြိမ်တွင် ဒါရိုက်တာနှစ်ဦးက ဆက်တိုက်လိုပင် သူမအား စဉ်းစားနေဆဲဟုသာ အကြောင်းပြန်ခဲ့သည်။
သူမ၏ အလုပ်အကိုင်တွင် ဆူးငြောင့်ခလုတ်များ ဆက်တိုက်ကြုံတွေ့နေရသော်ကြောင့် ကုမ္ပဏီမှာလည်း အနည်းငယ် ဆက်ဆံမှုပြောင်းလဲလာသည်ကို သတိထားမိလာသည်။
သူမအား နာမည်မရှိသည့် ပြိုင်ပွဲများတွင် စီစဉ်ပေးလာတတ်ပြီး ယခင်က ဇာတ်ကားဟောင်းများတွင်ပင် ပါဝင်ရိုက်ကူးစေချင်ကြသေးသည်။
ဤကဲ့သို့ အခြေအနေ မပြောင်းလဲပါက သူမ၏ အောင်မြင်မှုများ ကြီးကြီးမားမား ဆုံးရှုံးရလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲတော့ပေ!
အစကတော့ ယွီဖုန်းချင်းသည်က ပြဿနာပေါင်းသောင်းခြောက်ထောင်နှင့် ပင်ပန်းနေခဲ့သော်လည်း ယနေ့အဖြစ်အပျက်ကတော့ သူမအတွက် နောက်ဆုံးတွန်းအားပင်ဖြစ်သည်။
သူမရင်ထဲတွင် သိုဝှက်ထားသမျှ ပေါက်ကွဲမိတော့သည်။
အမှန်တကယ်လည်း သူမ၏ ဖခင်အရင်းနှင့် မိထွေးတို့အား မနှစ်သက်၊ သို့သော် သူမသည် မစ်စ်ရှုအား လူရှေ့တွင် အရှက်ခွဲလောက်ရသည်ထိလည်း မတုံးအပါချေ။
ယွီဖုန်းချင်းသည် ဖခင်ဖြစ်သူအား ထောက်ပံ့ပေးနေခဲ့သည့် အကြောင်းအရင်းမှာ ကုမ္ပဏီအား ညီညီမျှမျှ အုပ်ချုပ်ခွင့် လက်ဝယ်ရလို၍သာဖြစ်သော်လည်း ယခုတော့ အားလုံး သဲထဲရေသွန်ပင် ဖြစ်သွားရပေပြီ။
ယွီရှန်းကျွင်းမှ သူမအား ညစာစားပွဲအကြောင်း ပြောလာချိန်တွင် သူမသည် ဤအခွင့်အရေးအား အသုံးချ၍ ယွီမိသားစုနှင့် ရှုမိသားစုတို့ကြားမှ ဆက်ဆံရေးအား တိုးတက်အောင် လုပ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။
ထိုသို့ လုပ်ဆောင်နိုင်ပါက ကုမ္ပဏီတွင် သူမ၏ ဩဇာအာဏာလည်း ပို၍ သက်ရောက်လာနိုင်မည်ဖြစ်သည်။
မစ်စတာစွန်း၏ မြေးဖြစ်သည့်အလျှောက် သူမက ယွီမိသားစု၏ ကုမ္ပဏီအား ဝင်ရောက်ပြီးလျှင် မိမိနာမည်အား ပြောင်းလဲချင်ခဲ့သည်။
သို့သော် ယွီဖုန်းချင်းသည်ကား အနုပညာလောကတွင် ကျင်လည်ခဲ့သည်မှာ အချိန်ကြာနေခဲ့ပြီး လူချမ်းသာ ဇနီးများ အတင်းပြောကြသည်ကိုလည်း စိတ်မဝင်စားခဲ့ပေ။
မစ်စ်ရှုသည် မစ်စတာရှု၏ ဒုတိယဇနီးဖြစ်မှန်းပင် သူမ မသိခဲ့။
မစ်စ်ရှု၏ ဝါသနာနှင့် သဘောကျသည့် အရာများအား စုံစမ်းသည့် အချိန်သည် သူမ အလုပ်အကိုင် အဆင်မပြေသည့် အချိန်ဖြစ်နေခဲ့သည်။
ထိုအချိန်က နေရာတကာ လှည့်ပတ်သွားနေရသောကြောင့် သူမ ပင်ပန်းနေခဲ့သောကြောင့် အေးဂျင့်လက်ထဲသို့ အပ်ကာ မစ်စ်ရှု၏ အချက်အလက်များကို ရှာဖွေခိုင်းခဲ့သည်။
မစ်စ်ရှုက သစ်ခွပန်းများကို နှစ်သက်ကာ မစ်စတာရှုနှင့်လည်း လူသိရှင်ကြား အကြီးအကျယ် ချစ်ခင်ပြခဲ့ကြကြောင်း မန်နေဂျာထံမှ သူမ တဆင့် သိထားခဲ့သည်။
ယွီဖုန်းချင်းကတော့ ထိုသတင်းသည် အင်မတန် ထူးခြားလှသည်ဟု မထင်ခဲ့ပေ။ အေးဂျင့်ဖြစ်သူ၏ အပေါ်ယံရှာဖွေမှုကို သဘောမကျသော်လည်း သူမ၏ ဆက်သွယ်ရေးစွမ်းအင်များအား ယုံကြည်မှုအပြည့်ရှိသည်။
သူမ ကလေးဘဝတည်းက သူမ သဘောကျသည့် သူတိုင်းသည် သူမ၏ သူငယ်ချင်းဖြစ်လာစမြဲပင်။
သူမ ဆက်ဆံရေးကောင်းမွန်ချင်သော လူတိုင်းသည်လည်း အမြဲတမ်း သူမအား နှစ်သက်သဘောကျ၍ သူမသည် ချစ်စရာကောင်းကြောင်း၊ နှစ်လိုဖွယ်ကောင်းကြောင်း ပြောကြစမြဲပင်ဖြစ်သည်။
*